ရွေ့ပြောင်းလုပ်သားအခွင့်အရေးဆိုင်ရာ ဥပဒေအကူအညီပေးရေးအဖွဲ့များတွင် ရန်ပုံငွေများ လျော့ကျလာမှုနှင့်အတူ အနာဂတ်ရပ်တည်ရေး မရေရာမှုများကြောင့် အလုပ်သမားကိုယ်တိုင် ၎င်းတို့၏အခွင့်အရေးများ နားလည်သိရှိရေး၊ အခွင့်အရေးချိုးဖောက်ခံရမှုများကို မှတ်တမ်းတင်နိုင်ရေး၊ တရားမျှတမှု ရယူနိုင်ရေး စသည့် အသိပညာပေးရေး လုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်နေသည်။
KIANA DUNCAN | ဖရွန်တီးယား
လူ့အခွင့်အရေးမှတ်တမ်းအဖွဲ့တစ်ခု ဖြစ်သည့် ဥာဏ်လင်းသစ် သုတေသနအဖွဲ့၏ ဝန်ထမ်းအချို့အနေဖြင့် လုပ်ငန်းခွင်အတွင်း ၎င်းတို့ ကိုယ်တိုင် လူ့အခွင့်အရေး ချိုးဖောက်ခံရသည်ဟု သူတို့ ခံစားခဲ့ရသည့် အခြေအနေများနှင့် ပတ်သက်၍ လပေါင်းများစွာကြာအောင် တိုင်ကြားမှုများကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါအဖွဲ့အစည်းအနေဖြင့် အခကြေးငွေမပေးဘဲ အချိန်ပိုအလုပ်ဆင်းခိုင်းခြင်း၊ ဝန်ထမ်းများ၏အမြင်တွင် ပုံမှန်မဟုတ်သော မျှတမှုမရှိသည့် နေထိုင်ရာနေရာအတွက် စည်းကမ်းများ ချမှတ်ထားခြင်းတို့သာမက ထိုင်းနိုင်ငံအတွင်း နေထိုင်ရန် လိုအပ်သည့် စာရွက်စာတမ်းဆိုင်ရာ ကုန်ကျစရိတ်များကိုလည်း အပြည့်အဝ ပေးချေမှုမရှိခြင်း အစရှိသည့် ဖြစ်ရပ်များကို ဝန်ထမ်းများက စီမံခန့်ခွဲရေးအဖွဲ့ထံသို့ တင်ပြခဲ့ကြသည်။
ထိုသို့ တိုင်ကြားမှုများ ဖြစ်ပွားပြီးနောက် ၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် တစ်နှစ်စာ လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်မှုပြုလုပ်နေစဉ်အတွင်း ယင်းသုတေသနအဖွဲ့၏ ဝန်ထမ်းလေးဦးအနေဖြင့် ၎င်းတို့ အလုပ်ထုတ်ခံလိုက်ရပြီးဖြစ်ကြောင်းကို သိရှိလိုက်ရသဖြင့် တုန်လှုပ်ခဲ့ရသည်ဟု ဆိုသည်။ ထိုသို့ အလုပ်ထုတ်အရေးယူမှု မပြုလုပ်မီ အဖွဲ့အစည်းတာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများကို လုံလောက်သည့် တရားဝင် ကြိုတင်အသိပေးမှုမျိုး လုံးဝမရှိခဲ့ကြောင်း ဝန်ထမ်းများက ဆိုသည်။
လုံခြုံရေးအတွက် အမည်လွှဲဖြင့် ဖော်ပြရန် တောင်းဆိုခဲ့သည့် ဝန်ထမ်းတစ်ဦး ဖြစ်ခဲ့သူ ကိုအောင်က “သူတို့ရဲ့ဦးဆောင်မှုပုံစံက အာဏာရှင်ဆန်တယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့တွေ တိုင်ကြားတဲ့အခါ သူတို့ သိပ်သဘောမကျကြဘူး” ဟု ဆိုသည်။
၎င်းတို့၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံခြင်းများအပြင် တရားမဲ့အလုပ်ထုတ်ခြင်း ခံခဲ့ရသော်လည်း နစ်နာကြေး တစုံတရာ မရရှိခဲ့ကြောင်း အလုပ်ထုတ်ခံရသည့် ဝန်ထမ်းများက ဆိုသည်။ တရားမျှတမှု ရယူနိုင်ရေး နည်းလမ်းများ ရှာဖွေသောအခါ ယင်းအဖွဲ့အစည်းမှာ အခြေစိုက်ရာဒေသတွင် မှတ်ပုံတင် လည်ပတ်နေခြင်းမျိုး မဟုတ်သဖြင့် ဥပဒေကြောင်းအရ တိုင်ကြားနိုင်မည့်အခြေအနေမျိုး မရှိကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း သိရှိခဲ့ရကြောင်း သူတို့က ဆိုသည်။
အဆိုပါအဖွဲ့အစည်းတွင် လုပ်ကိုင်ခဲ့ဖူးသည့် ဝန်ထမ်းဟောင်းများက ၎င်းအဖွဲ့အစည်းသည် ပြည်တွင်း သို့ ပြည်ပ မည်သည့်နိုင်ငံ၏ အလုပ်သမားဥပဒေများကိုမျှ လိုက်နာနေခြင်းမရှိဟု ဆိုကြသည်။
၂၀၁၇ ခုနှစ်က ရန်ကုန်မြို့တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပနိုင်ငံသို့ ပြောင်းရွှေ့ခဲ့သည့် ဉာဏ်လင်းသစ်သုတေသနအဖွဲ့အစည်းအနေဖြင့် ရောက်ရှိနေသည့် နိုင်ငံ သို့မဟုတ် မြန်မာနိုင်ငံရှိ အလုပ်သမား ဥပဒေများအပေါ် လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိ နှင့် ၎င်းတို့၏လုပ်ငန်းခွင်အတွင်း အလုပ်သမားအပေါ်အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များနှင့် ပတ်သက်၍ ဖရွန်းတီးယား အလွတ်တန်းသတင်းထောက်၏ ဆက်သွယ်မေးမြန်းမှုအပေါ် တစုံတရာ ပြန်လည် တုံ့ပြန်ဖြေကြားခြင်း မပြုခဲ့ပါ။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အလုပ်ထုတ်ခံရသည့် အလုပ်သမားများနည်းတူ ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေကြသော ထောင်ပေါင်းများစွာသော မြန်မာရွှေ့ပြောင်း အလုပ်သမားများသည်လည်း လုပ်ငန်းခွင်အတွင်း ကြုံတွေ့နေရသည့် အခွင့်အရေးချိုးဖောက်ခံရမှုများကို ကာကွယ်နိုင်ရန် သို့ ၎င်းတို့၏ အခွင့်အရေးများကို တောင်းဆိုရန် အခက်အခဲ တွေ့ကြုံနေရသည်။
ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ပေးနေသည့် တက်ကြွလှုပ်ရှားသောအဖွဲ့များသည် ရွှေ့ပြောင်း အလုပ်သမားများ၏ ထိုင်းနိုင်ငံတွင်း တရားရုံးတွင်း၊ ရုံးပြင်ဆိုင်ရာ အမှုအခင်းများကို ဖြေရှင်းနိုင်ရန် ကူညီပေးခြင်း၊ ၎င်းတို့၏ အခွင့်အရေးများကို အသိပညာပေးခြင်းနှင့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်ဖြစ်ခွင့်များအပြင် ဆေးဝါးကုသမှုကဲ့သို့ ဝန်ဆောင်မှုများအထိ လက်လှမ်းမီနိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးခြင်းတို့တွင် ဆယ်စုနှစ်များစွာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။
သို့သော် ပြီးခဲ့သည့်နှစ်အစောပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရ လက်ထက်တွင် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ ရန်ပုံငွေများ အကြီးအကျယ် ဖြတ်တောက်ခံခဲ့ရခြင်းနှင့် အခြားနိုင်ငံများမှ ကူညီထောက်ပံ့မှုများ လျော့နည်းလာခြင်းတို့ကြောင့် အဆိုပါအကူအညီပေးရေးအဖွဲ့အစည်းများသည် လက်ရှိတွင် ပိုမိုများပြားလာသော အကူအညီတောင်းခံလာသည့် အလုပ်သမားအရေအတွက်ကို ထောက်ပံ့ပေးနိုင်ရန် ရုန်းကန်လာကြရသည်။
ဖရွန်းတီးယားက ကြည့်ရှုခဲ့ရသည့် အီးမေးလ်များအရ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အလုပ်ထုတ်ခံခဲ့ရသည့် ဝန်ထမ်းလေးဦးသည် ၎င်းတို့အမှုနှင့် ပတ်သက်သည့် အထောက်အထားများကို အဖွဲ့အစည်း၏ အကြံပေးဘုတ်အဖွဲ့နှင့် နိုင်ငံတကာအလှူရှင်များထံ တင်ပြခဲ့ကြသည်။
ဘုတ်အဖွဲ့သည် ဝန်ထမ်းများနှင့် ခေါင်းဆောင်ပိုင်းများကို လူတွေ့မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရေး၊ အကူးအပြောင်းကာလအတွင်း ပံ့ပိုးကူညီမှုပေးရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်ချက်များကို ပြန်လည်သုံးသပ်ရေး စသည့် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် အကြံပြုချက်များ ပေးခဲ့သည်။
သို့သော်လည်း ဝန်ထမ်းများ၏ပြောဆိုချက်အရ ဉာဏ်လင်းသစ်သုတေသနအဖွဲ့အနေဖြင့် အထက်ပါ အကြံပြုချက်များကို အနည်းငယ်သာ လုပ်ဆောင်မှု ပြသခဲ့ပြီး ၎င်းတို့၏ အလှူရှင်များထံတွင်မူ အကြံပြုချက်အားလုံးကို ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း တင်ပြခဲ့ကြသည်ဟု သိရသည်။
ယခုအခါ ၎င်းတို့သည် အဖွဲ့အစည်းထံမှ တောင်းပန်မှု၊ တရားဝင်စုံစမ်းစစ်ဆေးမှုနှင့် နစ်နာကြေးများ ရရှိရန် ကြိုးပမ်းနေကြသော်လည်း မျှော်လင့်ချက် များစွာ ရှိမနေပါ။
အမည်မဖော်လိုသည့် အလုပ်ထုတ်ခံရသူ အခြားဝန်ထမ်းတစ်ဦးက “ကျနော်တို့ ဘာမှလုပ်လို့မရဘူး ဖြစ်နေတယ်။ တရားဝင်နည်းလမ်းနဲ့တော့ တရားမျှတမှုကို ရှာမတွေ့နိုင်ဘူး” ဟု ပြောသည်။

အမြစ်တွယ်နေသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလက မဲဆောက်မြို့ရှိ VK Garments အထည်ချုပ်စက်ရုံက အလုပ်ထုတ်ခံခဲ့ရသည့် အလုပ်သမား ၁၃၆ ဦးတွင် မဖြိုးဖြိုးမာလည်း အပါအဝင်ဖြစ်ခဲ့သည်။
အလုပ်သမားများ၏ စွပ်စွဲချက်အရ အဆိုပါ အထည်ချုပ်စက်ရုံသည် တစ်ပတ်လျှင် နာရီပေါင်း ၁၀၀ နီးပါး အလုပ်ဆင်းခိုင်းခြင်း၊ နစ်နာကြေး မပေးခြင်း၊ တရားဝင် သတ်မှတ်ထားသည့် အနည်းဆုံးအခကြေးငွေအောက် လျှော့ပေးခြင်းတို့အပြင် စိုစွတ်ပြီး၊ မသန့်ရှင်းသောနေရာထိုင်ခင်းများတွင် နေရခြင်း စသည့် ချိုးဖောက်မှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
“အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်သွားကြချိန်မှာ စားစရာလည်းမရှိတော့ဘူး။ နေရေးထိုင်ရေး အခက်အခဲတွေကိုပါ ရင်ဆိုင်ခဲ့ရတယ်” ဟု မဖြိုးဖြိုးမာက ပြောသည်။
ကလေးနှစ်ယောက်မိခင်ဖြစ်သူ သူသည် လက်ရှိတွင် ပိုမိုများပြားလာသော အကြွေးများနှင့် ရုန်းကန်နေရသည်။ ထိုဒေသရှိ စက်ရုံများက သူနှင့်အတူတူ အလုပ်ထုတ်ခံရသည့် ဝန်ထမ်းဟောင်းများကို နာမည်ပျက်စာရင်းသွင်းထားကြသဖြင့် ယခုအခါ အခြားအလုပ်အကိုင် အသစ်များကို ရှာဖွေရန်လည်း မဖြစ်နိုင်တော့ကြောင်း ဆိုသည်။
ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးများကိုကာကွယ်ပေးနေသည့် ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (Human Rights and Development Foundation) ကဲ့သို့ ဥပဒေကြောင်းအရ ကူညီပေးနေသည့် အဖွဲ့အစည်းများက ၎င်းတို့အလုပ်ထုတ်ခံရပြီးနောက် အလျင်အမြန်ပင် ဝင်ရောက်ကူညီပေးခဲ့ကြသည်။ ထို့နောက် အလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေးဌာနသို့ တိုင်ကြားစာပေးပို့နိုင်ရန်နှင့် ယာယီနေထိုင်ခင်းများနှင့် စားနပ်ရိက္ခာများကို ကူညီပံ့ပိုးပေးခဲ့သည်။
“ဥပဒေကြောင်းအရ ရင်ဆိုင်ရတဲ့အခါမှာ HRDF အနေနဲ့ အလုပ်သမားတွေဆီကနေ တပြားတချပ်မှ မယူခဲ့ပါဘူး” ဟု မဖြိုးဖြိုးမာက ဆိုသည်။ အဆိုပါအဖွဲ့က အလုပ်သမားအများအပြားကို အလုပ်အကိုင်သစ် ရှာဖွေရာတွင်လည်း ကူညီပေးခဲ့ကြောင်း ဖြည့်စွက်ပြောသည်။
“သူတို့က တရားမမှုနဲ့ ပြစ်မှုဆိုင်ရာအမှုတွေအတွက် ဥပဒေကြောင်းအရ တိုက်ပွဲဝင်နေကြတဲ့ အလုပ်သမား ၁၃၆ ဦးစလုံးကို ဘက်ပေါင်းစုံကနေ ပံ့ပိုးကူညီပေးခဲ့ကြတာပါ။ အဲဒီ့အတွက် ကျမတို့ တကယ်ပဲ ကျေးဇူးတင်မိပါတယ်” ဟု သူက ပြောသည်။
ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားအရေအတွက် အတိအကျကို အတည်ပြုရန် ခက်ခဲသော်လည်း ထိုင်းအလုပ်အကိုင်ခန့်ထားရေးဦးစီးဌာန၏ ပြီးခဲ့သည့်နှစ် ဇန်နဝါရီလ စာရင်းဇယားများအရ မြန်မာနိုင်ငံသား ၂ဒဿမ၂ သန်းကျော် ရှိကြောင်း မှတ်တမ်းတင်ထားသည်ကိုတွေ့ရသည်။
ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာနေထိုင်သူများအဖွဲ့ (IOM) ၏ အဆိုအရ ၎င်းပမာဏသည် မကြာသေးမီနှစ်များအတွင်း အမြင့်ဆုံးသော အရေအတွက် ဖြစ်ပြီး နိုင်ငံပေါင်းစုံမှ တရားဝင်မှတ်ပုံတင်ထားသည့် ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း၏ ၆၈ ရာခိုင်နှုန်းခန့် ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံသားအများစုမှာ နိုင်ငံကူးလက်မှတ်လျှောက်ထားပါက စစ်ကော်မရှင်၏ စစ်ဆေးမေးမြန်းမှုနှင့် ဖိနှိပ်ညှင်းပန်းမှုများကို စိုးရိမ်သဖြင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာကြခြင်းဖြစ်သည်။ အချို့သောသူများမှာ နှစ်နိုင်ငံသဘောတူညီချက် (MOU) အစီအစဉ်ကတဆင့် ထိုင်းနိုင်ငံတွင်းသို့ တရားဝင်လမ်းကြောင်းမှ ဝင်ရောက်လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်သော ငွေကြေးနှင့် အရင်းအမြစ်များ မရှိကြပေ။
MOU လုပ်ငန်းစဉ်များသည် ထိုင်းနိုင်ငံ၏ အလုပ်သမားလိုအပ်ချက်ကို ဖြည့်ဆည်းရန် အိမ်နီးချင်းနိုင်ငံများက အလုပ်သမားများကို ခေါ်ယူခြင်းဖြစ်သော်လည်း အလွန်ရှုပ်ထွေးပြီး၊ ကြာမြင့်လှသည့် စောင့်ဆိုင်းချိန်ကြောင့် အလုပ်သမားများအနေဖြင့် ပွဲစားခ ထပ်မံကုန်ကျခြင်းမရှိပါက အလုပ်ရရှိရန် ခက်ခဲသည်။
