အတွေးအမြင်
အငြင်းပွားဖွယ် ရွေးကောက်ပွဲကတဆင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာခဲ့ပြီး အာဏာတည်မြဲရေးကိုသာ ရှေ့တန်းတင်နိုင်ချေရှိတာကြောင့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်မှာ မဟုတ်ဘဲ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးမှု မလုပ်သရွှေ့ နိုင်ငံတကာဖိအားကို သူရဲ့အစိုးရသစ်က ခံစားရနိုင်ခြေ ရှိပါတယ်။
မျိုးလွင်ဦး | ဖရွန်တီးယား
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူလိုချင်တဲ့ အဖြေထွက်အောင် စနစ်တကျ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကတဆင့် သမ္မတရာထူးကို ရယူလိုက်ပါပြီ။ တိုင်းပြည်မှာ လူထုထောက်ခံမှုများပြီး အင်အားကြီးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် တို့လို ပါတီကြီးတွေ ပါဝင်ခွင့်မရအောင် ဖန်တီးပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမို့ အများပြည်သူက ဟန်ပြရွေးကောက်ပွဲ၊ အတုအယောင်ရွေးကောက်ပွဲအဖြစ်သာ အသိအမှတ်ပြုပါတယ်။
ရွေးကောက်ပွဲလုပ်ခဲ့ပေမဲ့ စစ်ဝတ်စုံ ဝတ်ထားတဲ့ မင်းအောင်လှိုင်ကပဲ သမ္မတအဆောင်အယောင်ကို ပြောင်းလဲယူတာမို့ ဘာမှထူးခြားလာမှာ မဟုတ်ဘူးလို့ အတိုက်အခံနိုင်ငံရေးသမားတွေဘက်က ဝေဖန်ကြသလို စစ်အာဏာရှင်ရဲ့လော်ဘီတချို့ကတော့ မင်းအောင်လှိုင်ဟာ ၂၀၁၀ ရွေးကောက်ပွဲကတဆင့် အာဏာရခဲ့တဲ့ သမ္မတဦးသိန်းစိန်လို နိုင်ငံရေးဖြေလျော့မှုတွေ လုပ်လိမ့်မယ်၊ နိုင်ငံတကာက အသိအမှတ်ပြုလာအောင် ပြုပြင်ပြောင်းလဲလိမ့်မယ် ဆိုပြီးတော့ ဗျာဒိတ်ပေးတာမျိုးတွေလည်း ရှိနေပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်၊ စစ်အာဏာရှင်ပုံစံကနေ စတင်ပြောင်းလဲချိန်မှာ စစ်မှန်တဲ့ အလှည့်အပြောင်းအချို့ ပြုလုပ်ခဲ့တာ မှန်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့နဲ့ စီးပွားရေးပိတ်ဆို့ထားမှုတွေ ပြေလျော့အောင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်တာ၊ တွေ့ဆုံဆွေးနွေးမှု ရလဒ်တွေကို အကောင်အထည်ဖော်တဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ၊ နိုင်ငံရေးလှုပ်ရှားမှုအချို့ကို လွတ်လပ်ခွင့်ပေးတာ၊ အထူးသဖြင့် သတင်းမီဒီယာနဲ့ စာပေလွတ်လပ်ခွင့် ပြည့်ပြည့်ဝ၀ ပေးတာတွေ လုပ်ကိုင်ခဲ့ပါတယ်။
စီးပွားရေးပိုင်းမှာလည်း ရင်းနှီးမြှုပ်နှံမှုလွယ်ကူအောင် ဖြေလျော့ပေးတာ၊ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေရဲ့ ပိုင်ဆိုင်မှု အာမခံချက်ရှိအောင် စည်းမျဉ်းတွေ ချမှတ်ပေးတာ၊ ဘဏ်စနစ် ပြုပြင်ပြောင်းလဲတာ၊ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်၊ လွှဲပြောင်းခွင့်တွေကို ခွင့်ပြုဖြေလျော့ပေးတာ စတာတွေ လုပ်ကိုင်ပေးခဲ့ဖူးပါတယ်။ အခု မင်းအောင်လှိုင်ကရော ဦးသိန်းစိန် လုပ်ခဲ့သလို အပြောင်းအလဲတွေ လုပ်လာနိုင်ပါသလား။
ဒီမေးခွန်းတွေအတွက် စစ်အာဏာသိမ်းပွဲ ဖြစ်ပေါ်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်ဆီကို ခဏလောက် ပြန်ကြည့်ဖို့ လိုပါတယ်။ အဲဒီအချိန်က မင်းအောင်လှိုင်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ၁၀ နှစ်လောက် ယူထားပြီးချိန် ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းပြည်ရဲ့ အထွတ်အထိပ် နိုင်ငံတော်သမ္မတနဲ့ အပြိုင် အာဏာရှိသူဖြစ်ပါတယ်။
နိုင်ငံရဲ့ အာဏာသုံးရပ်နဲ့ ကင်းလွတ်ပြီး သီးခြား ရပ်တည်ခွင့်ရထားတဲ့ စစ်တပ်ဦးစီးချုပ်တစ်ယောက်အနေနဲ့ မင်းအောင်လှိုင်ဟာ စစ်တပ်ကို အပြည့်အဝ ထိန်းချုပ်ခွင့်ရထားတဲ့အပြင် စစ်တပ်အတွက် ချထားပေးတဲ့ ဘတ်ဂျက်နဲ့ စစ်တပ်ရဲ့စီးပွားရေးလုပ်ငန်း အားလုံးကို သူ့သဘောကျ စီမံခန့်ခွဲနိုင်တဲ့ အခြေအနေရှိပါတယ်။
တိုင်းပြည်လုံခြုံရေးဆိုင်ရာကိစ္စတွေကိုလည်း သူက ခန့်အပ်တဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီး သုံးဦးကတဆင့် စီမံခန့်ခွဲ ကိုင်တွယ်နိုင်သလို၊ နိုင်ငံ့ဒုသမ္မတ တစ်ယောက်ကိုလည်း လွှတ်တော်ထဲမှာ သူရွေးချယ်ထားတဲ့ တပ်မတော်သား အမတ်တွေကတဆင့် စိတ်ကြိုက်ခန့်အပ်နိုင်ပါတယ်။ သူ့ရဲ့ ရာထူးသက်တမ်းကိုလည်း တပ်တွင်းဥပဒေပြဌာန်းပြီး လိုအပ်သလောက် တိုးမြှင့်နိုင်စွမ်း ရှိပါတယ်။
သမ္မတကို လွှတ်တော်က ဖြုတ်ချနိုင်ပေမဲ့ သူ့ကိုတော့ သမ္မတကရော၊ လွှတ်တော်ကပါ ရာထူးကနေ ဖယ်ရှားတာမျိုး မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ မင်းအောင်လှိုင်ဟာ ဒီလောက် အာဏာရထားတာတောင် တင်းတိမ်ရောင့်ရဲနိုင်ခြင်း မရှိပါဘူး။ နိုင်ငံကို ရာနှုန်းပြည့် အုပ်ချုပ်ချင်သလို နိုင်ငံရဲ့ အထွတ်အထိပ်ဖြစ်တဲ့ သမ္မတရာထူးကို လိုချင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို လိုချင်ကြောင်းကိုလည်း ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ရုရှားမီဒီယာကနေ သွယ်ဝိုက်ပြီး ပြောခဲ့ဖူးပါတယ်။
စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၂၀၂၀ ရွေးကောက်ပွဲမှာ မရှုမလှ ရှုံးနိမ့်ခဲ့ရတာကြောင့် အဲဒီရွေးကောက်ပွဲကနေတဆင့် သမ္မတရာထူးဆီ တက်လှမ်းဖို့ မဖြစ်နိုင်တော့တဲ့အခါ စစ်အာဏာသိမ်းပွဲ ဆင်နွှဲလိုက်တာပါ။ မင်းအောင်လှိုင်က ရွေးကောက်ပွဲမှာ NLD ပါတီက မဲမသမာမှုတွေ လုပ်ခဲ့တာကြောင့် တိုင်းပြည်အာဏာကို ရယူခဲ့ရတာ ဖြစ်တယ်လို့ အကြောင်းပြချက်ပေးပေမဲ့ အာဆီယံအပါအဝင် နိုင်ငံတကာကတော့ ဒါကို စစ်အာဏာသိမ်းပွဲအဖြစ်ပဲ ရိုးရှင်းစွာ လက်ခံခဲ့ကြပါတယ်။
ဒါကြောင့်လည်း အာဏာသိမ်းပြီးမကြာခင် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ရက်နေ့မှာ အာဆီယံနိုင်ငံခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံကိစ္စ ဆွေးနွေးဖို့ အစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့ပါတယ်။ အဲဒီအစည်းအဝေးကနေ စစ်အစိုးရကို အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့၊ တွေ့ဆုံဆွေးနွေးပွဲတွေကတဆင့် ဒီမိုကရေစီဆီ တစ်နည်းအားဖြင့် ပုံမှန်အခြေအနေဆီ ပြန်သွားဖို့ တိုက်တွန်းကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒါဟာ အာဆီယံဘုံသဘောတူချက် ငါးချက်အဖြစ် ထင်ရှားခဲ့ပြီး နိုင်ငံတကာက မြန်မာ့နိုင်ငံရေး ပြဿနာဖြေရှင်းဖို့ လမ်းညွှန်အဖြစ် အသုံးပြုခဲ့ကြပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်း အာဏာရယူခိုင်မြဲရေးကိုသာ ထိပ်ဆုံး ဦးစားပေးမူဝါဒအဖြစ် လုပ်ကိုင်ခဲ့တဲ့ မင်းအောင်လှိုင်ဟာ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုတွေအစား အကြမ်းဖက်ဖိနှိပ်မှုတွေကိုသာ ဆက်ပြီး လုပ်ကိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း တိုင်းပြည်မှာ ကျယ်ပြန့်တဲ့ လက်နက်ကိုင်တော်လှန်မှုတွေနဲ့အတူ မငြိမ်မသက်မှုတွေ၊ စျေးကွက်စီးပွားရေးကနေ ဗဟိုချုပ်ကိုင်မှု လွန်ကဲတဲ့ စနစ်ဆီ ပြန်လှည့်ပြောင်းရင်း စီးပွားရေးကျဆင်းမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာတာ ဒီနေ့အချိန်အထိပါပဲ။
နိုင်ငံရေးနဲ့ ပတ်သက်ရင်တော့ မင်းအောင်လှိုင်ဟာ သူနဲ့ သူ့အစိုးရအဖွဲ့ကို တရားဝင်အစိုးရလို့ နိုင်ငံတကာ လက်ခံလာအောင် ကြိုးစားမှာပါပဲ။ နိုင်ငံတကာက အသိအမှတ်မပြုတဲ့ ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရ၊ တစ်နည်း စစ်အာဏာသိမ်းခေါင်းဆောင်က ပုံစံပြောင်းပြီး တိုင်းပြည်ကို အုပ်စိုးသူအဖြစ် မှတ်ယူထားကြတာမို့ အစိုးရသစ် ပေါ်ပေါက်ပြီးပြီးချင်း အသိအမှတ်ပြုလာကြဖို့တော့ မမျှော်လင့်နိုင်ပါဘူး။
ဒါကြောင့် မင်းအောင်လှိုင်ဟာ အာဆီယံဘုံသဘောတူညီမှုတွေကို စပြီး အကောင်အထည် ဖော်ပြဖို့ လိုပါတယ်။ အဲဒါကတော့ ဆွေးနွေးညှိနှိုင်းမှုတွေကတဆင့် ဒီမိုကရေစီဖော်ဆောင်နေတဲ့ ၂၀၂၁ မတိုင်မီအခြေအနေတွေဆီ ပြန်သွားဖို့ စတင်အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီခေါင်းဆောင်တွေကို ပြန်လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးပွဲတွေကို စတင်ဖို့ပါ။
ဒါပေမဲ့ မင်းအောင်လှိုင်ဟာ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း တွေ့ဆုံဆွေးနွေးခြင်းဆိုတာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ညှိနှိုင်းဆွေးနွေးခြင်းပဲ ဖြစ်သယောင် ဘုံသဘောတူညီချက်ကို လမ်းလွဲရောက်အောင် လုပ်ခဲ့ပါတယ်။ တကယ့်ဘုံသဘောတူညီချက်ပါ အဓိပ္ပါယ်က၂၀၂၁ ခုနှစ် မင်းအောင်လှိုင်အာဏာလုယူခဲ့ချိန်က လူထုရဲ့ တခဲနက်ထောက်ခံမှုနဲ့ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရပြီး အစိုးရဖွဲ့တော့မယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့က အဓိကပါ။
ဒါပေမဲ့ မင်းအောင်လှိုင်အဖို့ သူ့အာဏာတည်ရှိမှုကို စိန်ခေါ်မယ်လို့ သူယူဆတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကယ့်စစ်မှန်တဲ့ ဆွေးနွေးပွဲတွေ လုပ်လာလေမလား ဆိုတာ သိပ်ပြီး မျှော်လင့်လို့ရတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အရေးမှာလည်း အလားတူပါပဲ။ ဦးသိန်းစိန်အစိုးရလက်ထက် လက်နက်ကိုင် ၈ ဖွဲ့ (နောင် ၁၀ ဖွဲ့) နဲ့ ချုပ်ဆိုခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) အကောင်အထည် ဖော်ရေး လုပ်ငန်းစဉ်ကို NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာ ကဖျက်ကယက် လုပ်ခဲ့သူကလည်း မင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။
