လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး ဘယ်လိုအဆုံးသတ်မလဲ

တပ်မတော်ဘက်ကတင်လာတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအချက်တွေက စစ်တပ်ကရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ကြိုးပမ်းမှုဟာ မအောင်မြင်နိုင်ဘူးလို့ ဖော်ပြနေပါတယ်။
စည်သူအောင်မြင့် ရေးသားသည်။
လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင်း ဆောင်ရွက်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ်ကိုကြည့်ရင် နည်းနည်းရှုပ်ထွေးနေသယောင် ထင်ရပါတယ်။
ဖွဲ့စည်းပုံပြင်ရေးပြဿနာကို နားလည်ဖို့ဆိုရင် အငြင်းပွားနေတဲ့ လုပ်ထုံးလုပ်နည်းပြဿနာ ကိစ္စအပြင် ဖွဲ့စည်းပုံပြင်ရေးနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တပ်မတော်၊ တိုင်းရင်းသားပါတီ၊ ပြည်ခိုင်ဖြိုး ဘယ်အင်အားစုတွေက ဘယ်လိုသဘောထားကြသလဲဆိုတာ ရှင်းရှင်းလင်းလင်း သိထားမှဖြစ်မှာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းအထိ ပြည်သူတွေဟာ အင်န်အယ်လ်ဒီပါတီ၊ ပြည်ခိုင်ဖြိုးနဲ့ တိုင်းရင်းသားပါတီတွေအနေနဲ့ ဖွဲ့စည်းပုံထဲက ဘယ်အချက်တွေကို ဖယ်ရှားချင်တယ်၊ ဘယ်အချက်တွေကို ပြင်ချင်တယ်ဆိုတာနဲ့ပတ်သက်လို့ တိတိကျကျ သိခဲ့ကြပြီးဖြစ်ပါတယ်။ လွှတ်တော်တွင်းက ဖွဲ့စည်းပုံပြင်ရေး အကောင်အထည်ဖော်နေတဲ့ ၄၅ ဦးကော်မတီ အစီရင်ခံစာပါ အကြံပြုချက် ၃,၇၆၅ ချက်ကို ဆိုလိုတာပါ။
ဒီအစီရင်ခံစာ အမတ်တွေအားလုံးကို ဖြန့်ဝေခဲ့ပြီမို့ အများပြည်သူတွေလည်း သိရှိခဲ့ကြပြီးပါပြီ။ အဲဒီထဲမှာ တပ်မတော်မှအပ ကျန်နိုင်ငံရေးပါတီအားလုံးရဲ့ ဖွဲ့စည်းပုံပြင်ရေး အကြံပြုချက်တွေ ပါင်ပါတယ်။ အခု ၂၀၁၉ စက်တင်ဘာ ၁၇ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာတော့ တပ်မတော်ဘက်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်း တစ်ရပ် တင်ပြထားပြီလို့ လွှတ်တော်တွင်း ကြေညာပါတယ်။
နဂိုတုန်းက ၂၀၀၈ ဖွဲ့စည်းပုံထဲက ဘယ်အချက်တွေကို ပြင်ချင်တယ်၊ ဒါမှမဟုတ် လုံးဝမပြင်ချင်ဘူး ဆိုတာနဲ့ပတ်သက်ပြီး သတိကြီးကြီးထား နှုတ်ဆိတ်နေခဲ့တဲ့ တပ်မတော် ကိုယ်စားလှယ်တွေအနေနဲ့ ဖွဲ့စည်းပုံပြင်ရေးနဲ့ပတ်သက်ပြီး ဒါဟာ ပထမဦးဆုံးအကြိမ် တရားဝင် သဘောထားထုတ်ပြန်မှုလို့ သတ်မှတ်နိုင်ပါတယ်။ ဒီဥပဒေကြမ်း ထွက်ပေါ်လာပြီးနောက် လွှတ်တော်တွင်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး ဘယ်လိုရလဒ် ထွက်လာနိုင်မလဲဆိုတာ အကြမ်းဖျင်း မှန်းဆလို့ရနိုင်ပါပြီ။ ခုတစ်ပတ် အဲဒီအကြောင်း လေ့လာတင်ပြသွားပါ့မယ်။
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ အင်န်အယ်လ်ဒီပါတီဟာ အရင်ကတည်းက အတိအလင်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ လက်ရှိလွှတ်တော်တွင်းမှာတော့ ဖွဲ့စည်းပုံကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပုံစံ ဖြစ်လာအောင်၊ နိုင်ငံရေးမှာ တပ်မတော်က ပါဝင်နေတဲ့အခန်းကဏ္ဍကို တဖြည်းဖြည်းချင်း လျှော့ချသွားရေး အပါအဝင် အချက်ပေါင်း ၁၁၃ ချက် ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ထည့်လိုတယ်ဆိုပြီး အကြံပြုထားပါတယ်။
အင်အားကြီး ရှမ်းပါတီ တစ်ခုဖြစ်တဲ့ SNLD ကတော့ အချက်ပေါင်း ၁,၁၁၂ ချက် အကြံပြုထားပြီး ရခိုင်အမျိုးသားပါတီကတော့ ၈၅၈ ချက် အကြံပြုထားတာတွေ့ရပါတယ်။ ပြည်ခိုင်ဖြိုးပါတီကတော့ လက်တွေ့အားဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်း ၂ ခုအထိ လွှတ်တော်ထဲ တင်သွင်းခဲ့ပြီး လွှတ်တော်ဘက်ကတော့ အဲဒီဥပဒေကြမ်းတွေမှာပါတဲ့ အချက်တွေကို ၄၅ ဦး ကော်မတီရဲ့ လုပ်ငန်းစဉ်ထဲ ထည့်သွင်းဖို့ ဆုံးဖြတ်ထားခဲ့တာပါ။
ပြည်ခိုင်ဖြိုးပါတီရဲ့ ပြင်ဆင်လိုတဲ့အချက်တွေထဲမှာ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို လက်ရှိဖွဲ့စည်းပုံအရ သမ္မတက ခန့်အပ်နေရာကနေ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်လွှတ်တော်က မဲပေးရွေးချယ်သူကို သမ္မတက ခန့်ပေးရမယ့်အချက်၊ သမ္မတရဲ့လုပ်ပိုင်ခွင့်တချို့ လျှော့ချမယ့်အချက်၊ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တချို့ ကန့်သတ်မယ့်အချက် စတာတွေလောက်ပဲ ပါပါတယ်။
အခုတော့ တပ်မတော်သား ကိုယ်စားလှယ်တွေကလည်း တပ်မတော်ကိုယ်စား ၂၀၀၈ ဖွဲ့စည်းပုံထဲက ပြင်ချင်တဲ့အချက်တွေ စုစည်းပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းတစ်ခု တင်လာနေပါပြီ။ တပ်မတော်က ပြင်ချင်တဲ့အချက်က တခြားမဟုတ်ပါဘူး။ နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတအရည်အချင်း သတ်မှတ်ရာမှာပါတဲ့ ပုဒ်မ ၅၉(စ) နည်းတူ ပြည်ထောင်စုဝန်ကြီးနဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ခန့်အပ်ရာမှာလည်း အဲလို အလားတူအချက် ဖြည့်စွက်ဖို့ပါ။
ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဝန်ကြီးချုပ်တွေအတွက် အရည်အချင်းသတ်မှတ်ထားတဲ့ ပုဒ်မ ၂၃၂ နဲ့ ၂၆၁ မှာ ခုလိုစာသားကို ဖြည့်စွက်ချင်တယ်လို့ ဆိုပါတယ်။
“မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး၊ သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ဇနီး၊ သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ၊ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ” ဆိုပြီးဖြစ်ပါတယ်။
ဥပဒေကြမ်းတင်သွင်းတဲ့ လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင် ပြောတာကတော့ “ပြည်ပဝင်ရောက်စွက်ဖက်မှုနဲ့ သူလျှိုလုပ်မှုတွေ မခံရအောင် ဖွဲ့စည်းပုံကို အဲလို ပြင်ဆင်ချင်တာ” လို့ ပြောပါတယ်။
ခုလောက်ဆို အင်န်အယ်လ်ဒီပါတီ၊ တပ်မတော်၊ တိုင်းရင်းသားပါတီတွေနဲ့ ပြည်ခိုင်ဖြိုး၊ ပါတီအသီးသီးရဲ့ ဖွဲ့စည်းပုံကို ဘယ်လို၊ ဘယ်လောက်ပြင်ချင်တယ်ဆိုတဲ့ သဘောထားအားလုံးကို သိနိုင်ပါပြီ။ လက်ရှိ လွှတ်တော်ထဲမှာ အင်အားအများဆုံးလည်းဖြစ်၊ အာဏာရပါတီလည်းဖြစ်တဲ့ အင်န်အယ်လ်ဒီဟာ ဖွဲ့စည်းပုံထဲပါတဲ့ နိုင်ငံရေးမှာ တပ်မတော်ရဲ့ပါဝင်မှု အဆင့်လိုက်လျှော့ချရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆန်တဲ့ ပုံစံဖြစ်ရေး ပြင်ဆင်ဖို့ လိုလားပါတယ်။
