သူရဦးရွှေမန်း သို့မဟုတ် နိုင်ငံရေးမှထွက်ခွာမရသူ

၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း သူရဦးရွှေမန်းသည် လာမည့်ရွေးကောက်ပွဲအတွက် မျှော်လင့်ချက်ကြီးကြီးထားနေသည်။

နန္ဒ ရေးသားသည်။

မြန်မာလူထုကြားတွင် ကျော်ကြားလှသော ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဖယ်ရှားလိုက်ကြောင်း လူသိရှင်ကြားကြေညာသည့် ၂၀၀၄ခုနှစ်က သတင်းစာရှင်းလင်းပွဲတွင် စစ်ဗိုလ်ချုပ်နှစ်ဦးကို ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ပွဲထုတ်ခဲ့သည်။

တစ်ဦးကရှုပ်ထွေးပွေလီလှသော မြန်မာ့နိုင်ငံရေးအပါအဝင် အားလုံးကို စောစီးစွာနှုတ်ဆက်လက်ပြသွားသူ ဗိုလ်ချုပ်ကြီးစိုးဝင်းဖြစ်သည်။ နောက်တစ်ဦးကတော့ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင်ယနေ့တိုင် ကပြအသုံးတော်ခံဆဲ သူရဦးရွှေမန်းပင်ဖြစ်သည်။

သူ၏ စီနီယာများဖြစ်သော ဦးသန်းရွှေ၊ဦးမောင်အေး၊ဦးခင်ညွန့်တို့ နိုင်ငံရေးကိုစွန့်ခွာသွားကြပြီ။ သူ၏အနီးကပ်ဆုံး ခေတ်ပြိုင် သမ္မတဟောင်း ဦးသိန်းစိန်သည်လည်း ကြံ့ခိုင်ရေးပါတီကိုအပြင်မှဝန်းရံပေးသည်မှအပ နိုင်ငံရေးတွင်ထဲထဲဝင်ဝင် ပါဝင်မပတ်သက်တော့သလောက်ပင်။သူကတော့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌအနေဖြင့် တစ်နိုင်ငံလုံးကိုလှည့်ပတ်သွားနေတုန်းဖြစ်သည်။

“နိုင်ငံရေးသမားလုပ်ရတာ စစ်သားလုပ်ရတာလောက်မပင်ပန်းပါဘူး။ နိုင်ငံရေးလုပ်ရတာ စစ်တိုက်ရတာလောက်လည်းအန္တရာယ်မများဘူး”ဟု အငြိမ်းစားဗိုလ်ချုပ်ကြီးကဆိုသည်။

သေနတ်ဆောင်သည့်နိုင်ငံရေးသမား

သို့သော် နိုင်ငံရေးဒဏ်ရာဒဏ်ချက်များနှင့်အငြိမ်းစားဗိုလ်ချုပ်ကြီးသည် နိုင်ငံရေးသမားဖြစ်သည့်တိုင် ခေါင်းအုံးအောက်တွင်သေနတ်ထည့်အိပ်ဆဲဖြစ်သည်။ သေနတ်ကိုင်ရသည့်အကြောင်းကို “သူ့မှာရန်သူတွေဝိုင်းနေလို့”ဟုတော့ သူ မပြောပါ။

“safety first”ဟု သူကအင်္ဂလိပ်လိုပြောသည်။

ရန်ကုန်မြို့၊၆မိုင်ခွဲရှိLotteဟိုတယ်အနီးတွင်သူရဦးရွှေမန်း၏ရန်ကုန်အိမ်ရှိနေပါသည်။ အိမ်ရှေ့တွင်နိုင်ငံတော်အလံလွှင့်ထားသည်။ အိမ်က ရိုးရိုးရှင်းရှင်းဖြစ်သော်လည်းခြံကကျယ်လှပြီး ခြံရှေ့တွင်လုံခြုံရေးများရှိသည်။

စစ်ချီပန်းချီကားတစ်ချပ်ချိတ်ဆွဲထားပြီး သစ်သားထိုင်ခုံများချထားသည့်ဧည့်ခန်းက အရေးကြီးဧည့်သည်များ၊သံအမတ်ကြီးများနှင့်မီဒီယာများကိုလက်ခံတွေ့ဆုံရာနေရာဖြစ်သည်။ သူ၏ဇနီး ဒေါ်ခင်လေးသက်က အပေါ်ထပ်မှလှေကားအတိုင်း ဖြည်းညင်းစွာဆင်းလာသည်။ အသားဖြူဖြူပိန်ပိန်ပါးပါး အထက်တန်းပြကျောင်းဆရာမသည် ပါရမီဖြည့်ဘက်ပီသစွာပင် သူရဦးရွှေမန်း၏အနိမ့်အမြင့်အတက်အကျများစွာကို အတူရင်ဆိုင်ခဲ့သူဖြစ်သည်။

ဒေါ်ခင်လေးသက်ကိုမြင်တော့ ၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် သူရဦးရွှေမန်း မဲရှုံးသည့်ညက ခေါင်းအုံးအောက်တွင် သေနတ်ထည့်အိပ်စဉ် “ရှင်သေနတ်ကိုင်စရာမလိုတော့ဘူး။ ရှင်မဲရှုံးသွားပြီ။ ရှင့်ကိုရှုံးစေချင်တဲ့သူတွေ ကျေနပ်သွားပြီလေ။ ရှင့်မှာအန္တရာယ်မရှိတော့ဘူး”ဟု ပြောခဲ့သည်ကိုပြန်ကြားယောင်မိသည်။ ဒီအကြောင်းတွေကို သူရဦးရွှေမန်းရေးသည့် “သူ၊ကျွန်တော်နှင့် မြန်မာနိုင်ငံ့အရေး” စာအုပ်တွင်ရေးသားထားခြင်းဖြစ်သည်။

များမကြာမီ သူရဦးရွှေမန်းနှင့်သီးသန့် တွေ့ဆုံချိန်တွင် ခုချိန်ထိ သေနတ်ဆောင်ထားဆဲလားဟု မေးဖြစ်အောင်မေးပါသည်။

“ယူလို့ရတဲ့နေရာတိုင်းကိုသေနတ်ယူသွားပါတယ်”ဟု သူကပြန်ဖြေသည်။

U Shwe Mann talks to Frontier at his Yangon home on January 8. (Thuya Zaw | Frontier)
၎င်း၏နေအိမ်တွင် ဖရွန်းတီးယားမြန်မာကို သူရဦးရွှေမန်းက လက်ခံစကားပြောခဲ့သည်။ (သူရဇော် |​ဖရွန်းတီးယားမြန်မာ)

မင်းသားအမည်နှင့်ဇာတ်ကောင်

မြန်မာနိုင်ငံတွင် တစ်ခေတ်တစ်ခါက “ရွှေမန်းသဘင်”နှင့် “ရွှေမန်းတင်မောင်”သည် လွန်စွာနာမည်ကြီးပြီး “အပြောကတော့ရွှေမန်းပဲ” ဟူသည့်စကားမှာ လူထုပါးစပ်ဖျားတွင်ရေပန်းစားလှသည်။ ဇာတ်မင်းသားအမည်နှင့် ဗိုလ်ချုပ်ကြီးသည်လည်း နိုင်ငံရေးလောကတွင် အနိမ့်အမြင့်အတက်အကျများဖြင့် ကံဇာတ်ဆရာအလိုကျ ကပြလျက်ပင်ရှိသေးသည်။

တန်ခိုးထွားလှသော ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ထောက်လှမ်းရေးအဖွဲ့ကြီး အံ့သြသင့်ဖွယ်ဖယ်ရှားခံရပြီးနောက် သူရဦးရွှေမန်းသည် တပ်မတော်၏နံပါတ်သုံး နေရာကို ရောက်လာခဲ့သည်။

တပ်မတော်အစိုးရလက်ထက် အရေးပါဆုံး အစည်းအဝေးတစ်ခုဖြစ်သည့် နိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာအစည်းအဝေးတွင် ဥက္ကဋ္ဌနေရာတွင် ထိုင်ပြီးတိုင်းပြည်အရေးကို စီမံခန့်ခွဲခဲ့ရသည်။

“မဆုံးဖြတ်နိုင်တဲ့ကိစ္စတွေမှပဲ အကြီးအကဲ(ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) ဆီတင်ပြရပါတယ်”ဟု သူရဦးရွှေမန်းက ပြောသည်။

သူသည် တပ်မတော်အစိုးရလက်ထက်တွင် သူ၏စီနီယာဖြစ်သော စစ်တက္ကသိုလ်အပတ်စဉ် ၉ ဆင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ထက် ပိုမြင့်သောနေရာတွင်ရှိခဲ့သည်။ (သူရဦးရွှေမန်းက စစ်တက္ကသိုလ်အပတ်စဉ် ၁၁ဆင်းဖြစ်ပြီး သူနှင့်တစ်ပတ်စဉ်ထဲဆင်းသူမှာ သမ္မတရုံးဝန်ကြီးဟောင်း လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းဖြစ်သည်။) သို့သော် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် သူရဦးရွှေမန်းအတွက်အလှည့်အပြောင်းများဖြစ်လာသည်။

ပုံမှန်အတိုင်းဆိုလျှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတို့အနားယူလျှင် နံပါတ်သုံးနေရာက သူရဦးရွှေမန်းသည် တပ်ချုပ်ဖြစ်လာမည်ဖြစ်သည်။ (တပ်မတော်အစိုးရလက်ထက်က အရာရှိအချို့၏အပြောအရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံခြားဧည့်သည်တော်များနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်ကြီးရွှေမန်းကို တပ်ချုပ်လောင်းဟု မိတ်ဆက်ပေးခဲ့သည်။)

သို့မဟုတ် ရွေးကောက်ပွဲအလွန်တွင်သမ္မတဖြစ်လာမည်ဟု ခန့်မှန်းကြသည်။ သို့သော် ဗိုလ်ချုပ်မှုးကြီးသန်းရွှေသည် သူရဦးရွှေမန်းအား အသက် ၆၀ ကျော်သွားသည့်အကြောင်းပြချက်ဖြင့် တပ်မတော်မှအငြိမ်းစားယူစေခဲ့ပြီး ရွေးကောက်ပွဲဝင်ပြိုင်ခိုင်းကာပြည်သူ့လွှတ်တော်ဥက္ကဌ တာဝန်ယူခိုင်းခဲ့သည်။

ရွေးကောက်ပွဲမှတက်လာသော သမ္မတဖြစ်သူနှင့် အဆင်မပြေမည်စိုးသဖြင့် ရည်မှန်းချက်ကြီးလှသော သူရဦးရွှေမန်းကို တပ်ချုပ်ရာထူးမပေးရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဆုံးဖြတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သမ္မတဟောင်းဦးသိန်းစိန်၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကသုံးသပ်သည်။

“အန္တရာယ်များ ကင်းမလားဆိုပြီးတော့ လွှတ်တော်ဥက္ကဋ္ဌ ရာထူးပေးလိုက်တော့ ရလဒ်ကမြင်တဲ့အတိုင်းပဲလေ”ဟု ၎င်းကပြောသည်။

သူရဦးရွှေမန်းသည် သမ္မတမဖြစ်ခဲ့သော်လည်း လွှတ်တော်ဥက္ကဋ္ဌရာထူးဖြင့်သူ၏အခန်းကဏ္ဍကိုအရေးပါစေခဲ့သည်။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်ကသမ္မတကိုရွေးချယ်ခန့်အပ်ရခြင်းဖြစ်ပြီး စွပ်စွဲပြစ်တင်မှုလည်းပြုလုပ်နိုင်သည့် အခွင့်အာဏာလည်းရှိသည်။

ထို့နောက် သူသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရပြီး လွှတ်တော်ထဲရောက်လာသော ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသောဆက်ဆံရေးကိုထူထောင်နိုင်ခဲ့သည်။ ထို့နောက် သူသည် ဒီမိုကရေစီကူးပြောင်းရေးကိုလိုလားသော စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးအဖြစ်ရှုမြင်ခံလာရသည်။သို့သော် ၂၀၀၈ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးကိုဆောင်ရွက်ခဲ့ရာမအောင်မြင်ခဲ့ပေ။

ထို့နောက် သူရဦးရွှေမန်း၏ နိုင်ငံရေး စန်းကျချိန်ရောက်လာခဲ့ပြီး ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌရာထူးမှဖယ်ရှားခံခဲ့ရကာ ၂၀၁၅ခုနှစ်သြဂုတ် ၁၂ ရက် ညပိုင်းတွင်ဖြစ်ပွားခဲ့သော ထိုဖြစ်စဉ်မှာသန်းခေါင်ယံ အာဏာသိမ်းပွဲဟု နာမည်ကြီးခဲ့သည်။

ထိုဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က “စိတ်ရှည်ပါ။ စိတ်လိုက်မာန်ပါ မတုန့်ပြန်ပါနှင့်။ ထောင်ဝင်စာလာတွေ့မည်”ဟု ပြောခဲ့ကြောင်း သူရဦးရွှေမန်းကသူ၏ စာအုပ်တွင်ရေးသားထားသည်။

သူရဦးရွှေမန်းကို သူ၏မဲဆန္ဒနယ်မှ တပ်မတော်သားမိသားစုများက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့ကြသည်။

ထို့ပြင် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သူရဦးရွှေမန်းကို သစ္စာဖောက်ဟုပြောသည်ကို နားဖြင့်ဆက်ဆက် ကြားခဲ့ရကြောင်း အင်န်အယ်လ်ဒီပါတီနာယကအဖွဲ့ဝင် ဦးဝင်းထိန်ရေးသားသော “ကျွန်တော်နှင့်ဗိုလ်ချုပ်ကြီးသူရရွှေမန်း” စာအုပ်တွင် ထည့်သွင်းရေးသားခဲ့သည်။

“သစ္စာဖောက်လို့ ဘယ်သူတွေပြောလည်း သိတယ်။ပြန်မေးချင်တာက ဘာကိုသစ္စာဖောက်တယ်လို့ ပြောတာလဲ။ မိမိကတော့ တိုင်းပြည်အပေါ်ပဲသစ္စာရှိခဲ့တယ်”ဟု သူရဦးရွှေမန်းကတုန့်ပြန်သည်။

ထို့နောက် သူရဦးရွှေမန်းသည် ၂၀၁၅ရွေးကောက်ပွဲတွင် ပဲခူးတိုင်း၊ ဖြူးမဲဆန္ဒနယ်မှဝင်ပြိုင်ရာ NLDပါတီမှ မထင်မရှားကျောင်းဆရာတစ်ဦးဖြစ်သူ ဦးသန်းညွန့် ကို ရှုံးနိမ့်ခဲ့သည်။ ထိုညက အရှုံးကြောင့်ပူလောင်ပြီး အိပ်မပျော်ခဲ့ကြောင်း သူရဦးရွှေမန်းကဝန်ခံသည်။

၂၀၁၅ရွေးကောက်ပွဲပြီးနောက် အထူးကော်မရှင်ဥက္ကဌအဖြစ်တာဝန်ယူရန် NLD ဘက်က တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းသူရဦးရွှေမန်းကပြောသည်။ သူက ပါတီထောင်မည်ဟုကြေညာလိုက်ပြီးနောက် NLD လွှမ်းသောလွှတ်တော်ကပင် ၂၀၁၉ခုနှစ်တွင် သူ၏ ကော်မရှင်ကိုသက်တမ်းမတိုးဘဲ အဆုံးသတ်လိုက်သည်။

သို့ဖြစ်ရာ သူရဦးရွှေမန်းသည် ၂၀၁၁ခုနှစ်ကထဲက ဆယ်စုနှစ်တစ်ခုမျှ ရှိခဲ့သော လွှတ်တော်အခြေပြုနိုင်ငံရေးသမားဘဝကို အဆုံးသတ်ခဲ့ရသည်။

သူရဦးရွှေမန်းသည် စကားပြောလျှင်တရားဟောသလို လေသံအေးအေးနှင့်ပြောတတ်သည်။သူသည် ဆေးလိပ်နှင့်အရက်ကိုရှောင်ပြီး ကျန်းမာရေးအတွက်နေ့စဉ်ပုံမှန်လမ်းလျှောက်သည်။ ဂေါ့ဖ် ရိုက်တာဝါသနာပါသည်။

သူ့အကြောင်းပြောလျှင် သူ၏သားနှစ်ယောက်ကိုချန်ထား၍မဖြစ်ပေ။ သားကြီးက ဦးအောင်သက်မန်းဖြစ်ပြီး၊ သားငယ်က ဦးတိုးနိုင်မန်းဖြစ်သည်။ နှစ်ဦးလုံးက စီးပွားရေးသမားများဖြစ်သော်လည်း ဦးတိုးနိုင်မန်းကတော့ ဖခင်ဖြစ်သူ၏ အနီးကပ်အကြံပေးဖြစ်သည်။

ဇနီးဖြစ်သူဒေါ်ခင်လေးသက်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိသားစုနှင့် ရင်းနှီးသောဆက်ဆံရေးရှိသည်။ တပ်မတော်အစိုးရလက်ထက်က နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြချက်အရ ဗိုလ်ချုပ်မှူးကြီးနှင့်ဇနီး၏ ပြည်ပခရီးစဉ်အချို့တွင် သူရဦးရွှေမန်းမပါလျှင်တောင် ဒေါ်ခင်လေးသက်ကလိုက်သွားရလေ့ရှိသည်။

 class=

အနေဝေးလို့သွေးအေးကြသလား

သူရဦးရွှေမန်း၏နိုင်ငံရေးဖြတ်သန်းမှုတွင်အရေးအပါဆုံးသူများကိုပြပါဆိုလျှင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ(ငြိမ်း)နှင့်ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးကိုပြရမည်ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် သူရဦးရွှေမန်းသည်၎င်းတို့နှစ်ဦးနှင့်ယခင်ကလောက်မဆုံဖြစ်တော့ပေ။

ဆရာသမားဖြစ်သူဦးသန်းရွှေသည် သူ၏တပ်မတော်သားဘဝရော နိုင်ငံရေးသမားဘဝအစပိုင်းအတွက်ပါ အရေးပါခဲ့သူဖြစ်သည်။ တပ်မတော်တွင် ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှုးတာဝန်အထိထမ်းဆောင်စေခဲ့ပြီး တပ်မတော်အစိုးရအလွန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်ယူစေရန်အမိန့်ပေးခဲ့သည်မှာ ဦးသန်းရွှေပင်ဖြစ်သည်။

“ဘယ်သူက သမ္မတလုပ်၊ဘယ်သူက ဒုသမ္မတလုပ်ဆိုတာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေကဆုံးဖြတ်ပေးတာပါ။ဒါကိုလွှတ်တော်ကအတည်ပြုပေးရတာ”ဟု သူရဦးရွှေမန်းကပြောသည်။ သူ့ကို သမ္မတရာထူးမပေးသည်ကို စိတ်ထဲတွင်အာဃာတမရှိဘဲ လွှတ်တော်ဥက္ကဌတာဝန်ကိုသာ ကျေပွန်ရန်အာရုံစိုက်ခဲ့ကြောင်း ၎င်းကပြောသည်။

သူ၏စာအုပ်တွင်NLD၂၀၁၅ရွေးကောက်ပွဲအနိုင်ရပြီးနောက်ဦးသန်းရွှေနှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဆွေး နွေးရေးအောင်မြင်အောင်ဆောင်ရွက်ပေးနိုင်ခဲ့သည့်အကြောင်းရေးသားထားသည်။

“၂၀၁၅ရွေးကောက်ပွဲသာမက ၂၀၂၀ရွေးကောက်ပွဲမှာပါပြည်သူကရွေးချယ်လျှင်အသိအမှတ်ပြုရမယ်” ဟု ဦးသန်းရွှေက ပြောခဲ့ကြောင်း ၎င်း၏စာအုပ်တွင်ရေးသားထားသည်။

သို့သော် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ရေးသည့် “Myanmar’s Political Transition and Lost Opportunities(2010-2016)” တွင်မူ ဦးသန်းရွှေကသူရဦးရွှေမန်းကို “သစ္စာဖောက်” ဟုပြောခဲ့ကြောင်း အမည်မဖော်သည့်သတင်းရင်းမြစ်တစ်ဦးကို ကိုးကားရေးသားခဲ့သည်။

သို့သော် “ဒါကသူ့အရေးပဲလေ” ဟု သူရဦးရွှေမန်းကဆိုသည်။

သို့သော် ဦးသန်းရွှေနှင့်တွေ့ဖြစ်သေးလားဟူသည့်မေးခွန်းကို အရင်လောက်မတွေ့ဖြစ်တော့ဟုဖြေပါသည်။ အကြောင်းမှာ သူပါတီထောင်ခြင်းမှာ ဦးသန်းရွှေခိုင်းခြင်းကြောင့်ဟု ပြောဆိုကြမည်ကိုစိုးရိမ်သဖြင့် အတွေ့နည်းပါးသွားခြင်းဟု ဆိုသည်။

ဦးရဲထွဋ်၏ စာအုပ်ထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်သူရဦးရွှေမန်းသည် ၂၀၁၂ခုနှစ် သြဂုတ်လမှ ၂၀၁၅ခုနှစ် သြဂုတ်အထိ တံခါးပိတ်ဆွေးမှု ၃၆ ကြိမ်ပြုလုပ်ခဲ့ပြီး မည်သည့်အကြောင်းအရာများ ဆွေးနွေးသည်ကို ပြည်ခိုင်ဖြိုးခေါင်းဆောင်များကိုပြန်မပြောခဲ့ကြောင်း ကြောင်းထည့်သွင်းရေးသားခဲ့သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရုံးခန်းအတွင်း တွေ့ဆုံမှုများနှင့်ပတ်သက်၍ လျှို့ဝှက်ခြင်းမရှိသလို ထုတ်ဖော်ပြောဆိုကြေညာခြင်းလည်း မပြုခဲ့ကြောင်း သူရဦးရွှေမန်းကပြောသည်။

ထိုထက်စိတ်ဝင်စားဖွယ်ရေးသားချက်တစ်ခုမှာ ၂၀၁၂ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲပြီးနောက်ပြုလုပ်သော ပြည်ခိုင်ဖြိုးခေါင်းဆောင်များ၏ထိပ်သီးအစည်းအဝေးတစ်ခုအကြောင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံရေးထဲ ပြန်ခေါ်ခြင်းကို ကျားသေကိုအသက်သွင်းခြင်း ဟု ပြည်ခိုင်ဖြိုး ခေါင်းဆောင်တစ်ဦးကပြောခဲ့သည်။

အဆိုပါစကားကို သူရဦးရွှေမန်းက “ကျားသေကိုအသက်သွင်းသလိုဖြစ်မှာမစိုးရိမ်ပါနဲ့။ ဆပ်ကပ်ထဲမှာ ကျားတွေကိုကြာပွတ်နဲ့ထိန်းပါတယ်။သူ့ကိုကျွန်တော်ထိန်းနိုင်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ဦးရဲထွဋ်၏ရေးသားချက်နှင့်ပတ်သက်၍ သူရဦးရွှေမန်းကိုမေးမြန်းရာ “မှတ်မိသလောက်ထိုသို့မပြောခဲ့ပါ”ဟု ငြင်းဆိုသည်။

အထူးကော်မရှင်ဥက္ကဌတာဝန်မရှိတော့သဖြင့်ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းယခင်ကလောက်တွေ့ဆုံဖြစ်စရာအကြောင်းမရှိတော့ကြောင်း သူကပြောပါသည်။

ထို့အပြင် သူ၏ ပါတီမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကင်းရှင်းသည်ဟု သူကဆိုသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar