၂၀၂၁၊ မတ်၂၇ရက်တွင် ကျင်းပခဲ့သော တပ်မတော်နေ့အခမ်းအနားကို တပ်ပိုင်မြဝတီရုပ်မြင်သံကြားမှ တစ်ဆင့် ထုတ်လွှင့်ပြသနေစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

တပ်မတော်အတွင်း အက်ကြောင်းများကိုလေ့လာခြင်း

၁၉၆၂ ကတည်းက တပ်မတော်အတွင်း အဖွဲ့ခွဲထွက်စရာ အလားအလားတွေ မရှိခဲ့ပါဘူး။ ဒါပေမဲ့ လက်ရှိ တပ်သားတွေ စိတ်ဓာတ်အင်အားတွေ ထိုးကျလာနေတဲ့ အခြေအနေမှာ နိုင်ငံရဲ့ အင်အားအကြီးမားဆုံးအဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်အတွင်း စည်းလုံးညီညွတ်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်ပါ့မလားဆိုတဲ့ မေးခွန်းထုတ်စရာတွေရှိနေသလို အာဏာသိမ်းလိုက်ပြီးကတည်းက တပ်မတော်ကိုစွန့်ခွာမှု တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။

ရဲမျိုးဟိန်း၊ ဖရွန်းတီးယားမြန်မာ

အမျိုးသားညီညွတ်ရေးအစိုးရ(အင်န်ယူဂျီ)ရဲ့ တပ်မတော်ကို ဆန့်ကျင်တဲ့ “ပြည်သူ့ခုခံရေးစစ်ပွဲ” ကြေညာချက်ဟာ နိုင်ငံအတွင်းလက်နက်ကိုင်ပဋိပက္ခတွေ ကြီးထွားလာလေမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာစေပါတယ်။ ဒီပဋိပက္ခကြောင့် ဒေသတွင်း အကြီးမားဆုံးစစ်တပ်တစ်ခုဖြစ်တဲ့ တပ်မတော်ကို ကွန်ရက်အချိတ်အဆက် ကောင်းကောင်းမမိသေးတဲ့ စစ်သင်တန်းမပေးထားရသေးသူတွေနဲ့ စစ်သင်တန်းဆင်းပြည်သူ့စစ်တွေက ဖက်ပြိုင်အံတုတိုက်ခိုက်တာတွေ ဖြစ်လာစေမှာပါ။ အခြေအနေကိုကြည့်ရတာကတော့ ဒီလိုတိုက်ပွဲမျိုးမှာ အတိုက်အခံတွေဘက်က အောင်ပွဲခံနိုင်မယ့်ပုံမပေါ်ပါဘူး။

ဒါပေမဲ့ တကယ်လို့တပ်မတော်အတွင်း ပြိုကွဲပျက်စီးမှုတွေရှိနေတယ်ဆိုရင်ရော ဘာဖြစ်လာမလဲ။ အာဏာသိမ်းလိုက်ပြီးကတည်းက တပ်မတော်သားတွေတပ်ပြေးမှု တဖြည်းဖြည်း မြင့်တက်လာနေတာတဲ့အချက်ကို လူတော်တော်များများက ထောက်ပြနေကြသလို တပ်မတော်သားတွေ တပ်ကိုစွန့်ခွာတဲ့အနေအထားဟာ တပ်တွင်းအုပ်စုခွဲထွက်တာမျိုးတွေ ပိုဖြစ်လာစေမယ့် အက်ကြောင်းရာအစတွေပဲလို့လည်း ပြောဆိုနေကြပါတယ်။

နိုင်ငံရဲ့ အခိုင်မာဆုံးနဲ့စည်းစနစ်အကျဆုံးအဖွဲ့အစည်းမှာ အဖွဲ့ကွဲတာတွေ ဖြစ်လာနိုင်ခြေရှိတယ်လို့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အတွေ့အကြုံရှိပညာရှင်တွေက သိပ်မတွက်ကြပါဘူး။ ဒါပေမဲ့ တပ်မတော်ဟာ အပြင်ပန်းအားဖြင့် စည်းလုံးညီညွတ်မှုရှိနေပေမဲ့လည်း သူ့ရဲ့သမိုင်းကြောင်းအရ လက်နက်ကိုင် အဖွဲ့အစည်းအတွင်း အဖွဲ့ကွဲသွားကြတဲ့ဖြစ်ရပ်တွေ ဥပမာပြစရာ အလုံအလောက်ရှိပါတယ်။ ၁၉၄၈မှာ မြန်မာနိုင်ငံလွတ်လပ်ရေးရသွားတဲ့အခါ ဖွဲ့စည်းတည်ထောင်ကာစဖြစ်တဲ့အတွက် အဖွဲ့အစည်းတစ်ခုအဖြစ် ပုံစံတကျမဖြစ်သေးတဲ့ တပ်မတော်မှာ နိုင်ငံရေးသဘောတရားအရရော တိုင်းရင်းသားလူမျိုးစုအလိုက်အရပါ အုပ်စုကွဲမှုတွေပေါ်ပေါက်ခဲ့ပါတယ်။

