မကြာမီကာလအတွင်း ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့အပြောင်းအလဲများနှင့်အတူ – ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံသံတမန် ဆက်ဆံရေး၊ ကျားဖြန့်(ခေါ်) အွန်လိုင်းငွေလိမ်လုပ်ငန်းများအရေး၊ ရွှေ့ပြောင်းလုပ်သားများနှင့် နယ်စပ်ပြဿနာ အရေးကိစ္စများကို မည်သို့ချဉ်းကပ်ဆောင်ရွက်နိုင်ခြေရှိသည်ကို ထိုင်းနှင့် မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်နေသူ ဒေါက်တာ လလိတာဟန်ဝန် – Lalita Hanwong ကို ဖရွန်တီးယားက ဆက်သွယ် မေးမြန်းထားပါသည်။
အောင်ခမ်း၊ ဖရွန်တီးယား
တိုင်းပြည်အာဏာကို ဆက်လက်ဆုပ်ကိုင်ထားရန် ရည်ရွယ်သော အာဏာသိမ်းစစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယခုလနှောင်းပိုင်း၌ မြန်မာနိုင်ငံတွင် လွှတ်တော်သစ်တစ်ရပ်ကို ခေါ်ယူကျင်းပမည် ဖြစ်သည်။ စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မကြာမှီ လွှတ်တော်ခေါ်ယူကာ အစိုးရအဖွဲ့တစ်ရပ်ကို ဖွဲ့စည်း ဦးဆောင်မည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ပြီးခဲ့သည့်လက ကျင်းပခဲ့သော ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် ရှေးရိုးစွဲဝါဒီ Bhumjaithai ပါတီက အနိုင်ရရှိခဲ့ပြီး ယခုအခါ ညွန့်ပေါင်းအစိုးရသစ်ကို ဦးဆောင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။
မြန်မာနိုင်ငံနှင့် ဗျူဟာမြောက်ဆက်ဆံရေးများကို ဆွေးနွေးရန်အတွက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် အလွတ်သဘော ဝန်ကြီးအဆင့် အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့သည်။ ထိုအစည်းအဝေးသို့ စစ်ကော်မရှင်၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ရှိဟဆက် ဖောင်ဂ်ကတ်ကော -Sihasak Phuangketkeow တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသည် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းအတွင်း ပြန်လည် ဝင်ဆန့်လာစေရေးနှင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာဆောင်ရွက်ရေးတို့အတွက် ထိုင်းနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုတစ်ခုဟု မှတ်ယူနိုင်သည်။ ထို့အပြင် နယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးအတွက် ထိတွေ့ဆက်ဆံမှုများ ဖြစ်ပေါ်လာစေရန် ထိုင်းနိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးရန် အသင့်ရှိကြောင်းလည်း ရှိဟဆက် က ပြောဆိုခဲ့သည်။
လာမည့် ထိုင်း-မြန်မာ အစိုးရသစ်နှစ်ရပ်အနေဖြင့် သံတမန်ဆက်ဆံရေး၊ နယ်စပ်လုံခြုံရေး၊ ရွှေ့ပြောင်းလုပ်သား ပြဿနာများနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ စိန်ခေါ်မှုများကို မည်သို့ ကိုင်တွယ်ဖြေရှင်းသွားမည်ကို သိရှိ နိုင်ရန် ဖရွန်တီးယားက ဒေါက်တာ လလိတာဟန်ဝန် – Lalita Hanwong ကို ဆက်သွယ်မေးမြန်းထားပါသည်။ သူသည် ထိုင်းနိုင်ငံ Kasetsart တက္ကသိုလ်က တတ်သိပညာရှင်တစ်ဦးဖြစ်ပြီး မြန်မာ့ရေးရာနှင့် ပတ်သက်၍ ဝေဖန်သုံးသပ်သူများထဲက ထင်ရှားသူတစ်ဦး ဖြစ်သည်။ သူ၏ သုတေသနလုပ်ငန်းများသည် ကိုလိုနီခေတ်သမိုင်း၊ ခေတ်ပြိုင်နိုင်ငံရေးနှင့် မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ကြုံတွေ့နေရသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပကတိအခြေအနေများအကြား လိုအပ်ချက်များကို ပိုမိုနားလည် သိရှိစေရန် ဖြည့်ဆည်း ပေါင်းကူးပေးလျက်ရှိသည်။
မကြာမီ ပေါ်ထွက်လာမယ့် မြန်မာအစိုးရသစ်နဲ့ အခုတက်လာမယ့် ထိုင်းအစိုးရသစ်တို့အကြား ထိတွေ့ဆက်ဆံမှုတွေ ဘယ်လိုဖြစ်လာမယ်လို့ ခန့်မှန်းပါသလဲ။ အစိုးရနှစ်ရပ်စလုံးဟာ နိုင်ငံ့စစ်တပ်တွေနဲ့ နီးကပ်တဲ့ဆက်ဆံရေး ရှိနေတာကြောင့် ဒီဆက်ဆံရေးကနေ ဘယ်လို လက်တွေ့ကျတဲ့ရလဒ်မျိုးတွေကို မျှော်လင့်နိုင်မလဲ။
ထိုင်း-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ရှင်တို့ နည်းနည်း ပိုပိုသာသာ ခန့်မှန်းထားလွန်းတယ်လို့ ကျမ ထင်မိပါတယ်။ ရှိဟဆက် (လက်ရှိထိုင်းနိုင်ငံခြားရေးဝန်ကြီး) မတိုင်ခင်က နှစ်နိုင်ငံဆက်ဆံရေးဟာ သိပ်ပြီး အဆင်မပြေခဲ့ပါဘူး။ ၂၀၁၅ ကနေ ၂၀၂၃ အထိ ထိုင်းနိုင်ငံခြားရေးဝန်ကြီး တာဝန်ယူခဲ့တဲ့ ဒွန် – Don Pramudwinai ရဲ့ သက်တမ်းမှာ အဆိုးဝါးဆုံးပါပဲ။ ဘာလို့လဲဆိုတော့ မင်းအောင်လှိုင်က ဒွန် ကို လုံး၀ကို မနှစ်သက်ပါဘူး။ နောက်ပြီး မယ်ရစ် -Maris Sangiampongsa (၂၀၂၄ ဧပြီကနေ ၂၀၂၅ စက်တင်ဘာအထိ တာဝန်ယူခဲ့သော ထိုင်းနိုင်ငံခြား ရေးဝန်ကြီး) ကလည်း ဘာမှ ထိထိရောက်ရောက် မလုပ်ခဲ့သလို နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သက်ဆင်ရှင်နာဝပ်ထရာ (ထိုင်းဝန်ကြီးချုပ်ဟောင်း) ရဲ့ ကိုယ်စားလှယ်အဖြစ်ပဲ ရှိနေခဲ့တာပါ။
ထိုင်းစစ်တပ်ကလည်း ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံအပေါ် အထူးသဖြင့် မင်းအောင်လှိုင်အပေါ် အမြဲတမ်း သတိထားကိုင်တွယ်နေခဲ့တာ ဖြစ်ပါတယ်။ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ ဒီသုံးနှစ် နီးပါးကာလအတွင်းမှာ စစ်တပ်နှစ်ရပ်ကြား အဆင့်မြင့်အရာရှိကြီးများကော်မတီ (High-Level Committee) မူဘောင်အရ မြန်မာနိုင်ငံကို တရားဝင် ခရီးစဉ် တစ်ခါမှ မသွားရောက်ခဲ့ပါဘူး။ အခု လတ်တလောမှပဲ ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်ဟာ နေပြည်တော်ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ ဒါဟာလည်း တာ့ခ်ခရိုင် (မြ၀တီ-မဲဆောက်နယ်စပ်အနီး) ထဲက ဒေသခံ ထိုင်းနိုင်ငံသားတွေအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှု ရှိခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကိစ္စရပ်တွေကို ဖြေရှင်းဖို့အတွက် သွားရောက်ခဲ့တာဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ထိုင်းနိုင်ငံအတွက် ကမ္ဘောဒီးယားအရေးဟာ အဓိက ဦးစားပေး ဖြစ်ပါတယ်။ ဒါပေမဲ့ တချိန်ချိန်မှာတော့ ရှိဟဆက်ရဲ့ ဦးဆောင်မှုနဲ့အတူ မြန်မာ့အရေးကို ပြန်အာရုံစိုက်လာမှာဖြစ်ပြီး မြန်မာ့ပြည်တွင်းပဋိပက္ခကို ဖြေရှင်းနိုင်ဖို့နဲ့ မင်းအောင်လှိုင်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ ပြန်လည် ခေါ်ဆောင်ဖို့ ကြိုးပမ်းနိုင်ချေရှိပါတယ်။
အခုတက်လာမယ့် ထိုင်းအစိုးရအသစ်အနေနဲ့ အထူးသဖြင့် မြန်မာမှာ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်နိုင်ဖို့၊ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းတွေကို နှိမ်နင်းဖို့နဲ့ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဘယ်လိုပုံစံမျိုးနဲ့ ချဉ်းကပ်ကိုင်တွယ်မယ်လို့ ထင်ပါသလဲ။
ကျမ သိရသလောက်တော့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေဟာ အစပျိုးရုံအဆင့်မှာပဲ ရှိပါသေးတယ်။ ရှိဟဆက် ဟာ မြန်မာ့အရေးကို အမြဲတမ်းအလေးထားတဲ့သူ ဖြစ်တာကြောင့် ဒီလုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်လိမ့်မယ်လို့ ကျမ ထင်ခဲ့တယ်။ သို့သော်လည်း အခုအရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ နောက်ဆုံးအခြေအနေတွေကြောင့် ဒီလုပ်ငန်းစဉ်ဟာ တော်တော်လေးကို နှေးကွေးနိုင်ချေ ရှိပါတယ်။ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ အပါအဝင် ထိုင်းရဲတပ်ဖွဲ့နဲ့ တခြားအေဂျင်စီတွေဟာ ဒီက (ထိုင်းနိုင်ငံထဲက) ကျားဖြန့်ဂိုဏ်းတွေနဲ့ ငွေကြေးခဝါချမှု ကွန်ရက်တွေကို ဆက်တိုက် နှိမ်နင်းနေပါတယ်။ ဒါပေမဲ့ ကျမအမြင်မှာတော့ ဒါဟာလည်း ရှေ့မရောက်တဲ့ အခြေအနေမျိုး ဖြစ်နေသေးပါတယ်။
ဘက်ပေါင်းစုံက ရှုပ်ထွေးလှတဲ့ ပြဿနာတွေရှိနေတဲ့ မြန်မာနိုင်ငံအရေးကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရသစ်အတွက် အထိရောက်ဆုံးကိုင်တွယ်ဖြေရှင်းဖို့နည်းလမ်းက ဘာဖြစ်နိုင်မယ်လို့ ထင်ပါသလဲ။
ထိုင်းအစိုးရအသစ်အနေနဲ့ အခန်းကဏ္ဍပေါင်းစုံကနေ ဟန်ချက်ညီအောင် ကစားရဖို့လိုမှာပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အတိုက်အခံတွေဘက်ကိုလည်း သံတမန်နည်းလမ်းအရ တိတ်တဆိတ် ဆက်သွယ်ဆောင်ရွက်ဖို့ လိုသလို တစ်ဖက်မှာလည်း နေပြည်တော်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးမျိုးရှိနေဖို့ကလည်း လိုအပ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ထိုင်းနိုင်ငံအပေါ် တခြားအမြင်တစ်မျိုးနဲ့ ကြည့်သင့်ပါတယ်။ မင်းအောင်လှိုင်၊ ဦးသန်းဆွေတို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်လို့ ထိုင်းနိုင်ငံကို ပြစ်တင်ရှုတ်ချနေကြသူတွေအများကြီးကို ကျမ တွေ့ရပါတယ်။
