ပြည်ခိုင်ဖြိုးပါတီအရေးယူခံရမည့်ကိစ္စ အလျင်စလိုမလုပ်ဟု ထုတ်ပယ်ခံရသူများပြောကြား

နေပြည်တော်၊ မေ ၃၀

ညီလာခံဖြင့် ခန့်အပ်ထားသော ပါတီတာဝန်ရှိသူအချို့ကို အကြောင်းပြချက်မပေး၊ ဖြေရှင်းခွင့်မပေးဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထုတ်ပယ်လိုက်သည့်ကိစ္စအပေါ် ဥပဒေကြောင်းအရ အလျင်စလို မဖြေရှင်းသေးဘဲ စိတ်ရှည်ရှည်ထား စောင့်ကြည့်ဦးမည်ဟု ထုတ်ပယ်ခံရသူများက ပြောကြားသည်။

“ကိုယ့်ပါတီ ထိုးကျသွားမယ့်ကိစ္စကိုလည်း မလုပ်ချင်လို့ပါ”ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖြစ်မှ ထုတ်ပယ်ခြင်းခံရသူ ဦးဇော်မြင့်ဖေက ပြောကြားသည်။

မေ ၃၀ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ထုတ်ပယ်ခံရသူများ ဦးဆောင်ကာ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် ပါတီဝင်များ၊ စိတ်ဝင်စားသောပြည်သူများ၊ သက်ဆိုင်သည့် အဖွဲ့အစည်းများဟု လိပ်မူ၍ ယင်းနှင့်စပ်လျဉ်းသည့် အိတ်ဖွင့်ပေးစာတစ်စောင် ထုတ်ပြန်သည့် အခမ်းအနားတွင် Frontier ၏ မေးမြန်းမှုအပေါ် ၎င်းက ထိုကဲ့သို့ မှတ်ချက်ပြုခြင်းဖြစ်သည်။

၎င်းတို့အနေဖြင့် ထုတ်ပယ်ခံရပြီး ၁၀ လကျော်အတွင်း ကြေညာချက်ထုတ်ပြန်ခြင်း၊ မီဒီယာရှင်းလင်းပွဲလုပ်၍ တောင်းဆိုခြင်းစသည့် နည်းလမ်းများဖြင့် သုံးကြိမ်တိုင်တိုင် ကြိုးပမ်းစဉ် အောင်မြင်မှုမရခဲ့သော်လည်း ယခုတစ်ကြိမ် ထပ်မံ၍ ထိုအတိုင်းပင် ဆောင်ရွက်ကြခြင်းဖြစ်သည်။

ထို့ကြောင့် နိုင်ငံရေးပါတီဆိုင်ရာဥပဒေများအရ ပါတီတွင်း ကိစ္စရပ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခွင့်ရှိလျှက်နှင့် ဖြေရှင်းပုံနည်းလမ်း အဘယ်ကြောင့် မပြောင်းရသနည်းဟု Froniterက မေးမြန်းခဲ့ခြင်းဖြစ်သည်။

“ဒီကိစ္စကို ရွေးကောက်ပွဲကော်မရှင်က လုပ်နိုင်တယ်ဆိုတာသိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ရွေးကောက်ပွဲကော်မရှင်ဆီ တိုင်ကြားခြင်းမရှိသေးတာက ပါတီထိပ်ပိုင်း လူကြီးတွေအနေနဲ့ ပြင်မလား ပြင်မလားဆိုတဲ့ အတွေးနဲ့ တိုင်ကြားခြင်း မရှိသေးတာဖြစ်ပါတယ်။ ပါတီရဲ့ အကျိုးစီးပွားအတွက် သူတို့တွေ ပြန်ပြင်မလားဆိုပြီး ကော်မရှင်ကိစ္စကို မဆောင်ရွက်သေးတာဖြစ်ပါတယ်”ဟု ဦးဇော်မြင့်ဖေက ဆိုသည်။