လွတ်လပ်ရေးရပြီး ခြောက်လအကြာမှာ အမှတ်(၁) ဗမာ့သေနတ်ကိုင်တပ်ရင်းတစ်ခုလုံးနဲ့ အမှတ် (၃) နဲ့ (၅) တပ်ရင်းက တပ်ဖွဲ့ဝင်တချို့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)ဘက်ကို ပူးပေါင်းသွားကြပါတယ်။ နောက်ခြောက်လအကြာမှာတော့ ကရင်သေနတ်ကိုင်တပ်ရင်း အမှတ် (၁) ၊(၂) နဲ့ (၃)တို့ဟာ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်းဘက် ပူးပေါင်းလိုက်ကြပါတယ်။ ဒီလို တခြားတစ်ဘက်ကို ပူးပေါင်းလိုက်တဲ့အတွက် ရေရှည်နောက်ဆက်တွဲဖြစ်ရပ်တွေ တွေ့ကြုံနေရပါတယ်။ ဗကပဟာ ၁၉၈၉မှာ ပြိုကွဲသွားပေမဲ့ အဲဒီကာလမတိုင်မီတောက်လျှောက် တပ်မတော်ကို အဓိကခြိမ်းခြောက်မှုတွေပြုလုပ်နိုင်ခဲ့သလို ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း တပ်မတော်နဲ့အခုအချိန်အထိ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်နေကြဆဲပါ။

လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ တပ်မတော်ဟာ တပ်ဖွဲ့ဝင်အင်အား ၄၂ရာခိုင်နှုန်းနဲ့ လက်နက်အင်အား ၄၅ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားခဲ့ရတယ်လို့ ဦးဘသန်းက “Roots of the Revolution” ဆိုတဲ့စာအုပ်မှာ ခန့်မှန်းကိုးကား ​​ရေးသားဖော်ပြခဲ့ပါတယ်။ တပ်ရင်းတပ်ဖွဲ့ဝင်တွေ ဘက်ပြောင်းခိုလှုံလိုက်တဲ့ အဲဒီကာလအတွင်း တပ်မတော်မှာစုစုပေါင်းအင်အား ၂,၀၀၀ကျော်လောက်ပဲ ကျန်တော့သလို “တပ်ရင်းတပ်ဖွဲ့တွေဟာ အင်အားလျော့နည်းပြီး ဟိုတစ်စု၊ ဒီတစ်စုနဲ့ ကျိုးတိုးကျဲတဲဖြစ်နေတယ်”လို့ မြန်မာပြည်ရဲ့ ခုနှစ်ယောက်မြောက် သမ္မတဒေါက်တာမောင်မောင်က “To A Soldier Son” ဆိုတဲ့စာအုပ်မှာ ပြောထားပါတယ်။

အဲဒီလို အရေးအခင်းကာလအစပိုင်းမှာ တပ်မတော်ဟာ သူ့ရဲ့အင်အားကိုပြန်လည်တည်ဆောက်ဖို့ စီမံခဲ့ပြီး ဆယ်စုနှစ်ပေါင်းများစွာအကြာမှာ သူ့ရဲ့ရန်ဘက်တွေကို အင်အားလျော့သွားစေပါတယ်။ ဒီကနေ့မှာတော့ တပ်မတော်ရဲ့ စုစုပေါင်းအင်အားဟာ သုံးသိန်းနဲ့ ၃၅၀,၀၀၀ ကြားမှာ ရှိတယ်လို့ လေ့လာသုံးသပ်သူ တော်တော်များများက ခန့်မှန်းထားကြပါတယ်။

အာဏာသိမ်းပြီးကတည်းက တပ်မတော်သား ၁,၅၀၀လောက်နဲ့ ရဲတပ်ဖွဲ့ဝင် ၅၀၀လောက် တာဝန်ကိုစွန့်ခွာလာကြတယ်လို့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု( စီဒီအမ်)မှာပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတွေကို ကူညီပေးနေတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့က မကြာသေးခင်က ထုတ်ပြန်ပါတယ်။ စက်တင်ဘာ၇ရက်မှာ ပြည်သူ့ခုခံစစ်ကို အင်န်ယူဂျီကကြေညာလိုက်ကတည်းက ပြည်သူ့ရင်ခွင်အဖွဲ့ကို တပ်တွင်းကနေဆက်သွယ်လာသူနဲ့ ပူးပေါင်းလာသူအရေအတွက် မြင့်တက်လာတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီလိုအပြောင်းအလဲတွေကြောင့် တပ်မတော်အတွင်း စည်းလုံးညီညွတ်မှု အနေအထားနဲ့တိုက်ပွဲတွေမှာ အရေးမနိမ့်ခင်မှာပဲ တပ်မတော်ပြိုကွဲသွားနိုင်တဲ့အလားအလာနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုမှုတွေ ရှိလာပါတယ်။

ဝါဒဖြန့်ခြင်းနဲ့ အယူဝါဒသွတ်သွင်းခြင်း

လွတ်လပ်ရေးရပြီးစကာလအတွင်းမှာ တပ်မတော်သားတွေ အုပ်စုခွဲထွက်ခဲ့တာကြောင့် တပ်မတော်ဟာ ပြိုလဲလုနီးပါးဖြစ်သွားခဲ့ပြီး ဒီဖြစ်ရပ်ဟာ တပ်မတော်ရဲ့သမိုင်းကြောင်းမှာ ဖျောက်ဖျက်မရတဲ့ ဒဏ်ရာ ဒဏ်ချက်အဖြစ်ကျန်ခဲ့ပါတယ်။ ဒီအတွေ့အကြုံဟာ နောက်ပိုင်းတပ်မတော်ခေါင်းဆောင်တွေကို အလားတူအဖြစ်မျိုး ဘယ်တော့မှမဖြစ်လာအောင် အားစိုက်ဆောင်ရွက်ဖို့ တွန်းအားတွေပေးခဲ့ပါတယ်။