NCA ရဲ့ အနှစ်သာရဖြစ်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကတဆင့် နောက်ဆုံးသဘောတူညီချက်တွေ ရရှိပြီးမှသာ လက်နက်ကိုင်တပ်တွေ ပေါင်းစည်းရေး လုပ်ရမယ့် လုပ်ငန်းစဉ်နေရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်နက်ဖြုတ်သိမ်းရေး အရင်လုပ်ဖို့ လိုအပ်တယ်ဆိုပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက် NCA နှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ရာက အစပြုလို့ ယိုယွင်းသွားခဲ့တာ ဖြစ်ပါတယ်။
မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် NCA အစည်းအဝေးတွေ ခေါ်တဲ့အခါ အဖွဲ့ဝင် စုံစုံညီညီ တက်ရောက်တာ မရှိသလောက် ဖြစ်သွားခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်နောက်ပိုင်း အစည်းအဝေးပွဲတွေမှာဆိုရင် အဖွဲ့ ခြောက်ခုလောက်ကပဲ အဆင့်နိမ့်ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့တာ တွေ့ရပါတယ်။ မင်းအောင်လှိုင်အနေနဲ့ အာဏာသိမ်းပြီး ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အခြားသော လက်နက်ကိုင်အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးဖို့ နေနေသာသာ အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ပြီး လေကြောင်းဗုံးကြဲမှုတွေအပါအဝင် စစ်ရေးနည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်နေဆဲပါ။
ဒါကြောင့် မင်းအောင်လှိုင်အနေနဲ့ အစိုးရအဖွဲ့သစ်ရဲ့ခေါင်းဆောင် ဖြစ်လာသော်ငြား မူဝါဒပြောင်းလဲပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကိုရော၊ PDF လို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပါ တိုက်ခိုက်မှု ရပ်ဆိုင်းပြီး အပစ်ရပ်ရေး၊ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးရေး လုပ်လာလိမ့်မယ်လို့ မမျှော်လင့်နိုင်ပါဘူး။
စီးပွားရေးဘက်ကို ကြည့်လိုက်ရင်လည်း မင်းအောင်လှိုင်အစိုးရဟာ သူအာဏာတည်မြဲရေး၊ စစ်စားရိတ်၊ စစ်တပ်နဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ ကိုယ်ကျိုးစီးပွား၊ သူ့မိသားစုကိုယ်ကျိုးစီးပွားတွေအတွက် ၁၀ နှစ်သက်တမ်းရှိခဲ့တဲ့ စျေးကွက်စီးပွားရေးစနစ်ကနေ အမိန့်ပေးစနစ်ဆီကို ပြန်လှည့်ပြောင်းတာ၊ တဆက်တည်းမှာပဲ ဘဏ်တွေကို အပြည့်အဝ ချုပ်ကိုင်ပြီး နိုင်ငံခြားငွေတွေကို ထိန်းချုပ်တာတွေ လုပ်ခဲ့တဲ့အတွက် ပြည်သူတွေ ဆင်းရဲဒုက္ခတွင်းနက်ခဲ့ကြပြီး တိုင်းပြည်စီးပွားရေးလည်း ကျဆင်းခဲ့ရပါတယ်။
စစ်အာဏာသိမ်းခြင်း လုပ်ရပ်ကြောင့် နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုဒဏ်ခံရတာ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာ၊ စစ်ပွဲကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ ဝင်ရောက်မှုမရှိတော့ဘဲ ခရီးသွားလုပ်ငန်းဝင်ငွေ အလွန်နည်းပါးသွားတာ၊ စစ်ပွဲကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းကုန်တာ အဲဒီအခြေအနေတွေ အားလုံးပေါင်းလိုက်ရင် နိုင်ငံ့စီးပွားရေးဟာ အောက်ဆုံးကို ထိုးဆိုက်ဆင်းသွားခဲ့ပါတယ်။ ဒါတွေကိုရော ရွေးကောက်ပွဲက တက်လာတာပါလို့ နာမည်ခံထားတဲ့ မင်းအောင်လှိုင်အစိုးရက ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာမှာလား။
မျှော်လင့်ချက်က သိပ်မရှိလှပါဘူး။ အကြောင်းကတော့ မင်းအောင်လှိုင်ရဲ့ အဓိက ရည်မှန်းချက်ဟာ အာဏာတည်မြဲရေးပဲ ဆက်ဖြစ်ဖွယ်ရှိပြီး အဲဒီအတွက် အတိုက်အခံနဲ့လူထုကို ဆက်ပြီး ဖိနှိပ်ရေးလုပ်ဖို့ ရှိရုံမက လက်နက်ကိုင်တော်လှန်ရေးကိုလည်း စစ်ရေးနည်းလမ်းနဲ့ ဆက်ပြီး ဖြေရှင်းဖို့ပဲ များပါလိမ့်မယ်။ ဒီအတွက် စစ်အသုံးစားရိတ်နဲ့ အစိုးရအသုံးစားရိတ် ကြီးကြီးမားမား လိုအပ်ဖွယ်ရှိပြီး ခုလိုပဲ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် ကန့်သတ်ပြီး အစိုးရကပဲ စီမံခန့်ခွဲတာ၊ တိုက်ရိုက်အခွန်၊ သွယ်ဝိုက်အခွန် မျိုးစုံနဲ့ အခွန်တွေ တိုးကောက်တာ၊ သွင်းကုန်တွေကို တင်းကြပ်ထားတာ ဆက်လုပ်ဖွယ်ရှိပြီး ဒါဟာ စီးပွားရေးတိုးတက်ဖို့ အနှောင့်အယှက်တွေအဖြစ် တည်ရှိနေဦးမှာပါပဲ။
အကျဉ်းချုပ်ရရင် မင်းအောင်လှိုင်အစိုးရဟာ တိုင်းပြည်စီးပွားတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ကိုင်လာနိုင်လိမ့်မယ်လို့လည်း မမျှော်မှန်းနိုင်ပါဘူး။ မကြာသေးခင်က BBC နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ အာဆီယံအလှည့်ကျ ဥက္ကဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ထရီဇာလာဇာရိုက အာဆီယံအနေနဲ့ မင်းအောင်လှိုင်နဲ့ သူ့အစိုးရအဖွဲ့အပေါ် အရင်ကချမှတ်ထားတဲ့ မူဝါဒအတိုင်း ဆက်ရှိနေဦးမှာ ဖြစ်ပြီး တားမြစ်ကန့်သတ်မှုတွေ ဆက်ရှိမြဲ ရှိနေဦးမယ်လို့ ပြောဆိုထားပါတယ်။
တစ်ချိန်တည်းမှာ ဧပြီ ၉ ရက်နေ့အထိ မင်းအောင်လှိုင် သမ္မတရာထူးရရှိတာကို ရုရှား၊ တရုတ်၊ ထိုင်း၊ ဘယ်လာရုစ်၊ နီကာရာဂွာ၊ ကာဇတ်စတန် စတဲ့ နိုင်ငံတွေက အသိအမှတ်ပြုထားပြီး ဖြစ်တာကြောင့် ၂၀၂၁ နောက်ပိုင်း အခြေအနေနဲ့ နှိုင်းယှဉ်ရင် အနည်းငယ်တော့ မင်းအောင်လှိုင်အတွက် အမြတ်ထွက်နေသယောင်ပါ။ နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်း၊ အပေးအယူ အလျော့အတင်းလုပ်ဖို့ ဆိုတာထက် အာဏာတည်ရေးကို ဦးစားပေးနေသရွှေ့ မင်းအောင်လှိုင်အဖို့ အထက်ပါ နိုင်ငံတွေကလွဲရင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အရေးယူပိတ်ဆို့မှုတွေ၊ ဖိအားပေးမှုတွေကို ဆက်လက်ရင်ဆိုင်သွားရဖွယ် ရှိပါတယ်။
မျိုးလွင်ဦးသည် မြန်မာ့နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များကို ကာလရှည်ကြာ အလေးထားစောင့် ကြည့်လေ့လာနေသော စာရေးဆရာနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ဖြစ်သည်။