ရန်ကုန်မြို့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်က အမျိုးသားတစ်ဦး သူ့ ဖေ့စ်ဘွတ်အကောင့်ထဲ ဝင်ရောက်နေစဉ်။ (ဓာတ်ပုံ- အေအက်ဖ်ပီ)

မြန်မာ့လူမှုကွန်ရက်တရားရုံးတော် (သို့) အများအမြင်ဖြင့် တရားစီရင်ခြင်း

တရားဥပဒေစိုးမိုးမှုနည်းပါးလာတဲ့အကျိုးဆက်အဖြစ် မချင့်မရဲဖြစ်လာတဲ့ မြန်မာနိုင်ငံက အင်တာနက်သုံးစွဲသူတွေဟာ မတရားဘူးလို့ သူတို့ စိတ်ထဲခံစားရသမျှကို အများသိအောင်ကြေညာဖို့၊ မကျေမချမ်းဖြစ်တာတွေ ဖွင့်ဟဖို့ လူမှုကွန်ရက်မီဒီယာကို တစ်စထက်တစ်စ ပိုပြီး အားကိုးလာကြရပါတယ်။

ဖရွန်တီးယား 

ဧရာဝတီတိုင်း မြောင်းမြမြို့ရဲ့ အထက်တန်းကျောင်းတစ်ကျောင်းအနီးမှာ ဖြစ်ပွားခဲ့တာကို ရိုက်ကူးထားတဲ့ ဗီဒီယိုအတိုလေးတစ်ခုဟာ ဇွန်လလယ်လောက်မှာ လူမှုကွန်ရက်ပေါ် ရောက်ရှိလာပြီး ချက်ချင်းဆိုသလို အွန်လိုင်းတခွင် တစ်မုဟုတ်ချင်း ပျံ့နှံ့သွားပါတယ်။အဲဒီ ဗီဒီယိုထဲမှာ ၁၃ နှစ်အရွယ် ကျောင်းသူတစ်ဦးကို သူ့အတန်းဖော် ၅ ဦးက အနိုင်ကျင့်နေကြတာပါ။ သူတို့က ကျူးလွန်ခံရသူရဲ့ ဆံပင်ကို ဆောင့်ဆွဲ၊ ရိုက်နှက်၊ ဒူးထောက်ခိုင်းပြီး တောင်းပန်ခိုင်းတာတွေ ပြုလုပ်နေတာကို ဗီဒီယို ရိုက်ကူးထားတာပါ။ 

ဒီဗီဒီယိုကြောင့် လူထုအကြား ဆူဆူညံညံ ပွက်လောရိုက်လာခဲ့ပါတယ်။ အနိုင်ကျင့်တဲ့သူတွေကို အပြစ်ပေးဖို့ တောင်းဆိုကြသလို အရိုက်ခံရတဲ့ ကောင်မလေးဘက်ကို ထောက်ခံကြောင်းလည်း မှတ်ချက်ပြုကြပါတယ်။ ဇွန်လ ၁၉ ရက်မှာတော့ စစ်ကော်မရှင် လက်အောက်ခံသတင်းဌာနတွေအတွက် ဖွင့်ထားတဲ့ သီးသန့် Viber အုပ်စုထဲမှာ “ယခုအဖြစ်အပျက်ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီကျောင်းသူတွေကို စည်းကမ်းထိန်းသိမ်းရေးအရ အပြစ်ပေး အရေးယူပြီး ဖြစ်ကြောင်း” ပညာရေးဝန်ကြီးဌာနက ကြေညာချက် ပေးပို့ခဲ့ပါတယ်။ 

ဒါပေမဲ့လည်း အဲ့ဒီ အရိုက်ခံရတဲ့ ကျောင်းသူဟာ အခုအချိန်အထိ စိတ်ဒဏ်ရာကို ခံစားနေရဆဲဖြစ်ကာ သူ့ကို နှိပ်စက်ခဲ့သူတွေ ကျောင်းပြန်တက်နေပေမဲ့ သူက ကျောင်းမတက်နိုင်သေးဘူးလို့ အနှိပ်စက်ခံရသူ မိသားစုကို ဒီကိစ္စနဲ့ပတ်သက်ပြီး လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသားတစ်ဦးက ရေးတင်တဲ့ ဖေ့စ်ဘွတ် ပို့စ်တစ်ခုအရ သိရပါတယ်။ 

ဒေသခံတစ်ဦးကတော့ ကျူးလွန်တဲ့ကျောင်းသူတွေဟာ ငွေကြေးချမ်းသာတဲ့ အသိုင်းအဝိုင်းတွေထဲက ဖြစ်တာကြောင့် တရားမျှတမှုကို ဆောင်ကြဉ်းပေးဖို့ ခဲယဉ်းနိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။

ဒါကတော့ ဖြစ်ရပ်တစ်ခုကို အွန်လိုင်းမှာ မျှဝေရင်း တရားမျှတမှုကို ရှာဖွေတဲ့ မြန်မာပြည်သူ မြောက်မြားစွာထဲက ဥပမာလေး တစ်ခုမျှသာ ဖြစ်ပါတယ်။ ပြည်သူ့အကျိုးကို ရှေးရှုတဲ့ ဥပဒေနဲ့ ပြည်သူပြည်သားတွေရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ တာဝန်ရှိတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေဆီမှာ တရားမျှတမှု ရှာဖွေဖို့ ခက်ခဲလာတာကြောင့် နိုင်ငံသားတွေဟာ မတတ်သာတဲ့အဆုံး သူတို့ရဲ့ မကျေနပ်မှုတွေကို တင်ပြဖို့ လူမှုကွန်ရက်မီဒီယာတွေကို ပိုပြီး အားကိုးလာကြတော့တာ ဖြစ်ပါတယ်။

ဆေးရုံရဲ့ ပေါ့ဆမှုလား

မကြာသေးမီက ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့ နောက်ဖြစ်စဉ်တစ်ခုကတော့ ကချင်ပြည်နယ်က ဆေးရုံတစ်ခုမှာ  ဆေးရုံတာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုကြောင့် လူနာသေဆုံးခဲ့ရတယ်ဆိုတဲ့ ဖြစ်စဉ်ပါ။ ဩဂုတ်လဆန်းပိုင်းမှာ “ကျမသူငယ်ချင်းကို တနိုင်းဆေးရုံက သတ်လိုက်တဲ့အကြောင်းအရာအပြည့်အစုံ” လို့ ခေါင်းစဉ်တပ်ထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုဟာ အွန်လိုင်းမှာ အလျင်အမြန် ပျံ့နှံ့ခဲ့ပါတယ်။

ဒီပို့စ်ကို ရေးသူ မမေစံရှားက အသက် ၂၆ နှစ်အရွယ် သူ့သူငယ်ချင်း မသီရိလွင်ဟာ ကချင်ပြည်နယ် တနိုင်းပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူရင်း ကွယ်လွန်ခဲ့ရတယ်လို့ ရေးသားထားပါတယ်။ ပို့စ်တင်ပြီး ၁၅ ရက်အတွင်းမှာ ဒီပို့စ်ကို မျှဝေသူ ၅၇၀၀ ကျော်ရှိခဲ့ပြီး  မှတ်ချက်ပေးသူ ၇၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ မှတ်ချက်ပေးသူ အားလုံးလိုလိုဟာ မမေစံရှားဘက်က ထောက်ခံရပ်တည်ပြီး ဆေးရုံနဲ့ ဆေးရုံဝန်ထမ်းတွေကို အပြစ်တင်ထားတာ တွေ့ရပါတယ်။

မမေစံရှားရဲ့ ပြောကြားချက်ကို ဖရွန်တီးယားက သီးခြားအတည်ပြုနိုင်ခြင်း မရှိသလို တနိုင်းမြို့ ပြည်သူ့ဆေးရုံကို အကြိမ်ကြိမ်ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

မမေစံရှားရဲ့ ပြောဆိုချက်အရ မသီရိလွင်ဟာ ကိုယ်ဝန် တစ်လကျော်ကျော်မှာ သွေးဆင်းလာပြီး ဇူလိုင်လ ၂၈ ရက် မနက်မှာတော့ ဆေးရုံတင်လိုက်ရပါတယ်။ မသီရိလွင်ကို ဆေးရုံက လက်ခံခဲ့ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာတင်သူဇာအောင်က သားအိမ်ခြစ်ဖို့ လိုတယ်တဲ့အကြောင်း လူနာကို အသိပေးပါတယ်။

ဆေးရုံဘက်က အဲ့ဒီနေ့ နေ့လယ် တစ်နာရီမှာ ခွဲစိတ်ပေးမယ် ပြောခဲ့ပေမဲ့ နောက်တစ်နေ့ ညနေ ၃ နာရီခွဲလောက်မှသာ ခွဲစိတ်မှု စတင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် လူနာကို ခွဲစိတ်ရာမှာလည်း နောက်လိုက် သူနာပြုတွေ မပါဝင်ဘဲ ဆေးရုံအုပ်ကြီးက မမေစံရှားကို သားဖွားခန်းထဲ ဝင်ခိုင်းပြီး လိုအပ်တာတွေကို ကူညီခိုင်းခဲ့ပါတယ်။ ခွဲစိတ်မှု ပြီးဆုံးခါနီးမှသာ သူနာပြု ၃ ဦးက သားဖွားခန်းထဲကို ရောက်လာခဲ့တာပါ။

“ဆေးရုံအုပ်ကြီးနဲ့ သူနာပြုတွေကြားမှာ ပြဿနာ ရှိလား မရှိလား သေချာမသိပေမဲ့ လူနာကို သူနာပြုတွေ တစ်ယောက်မှ လာမကြည့်ဘူး။ အပြင်လူတစ်ယောက်အနေနဲ့ ဝင်ခွင့်မရှိတဲ့ ခွဲစိတ်ခန်းမှာ ဆေးရုံအုပ်ကြီးက ကျမကိုဝင်ခိုင်းပြီး သားအိမ်ခြစ်တဲ့အခါ ညှပ်တောင် ကိုင်ခိုင်းတယ်”လို့ မမေစံရှားက ဖရွန်တီးယားကို ပြောပါတယ်။

ခွဲစိတ်ပြီးတဲ့နောက် သူ့ရဲ့ သူငယ်ချင်းဟာ နာကျင်တဲ့ဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားရပြီး တစ်ညလုံး မအိပ်နိုင်ဘဲ အော်ဟစ်ညည်းညူနေရတယ်လို့ ဆိုတယ်။ နောက်တစ်နေ့ နေ့လယ်ပိုင်းမှာတော့ မသီရိလွင်ရဲ့ ဝမ်းဗိုက်ဟာ မာမာတင်းတင်း ဖြစ်လာခဲ့ပါတယ်။ ရေသောက်ရင်တောင် ဗိုက်ဖောင်းလာတာကြောင့် အရေးပေါ်အခန်းဆီ အမြန်ရွှေ့ပြောင်းခဲ့ရပါတယ်။

၂၀၁၅ ခုနှစ် ဩဂုတ်လ ၂၀ ရက်က ရန်ကုန်မြို့ရဲ့ ဘတ်စကားပေါ်မှာ ဖေ့စ်ဘွတ်ကြည့်နေတဲ့ အမျိုးသမီးတစ်ဦး။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

မသီရိလွင်က အသက်ရှူလို့ မဝတော့ဘူးလို့ ပြောကြောင်း မမေစံရှား ပြန်ပြောင်းရှင်းပြပါတယ်။ 

“လူနာက နှလုံးအရမ်းခုန်ပြီး အသက်ရှူကျပ်နေတယ်လို့ ဆေးရုံအုပ်ကြီးကို သွားပြောတော့ သူက ဘာမှမပြောဘဲ အကြာကြီး ငြိမ်နေတယ်။ ပြီးမှ သူက (လူနာကို) အချိုရည်တိုက်လိုက် နင်တို့က (လူနာကို) အစာမှ မကျွေးတာကိုးလို့ ပြောပါတယ်။ ကျမတို့က အစကတည်းက ဆရာမကြီးကို လူနာက ဘာမှစားလို့မဝင်ဘူး။ ရေသောက်ရင်တောင် ဗိုက်အရမ်းတင်းတယ်လို့ သူ့ကို ပြောထားပြီးသားပါ” လို့ မမေစံရှားက ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

“အဲဒီနေ့ညက လူနာက တစ်ညလုံးမအိပ်ဘဲ အရမ်းပူတယ်ပြောပြီး ကျမတို့ကို ယပ်တောင်ပဲခတ်ခိုင်းနေပါတယ်။ လူနာရဲ့ တစ်ကိုယ်လုံးကတော့ အလောင်းကောင်လို အေးစက်နေပါတယ်။ ဗိုက်ကလည်း သိသိသာသာကို ဖောင်းလာပါတယ်”လို့လည်း  ရေးသားပါတယ်။

