သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ်ခေါင်းဆောင်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ UBP ကို ယနေ့မနက်ပိုင်းက မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် လူထုမိတ်ဆက်ပွဲပြုလုပ်ခဲ့သည်။
မိတ်ဆက်ပွဲသို့ နိုင်ငံရေးသမားများ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများနှင့် သံရုံးများမှ သံတမန်များ တက်ရောက်ခဲ့ကြသည်။ ထို့ပြင်ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဝင်အများအပြား တက်ရောက်ခဲ့ကြရာ အများစုမှာ မှော်ဘီ၊ တွံတေး၊ သုံးခွနှင့် ဒဂုံအရှေ့မြို့နယ်တို့မှ ပါတီဝင်များ ဖြစ်ကြသည်။
ပါတီခေါင်းဆောင် သူရဦးရွှေမန်းက မိမိတို့ပါတီသည် ဖက်ဒရယ်ပြည်ထောင်စု၊ ဒီမိုကရေစီစနစ်သို့ သွားမည်ဖြစ်ကြောင်း၊ နိုင်ငံသားများလည်း လူမှုစီးပွားရေးတိုးတက်စေရမည်ဖြစ်ကြောင်း ကတိကဝတ်များကို အသားပေးပြောကြားခဲ့သည်။
ပါတီထောင်ရသည့်ရည်ရွယ်ချက်ကို သူရဦးရွှေမန်းက “ထောင်ချင်လို့ထောင်တာ ဖြစ်ပါတယ်။ နိုင်ငံအတွက်လိုအပ်လို့ ထောင်တာဖြစ်ပါတယ်” ဟုပြောဆိုခဲ့ပြီး နိုင်ငံ၏စီးပွားရေး၊ လူမှုရေးပိုင်းတို့၌ ဂုဏ်သိက္ခာရှိသည့်နိုင်ငံဖြစ်စေရန် ပါတီထောင်ရခြင်းဖြစ်ကြောင်းပြောသည်။
တဖန် “နိုင်ငံဟာ ယနေ့အခြေအနေ၊ ယနေ့အချိန်အတိုင်း သွားနေမယ်ဆိုရင် ဘယ်လိုဖြစ်မယ်ဆိုတာ ကျွန်တော်မပြောလည်း သိကြမယ်ထင်ပါတယ်” ဟု ၎င်းကဆိုသည်။
နိုင်ငံတနိုင်ငံအတွက် စီးပွားရေးသည် အရေးကြီးဆုံးဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေးအတွက်သာမက ပြည်သူလူထု၏စီးပွားရေးအတွက်ပါ ကြည့်ရမည်ဟု ၎င်းကပြောသည်။
“နိုင်ငံတော်က စီးပွားရေးကောင်းတယ်ဆိုပြီးတော့ ပြည်သူတွေဖြစ်ချင်သလိုဖြစ် အဲ့လိုဖြစ်လို့မရပါဘူး” ဟု ၎င်းကဆက်လက်ပြောကြားသည်။
သူရဦးရွှေမန်းက လူမှုဘဝစီးပွားရေးကိစ္စများကို အသားပေးပြောဆိုသည့်ပြင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့်အလျောက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေတည်၍ စက်မှုလက်မှုလုပ်ငန်းများမှတဆင့် စီးပွားရေးပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်မည်ဟု ပြောသည်။
တရားဝင်ပါတီအဖြစ် ခွင့်ပြုချက်ရရှိထားသည်မှာ ၂ လခန့်ရှိပြီဖြစ်သော ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီသည် ပါတီဝင်အင်အား ၁သိန်းကျော်ရှိနေပြီဟု ပါတီ၏သတင်းပြန်ကြားရေးတာဝန်ကို လတ်တလောယူထားသည့် ကိုထွန်းထွန်းကပြောသည်။
ပါတီကို မိမိ၏ကိုယ်ပိုင်ငွေများဖြင့်မတည်ပြီး အလှူရှင်များ၏ငွေကို အသုံးပြုလည်ပတ်သွားမည်ဟု သူရဦးရွှေမန်းက ပြောကြားထားသည်။ ၎င်းမှာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက စသည့်တာဝန်များ ထမ်းဆောင်ဖူးသည်။