ပါတီတွင်းပြဿနာကို ပါတီတွင်းမဖြေရှင်းပဲ၊ ဥပဒေများအရမဖြေရှင်းပဲ မီဒီယာကို အသုံးချနေသည်ဟု အထင်မမှားစေလိုကြောင်းလည်း သတင်းထောက်များကို ၎င်းကဆက်လက် ရှင်းပြသည်။ “မီဒီယာတွေကို အားကိုးပါတယ်။ ပြည်သူတွေနဲ့ ပါတီဝင်တွေကို သတင်းစကားတွေပါးနေတာ၊ ဒီသဘောပဲဖြစ်ပါတယ်” ဟု ဦးဇော်မြင့်ဖေကဆိုသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေများအရဆိုလျှင် ပါတီတစ်ခု၏ ပါတီတွင်း ကိစ္စရပ်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခွင့်ရှိသည်။ တိုင်ကြားမှုကို စုံစမ်းပြီးလျှင် လိုက်နာဆောင်ရွက်ရမည့်ကိစ္စများကို သက်ဆိုင်ရာပါတီထံ အချိန်ကာလသတ်မှတ်၍ ညွှန်ကြားနိုင်သည့် အခွင့်အာဏာနှင့် မလိုက်နာလျှင် အရေးယူပိုင်ခွင့်တို့မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံတွင် ရှိနေသည်။

ထုတ်ပယ်ခံရသူများဖြန့်ဝေသည့် အိတ်ဖွင့်ပေးစာတွင်မူ ပြည်ခိုင်ဖြိုးပါတီတွင်း ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်မှုမရှိသော ဆောင်ရွက်ချက်များအား သုံးသပ်ဆောင်ရွက်ပေးရန် တောင်းဆိုချက်များသာပါဝင်သည်။ အဆိုပါကိစ္စများသည် ၂၀၁၅ ခုနှစ်၊ သြဂုတ် ၁၂ ရက်ညက နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးရုံးချုပ် အာဏာသိမ်းပွဲဟု လူအများခေါ်ဆိုကြသည့် ဖြစ်စဉ်၏ နောက်ဆက်တွဲဖြစ်သည်။

ထိုစဉ်က သမ္မတအဖြစ်တာဝန်ယူထား၍ ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခြင်းမပြုနိုင်သော ဦးသိန်းစိန်နှင့် နီးစပ်သူများက ဥက္ကဋ္ဌအဖြစ် အစားထိုးတာဝန်ထမ်းဆောင်နေသော သူရဦးရွှေမန်းနှင့် အပေါင်းအပါများကို ဖယ်ရှားလိုက်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

ထုတ်ပယ်ခံရသူများက ညီလာခံဖြင့်ခန့်အပ်ထားသည့် ၎င်းတို့နေရာတွင် အကြောင်းပြချက်မရှိ အစားထိုး ခန့်အပ်မှုများသည် ပါတီစည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ခြင်းမရှိဟု ထောက်ပြကြသည်။ ထို့ကြောင့် နိုင်ငံအနှံ့ရှိ ပါတီဗဟိုကော်မတီဝင် ၆၂ ရာခိုင်နှုန်း၏လက်မှတ်ဖြင့် မူလဗဟိုအလုပ်အမှုဆောင်များပါဝင်သော အရေးပေါ် ညီလာခံတစ်ခု ခေါ်ယူပေးရန် ဧပြီ ၂၉ ရက်နေ့က တောင်းဆိုဖူးသေးသည်။

ပြည်ခိုင်ဖြိုးပါတီကို လက်ရှိတာဝန်ယူထားသူတို့ကမူ တစ်စုံတစ်ရာမတုန့်ပြန်ပဲ လာမည့် သြဂုတ်လအတွင်း ဒုတိယအကြိမ် ပါတီညီလာခံကျင်းပရန် ပြင်ဆင်နေကြသည်။ ထုတ်ပယ်ခံရသူတို့ကမူ ထိုသို့ကျင်းပမှုမှာ ညီလာခံ၏ သက်တမ်းသည် ငါးနှစ်ဖြစ်သည်ဟု သတ်မှတ်ထားသော ပါတီဖွဲ့စည်းပုံစည်းမျဉ်းနှင့် မညီညွတ်သည့်လုပ်ရပ်ဟု မှတ်ချက်ပြုကြသည်။

အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ လက်ရှိပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများထံမှ သဘောထားမှတ်ချက်ရရှိရန် Frontier က ကြိုးပမ်းနေသော်လည်း မရသေးပေ။

ပြည်ခိုင်ဖြိုးပါတီကို ဥက္ကဋ္ဌအဖြစ် သမ္မတဟောင်း ဦးသိန်းစိန်နှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်းတို့က ဦးဆောင်နေကြသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar