မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် ကိုယ်ဝန်ဖျက်ချခြင်းကို ရှက်စရာလုပ်ရပ်ဟု ယူဆကြပြီး ဥပဒေအရလည်း ခွင့်မပြုသောကြောင့် မလိုချင်ဘဲ ရရှိသွားသော ကိုယ်ဝန်များကို ဖျက်ချရန် အမျိုးသမီးအချို့သည် ထိုင်းနိုင်ငံသို့ သွားရောက်ဖျက်ချကြပြီး ငွေကြေးမတတ်နိုင်သူများမှာမူ TikTok တွင် ကြော်ငြာသော အန္တရာယ်များသည့်ဆေးများကို ဝယ်ယူသုံးစွဲကာ ဖျက်ချဖို့ ကြိုးစားနေကြရသည်။
By REDDY SIMON | ဖရွန်တီးယား
မမျှော်လင့်ဘဲ ရရှိလာသော ကိုယ်ဝန်ကို ဖျက်ချရန် ချစ်သူ၏ ဖိအားပေးမှုကို ခံရပြီးနောက် အသက် ၂၃ နှစ်အရွယ် မနီနီ (အမည်လွှဲ) သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခလောင်တန်ဆေးရုံသို့ တစ်ဦးတည်း ရောက်ရှိလာခဲ့သည်။ မနီနီ ကိုယ်ဝန်မှာ ၁၂ ပတ်ခန့်ရှိပြီဟု ခန့်မှန်းရပြီး ဘန်ကောက်မြို့တွင် နေထိုင်သော အစ်မဝမ်းကွဲနှင့် တိုင်ပင်၍ ဖျက်ချရန် ဆုံးဖြတ်ကာ ရန်ကုန်မှ တစ်ယောက်တည်း ထွက်လာခဲ့ခြင်း ဖြစ်သည်။
၂ နာရီ နီးပါးခန့် ကြာမြင့်သော ခွဲစိတ်မှုခံယူပြီး မနီနီက သူ၏ကိုယ်ဝန်ကို ဖျက်ချခဲ့သည်။ ခွဲစိတ်ခနှင့် ဆေးရုံတွင် တစ်ရက်တာ အနားယူရန် သီးသန့်အခန်းခ အပါအဝင် စုစုပေါင်း ဘတ် ၂၀,၀၀၀ နီးပါး (မြန်မာငွေကျပ် ၂၅ သိန်းဝန်းကျင်) ကုန်ကျခဲ့သည်။
“ပတ်စပို့ (နိုင်ငံကူးလက်မှတ်) နဲ့ စုထားတဲ့ ပိုက်ဆံရှိနေလို့သာ တော်သေးတာပေါ့” ဟု မနီနီက ဖရွန်တီးယားကို ပြောသည်။ ကိုယ်ဝန်ဖျက်ချခြင်းသည် ရှက်စရာဟု သတ်မှတ်ထားသော မြန်မာနိုင်ငံက လူအများ ကဲ့ရဲ့မည်ကို စိုးရိမ်သောကြောင့် မနီနီသည် သူ၏ အမည်ရင်းကို လူသိမခံချင်ပေ။
မနီနီ၏ ကိုယ်ဝန်ဖျက်ချမှု အဆင်ပြေခဲ့ပြီး သူ့ခန္ဓာကိုယ်က ကျန်းမာလျက်ရှိသော်လည်း စိတ် အတက်အကျများနှင့် သူ့မှာ ရုန်းကန်နေရသည်။ လျင်မြန်စွာ ဟော်မုန်းအတက်အကျဖြစ်ခြင်းနှင့်အတူ စိတ်ပျက်၊ အားငယ်ရသည့် ခံစားချက်က ကိုယ်ဝန်ဖျက်ချပြီးသော အမျိုးသမီးတိုင်းနီးပါးကို ဖိစီးစေသည့် စိတ်ပိုင်းဆိုင်ရာဝေဒနာ ဖြစ်သည်။
မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီးသည့်တိုင် ဆေးရုံတွင် တွေ့ဆုံခဲ့ရသော သူနာပြုတစ်ဦး၏ မျက်နှာထက်က အထင်သေးသည့် အပြုံးက သူ၏စိတ်ကို ခြောက်လှန့်နေသည်ဟု ဆိုသည်။
“ထုံဆေးပေးထားပေမဲ့ ခွဲပြီးတဲ့အချိန်မှာ အရမ်းကို နာပါတယ်။ ကျမ အော်ဟစ်ပြီး ငိုမိတာပေါ့။ အဲဒီအချိန်မှာ သူနာပြုဆရာမက ကျမကို ပြုံးပြီး ကြည့်နေတာ။ သူပြုံးတဲ့ပုံက အထင်သေးတဲ့ပုံနဲ့ ကဲ့ရဲ့သလို ပြုံးလိုက်တာ။ ကျမက ယွတုန်းက ယွခဲ့ပြီး အခုဖြစ်မှ နာမှာ ကြောက်နေသလားဆိုတဲ့ ပုံစံနဲ့ ကျမကို အပြစ်တင်လိုက်သလိုမျိုးပေါ့” ဟု မနီနီက ပြန်တွေးရင်း ပြောသည်။
“ကျမ အိမ်ကနေ ဒီအထိ ထွက်လာဖို့ ကိုယ့်ကိုယ်ကိုယ် မနည်း သတ္တိမွေးခဲ့ရတာ။ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိဖို့လည်း ကြိုးစားပြီး ပြင်ဆင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီ သူနာပြုရဲ့ ခနဲ့တဲ့ အပြုံးကို မြင်လိုက်တဲ့အခါမှာတော့ ကျမ ဝမ်းနည်းလွန်းလို့ အဲ့ဒီနေရာမှာ ချက်ချင်း သေချင်စိတ်တောင် ပေါက်သွားတယ်” ဟု နီနီက ညည်းညူပါသည်။
ထိုင်းနိုင်ငံ သားဆက်ခြားစီမံကိန်းအဖွဲ့အစည်းမှ မစ္စပမ်ကင်း (အမည်လွှဲ) ကမူ ထိုသူနာပြု၏ လုပ်ရပ်သည် ပညာရှင်မဆန်သော လုပ်ရပ်ဖြစ်သည်ဟု ရှုံ့ချသည်။
“ကိုယ်ဝန်ဖျက်ပေးဖို့နဲ့ ကိုယ်ဝန်ဖျက်ပြီးတဲ့ လူနာကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ ဆရာဝန်တိုင်း၊ သူနာပြုတိုင်း လုပ်နိုင်တဲ့ အလုပ်မဟုတ်ပါဘူး။ အဲဒါအတွက် သက်သက် အထူးမွမ်းမံသင်တန်း တက်ထားရပါတယ်။ ဒီလို ကိုယ်ဝန်ဖျက်ထားတဲ့ အမျိုးသမီးတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ဝန်ထမ်းတွေဟာ လူနာတွေအပေါ် စာနာစိတ်နဲ့ ကျင့်ဝတ်ပိုင်းမှာ နားလည်မှု ပေးဖို့ လိုအပ်ပါတယ်” ဟု သူက ပြောသည်။
“ထိုင်းနိုင်ငံက ဆေးခန်းအများစုမှာ အလုပ်လုပ်တဲ့ သူနာပြုတွေက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့အတွက် ကိုယ်ဝန်ဖျက်ချတာဟာ သူတပါးအသက်ကို သတ်တာပဲလို့ ထင်ကြတယ်။ အဲဒီအတွက် ကိုယ်ဝန်သည်တွေကို ဖျက်ပေးရတဲ့အခါ သူတို့ကိုယ်တိုင် အပြစ်ရှိသလို ခံစားကြရတယ်။ တကယ်တမ်းကျတော့ ကိုယ်တိုင် ကိုယ်ဝန်ဖျက်ပေးတဲ့ ပညာနဲ့ အဲဒီလိုအမျိုးသမီးတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးရတဲ့ အတတ်ပညာကို သေချာတတ်မြောက်သွားတဲ့သူတွေကျတော့ ဒါဟာ သူတပါးအသက်ကို သတ်တာမဟုတ်ဘဲ အမျိုးသမီးတွေရဲ့ အသက်ကို ကယ်တင်တာပဲဆိုပြီး သဘောပေါက်လာပါလိမ့်မယ်” ဟု မစ္စပမ်ကင်းက ဆိုသည်။

ရေခြားမြေခြားမှာ စွန့်စားရခြင်း
ချစ်သူစုံတွဲကြား လက်မထပ်ခင် အတူတူနေခြင်းကိုပင် ရှုံ့ချလေ့ရှိသော မြန်မာ့ရှေးရိုးစွဲ အသိုင်းအဝိုင်းတွင် ကိုယ်ဝန်ဖျက်ချခြင်းသည် ကာယကံရှင်အပြင် မိဘအသိုင်းအဝိုင်းအတွက်ပါ အရှက်ရဖွယ်အဖြစ် ယိုးစွပ် ဝေဖန်လေ့ ရှိသည်။
ထို့ပြင် မိခင်ကို အသက်အန္တရာယ်ဖြစ်စေနိုင်သည့် အခြေအနေများမှလွဲ၍ ကိုယ်ဝန်ဖျက်ချခြင်းသည် ဥပဒေကြောင်းအရ ရာဇဝတ်မှု ဖြစ်ပြီး ထောင်ဒဏ် ၃ နှစ်အထိ ပြစ်ဒဏ်ချမှတ် ခံရနိုင်သေးသည်။ ထိုကြောင့် မမျှော်လင့်ဘဲ ကိုယ်ဝန်ရရှိသွားသူ အမျိုးသမီး များစွာသည် ကိုယ်တိုင်ဖြစ်စေ သို့မဟုတ် တရားမဝင် ကိုယ်ဝန်ဖျက်ပေးသူများထံသို့ သွား၍ ဖြစ်စေ၊ ချွန်ထက်သော တုတ်ချောင်း သို့မဟုတ် ဖဲထီးသံချောင်းများကို အသုံးပြု၍ ကိုယ်ဝန်ကို ဖျက်ချကြလေ့ရှိသည်ဟုလည်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက ပြောသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံ၌မူ ၂၀၂၁ ဖေဖော်ဝါရီက စတင်၍ ၁၂ ပတ်အောက် ကိုယ်ဝန်ကို မိမိဆန္ဒအလျောက် ဖျက်ချ၍ ရသည့် ဥပဒေကို တရားဝင်ခွင့်ပြုခဲ့သည်။ ထိုအခါ မလိုချင်သော ကိုယ်ဝန်ကို ဖျက်ချလိုသော မြန်မာနိုင်ငံက အမျိုးသမီး အများအပြားသည် ထိုင်းနိုင်ငံသို့ သွားရောက်ကြတော့သည်။
ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအောက်တွင် ထိုင်းနိုင်ငံတဝန်းရှိ ဆေးရုံများနှင့် ပုဂ္ဂလိကဆေးခန်းများတွင် လူနာအတွက် ဘေးကင်းစေရန် သောက်ဆေးဖြင့် ကိုယ်ဝန်ဖျက်ခြင်းနှင့် ခွဲစိတ်မှုဖြင့် ကိုယ်ဝန်ဖျက်ခြင်းဟူသော အသိအမှတ်ပြု နည်းလမ်း ၂ မျိုးကို အသုံးပြုလျက်ရှိသည်။
သို့သော်လည်း ထိုင်းနိုင်ငံတွင် ကိုယ်ဝန်ဖျက်ခြင်းမှာ ငွေကြေးအကုန်အကျ များလှသည်။ အခြား ကျန်းမာရေးဝန်ဆောင်မှုများ၏ စရိတ် ပါဝင်ခြင်းမရှိဘဲ ဆေးဝါးများ၏ စျေးနှုန်းသည် အနည်း ဆုံး ဘတ် ၅,၀၀၀ (ကျပ် ၆ သိန်းခန့်) အထိ ရှိပြီး ခွဲစိတ်ခ တစ်ခုတည်းသည်ပင် ဘတ် ၁၀,၀၀၀ (ကျပ်၁၂ သိန်းကျော်) ထိ ကုန်ကျနိုင်သည်။ ထို့အပြင် ထိုင်းနိုင်ငံသား မဟုတ်သူများသည် နိုင်ငံသားများထက် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်ခ ပိုမို ပေးဆောင်ရလေ့ရှိသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ စစ်ဘေးရှောင်လာရသည့် မဝါ (အမည်လွှဲ) ကမူ ထိုင်းနိုင်ငံအထိ လာရောက်၍ ကိုယ်ဝန်ဖျက်ချနိုင်ခဲ့ခြင်းမှာ ပြည်တွင်း စစ်ဘေးဒုက္ခသည်များကို ထောက်ပံ့သည့် အဖွဲ့အစည်းတစ်ခုက သူ၏ ခရီးစရိတ်ကို ကူညီပေးခဲ့ခြင်းကြောင့်သာ ဖြစ်သည်ဟု ဆိုသည်။
စစ်ဘေးဒုက္ခသည်ဘဝသို့ မိမိရင်သွေးငယ်ကို မခေါ်ဆောင်လိုသောကြောင့် ကိုယ်ဝန်ကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ပြီး သူသည် ထိုင်းနယ်စပ်ကို တရားမဝင် ကျော်ဖြတ်၍ ချင်းရိုင် မြောက်ပိုင်း၌ သားဆက်ခြား စီမံကိန်းအဖွဲ့အစည်းက ဖွင့်လှစ်ထားသော ဆေးခန်းတစ်ခု၏ အကူအညီကို ရယူခဲ့သည်။
“အရင်တုန်းကတော့ ကျမ ထင်ခဲ့တာက ကလေးဖျက်ချတယ်ဆိုတဲ့ မိန်းမတွေဟာ မကောင်းတဲ့ မိန်းမတွေ၊ အကုသိုလ်ကြီးတဲ့ မိန်းမတွေပေါ့။ ကျမ ဘဝတလျှောက်လုံးမှာ ကိုယ်ဝန်ဖျက်တယ် ဆိုတဲ့ စကားကို ပါးစပ်နဲ့တောင် ထုတ်မပြောခဲ့ဖူးဘူးလေ” ဟု သူက ဖရွန်တီးယားကို ပြောသည်။
Tik Tok ပေါ်က ကိုယ်ဝန်ဖျက်ဆေးများ
ထိုင်းနိုင်ငံအထိ သွားရောက်ရန် ငွေကြေးမတတ်နိုင်သူများအတွက် ယခုနှစ်များအတွင်း ကိုယ်ဝန်ဖျက်ချရန် နည်းလမ်းသစ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုနည်းမှာ Tik Tok ပေါ်၌ အလွယ်တကူ ဝယ်ယူနိုင်သော ကိုယ်ဝန်ဖျက်ဆေးများ ဖြစ်သည်။
သို့သော် အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူများကမူ ၎င်းဆေးပြားများကို အသုံးပြုမှုသည် ဆရာဝန် ညွှန်ကြားမှု မရှိခြင်း၊ ဆေးများ၏အာနိသင် အကျိုးသက်ရောက်မှု မသေချာခြင်းနှင့် ကိုယ်ဝန်ဖျက်ချပြီးနောက် မိခင်က ကျန်းမာရေးစောင့်ရှောက်မှု လုံးဝ မရရှိနိုင်ခြင်းတို့ကြောင့် အလွန် အန္တရာယ်များသည်ဟု သတိပေးထားသည်။
ယခုဆောင်းပါးအတွက် ဖရွန်တီးယား သတင်းထောက်က TikTok ပေါ်တွင် မြန်မာဘာသာဖြင့် “ကိုယ်ဝန်ဖျက်ဆေး” ဟု စာရိုက်၍ ရှာဖွေကြည့်သည့်အခါ ကိုယ်ဝန်ဖျက်ဆေးဟု ခေါင်းစဉ်တပ်ထားသော ဆိုင်ပေါင်း ၃၀၀ ကျော်ကို တွေ့ရှိခဲ့ရသည်။ ထိုဆိုင်များက ကိုယ်ဝန်ဖျက်ချရာတွင် သုံးသော Mifepristone နှင့် Misoprostol ဆိုသည့် ဆေးနှစ်မျိုးကို ပွင့်ပွင့်လင်းလင်း ကြော်ငြာ ရောင်းချနေသည်ကို လေ့လာတွေ့ရှိခဲ့ရသည်။
TikTok ပေါ်မှ ကိုယ်ဝန်ဖျက်ဆေးရောင်းချခြင်းကို ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလူမျိုးများ ကလည်း လုပ်ကိုင်လျက်ရှိသည်။ ထိုအွန်လိုင်းပေါ်မှ ဆေးဆိုင်များက အိန္ဒိယနိုင်ငံထုတ် သန္ဓေ ဖျက်ဆေးများကို မြန်မာနိုင်ငံနှင့် ဒေသတွင်းရှိ အခြားနိုင်ငံများသို့ အလွယ်တကူ တင်ပို့ပေးလျက် ရှိသည်။ ကျသင့်သော ဈေးနှုန်းများသည်လည်း တစ်ဆိုင်နှင့် တစ်ဆိုင် မတူညီဘဲ အချို့ဆိုင်များသည် ထိုင်းနိုင်ငံ၌ ခွဲစိတ်မှုဖြင့် ကိုယ်ဝန်ဖျက်ချရန်အတွက် ခေတ္တ ခရီးစဉ်များကိုပင် ရောင်းချပေးလျက် ရှိသည်။

TikTok ပေါ်က ‘ထိုင်းကိုယ်ဝန်ဖျက်ဆေး’ ဆိုသည့် ဆိုင်ကို Like ပြုလုပ်ထားသော အရေအတွက် မှာ ၂.၇ သန်းခန့် ရှိပြီး ထိုဆိုင်က ထိုင်း၊ စင်ကာပူ၊ မလေးရှားနှင့် လာအိုရှိ ရွှေ့ပြောင်းမြန်မာ အမျိုးသမီးများထံ ကိုယ်ဝန်ဖျက်ဆေးများ တင်ပို့ရောင်းချလျက်ရှိသည်။
“ကျနော်တို့ တစ်ရက်ကို အကြမ်းဖျင်းအားဖြင့် ဆေးဘူး ၂၃ ဘူးလောက် ရောင်းရပါတယ်” ဟု ‘ထိုင်းကိုယ်ဝန်ဖျက်ဆေး’ ဆိုင်မှ ရောင်းချသူက ဖရွန်တီးယားကို သီးသန့်စာတိုဖြင့် ပြောပြခဲ့ သည်။ ဆေးတစ်ဘူးလျှင် ဆေးနှစ်မျိုးစပ်ထားသည့် ဆေးတွဲတစ်တွဲ ပါဝင်ပြီး ကျပ် ၆၀၀,၀၀၀ တိတိ ကျသင့်သည်။
TikTok မှ ဝယ်ယူရရှိသော ဆေးပြားများဖြင့် အိမ်တွင် မိမိကိုယ်တိုင် ကိုယ်ဝန်ဖျက်ချခဲ့သည်ဟု မဖြူ (အမည်လွှဲ)က ဖရွန်တီးယားကို ပြောပြသည်။ အသက် ၃၁ နှစ်အရွယ် မဖြူသည် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးကတည်းက အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။ လွန်ခဲ့သည့်နှစ် စက်တင်ဘာတွင် မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားသောအခါ တကိုယ်စာရှင်သန်ရန်ပင် ငွေကြေးအခက်အခဲ ရှိနေခဲ့သည့် မဖြူနှင့် သူ၏ချစ်သူ နှစ်ဦး တိုင်ပင်ကာ ကိုယ်ဝန်ကို ဖျက်ချရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။
“TikTok က ဆေးသောက်ပြီး ကိုယ်ဝန်ပျက်သွားတဲ့ နောက်ပိုင်း တစ်လလုံး နီးပါး သွေးတွေ ဆက်တိုက် ဆင်းနေခဲ့တယ်။ ကျမ အရမ်းကြောက်ပြီး ကူကယ်ရာမဲ့သူလို ခံစားခဲ့ရတယ်” ဟု သူက ဆိုသည်။
ရောင်းချသူကို အွန်လိုင်းမှ တဆင့် မေးမြန်းရာတွင်လည်း ကိုယ်ဝန်ဖျက်ချပြီးနောက် အမျိုးသမီး အများစုတွင် ရက်သတ္တပတ်များစွာ သွေးဆက်တိုက်ဆင်းခြင်းသည် ပုံမှန်ဖြစ်သည်ဟူသော အဖြေကိုသာ ရရှိခဲ့သည်။
စတုတ္ထပတ်တွင် သွေးဆင်းခြင်း ရပ်ဆိုင်းသွားသော်လည်း မိန်းမကိုယ်အတွင်း ဘက်တီးရီးယား ပိုးဝင်သည့်ရောဂါကို ခံစားခဲ့ရသည်။ ထိုရောဂါမှာ ကိုယ်ဝန်ဖျက်ချပြီးနောက် ဖြစ်ပေါ်လာသော ဟော်မုန်းနှင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကြောင့် မွေးလမ်းကြောင်းအတွင်း ဘက်တီးရီးယားများ ကူးစက်၍ အလွန်အကျွံ ပေါက်ပွားလာခြင်း ဖြစ်သည်။
ကိုယ်ဝန်ဖျက်ချပြီး များမကြာမီ အချိန်အတွင်းပင် မလိုလားသော ကိုယ်ဝန်မရစေရန် သန္ဓေတား ဆေးများကို သောက်သုံးရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။ မဖြူ၏ စိတ်တွင် အမြဲတစေ အကြောင်းအရင်းမရှိဘဲ ဝမ်းနည်းနေတတ်ပြီး လမ်းပျောက်နေသလို ခံစားခဲ့ရသည်ဟု သူက ပြန်ပြောင်း ပြောပြသည်။သန္ဓေတားဆေးများသည် ခန္ဓာကိုယ်အတွင်း ပြင်းထန်သော ဟော်မုန်း ပြောင်းလဲမှုကို ဖြစ်ပေါ်စေ၍ သန္ဓေတားဆေး သောက်နေသော အမျိုးသမီးများသည် စိတ်မတည်မငြိမ်မှုနှင့် စိတ်ဓါတ်ကျခြင်းတို့ကို ဖြစ်ပေါ်စေသည်။
“ညဘက် အိပ်ခါနီးဆိုရင် ကျမ လိုင်းပေါ်တက်ပြီး ဒီပြဿနာတွေကို ဘယ်သူ့ဆီ တိုင်ပင်လို့ရမလဲ ဆိုတာ အမြဲ ရှာမိတယ်။ ကျမ ခန္ဓာကိုယ်မှာ ဖြစ်ပျက်နေတာတွေ၊ ကျမ ခံစားနေရတာတွေကို သိတတ် ကျွမ်းကျင်တဲ့သူ တစ်ယောက်ယောက်ဆီ ပြောပြပြီး ဆွေးနွေးတိုင်ပင်ချင်မိတယ်၊ ဒါပေမဲ့လည်း အဲဒီလိုပြောပြဖို့ ဘယ်သူမှ မရှိခဲ့ဘူး” ဟု သူက ပြောသည်။
အရှေ့တောင်အာရှရှိ ရိုဟင်ဂျာလူမျိုးများကို အကူအညီပေးနေသည့် RAISA အမည်ရှိ အဖွဲ့အစည်းတွင် အလုပ်လုပ်နေသော အမျိုးသမီးမျိုးဆက်ပွားကျန်းမာရေးနှင့် မိခင်စောင့်ရှောက်ရေး အထူးကုဆရာဝန်ကြီး ဒေါက်တာ မာဦးက ကိုယ်ဝန်ဖျက်ဆေးများသည် အန္တရာယ်များကြောင်း ပြောသည်။ ဆေးသောက်ပြီး ဖျက်ချရာတွင် ကိုယ်ဝန်က အလုံးစုံ ပျက်ကျမသွားဘဲ သားအိမ်ထဲတွင် သန္ဓေသားနှင့် အချင်း အပိုင်းအစများ ကျန်နေခြင်း၊ ပိုးဆိပ်သင့်ခြင်းနှင့် သွေးမတိတ်ခြင်းများက ကြာရှည်စွာ သွေးသွန်ခြင်းကို ဖြစ်စေနိုင်ကြောင်း သူက ဆိုသည်။
“ကိုယ်ဝန်ဖျက်ချတာကြောင့် အမျိုးသမီးတစ်ဦးရဲ့ဘဝကို လုံးလုံးလျားလျား ပြောင်းလဲသွားစေနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံက အမျိုးသမီးအများစုကလည်း ဒီဆိုးကျိုးတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ မလုပ်နိုင်ကြပါဘူး” ဟု သူက ဖရွန်တီးယားကို ပြောသည်။
ကိုယ်ဝန်ဖျက်ချပြီးနောက် လုံလောက်စွာ မရရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှု
ကိုယ်ဝန်ဖျက်ချသည့် မြန်မာအမျိုးသမီးအများစု ကြုံတွေ့ရသည့် ပြဿနာမှာ ကိုယ်ဝန်ဖျက်ချ ပြီးနောက် လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုကို မရရှိခြင်း ဖြစ်သည်။ အစိုးရ ဆေးရုံများက အလိုအလျောက် ကိုယ်ဝန်ပျက်ကျခြင်းများကိုသာ ကုသမှု ပေးနိုင်ပြီး ပုဂ္ဂလိက ဆေးရုံများတွင် တက်ရောက်၍ ကုသမှုခံယူဖို့ရန်ကလည်း ငွေကြေးအကုန်အကျ များလွန်းလှသည်။
မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချခြင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွင်း ကန့်သတ်ချက်အချို့ ကို ဖြေလျှော့ခဲ့ပြီး သန္ဓေဖျက်ချပြီးနောက်ပိုင်း ကုသမှုပေးနိုင်ရန် ဆောင်ရွက်ခဲ့ကြသည်။
ကျန်းမာရေးဝန်ကြီးဌာနက ၂၀၁၄ ခုနှစ်တွင် “ကိုယ်ဝန်ဖျက်ချပြီးနောက်ပိုင်း ကျန်းမာရေး စောင့်ရှောက်မှုအတွက် လက်စွဲစာအုပ်” နှင့် ၂၀၁၅ ခုနှစ်တွင် “လူထု ကျန်းမာရေး စောင့်ရှောက်မှု ပေးသူများအတွက် လမ်းညွှန်ချက်များ” တို့ကို ထုတ်ဝေခဲ့သည်။
ထို့နောက် ၂ နှစ်အတွင်း၌ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသည် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရန်ကုန်၊ မန္တလေးနှင့် မကွေးမြို့များရှိ ဆေးရုံကြီးများတွင် ကိုယ်ဝန်ဖျက်ချပြီးနောက်ပိုင်း ဆွေးနွေးတိုင်ပင်မှုပေးခြင်း၊ ကုသမှုပေးခြင်း နှင့် သားဆက်ခြား ခြင်းအတွက် စနစ်တကျ စီမံပေးခြင်း၊ ပညာပေးခြင်းများ စသည့် ကျန်းမာရေး စောင့်ရှောက် မှုများကို စတင်အကောင်အထည်ဖော်ခဲ့သည်။
သို့သော်၂၀၂၁ ခုနှစ်တွင် စစ်တပ်၏ အာဏာသိမ်းခြင်းနှင့်အတူ ထို အမျိုးသမီးများ၏ ကျန်းမာရေးကို ရှေးရှအကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်မူဝါဒများ ရပ်တန့်သွားခဲ့ရပြီး အစိုးရဆေးရုံကြီးများသည်လည်း ကိုယ်ဝန်ဖျက်ချပြီးနောက် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုကို ယခင်ကကဲ့သို့ စနစ်တကျ ဆက်လက်မပေးနိုင်တော့ကြောင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

မနီနီသည် ဘန်ကောက်တွင် ကိုယ်ဝန်ဖျက်ချပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေး ဆွေးနွေးမှုရယူရန် ကြိုးစားရှာဖွေခဲ့သော်လည်း ပြင်ပပုဂ္ဂလိကဆေးခန်းသို့ လွှဲပြောင်းပေးခြင်းကိုသာ ခံခဲ့ရပါသည်။
“ကိုယ်ဝန်ဖျက်ချပြီးတဲ့ နောက်ပိုင်း ဖြစ်လာတဲ့ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ကျမ အတော်လေး စိတ်ဓာတ်ကျခဲ့ရတယ်။ ကျမမှာ မေးချင်တာတွေ အများကြီးရှိတယ်။ ပရိုဘိုင်အိုးတစ်တွေ သောက်ရမလား။ ဘယ်လို ကိုယ်ဝန်တားတဲ့ နည်းကို ဆက်သုံးရမလဲ။ အဲလိုမျိုးတွေပေါ့။ မေးစရာတွေက တစ်ခုပြီး တစ်ခုပေါ်လာတယ်။ ဒါက ကိုယ်ဝန်ဖျက်တာထက်တောင် ပိုခက်ခဲပြီး စိတ်ညစ်ဖို့ကောင်းပါတယ်” ဟု သူက ဆိုသည်။
ဒေါက်တာမာဦးက ကိုယ်ဝန်ဖျက်ချပြီးနောက်ပိုင်း ဖြစ်လာသည့် စိတ်ဒဏ်ရာသည် ဖြေရှင်းရန် အရေးကြီးဆုံး ပြဿနာများထဲမှ တစ်ခုဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ ထိုအခွင့်အရေးကို ရရှိသူမှာ လူအနည်းငယ်သာ ရှိသည်ဟု ဆိုသည်။
စစ်ဖြစ်ပွားနေသော ဒေသများနှင့် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သည့် အမျိုးသမီးများအတွက် သန္ဓေတားဆေးများ မရရှိနိုင်သည့်အဖြစ်ကလည်း စိုးရိမ်ပူပန်စရာကြောင်း ဒေါက်တာ မာဦးက ဆိုသည်။
မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်ရရှိရေးသည် အရေးကြီးသော ကိစ္စဖြစ်သည်ဟူ၍လည်း သူက ထောက်ပြသည်။
“ကျမတို့နိုင်ငံမှာ ပြဿနာတွေ အများကြီးရှိနေတယ် ဆိုတာမှန်ပေမဲ့ လူတွေကို နင်တို့ လိင်မဆက်ဆံပါနဲ့ လို့လည်း လိုက်ပြောလို့ မရပါဘူး” ဟု သူက ပြောသည်။
မိမိကိုယ်ဝန်အား မိမိကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်အတွက် တိုက်ပွဲဝင်ရခြင်း
မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် ရရှိရေးကို တောင်းဆိုနေ ကြသူများမှာ ဒေါက်တာမာဦး တစ်ဦးတည်း မဟုတ်ဘဲ အမျိုးသမီးအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများလည်း ပါဝင်သည်။ သို့သော် တိုင်းပြည်၏ ဘာသာရေး အဖွဲ့အစည်းများနှင့် အရိုးစွဲနေသော ဓလေ့ထုံးတမ်းယုံကြည်မှုများက တရားဝင်ကိုယ်ဝန်ဖျက်ချ ခွင့် ရရှိရန် အကြီးမားဆုံး အတားအဆီးများ ဖြစ်နေသည်။
“ငရဲပြည်မှာ ကိုယ်ဝန်ဖျက်ချတဲ့ အမျိုးသမီးတွေအတွက် အခန်းကျဉ်းလေးတစ်ခု ရှိတယ်လို့ ငယ်ငယ်တုန်းက စာအုပ်တစ်အုပ်ထဲမှာ ကျမ ဖတ်ဖူးတယ်။ မလိုလားဘဲ ရလာတဲ့ ကိုယ်ဝန် ဖျက်ချတာကို ရှက်စရာလို့ ခံစားရအောင် ကျမတို့ ဦးနှောက်ထဲမှာ အများကြီး ရိုက်သွင်းခံခဲ့ရတယ်။ ဒီလို အယူအဆတွေကို ဖျက်ဆီးပစ်ဖို့ လိုပါတယ်” ဟု မြန်မာနိုင်ငံ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခု၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။
တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်ကို ရရှိပါက ကိုယ်ဝန်ဖျက်ချလိုသည့် အမျိုးသမီးများအတွက် ပိုမိုဘေးကင်းစေမည် ဖြစ်ပြီး အွန်လိုင်းစျေးကွက်တွင် ပျံ့နှံ့နေသည့် ဥပေဒမဲ့ ကိုယ်ဝန်ဖျက်ဆေးပြားများ၏ ပြဿနာကိုလည်း ဖြေရှင်းနိုင်မည်ဟု အဆိုပါ အဖွဲ့အစည်းက ဆိုသည်။
သို့သော်လည်း ကိုယ်ဝန်ဖျက်ချခြင်းသည် မလုပ်အပ်သော အရာဟု သတ်မှတ်ထားသည့် မြန်မာပြည်သူ အများစု၏ ရှေးရိုးစွဲ ခေတ်နှင့် မလျှော်ညီသော အယူအဆကို ဆန့်ကျင်၍ တရားဝင်ခွင့်ပြုချက်ပေးရန် စစ်ကော်မရှင်သာမက တော်လှန်ရေးအစိုးရဖြစ်သည့် အမျိုးသား ညီညွတ်ရေးအစိုးရကပါ မဝံ့ရဲကြပေ။
ဖရွန်တီးယားသတင်းဌာနက အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသော ပြည်သူများနှင့် တိုက်ရိုက်ဆက်ဆံ ကုသပေးနေသည့် Telehealth သို့ မေးမြန်းရာတွင် မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချခြင်းသည် တရားမဝင်ကြောင်းနှင့် ၎င်းတို့ သည်လည်း ကိုယ်ဝန်ဖျက်ချခြင်းနှင့် သက်ဆိုင်သော မည်သည့်ကုသမှုမှ မပေးနိုင်ကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။
သို့သော် တစ်ချိန်တည်းမှာပင် အမျိုးသမီးရေးရာ တက်ကြွလှုပ်ရှားသူများကလည်း တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် ရရှိနိုင်ရန် အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ဆောင်းပါးများ ဖြန့်ဝေရေးသားခြင်းစသည့် အသိပညာပေးလုပ်ငန်းများကို လူထုကြားတွင် ဆက်လက် လုပ်ဆောင်နေကြသည်။
“ပြည်သူလူထုကသာ ညီညီညွတ်ညွတ် တောင်းဆိုမယ်ဆိုရင် အစိုးရရဲ့ ရပ်တည်ချက်ကလည်း ပြောင်းလဲလာနိုင်မယ်လို့ ကျမတို့ ယုံကြည်ပါတယ်” ဟု အဆိုပါ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူက ဆိုသည်။