တရုတ်နိုင်ငံ တီယန်ကျင်းမြို့တွင် ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးညီလာခံ မတိုင်မီ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၀ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင် မိန့်ခွန်းပြောကြားနေစဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

မင်းအောင်လှိုင် ရတက်မအေး ဖြစ်နေသလား

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်က အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သော အတွေးအမြင်ဆောင်းပါး ဖြစ်သည်။  

တရုတ်၊ အမေရိကန် စသည့် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ၎င်းတို့ ဩဇာခံနိုင်ငံများကို အခိုင်အမာ ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် ယနေ့ဖြစ်ထွန်းစ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းသစ်တွင် စစ်ကော်မရှင်အနေဖြင့် သူ၏ရှင်သန်မှုလမ်းကြောင်းကို ရှာဖွေဖော်ထုတ်နိုင်မည်လားဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်သည်။

By GUY DINMORE | ဖရွန်တီးယား 

ဇန်နဝါရီလ ၃ ရက်တွင် အမေရိကန်အထူးတပ်ဖွဲ့များက ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မက်ဒူရိုကို ကာရာကက်စ်မြို့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုနေ့တွင်ပင်  မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင်စု၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုသော ကြေညာချက်တစ်ရပ်ကို နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ထုတ်ပြန်လိုက်သည်။

၎င်းမှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်နိုင်သော်လည်း ယင်းအချိန်ကိုက် သတင်းထုတ်ပြန်မှုကို မြန်မာနိုင်ငံ၌ သတိပြုမိသူအချို့ ရှိခဲ့သည်။ မကြာမီပင် မြန်မာအား မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသည့် နိုင်ငံအဖြစ် သတ်မှတ်၍ မြန်မာ့အာဏာရှင်ကိုလည်း အလားတူ ဖယ်ရှားပေးပါရန် အမေရိကန်သို့ မေတ္တာရပ်ခံတောင်းဆိုမှုများ လူမှုကွန်ရက် တနံတလျား ပြည့်နှက်သွားခဲ့သည်။

သို့ရာတွင် တစ်ဖက်၌ အမေရိကန်၏အရေးယူမှုကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နောက်ကြောင်းမအေးဘဲ စိုးရိမ်သောက ရောက်နေနိုင်သော်လည်း အခြားတစ်ဖက်တွင်မူ ပေကျင်းသို့ မျက်နှာမူလျက် တရုတ်ကို အားကိုးတကြီး မျှော်ကြည့်နေလိမ့်မည် ဖြစ်သည်။

ယမန်နှစ် ဇန်နဝါရီလက အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိမ်ဆိုပြီးကတည်းက ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းဟောင်းသည် အလွန်လျင်မြန်စွာ ပြိုကွဲသွားသည်။ မိမိတို့ ဩဇာခံနိုင်ငံများကို အင်အားကြီးနိုင်ငံများက အပြိုင်အဆိုင် ထိန်းချုပ်ခဲ့သော ခေတ်ဆီ နောက်ပြန်လှည့်လာသည့် အခင်းအကျင်းက အစားထိုး ဝင်ရောက် နေရာယူလာခဲ့ပုံ ရသည်။

ထရမ့်က ဂရင်းလန်ကျွန်းကို ငမ်းငမ်းတက် အလိုရှိသလို ပနားမားတူးမြောင်းကိုလည်း ပြန်လည်သိမ်းပိုက်ရန် ဆန္ဒရှိနေသည်။ ဗလာဒီမာပူတင်ကလည်း ယူကရိန်း၊ ဘယ်လာရုစ်နှင့် ရုရှားတို့ကို တစ်ခုတည်းသော နိုင်ငံတော်အဖြစ် ရှုမြင်ပြီး ပြန်လည် သိမ်းယူလိုသည်။ တရုတ်နိုင်ငံကမူ တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားနေသည့် သန္တာကျောက်တန်းနှင့်ကျွန်းများကို စစ်ရေးအရ သိမ်းပိုက်ရန် ကြိုးပမ်းနေစဉ် ထိုင်ဝမ်ပတ်လည် ပင်လယ်ပြင်၌လည်း ဟန်ရေးပြ စစ်ရေးလေ့ကျင့်မှုများဖြင့် အကြီးအကျယ် ခြိမ်းခြောက်လျက် ရှိသည်။

မဟာအင်အားကြီးနိုင်ငံများ၏ နယ်ချဲ့ဝါဒမှာ ရေပန်းစားလာပြီး နိုင်ငံငယ်များ၊ အထူးသဖြင့် နဂိုကတည်းက အင်အားချိနဲ့ကာ အစိတ်စိတ်အမွှာမွှာဖြစ်နေသော နိုင်ငံများမှာ သတိထားရမည့်အနေအထား ရောက်လာသည်။

ဤအခင်းအကျင်း၌ မြန်မာနိုင်ငံ၏အနေအထားမှာ မည်သို့ ရှိနိုင်သနည်း။ ဆက်လက်ကျဆုံးမည့် နောက်ထပ် နိုင်ငံတစ်နိုင်ငံ ဖြစ်လာမည်လော။

အမှန်အားဖြင့် တိုင်းပြည်မှာ အတိုင်းအတာတစ်ခုအထိ ပြိုလဲနေနှင့်ပြီးသား ဖြစ်သည်။ မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးအားလုံးကို ထိန်းချုပ်ထားသော်ငြား ကျေးလက်ဒေသ အများအပြားကို လက်လွှတ်ထားရသည့် မင်းအောင်လှိုင်အစိုးရသည် ရုရှားနှင့် တရုတ်နိုင်ငံတို့က အဖိုးအခယူ၍ ထောက်ပံ့နေသည့် လက်နက်၊ နည်းပညာ၊ လေ့ကျင့်သင်ကြားမှုများ မရှိဘဲ ရေရှည်ရပ်တည်နိုင်မည် မဟုတ်ပေ။

၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ခဲ့သော ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း အရှက်တကွဲ အရေးနိမ့်ကာ လက်လွှတ်ခဲ့ရသော မြို့များကို မြန်မာစစ်တပ်က ပြန်လည် ရယူနိုင်ခဲ့ခြင်းမှာ ယမန်နှစ်က တိုင်းရင်းသားလက်နက်ကိုင်များအပေါ် တရုတ်တို့၏ တိုက်ရိုက် ကြားဝင်စွက်ဖက်၍ ဖိအားပေးမှုကြောင့်သာ ဖြစ်သည်။

သို့သော် တရုတ်ကို ပြန်ပေးလိုက်ရသည့် အဖိုးအခမှာ ကြီးမားလှသည်။ ၎င်းအဖိုးအခများတွင် မြန်မာနိုင်ငံကို ဖြတ်၍ ရခိုင်ပြည်နယ်ရှိ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်၌ တရုတ်တို့အတွက် ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးနှင့် သဘာဝသယံဇာတ၊ အထူးသဖြင့် မြေရှားသတ္တုဝယ်ယူရာတွင် တရုတ်တို့ဘက် အလေးသာသော ရင်းနှီးမြှုပ်နှံမှု စည်းကမ်းချက်များ သတ်မှတ်ရေးတို့ အပါအဝင်ဖြစ်သည်။ ဤအချက်နှစ်ချက်မှာ စားတော်ပွဲကြီးတစ်ခုတွင် တည်ခင်းသည့် ကနဦး အမြည်းသဘောမျှသာ ဖြစ်သည်။

အထက်ပါအခြေအနေ၌ ဒီမိုကရေစီနိုင်ငံအများစုနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့က ဟန်ပြမျှသာ ဖြစ်သည်ဟု ရှုတ်ချခဲ့သော စစ်ကော်မရှင်၏ရွေးကောက်ပွဲကို တရုတ်နိုင်ငံက အတိအလင်း ထောက်ခံအားပေးခဲ့သည်။ မြန်မာ့ရွေးကောက်ပွဲကို အမေရိကန်ပြည်ထောင်စုကလည်း ဆန့်ကျင်ရှုတ်ချခဲ့ခြင်း မရှိပေ။

လက်ရှိရွေးကောက်ပွဲကို ရှုတ်ချသည့် ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ရန် ဥရောပသမဂ္ဂ၏ အဆိုပြုချက်ကို အမေရိကန်ပြည်ထောင်စုက ပယ်ချခဲ့သည်ဟု ရန်ကုန်ရှိ သံတမန်များက ဆိုသည်။ တစ်ဖက်တွင်လည်း အမေရိကန်နှင့် အင်ဒိုနီးရှားနိုင်ငံတို့က ဒီဇင်ဘာလအတွင်း ပူးပေါင်း ကျင်းပသည့် အာဆီယံ-အမေရိကန် ပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်ပွဲတွင် မြန်မာရေတပ်နှင့်အတူ အမေရိကန်တပ်ဖွဲ့များ ပါဝင် ဆင်နွှဲခဲ့ပြန်သည်။

အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာနက ယာယီအကာအကွယ်ပေးမှုကို ရုပ်သိမ်းမည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံကို ထည့်သွင်းရန် နိုဝင်ဘာလအတွင်း ဆုံးဖြတ်လိုက်ပြီးနောက်ပိုင်း ထိုသို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအကာအကွယ်ပေးမှုကို ရုပ်သိမ်းလိုက်ခြင်းကြောင့် အမေရိကန်ရောက် မြန်မာနိုင်ငံသား ၄,၀၀၀ ခန့် ထိခိုက်နစ်နာခဲ့ရသည်။

မြန်မာနိုင်ငံက လူတိုင်းနီးပါး အံ့အားသင့်သွားရသည့်အချက်မှာ “မြန်မာနိုင်ငံသားများ နေရပ်ပြန်ရန် ဘေးကင်းလုံခြုံပါပြီ” ဟု အမိမြေလုံခြုံရေးဝန်ကြီး ခရစ်စတီနိုအမ်က ပြောကြားခဲ့သည့်အချက် ဖြစ်သည်။

“မြန်မာနိုင်ငံသည် အရေးပေါ်အခြေအနေ ရုပ်သိမ်းခြင်း၊ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ခြင်း၊ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်မှုယန္တရား အားကောင်းလာခြင်းကြောင့် အများပြည်သူဝန်ဆောင်မှုနှင့် အမျိုးသား ပြန်လည်သင့်မြတ်မှု များ ပိုမိုကောင်းမွန်လာခြင်းတို့ အပါအဝင် နိုင်ငံ၏ အုပ်ချုပ်ရေးနှင့်တည်ငြိမ်ရေး အခြေအနေမှာ တိုးတက်လာခဲ့သည်” ဟု သူက ဆိုသည်။

နိုင်ငံရေးအကျဉ်းသား ၂၂,၀၀၀ ကျော်ကို ဖမ်းဆီးခံထားရသည့် ငါးနှစ်တာ ပြည်တွင်းစစ်ကာလအတွင်း အရပ်သား ထောင်နှင့်ချီ၍ သတ်ဖြတ်ခဲ့မှုအတွက် တာဝန်ရှိသော မင်းအောင်လှိုင်နှင့် ၎င်း၏ဗိုလ်ချုပ်ကြီးများမှာ အမေရိကန်ပြည်ထောင်စု၏ လူသိရှင်ကြားထောက်ခံမှုကို ဝမ်းပန်းတသာ ခံယူခဲ့ကြသည်။ စစ်ကော်မရှင်ထိန်းချုပ်ထားသော သတင်းမီဒီယာများ၌ ထရမ့်ကို အသစ်ပေါ်ထွန်းလာသော အမျိုးသားသူရဲကောင်းအဖြစ် ချီးကျူးထောပနာပြုနေသည့်အခိုက် သာမန်ပြည်သူများကမူ ထရမ့်ကို ရွံရှာမုန်းတီးလျက် ရှိကြသည်။

သို့သော် ထရမ့်အစိုးရ၏ ရပ်တည်ချက်အပြောင်းအလဲမှာ မင်းအောင်လှိုင်၏ အာဏာတည်မြဲရေးနှင့် သက်ဆိုင်ခြင်း မရှိလှဘဲ မြန်မာနိုင်ငံအပေါ် တရုတ်နှင့် ရုရှားတို့၏ ဩဇာလွှမ်းမိုးမှုရန်မှ ကာကွယ်နိုင်ရေးကိုသာ ဦးတည်ထားပုံ ရသည်။

မြန်မာ့ပြည်တွင်းစစ်၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများ အညံ့ခံလာစေရန် စစ်တပ်က လေကြောင်းမှ ဗုံးကြဲနေသမျှ ကာလပတ်လုံး ၎င်းတို့မှာ စစ်ပွဲကို နိုင်အောင် တိုက်နိုင်လိမ့်မည် မဟုတ်ပေ။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရစဉ်ကတည်းက ထိုသို့ တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် မြန်နှုန်းမြင့် တရုတ်ရထားများ ဥဒဟိုပြေးဆွဲနေသော လာအိုနိုင်ငံကဲ့သို့ တရုတ်ဩဇာခံ နိုင်ငံတစ်ခု ဖြစ်လာဖွယ်ရာ မရှိသကဲ့သို့ မိမိကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းများဖြင့် တရုတ်ကို တန်းတူရည်တူ ရပ်ဆိုင်နိုင်သော ဗီယက်နမ်ကဲ့သို့ စည်းလုံးညီညွတ်ခိုင်မာသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်လာနိုင်ဖွယ် မရှိပေ။

ဇန်နဝါရီလ ၂၅ ရက်၌ ပြီးဆုံးခဲ့သည့် စစ်ကော်မရှင်၏ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ပုံစံမျိုး လုံးဝ မတွေ့ရှိရပါ။ သို့သော် ယင်းဖြစ်ရပ်က အရပ်သားဟု အမည်တပ်ထားသည့် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေး၊ အတိတ်နှင့် ကျောခိုင်းနိုင်ရေး မင်းအောင်လှိုင်အား အခွင့်အလမ်းတစ်ရပ် ပေးအပ်လိမ့်မည် ဖြစ်သည်။

အမှန်စင်စစ် အတိတ်သမိုင်းကို ချေဖျက်နိုင်ရေးမှာ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခြင်း၊ အတင်းအကျပ် စစ်သားစုဆောင်းမှုနှင့် အရပ်သားများအပေါ် တိုက်ခိုက်နေမှုများကို ရပ်တန့်ခြင်း စသည်တို့ဖြင့်သာ စတင်သင့်သည်။ ထိုသို့ဆောင်ရွက်ခဲ့လျှင် နိုင်ငံအများအပြားက လိုက်လိုက်လျောလျော တုံ့ပြန်ရန် အဆင်သင့်ရှိနေကြမည်ဖြစ်သည်။

အာဆီယံအပြင် အိန္ဒိယကဲ့သို့ အခြား စိတ်ဝင်စားသည့်နိုင်ငံများက မြန်မာနှင့် ဆက်ဆံရေးကို တိုးချဲ့လာနိုင်ကြမည်။ တခြားသံရုံးများ ပိတ်သွားလင့်ကစား လက်တွေ့အကောင်းမြင်စိတ်ဖြင့် ရန်ကုန်တွင် သံရုံးဆက်လက်ဖွင့်လှစ်ထားသော ဥရောပနိုင်ငံအချို့နှင့် အမေရိကန်ပြည်ထောင်စုတို့ကလည်း ယင်း အခြေအနေမျိုးကို အရိပ်အခြေ ပြသခဲ့ကြသည်။

သို့သော် မင်းအောင်လှိုင်တွင် အလျှော့ပေးမည့် အရိပ်အယောင်မျိုး လုံးဝ မတွေ့ရှိရပေ။ တိုင်းပြည်ကို ပိုမို တည်တည်ငြိမ်ငြိမ် အုပ်ချုပ်နိုင်လောက်အောင် စစ်တပ်က နယ်မြေအလုံအလောက် ပြန်လည် သိမ်းပိုက်နိုင်လိမ့်မည်ဟု ယုံကြည်နေပုံရသည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံကလည်း သူတို့၏ ကစားပွဲအရှည်ကြီးကို ဆက်လက် ကစားနေပေဦးမည်။ မြန်မာ့အခင်းအကျင်းအပေါ် တရုတ်ဩဇာလွှမ်းမိုးမှု အရိပ်မည်းကြီးမှာမူ လက်တံပိုမို ရှည်လျားလာလျက် ရှိသည်။ 

Guy Dinmore သည် မြန်မာတိုင်းမ်သတင်းစာ၏ အယ်ဒီတာဟောင်းတစ်ဦးဖြစ်ပြီး Financial Times အတွက် ဝါရှင်တန်မှလည်းကောင်း၊  Reuters အတွက် ပေကျင်းမှလည်းကောင်း သတင်းများ တင်ဆက်ခဲ့သူ သတင်းထောက်ဟောင်း တစ်ဦးဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.