ဒါပေမဲ့ လက်တွေ့မှာက လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရနေတာ လနဲ့ ချီနေပါပြီ။ ပိုမို ပြင်းထန်လာနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နယ်စပ်ဒေသက တချို့ကျေးရွာ အုပ်စုတွေမှာ ကလေးတွေက စာသင်ကျောင်းတောင် မသွားရဲကြတော့ပါဘူး။ ဒါကြောင့်လည်း မြန်မာစစ်ကော်မရှင်နဲ့ ပြုလုပ်တဲ့ ဒီတွေ့ဆုံဆွေးနွေးမှုအားလုံးဟာ ထိုင်းနိုင်ငံရဲ့ ပြဿနာတွေကို အရင်ဖြေရှင်းဖို့အတွက် ဦးစားပေးဆောင်ရွက်နေတာလို့ ကျမ ပြောနေတာပါ။ ဒါ့အပြင် ကျမအမြင်မှာကတော့ ထိုင်းရော မြန်မာရော နှစ်နိုင်ငံစလုံးဟာ မြန်မာနိုင်ငံကို အာဆီယံစင်မြင့်ထက်ဆီ ပြန်ရောက်ရှိစေချင်ကြတယ်လို့ ထင်ပါတယ်။
လေ့လာစောင့်ကြည့်သူတချို့ရဲ့အဆိုအရ ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲ မဲဆွယ်ကာလတွေမှာ ကျဆင်းနေတဲ့ ထိုင်းစီးပွားရေးရဲ့ ကုန်ထုတ်စွမ်းအားအတွက် အရေးပါလှတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတဲ့ မူဝါဒတွေ နည်းပါးနေတာကို ထောက်ပြပြောဆိုနေကြပါတယ်။ အစိုးရသစ်အနေနဲ့ ဒီကိစ္စကို ဦးစားပေး ကိုင်တွယ်မယ်လို့ ထင်မြင်ယူဆပါသလား။
ကျမ အကြံပေးချင်တာကတော့ ဘယ်ထိုင်းအစိုးရအပေါ်မှာမဆို မျှော်လင့်ချက်တွေ အများကြီး မထားကြဖို့ပါပဲ။ သူတို့ကတော့ အခြေအနေပေါ်မူတည်ပြီး လိုက်ပါပြောင်းလဲပြီး လုပ်ဆောင်သွားကြမှာပါ။ ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး အားနည်းချက်တစ်ခုကတော့ ရွှေ့ပြောင်းလုပ်သားတွေဟာ ‘မြန်မာ့ပြည်တွင်းရေး ပြဿနာ’ ရဲ့ အစိတ်အပိုင်းအကြီးကြီးတစ်ခု ဖြစ်တယ်ဆိုတဲ့ အချက်ကို အမြင်ကျယ်ကျယ်နဲ့ စဉ်းစားဖို့ အားနည်းနေသေးတာ ဖြစ်ပါတယ်။
Bhumjaithai ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ချိုင်ချနော့ဘ် – Chaichanok Chidchob ဟာ အရင်က အလုပ်သမားဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက သူက သဘောထားပျော့ပျောင်းပြီး အကြံပြုချက်တွေကို လက်ခံနားထောင်တတ်တယ်လို့ ကျမ ကြားဖူးပါတယ်။ ဒါပေမဲ့ အခု ဘာတွေဆက်ဖြစ်မယ်ဆိုတာ ကျမ မသိပေမဲ့ သူတို့အနေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအရေးကို သူတို့ရဲ့ အဓိကဦးစားပေးအဖြစ် ထားလိမ့်မယ်လို့တော့ မမြင်မိပါဘူး။
Bhumjaithai ပါတီဟာ ရွေးကောက်ပွဲမဲဆွယ်ကာလတုန်းက အမျိုးသားရေးဝါဒပြောဆိုချက်တွေကို အသုံးချခဲ့တာကြောင့် ထိုင်းအမျိုးသားရေးစိတ်ဓာတ်တွေ ပိုမိုပြင်းထန်လာပြီး ရွှေ့ပြောင်းလုပ်သားတွေကို ပိုမိုဘေးဖယ်တာ ဒါမှမဟုတ် ဖိနှိပ်တာမျိုးတွေ ဖြစ်လာနိုင်ပါသလား။
