အတွေးအမြင်
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မကြာသေးခင်က သမ္မတရာထူးရယူပြီး ပုဒ်မ ၄၀၁ အနှောင်အဖွဲ့ဖြင့် အရွေးကောက်ခံသမ္မတ ဦးဝင်းမြင့်အပါအဝင် အကျဉ်းသားအများအပြားကို လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ ၎င်းသည် အာဏာသိမ်းပြီးနောက် ပြည်သူများကို တရားမဲ့ ဖမ်းဆီးနိုင်ရန် ဥပဒေများ ပြင်ဆင်ခဲ့ပြီး တစ်ချိန်တည်းတွင် လွတ်ငြိမ်းခွင့်ကို နိုင်ငံရေးအကျိုးအမြတ်အတွက် လက်နက်သဖွယ် အသုံးချနေသည်။
မျိုးလွင်ဦး | ဖရွန်တီးယား
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့အလိုကျ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကတဆင့် သမ္မတရာထူးကို ရယူပြီး ၂၀၂၆ခုနှစ် ဧပြီလ ၁၇ ရက်နေ့ (မြန်မာနှစ်ဆန်း ၁ ရက်) နေ့နဲ့ ဧပြီလ ၃၀ ရက်နေ့ (ကဆုန်လပြည့်နေ့) မှာ အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
ဧပြီ ၁၇ မှာ အမိန့်အမှတ် ၄၂/၂၀၂၆ နဲ့ မတရားဖမ်းဆီးခြင်းခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်ကိုပါ လွတ်ငြိမ်းခွင့်ပြုခဲ့ပေမဲ့ နှောင်ကြိုးမဲ့ လွှတ်ပေးတာတော့ မဟုတ်ပါဘူး။ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ လွှတ်လိုက်တာပါ။
တကယ်တော့ ဦးဝင်းမြင့်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်ရဲ့ ဖမ်းဆီးခြင်းမခံရခင် နိုင်ငံတော်သမ္မတ တစ်ယောက်အနေနဲ့ အခုလို လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွေကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သူပါ။ သူ့ရဲ့လွတ်ငြိမ်းခွင့်အမိန့်တွေမှာတော့ အကျဉ်းသားတွေကို “စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်သည်” ဆိုတာမျိုး ထုတ်ပြန်ခဲ့သူပါ။ အခု သူ့အလှည့်ကျမှ မင်းအောင်လှိုင်က မလွတ်မလပ် လွတ်ငြိမ်းခွင့်ပြုလိုက်တာက မင်းအောင်လှိုင်ရဲ့ လွတ်ငြိမ်းခွင့်တွေဟာ ဘယ်လိုအဓိပ္ပါယ်၊ ဘယ်လိုရည်ရွယ်ချက်မျိုးတွေနဲ့လဲ ဆိုတာက စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။
အာဏာသိမ်း ငါးနှစ်ကျော်ကာလအတွင်း မင်းအောင်လှိုင်ဟာ လွတ်ငြိမ်းအကြိမ်ရေ ၂၀ ကျော် ခွင့်ပြုခဲ့ပြီး လူပေါင်း ၁၄၀,၀၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။
အာဏာမသိမ်းခင်ကာလကတည်းက အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ တစ်ကြိမ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ တစ်ကြိမ် လွတ်ငြိမ်း နှစ်ကြိမ်ပေးခဲ့ပါတယ်။ တစ်ကြိမ်မှာ အကျဉ်းသား ၂၃,၀၀၀ ကျော်နဲ့ နှစ်ကြိမ်ပေါင်းရင် ၄၆,၃၆၁ ရှိပြီး နိုင်ငံခြားသား ၁၉၂ ယောက် ပါပါတယ်။ ဒါ့အပြင် နှစ်ကြိမ်စလုံးမှာ အကျဉ်းသားတိုင်း ကျခံနေရတဲ့ ပြစ်ဒဏ်ရဲ့ လေးပုံတစ်ပုံ လျော့ပေါ့ပေးခဲ့ပါတယ်။ နှစ်ကြိမ်ပေါင်းလိုက်ရင် ပြစ်ဒဏ် တစ်ဝက်တိတိ လျော့ပေါ့ပေးလိုက်တဲ့ သဘောပါ။
အနီးဆုံးအနေနဲ့ ဦးဝင်းမြင့် သမ္မတအဖြစ် တာဝန်ယူထားတဲ့ ၂၀၂၀ ခုနှစ်ရဲ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့တုန်းက အကျဉ်းသား ၂၅,၀၀၀ နီးပါးကို လွှတ််ပေးခဲ့တဲ့အပြင် ကျခံနေရတဲ့ ပြစ်ဒဏ်ရဲ့ လေးပုံတစ်ပုံကိုလည်း လျော့ပေါ့ပေးခဲ့ပါသေးတယ်။ ဒါကို တွက်ကြည့်ရင် ၁၂ လအတွင်း မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၇၁,၀၀၀ ကျော် လွှတ်ပြီးသား ဖြစ်သွားတဲ့အပြင် ပြစ်ဒဏ်ကာလရဲ့ လေးပုံသုံးပုံတိတိ သက်သာခွင့်ရသွားတဲ့အတွက် နောက်ထပ်အကျဉ်းသား အများအပြားလည်း လွတ်မြောက်သွားကြပါသေးတယ်။
ဒါကို အခြေခံကြည့်ရင် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် အချိန်တိုအတွင်း အကျဉ်းသားဟောင်း အနည်းအကျဉ်းလောက်ပဲ ထောင်ထဲမှာ ကျန်ခဲ့တာကို တွေ့ကြရပါတယ်။ အဲဒီအချိန်က ပေးခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ လွတ်ငြိမ်းတွေက သူအာဏာသိမ်းပြီးနောက် ဖမ်းဆီးအကျဉ်းချမယ့်သူ မြောက်များစွာအတွက် ကြိုတင် ထောင်ခါလိုက်တဲ့သဘောလို့ အများက မှတ်ယူကြပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းလိုက်တဲ့အခါ ပြည်သူလူထုကြီးရဲ့ ကြီးမားပြင်းထန်တဲ့ ဆန့်ကျင်အုံကြွ ကန့်ကွက်မှုကြီး ပေါ်လာပါတယ်။ ဒါကို ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းဖို့အတွက် စစ်အင်အားသုံးတာအပြင် လိုသလို ကျယ်ကျယ်ပြန့်ပြန့် ဖမ်းဆီးအရေးယူနိုင်အောင် ဥပဒေ ပြင်ဆင်တာတွေ၊ ဖြည့်စွက်တာတွေ၊ အသစ်ပြဌာန်းတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီထဲက ထင်ရှားတဲ့ ပြင်ဆင်မှု၊ ဖြည့်စွက်မှုတွေကတော့ ပုဒ်မ ၅၀၅-က၊ ၅၀(ည) နဲ့ ၅၂(က) တွေ ဖြစ်ပါတယ်။ ဒီပုဒ်မတွေဟာ စစ်အစိုးရ ဆန့်ကျင်တဲ့၊ ဆန့်ကျင်တယ်လို့ သူတို့က ယူဆတဲ့ စာအရေးအသားတစ်ခုကိုတောင် အလွယ်တကူ အရေးယူနိုင်သလို၊ အစိုးရဆန့်ကျင်သူတွေကို တစ်နည်းနည်းနဲ့ ကူညီတာဖြစ်စေ၊ ငွေကြေးပေးလှူတာဖြစ်စေ စတာတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်တဲ့ ပုဒ်မတွေ ဖြစ်ပါတယ်။
တကယ်လည်း အဲဒီအချိန်က နိုင်ငံရေးအရ စစ်အစိုးရ ဆန့်ကျင်သူတွေကို ဖမ်းဆီးမှု အလွန်များခဲ့ပြီး တရားရုံးတွေအနေနဲ့ “အထူးတရားရုံး” တွေအဖြစ် သီးသန့် ခွဲခြား စစ်ဆေးခဲ့ကြရသလို၊ စစ်တရားရုံးတွေ အများအပြား ဖွင့်လှစ်ပြီးတော့လည်း အရေးယူ အပြစ်ပေးခဲ့ကြပါတယ်။ ငါးနှစ်ကျော်အတွင်း မင်းအောင််လှိုင်အနေနဲ့ အဲဒီပုဒ်မ သုံးမျိုးနဲ့ ပတ်သက်ပြီး သီးသန့်အမိန့်တွေနဲ့ လွတ်ငြိမ်းခွင့်ပေးခဲ့သူ ၃၃,၀၀၀ နီးပါးရှိပါတယ်။
မင်းအောင်လှိုင်လက်ထက် ထူးခြားမှုတစ်ခုက သေဒဏ်ကိစ္စပါ။ ၁၉၈၈ ခုနှစ်ကစလို့ အစိုးရအဆက်အဆက် လက်ထက်တွေမှာ သေဒဏ်အမိန့်ချတာတွေ ရှိခဲ့ပေမဲ့ တကယ်စီရင်တာ မရှိခဲ့ပါဘူး။ မင်းအောင်လှိုင်လက်ထက်မှာတော့ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သူတွေဖြစ်တဲ့ လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ အပါအဝင် လေးယောက်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ သေဒဏ်စီရင်ခဲ့ပါတယ်။
အဲဒီသေဒဏ်စီရင်မှုကို ပြည်တွင်းတင်မက နိုင်ငံတကာအသိုင်းအဝိုင်းကပါ ဆန့်ကျင်ဝေဖန်မှုတွေ ပြင်းထန်ခဲ့တာကြောင့် သေဒဏ်ပေးထားသူတွေ အများအပြားရှိတဲ့တိုင် နောက်ပိုင်း ထပ်ပြီး စီရင်တာမျိုးတော့ မကြားရတော့ပါဘူး။ ၂၀၂၃ ခုနှစ် မေလမှာ သေဒဏ်ကျ ၃၈ ယောက်ကို ထောင်တစ်သက် ပြောင်းပေးခဲ့သလို၊ သြဂုတ်လမှာလည်း အရေအတွက် မဖော်ပြထားတဲ့ သေဒဏ်တချို့ကို ထောင်တစ်သက် ပြောင်းပေးတဲ့ အမိန့်ကြေညာစာ ထုတ်ခဲ့ပါတယ်။
မင်းအောင်လှိုင်လက်ထက် သေဒဏ်စီရင်ခံရသူတွေထဲမှာ သူ့ကို ဆန့်ကျင်တော်လှန်တဲ့ လက်နက်ကိုင် မြို့ပြပြောက်ကျား တိုက်ခိုက်ရေးသမားတွေ၊ ရိုးရိုးရာဇဝတ်သားတချို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲမှာ လက်နက်ချသူ၊ တပ်ကို စွန့်ခွာထွက်ပြေးသူ ဗိုလ်မှူးချုပ်နဲ့ ဗိုလ်ချုပ်အဆင့် စစ်အရာရှိကြီး ၁၀ ယောက်ကျော်လည်း ပါဝင်ပါတယ်။
မင်းအောင်လှိုင်လက်ထက် သေဒဏ်အပြစ်ပေးခံရသူ ဘယ်လောက်များသလဲဆိုရင် ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ရက် မတိုင်မီအထိ အင်းစိန်ထောင်တစ်ခုထဲမှာတင် သေဒဏ်ကျအကျဉ်းသား အယောက် ၂၀၀ ကျော် ရှိပါတယ်။ အခုတော့ ဧပြီလ ၁၇ ရက်အမိန့်ကြေညာစာအရ သေဒဏ်အားလုံး ထောင်တစ်သက် ပြောင်းလိုက်ပြီမို့ ကိုဖြိုးဇေယျာသော်တို့၊ ကိုဂျင်မီတို့လို စီရင်ခံရတာမျိုး မရှိနိုင်တော့ဘူးလို့ မှတ်ယူရပါတယ်။
မင်းအောင်လှိုင်ပေးတဲ့ လွတ်ငြိမ်းခွင့်တွေထဲမှာ လွှတ်ပေးပြီး ပြန်ဖမ်း ဆိုတာမျိုးလည်း ရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင် တက်ရောက်ခွင့်ရ၊ မရ ဆုံးဖြတ်ဖို့ အောက်တိုဘာလ ၁၅ ရက်မှာ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေး ကျင်းပခဲ့ပါတယ်။ စစ်အစိုးရဟာ အဲဒီရက်မတိုင်ခင် လွတ်ငြိမ်းပေးဖို့ စီစဉ်ခဲ့ပြီး အောက်တိုဘာ ၁၅ ၊ ၁၈ နဲ့ ၁၉ ရက်နေ့တွေမှာ အကျဉ်းသား၊ အချုပ်သားတွေကို လွှတ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင် တက်ရောက်ခွင့်မပေးဖို့ ဆုံးဖြတ်ခဲ့ကြပြီးနောက် လွတ်မြောက်သွားပြီဖြစ်တဲ့ အကျဉ်းသားအတော်များများကို ပြန်ဖမ်း၊ ပြန်တရားစွဲ၊ ပြန်ထောင်ချတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။ ဘယ်လောက်ပြန်ဖမ်းတယ်ဆိုတဲ့ အရေအတွက် အတိအကျကိုတော့ မသိခဲ့ရပါဘူး။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မင်းအောင်လှိုင်ဟာ လွတ်ငြိမ်းကို သူ့ရည်ရွယ်ချက် တစ်စုံတစ်ရာအတွက် အသုံးချခဲ့သလို၊ ရည်ရွယ်ချက် မအောင်မြင်တဲ့အခါ လွှတ်ပြီးသား အကျဉ်းသားတွေကိုတောင် ပြန်ဖမ်းတာမျိုး လုပ်တယ်ဆိုပြီး လူအများက ဝေဖန်ခဲ့ကြပါတယ်။
နောက်ပိုင်းမှာလည်း မင်းအောင်လှိုင်ဟာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အမှုတွေမှာ ပြစ်ဒဏ်ချခံရပြီး လွတ်ရက်စေ့၊ လွှတ်ပြီးကာမှ ထောင်ဘူးဝမှာ ရဲက ပြန်ဖမ်း၊ နောက်ထပ် ပုဒ်မအသစ်တွေကပ်၊ တရားရုံးတင်၊ ထောင်ချတာမျိုးတွေလည်း လုပ်ခဲ့ပါတယ်။
နောက်တစ်ခုကတော့ မင်းအောင်လှိုင်ဟာ လွတ်ငြိမ်းမှာ ကြေညာထားတဲ့ အရေအတွက်လောက် တကယ်မလွှတ်ဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ထင်ရှားတဲ့ အဖြစ်အပျက်ကတော့ ၂၀၂၆ မတ်လ ၂ ရက်နေ့စွဲနဲ့ ကြေညာတဲ့ လွတ်ငြိမ်းပါ။ အဲဒီမှာ ၅၀(ည)၊ ၅၂(က) တွေနဲ့ ပြစ်ဒဏ်ကျခံနေရသူ ၇,၃၃၇ ယောက်ကို လွတ်ငြိမ်းပေးတယ်ဆိုတဲ့ သတင်းပါ။ တကယ်တော့ အဲဒီနေ့က ၅၀(ည)၊ ၅၂(က) နဲ့ လွတ်လာသူ နည်းနည်းလောက်ပဲပါပြီး အများစုကြီးကတော့ ထောင်ထဲမှာ ဒီအတိုင်း ကျန်ရစ်ခဲ့ပါတယ်။
မင်းအောင်လှိုင်လက်ထက် ငါးနှစ်တာကို ပြန်သုံးသပ်ကြည့်ရင် သူဟာ ပြည်သူအများကြီးကို ဖမ်းနိုင်လောက်တဲ့ ဥပဒေမျိုးစုံ ပြင်ဆင်၊ ဖြည့်စွက်၊ ပြဌာန်းပြီး လက်တွေ့မှာလည်း လူအများအပြားကို ဖမ်းဆီးခဲ့ပါတယ်။ ဥပဒေသဘောအရ တကယ်ဖြစ်သင့်တာထက် ပုဒ်မတွေ တစ်ခုမကတပ်ပြီး တရားစွဲရုံမက နှစ်ရှည်ထောင်ဒဏ်တွေ၊ ထောင်တစ်သက်တွေ၊ သေဒဏ်တွေဖောဖောသီသီချခဲ့ပါတယ်။
ဒါကြောင့် အကျဉ်းသားတွေအနေနဲ့ ကိုယ့်ဘာသာကိုယ် နှစ်စေ့နေပြီးမှ ထောင်က လွတ်ဖို့မလွယ်ကူတာမို့ သူ့ရဲ့လွတ်ငြိမ်းကိုပဲ မျှော်လင့်နေအောင် ဖန်တီးထားသလို ဖြစ်နေပါတယ်။ အဓိပ္ပာယ်ကတော့ မင်းအောင်လှိုင်ဟာ လူတွေကို ဖမ်းချင်သလောက်ဖမ်း၊ ထောင်ကိုလည်း နှစ်အများကြီးချပြီး သူလွှတ်ချင်မှ လွတ်ပေးမယ် ဆိုတဲ့ အနေအထားရောက်အောင် လုပ်ထားတဲ့ သဘောပါပဲ။
အခြားတစ်ဖက်ကလည်း လူတွေအများကြီးကို ပြန်ပေးဆွဲသလို ဖမ်းဆီးထား၊ သူ့ရဲ့ အာဏာရယူထားမှု တရားဝင်ဖြစ်အောင် နိုင်ငံတကာနဲ့ အပေးအယူလုပ်ရာမှာ သုံးဖို့ အခုလို လုပ်တာလို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။ လွတ်ငြိမ်းပေးတော့လည်း လွတ်လွတ်ကျွတ်ကျွတ် လွှတ်တာမျိုးမဟုတ်တာကြောင့် အကျဉ်းသားဟောင်း အများအပြားဟာ ဒီကနေ့ချိန်ထိ ပုဒ်မ ၄၀၁ ဆိုတဲ့ အရိပ်မဲကြီးရဲ့ ခြိမ်းခြောက်မှုအောက်မှာ နေထိုင်နေရဆဲ ဖြစ်နေပါတယ်။
မျိုးလွင်ဦးသည် မြန်မာ့နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များကို ကာလရှည်ကြာ အလေးထားစောင့် ကြည့်လေ့လာနေသော စာရေးဆရာနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ဖြစ်သည်။