အလုပ်သမားအများစုမှာ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးကဏ္ဍများအပြင်၊ အကျိုးအမြတ်မယူသောအဖွဲ့အစည်းများနှင့် သတင်းမီဒီယာအဖွဲ့အစည်းများတွင်လည်း လုပ်ကိုင်နေကြသည်။
“ရွှေ့ပြောင်းအလုပ်သမားအများစုက သူတို့မှာ ဥပဒေအရ ရပိုင်ခွင့်တွေရှိတယ်ဆိုတာကိုတောင် မသိကြပါဘူး” ဟု ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီပေးနေသည့် MAP Foundation ၏ ဒါရိုက်တာ ဗြမ်ပရက်စ်က ပြောသည်။
“ဥပဒေရေးရာ အမှုတွေကို တိုင်ကြားနိုင်တယ်၊ တရားမျှတမှု ဒါမှမဟုတ် ကုစားမှုကို ရယူနိုင်တယ်ဆိုတာကို ရွှေ့ပြောင်းအလုပ်သမားတွေ နားလည်လာဖို့က သူတို့အများစုအတွက် အသစ်အဆန်းတစ်ခုလို ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ရပ်တည်ရေးခက်ခဲလာသည့် အကူအညီပေးရေး အဖွဲ့အစည်းများ
ပြီးခဲ့သည့်နှစ် ဇန်နဝါရီလတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အာဏာရလာပြီးနောက် အသစ်ဖွဲ့စည်းခဲ့သည့် အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) သည် အစိုးရဌာနအများအပြား၌ ဖြတ်တောက်လျှော့ချမှုများကို အကြီးအကျယ်ပြုလုပ်ခဲ့သည်။
နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) သည် အစိုးရသစ်၏ ရန်ပုံငွေဖြတ်တောက်မှုကို ပထမဆုံးခံခဲ့ရသည့် အဖွဲ့အစည်းများအနက် တစ်ခုဖြစ်သည်။
USAID ၏ ယာယီတွဲဖက် ဒုတိယ စုံစမ်းစစ်ဆေးရေးမှူးချုပ် အာဒမ်ကာပလန်ကို ရန်ပုံငွေ ဖြတ်တောက်မှု အတိုင်းအတာ သို့မဟုတ် သက်ရောက်မှုများနှင့် ပတ်သက်၍ ဖရွန်းတီးယားက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။
အမေရိကန်၏ ရန်ပုံငွေဖြတ်တောက်မှုဒဏ်ခံရသည့် အဖွဲ့အစည်းများအနက် မဖြိုးဖြိုးမာတို့ကို ကူညီပေးခဲ့သည့် HRDF လည်း ပါဝင်ခဲ့သည်။
အဆိုပါအဖွဲ့သည် အလုပ်ထုတ်ခံခဲ့ရသော VK Garment အထည်ချုပ်စက်ရုံက အလုပ်သမားများကို ကူညီပေးခဲ့သည့် အလုပ်သမားဥပဒေရေးရာ အကူအညီပေးရေးအဖွဲ့ကို လည်ပတ်နေသည့် အဖွဲ့အစည်းဖြစ်သည်။
မဲဆောက်ရုံးတွင် တစ်ဦးတည်းသော ဝန်ထမ်းအဖြစ် ကျန်ရှိနေသည့် အလုပ်သမားအရေးလှုပ်ရှားသူ ကိုစိုင်းက ပြီးခဲ့သည့်တစ်နှစ်အတွင်း အဖွဲ့အစည်း၏ ရန်ပုံငွေ ၇၀ မှ ၈၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားခဲ့ကြောင်း ပြောသည်။
“အမှုအခင်းတွေအတွက် အကူအညီလာတောင်းတဲ့သူတွေ ရှိနေဆဲဖြစ်ပေမဲ့ ရန်ပုံငွေပြတ်တောက်သွားတာကြောင့် အခုတော့ အဲဒီအမှုတွေကို လက်ခံကိုင်တွယ်ပေးနိုင်တဲ့ အခြေအနေ မရှိတော့ပါဘူး။ တချို့အမှုတွေကို အပြင်ရှေ့နေတွေ ငှားပြီး တာဝန်လွှဲပေးနေရပါတယ်” ဟု ၎င်းက ပြောသည်။
တချိန်တည်းမှာပင် ထိုင်းနိုင်ငံ၊ ဖူးခတ်မြို့ရှိ ရုံးခွဲမှာ လုံးဝပိတ်သိမ်းသွားခဲ့ပြီး စမွတ်စခွန်ရုံးခွဲ၏ လုပ်ငန်းဆောင်တာ လည်ပတ်မှုများလည်း ယခင်ကထက် သိသိသာသာ လျော့နည်းသွားခဲ့ကြောင်း ၎င်းက ပြောသည်။
VK Garment အထည်ချုပ်စက်ရုံက အလုပ်သမားများသည် ၎င်းတို့၏အမှုကို ထိုင်းနှင့် ဗြိတိန် နှစ်နိုင်ငံလုံးရှိ တရားရုံးများတွင် ရှေ့ဆက်နိုင်ရန် ခြောက်နှစ်ကြာ စောင့်ဆိုင်းနေကြရသည်။ ယနေ့အထိ နစ်နာကြေး တစုံတရာ မရရှိကြသေးဘဲ အများစုမှာ အသက်မွေးဝမ်းကျောင်းအတွက် ရုန်းကန်နေရဆဲ ဖြစ်သည်။
မဖြိုးဖြိုးမာက HRDF ကဲ့သို့သော အဖွဲ့အစည်းများ ပိတ်သိမ်းသွားမည်ဆိုပါက ရွှေ့ပြောင်းအလုပ်သမားများ အပေါ် ဆိုးရွားသော သက်ရောက်မှုများ ဖြစ်လာနိုင်ကြောင်း စိုးရိမ်နေသည်။
“သက်ရောက်မှုက သေချာပေါက်ရှိပါတယ်။ အရမ်းကြီးပါတယ်။ ဒီအဖွဲ့အစည်းတွေ ပျောက်ကွယ်သွားရင် အလုပ်သမားတွေက လုံးဝ အကူအညီမဲ့သွားမှာပါ” ဟု သူက ပြောသည်။
ထိုင်းနိုင်ငံတွင် အမေရိကန်၏ ရန်ပုံငွေရရှိခဲ့သော ဥပဒေရေးရာ အခွင့်အရေးကာကွယ်ထောက်ခံရေး အဖွဲ့အစည်း အရေအတွက်အတိအကျကို သတ်မှတ်ရန် ခက်ခဲနေဆဲဖြစ်သည်။
သို့သော် Human Rights Myanmar အဖွဲ့၏ အဆိုအရ ဖေဖော်ဝါရီလအထိ အခွင့်အရေး၊ ဒီမိုကရေစီနှင့် မီဒီယာဆိုင်ရာ စီမံကိန်းများအတွက် အမေရိကန်ဒေါ် လာ ၃၉ သန်းကျော် ရပ်ဆိုင်းခံထားရပြီး ယင်းအနက် ၈ သန်းမှာ လူ့အခွင့်အရေးကာကွယ်ရေးလုပ်ငန်းများအတွက် ဖြစ်သည်ဟု သိရသည်။
အခြားဒေသတွင်း အဖွဲ့အစည်းများလည်း ထိုသက်ရောက်မှုကို ခံစားနေကြရသည်။ အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်းအဖွဲ့ (Labour Rights Foundation) သည်လည်း ရန်ပုံငွေဖြတ်တောက်မှုများကြောင့် အဖွဲ့၏ ရန်ပုံငွေ ၅၀ မှ ၇၅ ရာခိုင်နှုန်းအထိ ဆုံးရှုံးခဲ့ကြောင်း အဖွဲ့၏စည်းရုံးရေးမန်နေဂျာဖြစ်သူ ဦးကိုကိုနိုင်က ပြောသည်။
USAID ထံမှ ရန်ပုံငွေ ရရှိခဲ့သည့် အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်းအဖွဲ့ သည် မသမာသောပွဲစားများနှင့် ပတ်သက်သည့် အမှုများ၊ အစုလိုက်အပြုံလိုက် အလုပ်ထုတ်မှုများ၊ လုပ်ငန်းခွင်အတွင်း လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရသော အမှုများအတွက် လျော်ကြေးရရှိရေးဆိုင်ရာကိစ္စရပ်များတွင် အလုပ်သမားများကို လိုက်လံကူညီပေးနေပြီး၊ အမှုအခင်းအားလုံး၏ ၇၅ ရာခိုင်နှုန်းခန့်ကို တရားရုံးပြင်ပတွင် ဖြေရှင်းပေးနိုင်ခဲ့သည်။
ထို့ပြင် အလုပ်သမားများအား ထိုင်းအလုပ်သမားသမဂ္ဂများနှင့် အခြား လူမှုကူညီရေးဝန်ဆောင်မှုများကို လက်လှမ်းမီနိုင်ရန်လည်း ကူညီပေးနေသည်။