မမေစံရှားရဲ့ ရေးသားချက်အရ ဇူလိုင် ၃၁ ရက်မှာတော့  သူဟာ သူ့သူငယ်ချင်းခံစားနေရတဲ့ အခြေအနေတွေကို မကြည့်ရက်တော့တဲ့အတွက် လူနာကို တနိုင်းမြို့က စစ်တပ်ဆေးရုံဆီ ပြောင်းရွှေ့ကုသခဲ့ပါတယ်။

တပ်ဆေးရုံကို ရောက်တဲ့အခါမှာ ဆရာဝန်တွေက လူနာကို စမ်းသပ်ကြည့်ပြီး သားအိမ်ပေါက်တဲ့ လက္ခဏာတွေ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် ဆရာဝန်တွေက လူနာကို ခွဲစိတ်ကြည့်လိုက်တဲ့အခါမှာလည်း သားအိမ်ပေါက်ထားတာ၊ အူမှာ အဖြတ်ခံထားရတာ၊ မစင်အိတ်ပေါက်ထားတာနဲ့ မျိုးဥတစ်လုံးပျက်စီးထားတာ တွေ့ရတယ်လို့ ဆရာဝန်တွေက လူနာရဲ့ တာဝန်ရှိသူတွေကို ရှင်းပြပါတယ်။

“တပ်ဆေးရုံရဲ့ ခွဲစိတ်မှုက အောင်မြင်ပေမဲ့ မစင်တွေက ဗိုက်အတွင်းမှာ အများကြီး ပြန့်နှံ့သွားတာကြောင့် မစင်ပိုးဝင်ပြီး ဩဂုတ်လ တစ်ရက်နေ့ မနက် တစ်နာရီမတိုင်ခင်မှာ လူနာရဲ့ အသက်ဆုံးရှုံးသွားပါတယ်”လို့  မမေစံရှားက ပြောပါတယ်။

“ကျမမျက်စိရှေ့တင် သူ ဝေဒနာတွေ တအားခံစားသွားရတာတွေလည်း မြင်လိုက်ရတော့ သူသေဆုံးတဲ့အပေါ် ခံစားရတာကတော့ ပြောမပြတတ်အောင်ပါပဲ” လို့ သူက ဖရွန်တီးယားကို ပြောပါတယ်။

ဩဂုတ်လ ၅ ရက်မှာတော့ မမေစံရှားဟာ တပ်ဆေးရုံဘက်က ရှင်းပြချက်တွေကို တနိုင်းဆေးရုံရဲ့ဆေးရုံအုပ်ကြီးဆီ သွားရောက်ရှင်းပြခဲ့ပြီး ဆေးရုံအုပ်ကြီးအနေနဲ့ လူနာသေဆုံးရတဲ့အပေါ် ဘယ်လို တာဝန်ယူမှု တာဝန်ခံမှုနဲ့ ဆောင်ရွက်ပေးမလဲလို့ မေးတဲ့အခါ  ဆေးရုံအုပ်ကြီးက လူနာသေဆုံးရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အပြစ်မရှိကြောင်းနဲ့ လူနာနဲ့ လူနာရဲ့မိသားစုဝင်တွေကိုသာ ပြန်ပြီး ပြစ်တင်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အူပေါက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း လူနာဟာ သူ့ဆေးရုံကို မလာခင် တစ်နေရာရာမှာ ကိုယ်ဝန်ဖျက်ချဖို့ ကြိုးပမ်းခဲ့တဲ့အတွက် အူမကြီး ပေါက်ပြဲနေရတာဖြစ်တယ်လို့ ဆေးရုံအုပ်ကြီးက တုံ့ပြန်ခဲ့ပါတယ်။ အဲ့ဒီအချက်ကို မမေစံရှားကလည်း အပြင်းအထန် ငြင်းဆိုပါတယ်။