အထူးသဖြင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ္မတ၊ ဒုသမ္မတ မဖြစ်နိုင်အောင် တားဆီးထားတဲ့ ပုဒ်မ ၅၉(စ) ပယ်ဖျက်ရေး လိုလားနေတာ ကြာခဲ့ပါပြီ။ တခါတရံ ပြည်သူတွေကလည်း ဖွဲ့စည်းပုံထဲက ပုဒ်မ ၅၉(စ) ပယ်ဖျက်ပေးရေး ဆန္ဒပြပွဲ လုပ်ကြတာတွေလည်း ရှိခဲ့ပါတယ်။ အခုဖော်ပြလိုက်တဲ့ တပ်မတော်ရဲ့ သဘောထားကတော့ ရှင်းပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် သမ္မတ၊ ဒုသမ္မတ ဖြစ်ခွင့်မပေးရုံမက သူတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ထောင်စုဝန်ကြီးအဆင့်၊ ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ် အဆင့်မျိုးလောက်ကိုတောင် ဖြစ်ခွင့်မပေးနိုင်ဘူးဆိုတဲ့ သဘောထားကို ထုတ်ပြလိုက်ခြင်းပါပဲ။
တနည်းအားဖြင့် တပ်မတော် ကိုယ်စားလှယ်တွေရဲ့ အဲဒီသဘောထားဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးဝမပြင်ချင်သေးရုံမက ပြင်မယ်ဆိုရင်တောင် ဒီထက်ပိုပြီး တင်းမာတဲ့သဘောထားပါတဲ့ အချက်အလက်တွေကို ဖြည့်စွက်ချင်သေးတယ်ဆိုတာကို ပြသလိုက်တာပဲဖြစ်ပါတယ်။
တကယ်တော့ အင်န်အယ်လ်ဒီနဲ့ တပ်မတော် သဘောထားတူညီတာမှန်သမျှ ၂၀၀၈ ဖွဲ့စည်းပုံထဲက ဘယ်အချက်ကိုမဆို ပြင်မယ်ဆို လွယ်လွယ်ကူကူ ပြင်လို့ရပါတယ်။ တဖက်ဖက်က သဘောမတူဘူးဆိုရင် ဘယ်အချက်ကိုမှ ပြင်လို့မရဘူးဆိုတဲ့ အနေအထားမျိုးပါ။
၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးနဲ့ပတ်သက်ပြီး လက်ရှိလွှတ်တော်ထဲမှာ အင်န်အယ်လ်ဒီက တစ်ဖက်၊ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပြည်ခိုင်ဖြိုးတွေက တစ်ဖက် လုပ်ထုံးလုပ်နည်းဆိုင်ရာကိစ္စ အငြင်းပွားနေကြပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံပြင်ရေး ဆောင်ရွက်နေတဲ့ ၄၅ ဦးကော်မတီလုပ်ငန်းတွေကတော့ ဆက်သွားနေဆဲ ဖြစ်ပါတယ်။ ဘယ်လိုပဲအငြင်းပွားပွား တချိန်ကျရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး ဥပဒေကြမ်းတစ်ခု လွှတ်တော်ထဲ ရောက်လာမှာ မလွဲမသွေပါပဲ။
လုပ်ထုံးလုပ်နည်းအရ အဲဒီဥပဒေကြမ်းကို လွှတ်တော်တွင်းဆွေးနွေး၊ နောက်ဆုံးအဆင့်မှာမဲခွဲ ဆုံးဖြတ်ကြရဦးမှာပဲ ဖြစ်ပါတယ်။ လက်ရှိအင်န်အယ်လ်ဒီ၊ တပ်မတော်၊ တိုင်းရင်းသားပါတီတွေနဲ့ ပြည်ခိုင်ဖြိုး အပါအဝင် ပါတီအသီးသီးရဲ့ သဘောထားတွေကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ဖွဲ့စည်းပုံကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပုံစံဖြစ်အောင်၊ တပ်မတော်ကို နိုင်ငံရေးမှာ ပါဝင်မှုကနေ တဖြည်းဖြည်း နောက်ဆုတ်သွားအောင် ပြင်ဆင်ဖို့ဆိုတာမျိုး လုံးဝမဖြစ်နိုင်သလောက် အခြေအနေရောက်နေတာ တွေ့နိုင်ပါတယ်။
ဒီအထဲကမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် ထောက်ခံပြောဆိုခဲ့ဖူးတဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို သမ္မတက ခန့်အပ်နေရာကနေ သက်ဆိုင်ရာလွှတ်တော်တွေက ရွေးချယ်သူကို ခန့်အပ်ရေးကိစ္စ တစ်ခုလောက်ပဲ တကယ်ပြင်ဆင်နိုင်မယ့် အနေအထား ရောက်လာနိုင်ကြောင်းပါ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar