စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေ အသက်ဝင်လာတဲ့ အရင်နှစ်အစောပိုင်းမှာ အမျိုးသားတွေကိုပဲ အဓိကပစ်မှတ်ထားပြီး တပ်သားသစ် စုဆောင်းခဲ့ပေမဲ့ အခုနောက်ပိုင်းကာလတွေမှာ အမျိုးသမီးတွေကိုလည်း စာရင်းကောက်ခံမှုတွေ ရှိလာပါတယ်။ ဒီလိုဖြစ်ရပ်တွေကြောင့် အသက်မပြည့်သေးတဲ့ မိန်းကလေးတချို့က အဓမ္မစစ်မှုထမ်းခံစာရင်းထဲ မပါဝင်လိုတဲ့အတွက် မိဘခွင့်ပြုချက်နဲ့ အိမ်ထောင်ပြုခြင်းဆိုတာကို ရွေးချယ်လာကြပါတယ်။
ဖရွန်တီးယား
နန်းကေက ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ထဲက ရွာတစ်ရွာမှာ နေထိုင်တဲ့ အသက် ၁၇ နှစ် အရွယ် ပအိုဝ်းတိုင်းရင်းသူ တစ်ယောက်ပါ။ ဇူလိုင်လအစောပိုင်းက သူတို့ရွာမှာ စစ်မှုထမ်း စာရင်းလာကောက်တဲ့အခါ စာရင်းထဲပါသွားခဲ့လို့ တစ်မိသားစုလုံး စိုးရိမ်ထိတ်လန့်ခဲ့ရပါတယ်။ စာရင်းကောက်သူတွေက ချက်ချင်း စစ်မှုထမ်းဖို့မလိုဘူးလို့ ပြောခဲ့ပေမဲ့ စာရင်းထဲ နာမည်ပါ သွားတဲ့အတွက် နန်းကေ တစ်ယောက် စိတ်မအေးနိုင်ဘဲ ကြောက်ရွံခဲ့ရပါတယ်။
“စစ်တပ်က လာပြီးတော့ စစ်မှုထမ်းဖို့ စာရင်းကောက်တဲ့အချိန် ကျမ နာမည်ကိုပါ ကောက်သွားတာပေါ့။ အဲဒီသတင်းကို သိသိချင်း အမေက ချုံးပွဲချပြီး ငိုတယ်။ ကျမကတော့ ဘာလုပ်ရမှန်းမသိဘဲ ကြက်သေ သေသွားခဲ့တယ်” လို့ နန်းကေ (အမည်လွှဲ) က ဆိုပါတယ်။
စစ်မှုထမ်းဖို့ လာခေါ်မှာကို ထိုင်စောင့်နေမယ့်အစား ဆုံးဖြတ်ချက်တစ်ခုကို မြန်မြန်ဆန်ဆန်ပဲ ချခဲ့ပါတယ်။ စာရင်းလာကောက်ပြီး တစ်ပတ်အတွင်းမှာပဲ တစ်ရွာတည်းသား ရည်းစားဖြစ်သူနဲ့ ခိုးရာလိုက်ပြေးခဲ့ပြီး ရှမ်းပြည်နယ်က မြို့ တစ်မြို့မှာ စစ်ဘေးရှောင်အနေနဲ့ နေထိုင်ခဲ့ပါတယ်။
“ပထမတော့ နှစ်ယောက်သား ရွာကနေ မြို့ကို ထွက်ပြေးလာခဲ့တာပါ။ မြို့ပေါ်ရောက်မှ အမေ့ကို ဖုန်းဆက်တော့ အမေက ဒီတိုင်းတော့ မဖြစ်ဘူး။ လက်ထပ်မှ ကောင်းမယ်ဆိုလို့ မြို့ထဲမှာပဲ လက်မှတ် ထိုးလိုက်ကြတယ်။ အိမ်ထောင်သည်တွေကို စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ပေးတယ် လို့တော့ ပြော တယ်။ ဒါပေမဲ့ ရွာကိုတော့ မပြန်ရဲသေးဘူး” ဟု သူက ဆိုပါတယ်။
နန်းကေရဲ့ ချစ်သူကောင်လေးက ဖေဖော်ဝါရီလကတည်းက စစ်မှုထမ်းစာရင်းထဲ ပါခဲ့ပြီး စစ်ထဲ မဝင်ရအောင် လစဉ် ငွေ ၅၀,၀၀၀ကနေ ၁၀၀,၀၀၀ အထိ ပေးနေခဲ့ရပါတယ်။ ဒါပေမဲ့ နန်းကေတို့ မိသားစုကတော့ ဆင်းရဲတဲ့အတွက် ငွေပေးပြီး ယာယီလွတ်မြောက်အောင်လုပ်ဖို့ မတတ်နိုင်ခဲ့ပါဘူး။
စစ်မှုထမ်းဖို့ လူစာရင်းကောက်တဲ့အခါ ဆင်းရဲပြီး လာဘ်မထိုးနိုင်တဲ့သူတွေကို ပစ်မှတ်ထားနေတယ် လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှုး ဒေါ်မွန်းနေလီက ဆိုပါတယ်။
“ပိုက်ဆံရှိတဲ့သူတွေကျတော့ စစ်မှုထမ်းစာရင်းကနေ ရှောင်ဖို့အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူး တွေကို လတိုင်း ငွေပေးနိုင်တယ်လေ။ ကျေးလက်ဒေသက ဆင်းရဲတဲ့ မိသားစုတွေပဲ စစ်မှုထမ်း ဥပဒေကြောင့် အလူးအလဲ ဒုက္ခရောက်ကြရတာ” ဟု သူက ပြောပါတယ်။
စစ်မှုထမ်းကို ရှောင်ဖို့အတွက် တစ်လ ၁၀၀,၀၀၀ မပေးနိုင်တဲ့ လူငယ်အများစုကတော့ စစ်တပ် ထိန်းချုပ်မှုအောက်မှာမရှိတော့တဲ့ လွတ်မြောက်နယ်မြေတွေကို ထွက်ပြေးကြတာရှိသလို တချို့ အိမ်နီးချင်းနိုင်ငံတွေအထိ တရားမဝင်လမ်းကြောင်းကနေ သွားကြတယ်လို့ ဒေါ်မွန်းနေလီက ဆိုပါတယ်။
လွန်ခဲ့တဲ့နှစ် ဖေဖော်ဝါရီကစလို့ မြန်မာနိုင်ငံမှာ ဘယ်အစိုးရမှ မကျင့်သုံးဖူးခဲ့တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို စစ်ကော်မရှင်က အသက်သွင်းလိုက်ပါတယ်။ ဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားတွေနဲ့ အသက် ၁၇ နှစ်မှ ၂၇ နှစ်ထိ အမျိုးသမီးတွေက စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီအသက်အရွယ်အတွင်းက အိမ်ထောင်သည်အမျိုးသမီးတွေနဲ့ ကလေးရှိတဲ့အမျိုးသမီး တွေကတော့ ကင်းလွတ်ခွင့်ရပါတယ်။
စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး နောက်ပိုင်း တစ်နှစ်အတွင်းမှာတော့ စစ်ကော်မရှင်က အမျိုးသားတွေကိုသာ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခဲ့တာပါ။ ဒါပေမဲ့ ယခုနှစ်လယ်ကစလို့ အမျိုးသမီးတွေကိုလည်း စစ်မှုထမ်းဖို့ အမည်စာရင်းတွေ စတင် ကောက်ခံခဲ့ပါတယ်။
အမျိုးသမီး စစ်မှုထမ်းအပတ်စဉ် (၁) ကို မှော်ဘီမြို့အခြေစိုက် အမှတ် (၄) အရာခံနဲ့ အကြပ်ကြီး သင်တန်းကျောင်းမှာ စတင်ဖွင့်လှစ်သင်တန်းပေးနေတယ် လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေး ဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) က ဩဂုတ်လအတွင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ MDSI ဟာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကနေ CDM လုပ်လာတဲ့ အရာရှိတွေနဲ့ ဖွဲ့စည်းထားတဲ့ သတင်း သုတေသန အဖွဲ့အစည်းတစ်ခုပါ။
အရင်နှစ်ကတည်းက စတင်ခဲ့တဲ့ အမျိုးသားစစ်မှုထမ်းသင်တန်းကတော့ အခုအချိန်မှာ အပတ်စဉ် ၁၅ ပြီးဆုံးလို့ အပတ်စဉ် ၁၆ အတွက် တပ်သားသစ်စုဆောင်းနေပါပြီ။
စစ်ကော်မရှင်ရဲ့ ထိုးစစ်တွေအတွင်း ပြုန်းတီးသွားတဲ့ စစ်အင်အားကို ပြန်လည်ဖြည့်တင်းဖို့ အမျိုးသားတွေတင်မကဘဲ အမျိုးသမီးတွေကိုပါ စာရင်း စုဆောင်းလာတဲ့နောက်ပိုင်းမှာ လွတ်မြောက်ရာ နည်းလမ်းတွေ ရှာဖွေရင်း သမီးဖြစ်သူကို အရွယ်မတိုင်ခင် အိမ်ထောင်ပြုခွင့် ပေးခြင်းကလည်း နန်းကေတို့လို ဆင်းရဲတဲ့ မိသားစုတွေရဲ့ ထွက်ပေါက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးငယ်တွေ အရွယ်မတိုင်မီ လက်ထပ်မှု တိုးလာတာကို အခုအချိန် ထိ တိတိကျကျ စစ်တမ်းကောက်ယူနိုင်တာမျိုးတော့ မရှိသေးပါဘူး။ အာဏာသိမ်းပြီး နောက်ပိုင်း ရှည်ကြာလာတဲ့ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ စီးပွားရေးကျပ်တည်းမှုတွေအပြင် စစ်မှုထမ်းဖို့ ကြောက်ရွံ့မှုတွေကလည်း အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေ စောစောစီးစီး အိမ်ထောင်ပြု ကြရတဲ့ အဓိက အကြောင်းအရင်း ဖြစ်တယ်လို့ အမျိုးသမီးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

အမျိုးသမီးစကားဝိုင်းတွေ၊ အမျိုးသမီးအခွင့်အရေးအဖွဲ့တွေနဲ့ safe house တွေကနေတဆင့် ရရှိတဲ့ သတင်းအချက်အလက်တွေအရ အရွယ်မတိုင်မီ အိမ်ထောင်ပြုတဲ့ မိန်းကလေးဦးရေ မြင့်တက် လာတာကို လေ့လာတွေ့ရှိရတယ်လို့ ဒေါ်မွန်းနေလီက ဆိုပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့က ရွာတစ်ရွာက ဆယ်ကျော်သက်တစ်ဦးဖြစ်တဲ့ ဂျူလီယာ (အမည်လွှဲ) က အသက် ၁၆ နှစ် အရွယ် သူ့ညီမလေးကတော့ စစ်မှုထမ်းစာရင်းထဲ နာမည်မပါသေးပေမဲ့ စောစောစီးစီးပဲ အိမ်ထောင်ပြုခဲ့ရတယ်လို့ ဖရွန်တီးယားကို ပြောပါတယ်။
ဂျူလီယာ့ ညီမလေးရဲ့ အသက် ၁၉နှစ်အရွယ် ချစ်သူကောင်လေးက စစ်မှုထမ်းစာရင်းထဲ ပါလာလို့ လတ်တလော ဖြေရှင်းတဲ့အနေနဲ့ လက်ထပ်ပေးလိုက်ကြပါတယ်။
“ညီမလေးက ရည်းစားထားပေမဲ့ အခုချက်ချင်း အိမ်ထောင်ပြုဖို့တော့ မလုပ်ချင်သေးဘူးဆိုပြီး ငိုယိုနေတာပေါ့။ အမေတွေ အဖေတွေကတော့ ငယ်ကြသေးလို့ မစီစဉ်ချင်ပေမဲ့ အိမ်ထောင် ပြုလိုက်ရင်များ ဒီဥပဒေကလွတ်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သဘောတူလိုက်ကြတယ်” ဟု သူက ပြောပါတယ်။
ဂျူလီယာကိုယ်တိုင်လည်း စစ်မှုထမ်း စာရင်းထဲ သူ့နာမည်မပါခင် မြန်မာနိုင်ငံကနေ အမြန်ဆုံး ထွက်သွားချင်ပေမဲ့ စစ်ကောင်စီက သူတို့အသက်အရွယ်လူငယ်တွေကို နိုင်ငံခြားထွက်ခွာခွင့် ပိတ်ထား တာကြောင့် အလှမ်းဝေးတဲ့ အိမ်မက်တစ်ခုလို ဖြစ်နေပါတယ်။
ယခုနှစ် မတ်လကစပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်ကြား အမျိုးသမီးတွေကို မြန်မာနိုင်ငံထဲကနေ ထွက်ခွာခွင့် ပိတ်ထားပါတယ်။
“အခုကအမျိုးသမီးတွေပါ စတင်ခေါ်နေပြီဆိုတော့ ကျမရော ညီမလေးရော စာရင်းက ပါလာနိုင်တယ်။ ကျမလည်း ကိုယ့်နာမည် စာရင်းထဲ မပါခင် နိုင်ငံခြားထွက်နိုင်အောင် အမြန်လုပ်နေရတယ်” လို့ ဂျူလီယာက ပြောပါတယ်။
လူငယ်တွေကို သူတို့ဆန္ဒမပါဘဲ စစ်မှုထမ်းခိုင်းတာဟာ အာဏာသိမ်းစစ်တပ်တစ်ခုတည်း မဟုတ်ပါ ဘူး။ စစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ကလည်း အရပ်သားတွေ ကို မထမ်းမနေရ ဥပဒေနဲ့ စစ်သားစုဆောင်းတာမျိုးတွေ ရှိပါတယ်။ တချို့လက်နက်ကိုင်အဖွဲ့တွေ ဆိုရင် သူတို့အဖွဲ့ရဲ့ တရားဝင် စစ်မှုထမ်းမူဝါဒ ရှိပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့မှာဆိုရင် စစ်တပ်ကရော ကချင်လွတ်မြောက်ရေး တပ်မတော် ဘက်ကပါ စစ်သားစုဆောင်းတာတွေရှိတယ်လို့ Network Media Group ကဆိုပါတယ်။ အောက်တိုဘာလ ပထမနှစ်ပတ်ထဲမှာတင် နှစ်ဖက်လုံးက ဖမ်းဆီးပြီး စစ်သားစုဆောင်းသွားတဲ့ အရေအတွက်က ၅၀၀ ကျော်နေပြီလို့ ဒေသခံတွေဆီကသိရပါတယ်။
အိမ်ထောင်ပြုလိုက်တာက ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေကို စစ်မှုထမ်းရတာကနေ လွတ်မြောက်အောင် လုပ်ပေးနိုင်ပေမဲ့ နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှုတွေလည်း အများကြီး ရှိပါတယ်။ အိမ်ထောင်ပြုလိုက်တာနဲ့ သူတို့ရဲ့ ပညာရေးက ဆုံးခန်းတိုင်သွားပြီလို့ ဆိုရပါမယ်။
“အဲဒီလို အသက်အရွယ်နဲ့ အိမ်ထောင်ရှင်မ ဖြစ်သွားပြီဆိုရင် သူ့မှာ မိသားစုအတွက် တာဝန်ယူရတာ တွေ အများကြီးရှိတယ်။ အဲဒီအခါ ပညာက လုံလုံလောက်လောက် မတတ်ဘူး ဆိုရင် သူမွေးလာတဲ့ ကလေးတွေကလည်း သူပညာမတတ်တာရဲ့ ဆိုးကျိုးတွေ ခံစားရတယ်။ ဒီလိုနဲ့ အဆိုးသံသရာ လည်နေတာပေါ့” လို့ ဒေါ်မွန်းနေလီက ပြောပါတယ်။
အောက်တိုဘာလမှာ ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ မိန်းကလေး လေးပုံတစ်ပုံကလည်း အိမ်ထောင့်တာဝန်တွေကြောင့် အခြေခံပညာကျောင်းတွေကနေ ထွက်ခွာခဲ့ရတယ်လို့ သိရပါတယ်။
ကလေးသူငယ်အခွင့်အရေး ဥပဒေအရတော့ အသက် ၁၈ နှစ်အထက် အရွယ်ရောက်ပြီးတဲ့ အမျိုးသား တစ်ယောက်က အသက် ၁၆ နှစ်အောက် မိန်းကလေးတစ်ယောက်ကို လက်ထပ်ရင် ရာဇဝတ်မှု မြောက်ပါတယ်။ အသက် ၁၆ နှစ်အောက် မိန်းကလေးကို မိဘသဘောမတူဘဲ လက်ထပ်ပေါင်းသင်းမယ် ဆိုရင်တော့ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ မုဒိန်းမှု မြောက်ပါတယ်။
CDM တရားသူကြီး ဒေါ်သဥ္ဇာမြကတော့ မိဘခွင့်ပြုချက်နဲ့ဆိုရင် အသက် ၁၆ ကနေ ၁၈ နှစ်အရွယ် မိန်းကလေးတွေဟာ အိမ်ထောင်ပြုခွင့် ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အာဏာသိမ်းပြီးကတည်းက မြန်မာ့အိမ်ထောင်ထုံးတမ်းဥပဒေတွေဟာ တဖြည်းဖြည်း လျော့ရဲလာပြီး မိန်းကလေးငယ်တွေအတွက် အကာအကွယ်ရရှိမှု နည်းလာတယ်လို့ ဥပဒေကျွမ်းကျင်သူတွေက ဆိုပါတယ်။
စစ်မှုမထမ်းမနေရ ဥပဒေကို ရှောင်ရှားဖို့ အသက်မပြည့်သေးဘဲ လက်ထပ်ကြရတဲ့အတွက် ပညာရေး ဆုံးခန်းမတိုင်တာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ မိခင်ဘဝ ရောက်တာ၊ စိတ်ဒဏ်ရာတွေ များပြားလာတာတွေနဲ့ လူမှုဆက်ဆံရေး အားနည်းတာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက အမျိုးသမီးတွေကြုံတွေ့ရလေ့ရှိတဲ့ အကြမ်းဖက်ခံရမှုတွေနဲ့ ပတ်သက်ပြီး ၁၀နှစ် နီးပါး လေ့လာမှုတွေ ပြုလုပ်နေခဲ့တဲ့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးကတော့ အာဏာမသိမ်းခင်ကဆိုရင် အသက်မပြည့်သေးဘဲ လက်ထပ်တဲ့သူ ဦးရေဟာ တဖြည်းဖြည်းကျဆင်းနေခဲ့ပေမဲ့ အာဏာသိမ်းပြီးချိန်ကစလို့ အဲဒီအရေအတွက်ဟာ တဟုန်ထိုး မြင့်မားလာခဲ့ပါတယ်လို့ ဆိုပါတယ်။
မိန်းကလေးငယ်တွေ အိမ်ထောင်စောစောပြုရတဲ့ အကြောင်းအရင်းဟာ ရိုးရာဓလေ့နဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် မဟုတ်တော့ဘဲ “ဒါဟာ အာဏာရှင်အုပ်ချုပ်မှု၊ စစ်ပွဲတွေ၊ ကြောက်ရွံ့မှုတွေရဲ့ တိုက်ရိုက် ရလာဒ်ဖြစ်တယ်” လို့အမည်မဖော်လိုတဲ့ အဆိုပါ တက်ကြွလှုပ်ရှားသူက ဖရွန်တီးယားကို ပြောပါတယ်။
ဒါပေမဲ့ အခုအချိန်မှာတော့ နန်းကေနဲ့ ဂျူလီယာ့ ညီမလေးတို့လို မိန်းမငယ်လေးတွေဟာ စောစောစီးစီး အိမ်ထောင်ပြုခြင်းဆိုတာကို လွတ်မြောက်မှုတစ်ခုလို ရွေးချယ်လာကြပါတယ်။
အစ်မတစ်ယောက်အနေနဲ့ အရွယ်မရောက်သေးတဲ့ သူ့ညီမလေးအိမ်ထောင်ပြုလိုက်ရတဲ့ အဖြစ်ကို မတားလိုက်နိုင်လို့ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာမလုံသလို ဂျူလီယာ တစ်ယောက် ခံစားနေရပါတယ်။
“ဒီစစ်မှုထမ်း ဥပဒေသာ မရှိရင် ကျမတို့လည်း ဒီလိုတွေဖြစ်မှာမဟုတ်ဘူး။..ဒါကြောင့် စစ်တပ်ကိုတော့ တအားစိတ်နာပါတယ်” လို့ သူက ပြောပါတယ်။
ခင်နှင်းဖြူစိုး ရေးသားသည်။