“ကျမတို့လူနာသာ ဆေးရုံမလာခင်ကတည်းက အူပေါက်နေရင် သူ့ဆီတောင် အကောင်းအတိုင်း သွားပြနိုင်မှာ မဟုတ်ဘူး။ သူ့ဆီသွားပြတုန်းက သွေးဆင်းလို့ သွားပြရုံကလွဲပြီး ကျမသူငယ်ချင်းက လုံးဝ လူကောင်းအတိုင်းပဲ။ ကျမသူငယ်ချင်းကို အိတ်ချ်အိုင်ဗီ စွဲနေတဲ့ရုပ်လို့ ပြောတာကိုလည်း ကျမတို့က မကျေနပ်ဘူး”လို့ ခွဲစိတ်မယ့်နေ့က ဆေးစစ်ချက်အားလုံးမှာ အိတ်ချ်အိုင်ဗီရောဂါ မရှိဘူးဆိုတဲ့ အဖြေသာ ရခဲ့တဲ့အချက်ကို ကိုးကားပြီး သူက ဖရွန်တီးယားကို ပြောပြတယ်။

မမေစံရှားအနေနဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်မှာ ထုတ်ဖော်ရေးသားလိုက်တဲ့အတွက် ဩဂုတ်လ ၁၀ ရက်မှာတော့ တနိုင်းမြို့ပြည်သူ့ဆေးရုံအုပ်ကြီးကလည်း တနိုင်းသတင်း (လူမှုစာမျက်နှာပေ့ချ်)ကတဆင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းချက်ထုတ်ပြန်ခဲ့ရပါတယ်။

ဆေးရုံအုပ်ကြီးရဲ့ ဖြေရှင်းချက်မှာတော့ သူ့ရဲ့လူနာအပေါ် ကုသခဲ့မှုတွေနဲ့ပတ်သက်ပြီး မှားယွင်းမှုတစ်စုံတစ်ရာရှိခဲ့တယ်လို့ ဖော်ပြထားတာမျိုး မတွေ့ရပါဘူး။

“ကိုယ့်ဒုက္ခကို ဖန်းတီးပြီး သူများတစ်ဖက်သားကို ဘဝပျက်အောင် လုပ်ဆောင်နေသည်ကို မသိ၍ မဟုတ်ပါ။ ကိုယ့်အကြောင်း ကိုယ်အသိဆုံးဖြစ်မှာပါ။ ကိုယ့်ဘဝပျက်နေတိုင်း တစ်ဖက်သားရဲ့ဘဝကို မဖျက်သင့်ကြောင်းပါ။ လူကောင်း နေကောင်းသူများ ဆေးရုံသို့ မလာပါ။ ဒုက္ခတော်တော်ကြီးဖြစ်မှသာ ဆေးရုံသို့ လာတက်တာပါ” လို့လည်း ဆေးရုံအုပ်ကြီးရဲ့ ဖြေရှင်းချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ မမေစံရှားကတော့ ဆေးရုံအုပ်ကြီးကို နာမည်ဖျက်ဖို့ ကြိုးစားတာမဟုတ်တဲ့အကြောင်း ရှင်းပြပါတယ်။

“ကျမတို့က သူ့ဘဝပျက်သွားဖို့ ရည်ရွယ်ပြီး လုပ်တာမဟုတ်ပါဘူး။ ကိုယ့်သူငယ်ချင်းရဲ့ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားတဲ့အခါ မကျေနပ်လို့ အမှန်တရားရအောင်ရော၊အခြားလူတွေလည်း သိအောင်ရော လုပ်လိုက်တာပါ။ သူ့ဖြေရှင်းချက်ပေါ်မှာလည်း လုံးဝကျေနပ်မှုမရှိပါဘူး” လို့ သူက ပြောပါတယ်။

ဩဂုတ် ၁၃ ရက်မှာတော့ သူငယ်ချင်းဖြစ်သူ သေဆုံးမှုနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့ရှိ ကျန်းမာရေးဌာနနဲ့ ရပ်ကွက်တာဝန်ရှိသူတွေထံ တိုင်ကြားစာပေးပို့ထားခဲ့တယ်လို့ မမေစံရှားက ပြောပါတယ်။

သူဟာ သူငယ်ချင်းဖြစ်သူအတွက် တရားမျှတမှုရတဲ့အထိ တတ်နိုင်သမျှ  ကြိုးစားလုပ်ဆောင်သွားမှာဖြစ်ပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့လည်း ဆိုရှယ်မီဒီယာမှာ လူအများစု သိသွားပြီဖြစ်တဲ့အတွက် တရားမျှတမှုရဖို့ တစ်နည်းနည်းနဲ့ အထောက်အကူဖြစ်လိမ့်မယ်လို့လည်း မမေစံရှားက မျှော်လင့်ထားပါတယ်။