အဲဒါတွေက Bhumjaithai ပါတီဆီက တိုက်ရိုက်ပြောဆိုချက်တွေက ထွက်ပေါ်လာတာမျိုးမဟုတ်ဘဲ အစွန်းရောက်အမျိုးသားရေးဝါဒီ ဖေ့စ်ဘွတ်ခ်စာမျက်နှာအချို့ဆီကနေ ဖြစ်လာတာပါ။ အဲဒီအချိန်ကာလမှာက ထိုင်းလူမျိုးတွေအတွက် မှန်ကန်တယ်လို့ ခံစားရတဲ့အရာမှန်သမျှကို သူတို့ရဲ့ အဓိကဇာတ်လမ်းအဖြစ် ဖန်တီးခဲ့ကြတာပါ။ ထိုင်းလူမျိုး အတော်များများကတော့ ရွှေ့ပြောင်းလုပ်သားတွေဟာ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အတော်လေးအကျိုးပြုတယ်လို့ အကောင်းမြင်ကြတယ်။ ဒါပေမဲ့ ရှေ့လျှောက် ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ မသိနိုင်ပါဘူး။
လတ်တလော ဖြစ်ပွားခဲ့တဲ့ နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းကုန်သွယ်ရေးအပေါ် ဘယ်လို ရိုက်ခတ် သက်ရောက်မှုတွေ ရှိခဲ့ပါသလဲ။ နှစ်ဖက်စလုံးက မဲဆောက်-မြဝတီနဲ့ တာချီလိတ်-မယ်ဆိုင် ကုန်သွယ်ရေးလမ်း ကြောင်းတွေကို ပြန်လည်အသက်သွင်းဖို့ ပြင်ဆင်နေကြတာလည်းတွေ့ရတော့ လုံခြုံရေးစိန်ခေါ်မှုတွေကို သူတို့ ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလား။
နေပြည်တော် (စစ်ကော်မရှင်)ကတော့ အရာအားလုံးကို သူတို့စိတ်ကြိုက် ထိန်းချုပ်ကန့်သတ်ထားချင်နေတာပါ။ ထိုင်းနိုင်ငံကတော့ တခြား ဘယ်အရာထက်မဆို စီးပွားရေးကိုပဲ ဦးစားပေးမှာ ဖြစ်ပြီး ကုန်သွယ်ရေးအတွက် နေပြည်တော်နဲ့ ကောင်းမွန်တဲ့ ‘တရားဝင်’ ဆက်ဆံရေးမျိုး တည်ဆောက်ဖို့ အသင့်ရှိနေမှာပါ။ နှစ်နိုင်ငံကုန်သွယ်ရေးဟာ ရနောင်း-ကော့သောင်း လမ်းကြောင်းဘက်ကို ပိုပြီး ရွှေ့ပြောင်းသွားပါလိမ့်မယ်လို့ ထင်ပါတယ်။ နေပြည်တော်အနေနဲ့ မြဝတီ-မဲဆောက် လမ်းကြောင်းပေါ်မှာ ထပ်ပြီး အလောင်းအစား လုပ်ချင်ပုံ မရပါဘူး။ အဲဒီလမ်းကြောင်းက တော်လှန်ရေးအင်အားစုတွေရှိနေတယ်၊ နောက်ပြီး မသမာတဲ့ တရားမဝင်စီးပွားရေးသမား တွေလည်း ရှိနေတာတွေကြောင့် အရမ်းကို ရှုပ်ထွေးခက်ခဲလွန်းလို့ ဖြစ်ပါတယ်။
နယ်စပ်ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာတဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍတွေအပေါ် ဝန်ထုပ်ဝန်ပိုး ပိုမိုဖြစ်လာတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံသားတွေကြားမှာ ဘယ်လို စိုးရိမ်ပူပန်မှု တွေရှိနေကြလဲ။
ထိုင်းနိုင်ငံသားတွေအများစုကတော့ ဒီကိစ္စတွေအပေါ်မှာ တကယ်တမ်းဘာကိုမှ သိပ်ဂရုမစိုက်ကြပါဘူး။ သူတို့အဓိက စိတ်ဝင်စားတာက ကမ္ဘောဒီးယားအရေးပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသားတွေက “မြန်မာအလုပ်သမားတွေဟာ ငါတို့အလုပ်တွေကို လုယူနေကြတယ်” သို့မဟုတ် “မြန်မာလူမျိုးတွေဟာ အလုပ်သမားဥပဒေ ပုဒ်မ ၈ ကို ချိုးဖောက်နေကြတယ်” ဆိုတဲ့ စကားတွေကိုပဲ တဖွဖွ ပြောနေကြတယ်ဆိုပြီး ထင်နေကြပေမဲ့ ဒါတွေဟာ တကယ်တမ်းတော့ အလွန် လွဲမှားနေပြီး မမှန်ကန်တဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။