“အခုတော့ အမှုအခင်းအကူအညီပေးဖို့ ရန်ပုံငွေ မရှိတော့ပါဘူး။ လက်ရှိမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်တဲ့ အမှုတွေ အများကြီး ရောက်လာနေပါတယ်” ဟု ဦးကိုကိုနိုင်က ပြောသည်။
၎င်းတို့သည် ဥရောပသမဂ္ဂထံက အစားထိုးရန်ပုံငွေအချို့ ရရှိခဲ့သော်လည်း လိုအပ်နေသော ကွာဟချက်အားလုံးကို မဖြည့်ဆည်းနိုင်သေးပေ။ ထို့ကြောင့် ဝန်ထမ်းတစ်ဦးကို အလုပ်က လျှော့ချခဲ့ရပြီး၊ အလုပ်သမားများ အမှုရင်ဆိုင်ရာတွင် သွားလာစားရိတ်အပါအဝင် လူမှုကူညီရေးထောက်ပံ့မှုများကိုလည်း ယခင်ကလို မပေးနိုင်တော့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က အဆိုပါအဖွဲ့သည် အလုပ်သမား ၈၇၀ ကျော်ကို ကူညီပေးခဲ့ပြီး၊ ၎င်းတို့အတွက် နစ်နာကြေး ဘတ်ငွေ ၁၂ သန်းကျော် (မြန်မာကျပ် ၁ ဒဿမ ၅ ဘီလီယံ) လျော်ကြေး ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
၂၀၂၄ ခုနှစ်တွင်မူ အလုပ်သမား ၁,၀၀၀ နီးပါးအတွက် ဘတ်ငွေ ၁၈ သန်းကျော် လျော်ကြေးရရှိခဲ့ပြီး၊ ယခုနှစ်တွင် အကူအညီလိုအပ်မှုအရေအတွက်သည် ပိုမိုများပြားလာမည်ဟု ဦးကိုကိုနိုင်က မျှော်လင့်ထားသည်။
အမေရိကန်၏ နိုင်ငံတကာကူညီပံ့ပိုးမှုများ လျှော့ချလိုက်ခြင်းက အခြားနိုင်ငံများကိုလည်း ၎င်းတို့၏ ရန်ပုံငွေပေးအပ်မှု အခြေအနေများနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ရန် ဖြစ်လာစေခဲ့ပြီး၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့သည် လာမည့်နှစ်များတွင် ရန်ပုံငွေများကို လျှော့ချရန် စီစဉ်နေကြသည်။
မဲဆောက်မြို့ အခြေစိုက်အလုပ်သမားသမဂ္ဂနှင့် အခွင့်အရေးကာကွယ်ရေးအဖွဲ့ဖြစ်သော ရောင်ခြည်ဦး အလုပ် သမားအအဖွဲ့အစည်းသည်လည်း ပြီးခဲ့သည့်နှစ်မှစ၍ ဥရောပအလှူရှင်များထံမှရရှိသော ရန်ပုံငွေ ၅၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားခဲ့ကြောင်း အဖွဲ့၏တွဲဖက်အတွင်းရေးမှူး ကိုမိုးကျော်က ပြောသည်။
အဖွဲ့အစည်း၏ အနာဂတ်မှာ မသေချာတော့သည့် အခြေအနေတွင် အလုပ်သမားများ ကိုယ်တိုင် ၎င်းတို့၏ စွမ်းဆောင်ရည်များကို မြှင့်တင်လာနိုင်စေရန်အတွက် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို မည်သို့ တိုင်ကြားမှတ်တမ်းတင်ရမည်ဆိုသည့် သင်တန်းများကိုသာ ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးလာရကြောင်း သိရသည်။
“အခုတော့ အမှုတွေကို တိုက်ရိုက်ကိုင်တွယ်မဖြေရှင်းနိုင်တော့တဲ့အတွက် ဖိအားတွေ အရမ်းများနေပါတယ်” ဟု ကိုမိုးကျော်က ပြောသည်။
“နောက်နှစ်မှာ ကျနော်တို့ ဒီမှာ ဆက်ရှိနေမလားဆိုတာတောင် မသေချာတော့ပါဘူး။ ဒါကြောင့် အလုပ်သမားတွေ ကိုယ်တိုင် သူတို့ ဘာလုပ်ရမလဲဆိုတာ သိထားနိုင်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။