“အခုလို ဖေ့စ်ဘွတ်ပေါ် ရေးတင်လိုက်တဲ့အတွက် နည်းနည်းလေးတော့ ကျမတို့အတွက် အကူအညီဖြစ်တယ်လို့ ခံစားရပါတယ်။ သိတဲ့သူတွေ များလာတဲ့အတွက် တရားစွဲဆိုရင်တောင် လွယ်ကူလာမယ်လို့ ခံစားရပါတယ်” လို့ သူက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်က အမျိုးသမီးတစ်ဦး မိုဘိုင်းဖုန်းသုံးပြီး ဖေ့စ်ဘွတ်ကို ကြည့်နေစဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

အန္တရာယ်ကြီးသော လူမှုကွန်ယက်တရားခွင် 

လူမှုကွန်ရက်ပေါ်က စွပ်စွဲမှုတွေဟာ အန္တရာယ်ကြီးမားသွားနိုင်ပါတယ်။ မန္တလေးမြို့မှာရှိတဲ့ လက်ဖက်ရည် ဆိုင်ပိုင်ရှင် မွတ်ဆလင် ၂ ဦးက ဗုဒ္ဓဘာသာမြန်မာ အမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ကြောင်း တက်ကြွပြင်းထန်တဲ့ မွတ်ဆလင်မုန်းတီးရေးဘုန်းကြီး ဦးဝီရသူက ၂၀၁၄ ခုနှစ် ဇူလိုင်လက ဖေ့စ်ဘွတ်ပေါ်မှာ စွပ်စွဲလိုက်တဲ့အခါ မန္တလေးမြို့ထဲမှာ အဓိကရုဏ်းတွေ ဖြစ်ပွားလာရပါတယ်။ဒီဆူပူမှုဟာ ၂ ရက်အကြာမှာ ငြိမ်သက်သွားပေမဲ့ မွတ်ဆလင်တစ်ဦးနဲ့ မြန်မာတစ်ဦး၊ စုစုပေါင်း လူ ၂ ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ဒီမုဒိန်းမှုဟာ အမှန်တကယ် ဖြစ်ပွားခဲ့ခြင်းမရှိဘူးလို့ သိလာခဲ့ရပါတယ်။

ဒါပေမဲ့ အာဏာသိမ်းမှုအလွန် မြန်မာပြည်မှာ တရားစီရင်ရေးအပေါ် လူတွေက မယုံကြည်တော့တဲ့အခါ လူမှုကွန်ရက်တွေမှာပဲ သူတို့အဖြစ်အပျက်ကို လူအများရှေ့ ဖွင့်ချကာ တရားမျှတမှုကို ရှာဖွေလာကြတာ ဖြစ်တယ်လို့  ဖရွန်တီးယားက မေးမြန်းခဲ့တဲ့ ကျွမ်းကျင်သူတွေက နားလည်ထားကြတယ်။

“ဆိုရှယ်မီဒီယာကနေ ထုတ်ဖော်ပြောဆိုတဲ့ကိစ္စတွေက အန္တရာယ်သိပ်ကြီးတာ။ ဒါပေမဲ့ တချို့နစ်နာသူတွေက အန္တရာယ်ကြီးတာကို ခေါင်းထဲ မထည့်နိုင်တော့ဘူး။ သူတို့ ရဲ့နာကျည်းမှုတွေအတွက် အရဲစွန့်ပြီး ထုတ်ဖော်ပြောဆိုလိုက်တာပဲ” လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

“ဆိုရှယ်မီဒီယာကို အသုံးပြုခြင်းက သတင်းပြန့်နှံ့မှုအားတော့ ကောင်းတာပေါ့နော်။ ဒါပေမဲ့ နစ်နာလို့ ဒီလိုထုတ်ဖော်ပြောဆိုလိုက်တဲ့သူတွေဘက်ကို ခြိမ်းခြောက်မှုတွေ ဖြစ်လာနိုင်တယ်။ မတရားဖမ်းဆီးခံရတာတွေလည်း ရှိလာနိုင်တယ်။ ဒီလိုဆိုးကျိုးတွေဖြစ်လာဖို့က ပိုများလိမ့်မယ်။ ဒီလိုတွေဖြစ်လာနိုင်တာကလည်း လက်ရှိနိုင်ငံရေးမတည်ငြိမ်တဲ့အခြေအနေကြောင့်ပေါ့” လို့ ရှေ့နေ စောဘဦးလေးက ရှင်းပြပါတယ်။

မမေစံရှားကတော့ သူ့သူငယ်ချင်းဖြစ်သူ သေဆုံးရတဲ့အကြောင်းကို ဖေ့စ်ဘွတ်ပေါ် ရေးတင်ခဲ့တုန်းက ရပ်ကွက်လူကြီးတစ်ဦးက သူတင်ထားတဲ့ ပို့စ်ကို ပြန်ဖျက်ဖို့နဲ့ အခုလို ဆိုရှယ်မီဒီယာပေါ်တင်တာဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့အနေနဲ့ ကူညီပေးဖို့ အခက်အခဲဖြစ်စေနိုင်ကြောင်း သူ့ကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီသတိပေးချက်ကို ဦးခင်မောင်ဇော်ကလည်း လက်ခံပါတယ်။ 

“တရားမျှတမှုရှာတဲ့အလုပ်ကို မထိခိုက် မပျက်စီးစေဖို့ရာ မတရား ကျူးလွန်ခံရသူတွေအနေနဲ့ လူမှု ကွန်ရက် အပေါ်မှာ မျှဝေလိုက်တဲ့ မိမိရဲ့သတင်းဟာ တိကျမှန်ကန်ပြီး အမှားမပါအောင် သတိထားသင့်တယ်။..နစ်နာသူက ဆိုရှယ်မီဒီယာပေါ်တက်ပြီး အမှန်ကိုပြောပေမဲ့ အပြောမမှန်ရင်လည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)လိုမျိုး ပုဒ်မတွေနဲ့ ပြန်ငြိနိုင်တယ်” လို့ ဦးခင်မောင်ဇော်က သတိပေးပြောဆိုပါတယ်။

ဆက်သွယ်ရေးဉပဒေပုဒ်မ ၆၆ (ဃ) အရ ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးဦးကို ခြောက်လှန့်တောင်းယူတာ၊ အနိုင်အထက်ပြုတာ၊ မတရား တားဆီးကန့်ကွက်တာ၊ အသရေဖျက်တာ၊ နှောင့်ယှက်တာ၊ မလျော်ဩဇာ သုံးတာ ဒါမှမဟုတ်  ခြိမ်းခြောက်တာတွေ ကျူးလွန်ရင် ထောင်ဒဏ် ၃ နှစ်အထိ အပြစ်ပေးခံရနိုင်ပါတယ်။ 

ဒီဂျစ်တယ်အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Access Now က အာရှ-ပစိဖိတ်မူဝါဒဆန်းစစ်သူ ဒေါ်ဝေဖြိုးမြင့်က တရားမျှတမှုရရှိရေး အထောက်အကူဖြစ်စဖို့ ရည်ရွယ်ပြီး ဆိုရှယ်မီဒီယာပေါ် ထုတ်ဖော်ရေးသားပြောဆိုကြတဲ့အခါ စကားလုံးအသုံးအနှုန်းတွေ သတိထားဖို့နဲ့ အကြောင်းအရာ၊ အချက်အလက်တွေ ခိုင်ခိုင်မာမာရှိဖို့ လိုတယ်လို့ အကြုံပြုပါတယ်။

“တစ်ခါတစ်လေကျတော့ နစ်နာသူတွေအနေနဲ့ အဲဒီအချိန်မှာ ဖြစ်တဲ့ စိတ်ခံစားမှုတွေကြောင့် အပြောအဆို အသုံးအနှုန်းမှားယွင်းတာတို့၊ အချက်အလက်တစ်ခုခု လွဲချော်တာတို့ ဖြစ်တတ်တယ်။ ဒါမျိုးတွေ မဖြစ်အောင် သတိထားဖို့လိုပါတယ်။ ဒီလိုမျိုးဖြစ်သွားရင် နစ်နာသူအနေနဲ့ ပြန်ပြီး တန်ပြန်တရားစွဲခံရတာတွေ ရှိနိုင်တယ်” လို့ သူက ဖရွန်တီးယားကို ပြောပါတယ်။

စစ်ကော်မရှင်လက်ထက်မှာ အင်တာနက် ကန့်သတ်မှုတွေ၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်အပေါ် တားမြစ်မှုတွေ ရှိနေတဲ့အတွက် ပြည်သူတွေဟာ ပိုပြီး ဂရုစိုက်ရမှာဖြစ်ကြောင်း ဒေါ်ဝေဖြိုးမြင့်က ဆက်ပြောတယ်။

ဒီကန့်သတ်ချက်တွေကြောင့်ပဲ မြန်မာနိုင်ငံရဲ့ လူမှုကွန်ရက်သုံးစွဲမှုဟာ ကျဆင်းသွားခဲ့ပါတယ်။ လူမှုကွန်ရက် တွေအကြောင်း လေ့လာတဲ့ အက်ပလီကေးရှင်း  NapoleonCat ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်က ဖေ့စ်ဘွတ်သုံးစွဲသူ၂၈ သန်းကျော် ရှိခဲ့ရာကနေ ဒီနှစ် အောက်တိုဘာလမှာတော့ ၁၅ သန်းကျော်သာ ရှိပါတော့တယ်။

“လူထုမှာ လက်လှမ်းမီတဲ့ ဆက်သွယ်ရေး ပလက်ဖောင်းတွေရှိဖို့လိုတယ်။ ဒါက လူထုရဲ့ လွတ်လပ်စွာပြောဆိုပိုင်ခွင့်တွေ၊ အချက်အလက်ရယူပိုင်ခွင့်တွေ၊ ကိုယ့်ရဲ့နစ်နာမှုတွေကို ဆိုရှယ်မီဒီယာပေါ်ကနေတဆင့် မှန်မှန်ကန်ကန်ထုတ်ဖော်နိုင်မှုတွေအပေါ် အများကြီး သက်ရောက်မှုရှိတယ်လို့ မြင်တယ်” လို့ ဒေါ်ဝေဖြိုးမြင့်က ဆိုပါတယ်။

ဒါပေမဲ့ စစ်ကော်မရှင် အရေးနိမ့်သွားရင်တော့ အပြောင်းအလဲတွေ ဖြစ်လာမှာပါလို့ သူက အကောင်းဘက်က မျှော်လင့်နေပါတယ်။ တရားစီရင်ရေးစနစ် ပိုပြီး အားကောင်းခိုင်မာလာတာနဲ့တစ်ပြိုင်နက် အခု မတရားခံနေရသူတွေဟာ တရားမျှတမှုကို ရရှိလာကြမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“တချို့သက်သေတွေက နစ်နာသူတွေအနေနဲ့ ပြန်မကြည့်ချင်လောက်အောင် စိတ်ဒဏ်ရာတွေ ရှိနိုင်တယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့လည်း ကိုယ်က တကယ်ပဲ တရားမျှတမှုကို ရချင်တယ်၊ တစ်ချိန်ချိန်မှာ တရားစွဲဆိုတာမျိုး လုပ်ချင်တယ်ဆိုရင်တော့ ဒီလိုမျိုး သက်သေတွေကို သိမ်းထားဖို့လိုတယ်” လို့ သူက ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို အားကိုးဖို့အတွက် ရှေ့နေခဘယ်လောက်လဲဆိုတာ မမေစံရှား လိုက်စုံစမ်းတော့ သိန်း ၅၀ ကျပ်လို့ သိရပါတယ်။ သိန်း ၅၀ ဆိုတာ ဆင်းရဲမွဲတေမှု ဒဏ်သင့်နေတဲ့ မြန်မာပြည်မှာတော့ လူတိုင်း မတတ်နိုင်တဲ့ ပမာဏ တစ်ခုပါ။ မသီရိမေရဲ့ ငွေကြေးကြေးရေး အဆင်မပြေတဲ့ မိဘတွေကတော့ ဒီငွေပမာဏကို မတတ်နိုင်ဘူးလို့ ဆိုပါတယ်။ 

“နစ်နာသူရဲ့ မိသားစုက ဆင်းရဲတော့ အမှုဖွင့်ဖို့ရာ အတော့်ကို မလွယ်ကူလှဘူး။ ဘာပဲဖြစ်ဖြစ် ကျမ သူငယ်ချင်းအတွက် တရားမျှတမှုကို ရရှိဖို့ ကျမ တတ်နိုင်သရွေ့ တော့ လုပ်သွားမှာပါ” လို့ မမေစံရှားက ပြောပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.