ဝါဒဖြန့်တာနဲ့ အယူဝါဒသွတ်သွင်းတာတွေ အဆက်မပြတ်ဆောင်ရွက်ပြီး ရှိရမယ့်သဘောတရားရေးရာနဲ့ ခံယူချက်တွေကို ပုံဖော်ပေးထားတဲ့ အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်ပြီး တပ်တွင်းစည်းလုံးမှုရှိအောင် သူတို့ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီအဖွဲ့အစည်းကို စီးပွားရေးအကျိုးအမြတ်နဲ့ အခွင့်အရေးတွေရယူပြီး အားဖြည့်ထားသလို အဖွဲ့အစည်းဆိုင်ရာစံနှုန်းကနေ အနည်းငယ် သွေဖယ်တိမ်းစောင်းတာနဲ့ အညှာအတာမဲ့ ဖြိုခွင်းနှိမ်နင်းတတ်ပါတယ်။

၁၉၆၂၊ တပ်မတော်ကအာဏာသိမ်းလိုက်ပြီးတဲ့နောက်မှာ တပ်မတော်ကို နိုင်ငံအတွင်းက သီးခြားကမ္ဘာငယ်လေးတစ်ခုအဖြစ် ဖန်တီးခဲ့ပါတယ်။ သူ့မှာ ကိုယ်ပိုင်ပညာရေးနဲ့ ကျန်းမာရေးစောင့်လျှောက်မှုစနစ်နဲ့ ကွန်ရက်တွေ၊ အိမ်ရာတွေ၊ ဝန်ထမ်းသက်သာချောင်ချိရေးအစီအစဉ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ရှိပါတယ်။ ဒီကနေ့တပ်မတော်ဟာ ကိုယ်ထူကိုယ်ထပုံစံမျိုးနဲ့ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ သီးခြားလိုရပ်တည်နေပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ထိပ်ဆုံးမှာရှိနေပြီး အဖွဲ့အစည်းအတွင်း တပ်ဖွဲ့ဝင်ရာထူးအဆင့်ဆင့်ကို ပဒေသရာဇ်ခေတ်ကလိုပဲ အလွန်တင်းကျပ်စွာ ထိန်းချုပ်ထားပါတယ်။

စစ်သားတွေဟာ နိုင်ငံတော်နဲ့တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ကာကွယ်စောင့်ရှောက်သူတွေဖြစ်တယ်လို့ပြောဆိုပြီး အယူဝါဒသွတ်သွင်းတာနဲ့ ဝါဒဖြန့်တာတွေကို တပ်မတော်က အဆက်မပြတ်လုပ်ပြီး တပ်မတော်သားတွေကို အုပ်ချုပ်သူလူတန်းစားဖြစ်တယ်ဆိုတဲ့ အသိစိတ်ဓာတ်ကို ထည့်သွင်းပေးထားပါတယ်။ တပ်မတော်သားတွေဟာ အရပ်သားတွေရဲ့ အထက်မှာရှိတယ်ဆိုတဲ့ အယူဝါဒသွတ်သွင်းပေးထားသလို စစ်တပ်မရှိရင် နိုင်ငံတော်ပျက်စီးသွားလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက် တပ်မတော်သားတွေမှာရှိလာအောင်လည်း နှိုးဆွပေးထားပါတယ်။ စစ်တန်းလျားတွေရဲ့ သီးသန့်တည်ရှိနေတဲ့ သဘောသဘာဝတွေကြောင့် ဒီလိုဝါဒသွင်းပေးတာကို ပြန်လည်စောကြောဖို့ အခွင့်အလမ်းလည်း မရှိကြပါဘူး။

စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးဟာ စာသင်ကျောင်းတွေကိုပါ စစ်ဘောင်သွင်းတာတွေအထိ လုပ်လာပါတယ်။ စာသင်ကျောင်းသင်ရိုးတွေမှာလည်း စစ်ဘုရင်တွေအကြောင်း၊ ချဲ့ကားထားတဲ့ စစ်ရေးစွမ်းရည်တွေနဲ့ စစ်နိုင်ပြီး ဘုရင့်နိုင်ငံတော်တွေ တည်ဆောက်ကြတဲ့ အကြောင်းတွေ အဓိက နေရာယူလာပါတယ်။ သတင်းမီဒီယာ အမျိုးမျိုးကနေတဆင့်လည်း မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ပါဝင်မှုအခန်းကဏ္ဍကို မြှင့်တင်ခဲ့ပါတယ်။

တပ်မတော်ရဲ့အောင်မြင်မှုတွေကို ဝါဒဖြန့်တဲ့အနေနဲ့ ငွေအကုန်အကျအများကြီးသုံးပြီး ရိုက်ကူးတင်ဆက်တဲ့ စစ်ကားတွေကို တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြားကနေ တပ်မတော်နေ့တိုင်း ထုတ်လွှင့်ပြသပါတယ်။ ဒီဝါဒဖြန့်တဲ့ အစီအစဉ်တွေမှာ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်”၊ “တပ်မတော်သာလျှင်အမိ၊ တပ်မတော်သာလျှင်အဖ” စတဲ့ ဆောင်ပုဒ်တွေလည်း ပါဝင်ပါတယ်။ ကျယ်ပြောလှတဲ့ လူ့အဖွဲ့အစည်းထဲ ဒီလိုဝါဒဖြန့်တာတွေရဲ့ သက်ရောက်မှုက သိပ်မရှိလှပေမဲ့ သီးခြားလိုဖြစ်တည်နေတဲ့ စစ်တပ်အသိုင်းအဝိုင်းလေးမှာတော့ သိသာတဲ့သက်ရောက်မှု ရှိပါတယ်။

အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုကို စီးပွားရေးဆိုင်ရာ အကျိုးစီးပွားတွေနဲ့လည်း ခိုင်ခံ့အောင် ကျားကန် ပေးထားပါတယ်။ တပ်မတော်ဟာ ၁၉၅၀ပြည့်လွန်နှစ်တွေကတည်းက နိုင်ငံပိုင်အတွင်း အကောင်းဆုံးစီးပွားရေးကဏ္ဍတွေကို နှစ်ပေါင်းများစွာ တစ်ဦးလက်ဝါးကြီးအုပ်ချုပ်ကိုင်ရာကနေ ရရှိထားတဲ့အရင်းအမြစ်တွေကို အသုံးချပြီး အချင်းချင်းလက်သင့်ရာသူကောင်းပြုတဲ့ကွန်ရက်ကိုတည်ဆောက်ထားပါတယ်။

တပ်မတော်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့မိသားစုတွေဟာ တပ်မတော်ရဲ့နှစ်ပေါင်းများစွာ အုပ်စိုးစုဆောင်းထားတဲ့ ဓနအင်အားနဲ့ ပိုင်ဆိုင်မှုတွေကိုသုံးပြီး သူတို့ကို အားပြိုင်အာခံလာနိုင်သူတွေကို သူတို့တည်ဆောက်ထားတဲ့ ကွန်ရက်ထဲ ဆွဲထည့်လေ့ရှိပါတယ်။ ဒီလိုလုပ်ထားတဲ့အတွက် ထိပ်ပိုင်းခေါင်းဆောင်ရဲ့ ဘယ်လိုပြိုင်ဘက်မျိုး ဖြစ်နေပါစေ နှုတ်ဆိတ်သွားပါတယ်။ ဒါပေမဲ့ ဒီလိုအကျိုးအမြတ်တွေ၊ အကျိုးခံစားခွင့်တွေကို ခွဲဝေပေး တာမျိုးကတော့ အောက်ခြေအဆင့်အထိတော့ ရောက်လေ့မရှိပါဘူး။ အောက်ခြေအဆင့်က စစ်သည်၊ စစ်သားတွေကတော့ ဆင်းတောင့်ဆင်းရဲအခြေအနေမျိုးမှာပဲ လုပ်ကိုင်ရှင်သန်နေကြရရှာပါတယ်။

ဒီလိုကွန်ရက်တွေဟာ အာဏာသိမ်းပြီးကတည်းက ပြန်လည်လှုပ်ရှားလာပါတယ်။ စစ်ဗိုလ်ချုပ်တွေရဲ့ မိသားစုဝင်တွေနဲ့ အပေါင်းအပါတွေဟာ ဒီကာလကိုအခွင့်အလမ်းတရပ်အဖြစ် အသုံးချပြီး သူတို့ရဲ့ လုပ်ငန်းအင်ပါယာနဲ့ စီးပွားရေးဆိုင်ရာအကျိုးစီးပွားတွေကို ချဲ့ထွင်လာကြတယ်လို့ စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းက အတွင်းသိတွေက ပြောပါတယ်။

အဲဒီအချိန်တုန်းကဆိုရင် စစ်တပ်ရဲ့တတိယအမြင့်ဆုံးထိပ်တန်းခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ စစ်တပ်ရဲ့အချက်အချာကျ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သူဦးဆောင်တဲ့ တပ်မတော်ထောက်လှမ်းရေးအဖွဲ့ဟာ အလွန်အမင်းသြဇာကြီးထွားလာပြီး ၁၉၈၈အရေးအခင်းအပြီးမှာ တပ်မတော်နဲ့ပြိုင်ဘက် သီးခြားအဖွဲ့အစည်းတစ်ခုအဖြစ် တဖြည်းဖြည်းပြောင်းလဲလာပါတယ်။ စစ်တပ်ရဲ့ခေါင်းဆောင်တွေဟာ ထောက်လှမ်းရေးအဖွဲ့ရဲ့ အင်အားကြီးထွားလာတာကို တပ်မတော်ရဲ့ အဖွဲ့အစည်းအတွင်း ညီညွတ်မှုကို အန္တရာယ်ဖြစ်လာစေနိုင်တယ်လို မြင်လာကြတဲ့အတွက် နိုင်ငံရဲ့ အင်အားအကြီးမားဆုံးထောက်လှမ်းရေးအဖွဲ့ တစ်ဖွဲ့လုံးကို ရှင်းထုတ်လိုက်ကြပါတယ်။

ဒါပေမဲ့ တပ်တွင်းသဘောထားကွဲလွဲတာမျိုးတွေ မဖြစ်အောင် အမျိုးမျိုးကြိုးပမ်းခဲ့ပေမဲ့လည်း လက်ရှိမှာ တပ်ဖွဲ့ဝင်တွေ တပ်မတော်ကနေထွက်ပြီး တခြားတစ်ဖက်မှာ ပူးပေါင်းလိုက်တာတွေ ဆက်ပြီး ရှိနေပါသေးတယ်။

ထင်မြင်ချက်တွေကို ပြောင်းပြန်ဖြစ်သွားစေခြင်း

၁၉၈၈ အရေးအခင်းနဲ့ ၂၀၀၇​​ရွှေဝါရောင်တော်လှန်ရေး ပေါ်ပေါက်နေစဉ်အချိန်တွေမှာ ဆန္ဒပြသူတွေ သေကြေဒဏ်ရာရတာမျိုးတွေရှိနေတာကြောင့် တပ်မတော်တွင်းကနေ စစ်သားတွေထွက်ခွာလာပြီး ပြည်သူတွေနဲ့ပူးပေါင်းလိမ့်မယ်လို့ တချို့ကမျှော်လင့်ခဲ့ကြပါတယ်။ တပ်ကထွက်ပြေးသူနဲ့ ပြည်သူဘက် ပူးပေါင်းသူတချို့ အမှန်တကယ်ရှိခဲ့ပေမဲ့ အဲဒီဖြစ်ရပ်တွေကြောင့် တပ်တွင်းအကွဲအပြဲ ကြီးကြီးမားမား မဖြစ်ခဲ့ပါဘူး။

ဒါပေမဲ့ အခုချိန်မှာတော့ ခေတ်ကာလက ပြောင်းသွားပါပြီ။ မျိုးဆက်သစ် တပ်မတော်အရာရှိတွေဟာ သူတို့ရှေ့က စီနီယာအရာရှိတွေထက်စာရင် ပိုမိုပွင့်လင်းလွတ်လပ်ပြီး ချိတ်ဆက်,ဆက်သွယ်မှုတွေရှိတဲ့ပတ်ဝန်းကျင်နဲ့ ပိုမိုထိတွေ့မှုရှိကြတယ်လို့ သြစတြေးလျပညာရှင် မြန်မာ့အရေးကျွမ်းကျင်သူ Andrew Selth ကရေးထားပါတယ်။

“သူတို့တွေဟာ စောဒကမတက်ဘဲ ခိုင်းသမျှလုပ်မယ့်အဆင်သင့်ရှိနေကြတဲ့ စိတ်ခံစားမှုလူတွေလို့ထင်ရင် မှားသွားပါလိမ့်မယ်”လို့ Selth က ဆိုပါတယ်။

ဖေဖော်ဝါရီမှာ အာဏာသိမ်းခံလိုက်ရပြီးကတည်းက စစ်တပ်တာဝန်ထမ်းဆောင်မှုကို စွန့်ခွာသွားတဲ့ တပ်မတော်သားပမာဏဟာ တပ်မတော်ရဲ့လုပ်ငန်းလည်ပတ်မှုကို ထိခိုက်စေလောက်အောင် မများသေးပါဘူး။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတော့ ရှိနိုင်ပါတယ်။

စစ်သားအများစုဟာ သူတို့ အသက်ပေးကာကွယ်မယ်လို့ သစ္စာပြုထားတဲ့ ပြည်သူတွေကို ရက်ရက်စက်စက် နှိမ်နှင်းနေတာကြောင့် စိတ်ဓာတ်ကျနေကြတယ်လို့ စီဒီအမ်လုပ်နေတဲ့ တပ်မတော်အရာရှိတချို့က ပြောပါတယ်။ အခုလက်ရှိအခြေအနေမှာ စစ်သားတွေဟာ အာဏာသိမ်းတာကို တခြားအဆင့်တွေရဲ့ကောင်းကျိုးအတွက်မပါဘဲ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေရဲ့ ကိုယ်ကျိုးအတွက်မလိုအပ်ဘဲ လုပ်ခဲ့တာလို့မြင်ကောင်းမြင်နိုင်ပါတယ်။

တကယ်လို့ တပ်မတော်သားတွေ တပ်ကိုစွန့်ခွာမှုနှုန်းထားဟာ အခုအတိုင်း ဆက်သွားနေမယ်ဆိုရင် တပ်တွင်းမှာအကွဲအပြဲတွေ ဖြစ်လာနိုင်ဖွယ်ရာရှိတယ်လို့ တပ်မတော်ကို စွန့်ခွာခဲ့တဲ့အရာရှိတွေက အခိုင်အမာယူဆထားပါတယ်။

တပ်ကထွက်ပြေးတာနဲ့ ပြည်သူဘက်ပူးပေါင်းတဲ့ တပ်မတော်သားအရေအတွက်ဟာ တပ်မတော်ရဲ့ အင်အား၃ရာခိုင်နှုန်းအထိရှိနေပြီး နောက်ထပ် သုညဒသမ၄ရာခိုင်နှုန်းလောက်သာ ထပ်ပြီးထွက်ပြေးလာကြမယ်ဆိုရင် “ဒိုမီနိုသက်ရောက်မှုအရ စစ်တပ်ရဲ့ ဖွဲ့စည်းပုံပြိုလဲသွားတဲ့အထိ ဖြစ်လာစေနိုင်ပါတယ်”လို့ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အင်န်ယူဂျီရဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောထားပါတယ်။ တပ်ရဲ့ လက်ရှိခန့်မှန်းအင်အားနဲ့ဆိုရင် ၃ရာခိုင်နှုန်းဆိုတာ စစ်သားဦးရေ ၁၀,၀၀၀ လောက်ရှိတယ်လို့ ဆိုလိုရာရောက်ပါတယ်။ ဒီအရေအတွက်ဟာ ဘယ်လောက်မှန်တယ်ဆိုတာမသိနိုင်ပေမဲ့လည်း စစ်တပ်ကနေ ၃ဒသမ၄ရာခိုင်နှုန်းလောက် ထွက်ပြေးရင် စစ်တပ်ကြီးတခုလုံးပြိုလဲသွားမယ်ဆိုတဲ့ သီအိုရီတော့မရှိပါဘူး။

ပြည်တွင်းသတင်းတွေကို ကြည့်လိုက်ရင် တစ်နေ့ကို တပ်မတော်သားငါးဦးကနေ ၁၀ဦးအထိ တပ်ကထွက်ပြေးနေပြီး တပ်ပြေးနှုန်းထားဟာသတင်းတွေမှာ ဖော်ပြနေတာထက်ပိုများတယ်လို့ ခိုင်မာတဲ့သတင်းရင်းမြစ်တွေက စာရေးသူကိုပြောကြပါတယ်။ ဒါပေမဲ့ အထူးသဖြင့် ထိပ်တန်းအရာရှိတွေဘက်ပြောင်းဖို့ မဆုံးဖြတ်ကြဘူးဆိုရင် အခုရှိနေတဲ့ တပ်ပြေးနှုန်းထားကြောင့် တပ်တွင်းအုပ်စုကွဲမှုကြီး ဖြစ်လာနိုင်မယ်လို့ ယတိပြတ်ပြောဖို့ခက်ပါတယ်။ အခြေအနေတွေ အပြောင်းအလဲမရှိလာဘူးဆိုရင် တပ်တွင်းအကွဲအပြဲ ကြီးကြီးမားမားဖြစ်လာဖို့ ဝေးနေပါသေးတယ်။

ဒါပေမဲ့ တခြားအဆင့်တပ်မတော်သားတွေရဲ့ နှလုံးသား၊ စိတ်ဓာတ်ကို စွဲဆောင်စည်းရုံးတဲ့တိုက်ပွဲတွေတော့ စတင်နေပါပြီ။ တပ်မတော်တွင်း တာဝန်စွန့်ခွာမှု အမြောက်အမြားဖြစ်လာစေဖို့ အင်န်ယူဂျီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်(ပီဒီအက်ဖ်)တွေဟာ ဝါဒဖြန့်ချိရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတိုက်ပွဲတွေကို နိုင်ငံအနှံ့မှာ မကြာသေးခင်က စတင်ခဲ့ကြပါတယ်။

စစ်တပ်ကနေ လက်နက်အပြည့်အစုံနဲ့ထွက်လာပြီး လာရောက်ပူးပေါင်းသူတွေကို ဆုငွေကျပ်သိန်း၅၀ပေးမယ်လို့ သြဂုတ်၁၀ရက်မှာ မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြေညာခဲ့ပြီး ဒီကမ်းလှမ်းချက်ဟာ ဆိုးရွားတဲ့ အခြေအနေမျိုးနဲ့ နေထိုင်လှုပ်ရှားနေရတဲ့ စစ်သားတွေထဲက တချို့တွေအတွက် အလုပ်ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်ရဲ့စနစ်တကျတည်ဆောက်ထားတဲ့ ဝါဒဖြန့်ယန္တရားကိုတုံ့ပြန်ဖို့အတွက် စနစ်ပိုကျပြီး ပိုအားရစရာဖြစ်စေမယ့် ဝါဒဖြန့်ခြင်းနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတွေဖြစ်ဖို့ လိုပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့ တောင်းဆိုနေပေမဲ့လည်း စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဆွဲဆောင်နိုင်လောက်အောင် ခိုင်မာတဲ့ သဘောတရားရေးရာ အခြေခံအုတ်မြစ် မရှိသေးပါဘူး။ စစ်တပ်ကတော့ “စစ်သားတွေဟာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သူတွေ ဖြစ်တယ်”ဆိုတဲ့ အယူဝါဒကို တပ်သားတွေရဲ့ခေါင်းထဲ ကျကျနန ရိုက်သွင်းထားပြီးပါပြီ။ တစ်ဘက်က ဒီအတွေးအမြင်ကို အားပြိုင်နိုင်တဲ့ သဘောတရား ခိုင်ခိုင်မာမာကို မပြနိုင်ဘူးဆိုရင် အောက်ခြေအဆင့် စစ်သည်တွေအနေနဲ့ ဘက်ပြောင်းလာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အင်န်ယူဂျီက အားပြိုင်မှုအနေနဲ့ ပရော်ဖက်ရှင်နယ်တပ်မတော်ဆိုတဲ့သဘောတရားကို ထူထောင်သင့်ပြီး ပရော်ဖက်ရှင်နယ်စစ်သည်တစ်ဦးဟာ လက်ရှိတပ်မတော်ထဲမှာမရနိုင်တဲ့ လူ့ဂုဏ်သိက္ခာတွေ၊ ပရော်ဖက်ရှင်နယ်အခွင့်အရေးတွေနဲ့ ထိုက်သင့်တဲ့လူနေမှု အဆင့်အတန်းတွေကို ရရှိရပါမယ်လို့ အာမခံတဲ့ မဟာဗျူဟာတစ်ရပ် ဖော်ဆောင်ဖို့လိုအပ်ပါတယ်။

အရာရှိတွေနဲ့ တခြားအဆင့်တပ်ဖွဲ့ဝင်တွေ သူတို့သစ္စာခံထားတဲ့ဘက်ကနေ တခြားတစ်ဘက်ကို ဘက်ပြောင်းလာစေဖို့ အရေးပါတဲ့အချက်နောက်တစ်ချက်ကတော့ ခေါင်းဆောင်မှုပါပဲ။ တပ်မတော်သားတွေဟာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ခေါင်းဆောင်တွေအောက်မှာ တာဝန်ထမ်းဆောင်ရတာ ကျင့်သားရနေပြီဖြစ်တဲ့အတွက် သြဇာညောင်းတဲ့ ဒါမှမဟုတ် အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်မှု မရှိတဲ့အနေအထားမျိုးနဲ့ ဒီမိုကရေစီထောက်ခံရေးလှုပ်ရှားမှုကို ပူးပေါင်းချင်စိတ်ရှိမှာမဟုတ်ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)ရဲ့ ခေါင်းဆောင်အများစုကို စစ်တပ်က ထိန်းသိမ်းထားတဲ့အတွက် ထိပ်ပိုင်းခေါင်းဆောင်မှု ကင်းမဲ့သလိုဖြစ်နေပါတယ်။ အင်န်ယူဂျီမှာရှိတဲ့ လူငယ်မျိုးဆက်သစ် တက်ကြွလှုပ်ရှားသူတွေဟာလည်း လူသစ်တွေဖြစ်နေပါတယ်။ ဒီလိုအခြေအနေမှာ ခိုင်မာအားကောင်းတဲ့ ခေါင်းဆောင်မှုမရှိဘူးလို့ မြင်နေကြတဲ့အချက်ဟာ တပ်မတော်သားတွေ တပ်ကထွက်လာပြီး ပြည်သူဘက်ပိုပူးပေါင်းချင်လာအောင် အားပေးတိုက်တွန်းဖို့အတွက် အဓိကအတားအဆီးတစ်ခု ဖြစ်နေနိုင်ပါတယ်။

ဒါပေမဲ့ အင်န်ယူဂျီက သူ့ရဲ့ပဋိညာဉ်စာတမ်းမှာ ဖော်ပြထားသလိုဒီမိုကရေစီစနစ်လိုလားပြီး ဖက်ဒရယ်စနစ်လည်း ထောက်ခံတဲ့ ခေါင်းဆောင်တွေရဲ့စုပေါင်းခေါင်းဆောင်မှုမျိုးသာ ရှိလာနိုင်မယ်ဆိုရင် အပြောင်းအလဲ သိသိသာသာဖြစ်လာနိုင်ခြေ ရှိပါတယ်။ နိုင်ငံရေးအရတရားဝင်မှုအားကောင်းတဲ့ အင်န်ယူဂျီအစိုးရနဲ့ တိုက်ပွဲတွေနဲ့ ကျင့်သားရနေပြီဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြား အခိုင်အမာပူးပေါင်းထားနိုင်တယ်ဆိုရင် နိုင်ငံရေးနဲ့ စစ်ရေးအရ အရည်အသွေးပြည့်ဝတဲ့ ခေါင်းဆောင်မှုမျိုး ပေါ်ထွက်လာနိုင်သလို တပ်မတော်သားတွေအတွက်လည်း စွဲဆောင်မှုဖြစ်လာနိုင်ပါတယ်။

တပ်မတော်သားအများအပြား ဘက်ပြောင်းလာစေဖို့ နောက်ဆုံးလိုအပ်ချက်ကတော့ တပ်မတော်သားတွေ အထူးသဖြင့် ထိပ်တန်းအရာရှိကြီးတွေစိတ်ပူနေတဲ့ သူတို့ရဲ့မိသားစုနဲ့ သူတို့ရဲ့လုံခြုံဘေးကင်းရေးပါပဲ။ အကြောက်တရားကြီးစိုးတဲ့ အနေအထားမှာ နေထိုင်နေရတဲ့အတွက် ပြည်သူဘက်ကူးပြောင်းလာသူ စစ်သားအရေအတွက် များလာတယ်ဆိုရင်တောင်မှ အောက်ခြေအဆင့်စစ်သားတွေအနေနဲ့ တစ်စုတစ်စည်းတည်း တပ်ကထွက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

စစ်အစိုးရဟာ ဆန္ဒပြသူတွေနဲ့တက်ကြွလှုပ်ရှားသူတွေကို ရှာမတွေ့ဘူးဆိုရင် သူတို့ရဲ့မိသားစုဝင် တွေကို ဖမ်းဆီးသွားတာမျိုးတွေ လုပ်တာကြောင့် တပ်ထဲကထွက်ပြေးပြီး ဘက်ပြောင်းသူတွေရဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးတွေလည်း အလားတူအဖြစ်မျိုးကြုံတွေ့ရနိုင်ပါတယ်။ တပ်ပြေးတွေကို ဖမ်းမိပြီဆိုရင်လည်း သေဒဏ်ချမှတ်နိုင်ပြီး ပြစ်ဒဏ်လျှော့ပေါ့ပေးမယ်ဆိုရင်တောင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံရနိုင်ပါတယ်။

“သူတို့ကလူတွေကို စက်ရုပ်တွေလို ပြောင်းလဲပစ်ချင်တယ်”

တပ်မတော်က သူ့ရဲ့တပ်ဖွဲ့ဝင်တွေအပေါ် ကျင့်သုံးတဲ့အထက်အရာရှိကနေ အဆင့်ဆင့်ထိန်းချုပ်ထားတဲ့ စနစ်ကြောင့် တပ်မတော်သားတွေ ပြည်သူဘက်ပူးပေါင်းဖို့၊ တပ်ထဲကထွက်ပြေးဖို့ရာ အခက်အခဲဖြစ်နေရတာပါ။ စစ်သားတွေဟာ စစ်တပ်ဝင်းထဲမှာပဲနေကြရပြီး အထက်အရာရှိကခွင့်ပြုမှသာ တပ်ပြင်ထွက်ခွင့်ရတာလို့ ဂျာမန်သတင်းဌာန Deutsche Welle ကို တပ်ကနေစွန့်ခွာလာတဲ့ စစ်သားတွေက ပြောပါတယ်။ တပ်မတော်ဟာ စစ်သားတွေနဲ့သူတို့ရဲ့ မိသားစုဝင်တွေကို “ဘယ်လို ဝတ်ဆင်ရမယ်၊ ဘယ်လိုပြောဆိုနေထိုင်ရမယ်၊ အိမ်ကို ဘယ်လိုသပ်ရပ်အောင်ထားရမယ်”စတဲ့ အသေးစိတ်အချက်တွေကိုလည်း သတ်မှတ်ပေးထားတယ်လို့ စီဒီအမ် ဝင်ထားတဲ့တပ်မတော်သားတစ်ဦးကို ကိုးကားပြီး ဂျာမန်သတင်းထောက်က မေလအတွင်း ရေးသားဖော်ပြခဲ့ပါတယ်။

“သူတို့က လူတွေကို ကိုယ်တိုင် ဘာမှမတွေးခေါ်တတ်တဲ့စက်ရုပ်တွေလို ဖြစ်စေချင်နေတာ”လို့ စီဒီအမ်ဝင်ထားတဲ့ တပ်မတော်သားနောက်တစ်ဦးကလည်း ပြောပါတယ်။

စီဒီအမ်ဝင်တဲ့ တပ်မတော်သား၊ ရဲတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အကူအညီပေးဖို့လုပ်ပေးနိုင်တဲ့ အနေအထားက အကန့်အသတ်ရှိနေတာကြောင့် အင်န်ယူဂျီဟာ သူတို့ကိုထောက်ပံ့ပေးဖို့နဲ့ ဘေးကင်းလုံခြုံရေးအတွက် အာမခံအပြည့်အဝပေးဖို့ မတတ်နိုင်သေးပါဘူး။ ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ နေရာတွေဟာ ပြည်မဘက်ကတက်ကြွလှုပ်ရှားသူတွေအတွက် လွတ်မြောက် နယ်မြေအဖြစ် ခိုလှုံရာနေရာတွေ ဖြစ်နေပေမဲ့လည်း တပ်မတော်သားအများစုဟာ သူတို့တိုက်ပွဲတွေ ဆင်နွှဲခဲ့ဖူးတဲ့သူတွေရဲ့နေရာမှာ သွားရောက်ခိုလှုံနေထိုင်ဖို့အတွက် စိတ်ကသိကအောက် ဖြစ်နေကြပါတယ်။ 

ပြည်တွင်းစစ်မီး အရှိန်ညီးညီးတောက်လောင်တာမျိုးမဖြစ်သေးတဲ့ ဒီလိုအခြေအနေမှာ တပ်မတော်အတွင်းက အကွဲအပြဲ ကြီးကြီးမားမားဖြစ်လာဖို့ဆိုတာတန်ခိုးရှင်ဖန်ဆင်းမှ ဖြစ်နိုင်မယ့်အနေအထားမျိုးပါ။

ဒီလိုလက်တွေ့အခြေအနေမျိုးတွေရှိနေပေမဲ့လည်း အာဏာသိမ်းလိုက်ပြီးကတည်းက တပ်မတော်သားအများစုဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာသိသိသာသာ ကျဆင်းနေတယ်ဆိုတဲ့အချက်ကိုတော့ လက်ခံရမှာပါပဲ။ ဒါကြောင့်လည်း တပ်မတော်ကိုစွန့်ခွာတဲ့ တပ်သားအရေအတွက်ဟာ မြင့်တက်လာပြီး “နှစ်ပေါင်း ၆၀အတွင်း စံချိန်တင် အရေအတွက်ပဲ”လို့လည်း လေ့လာသူတွေက ဆိုနေကြပါတယ်။

ဒီကိစ္စကို စစ်အစိုးရကိုယ်တိုင်လည်း သတိထားပြီး ဂရုတစိုက်ဆောင်ရွက်နေပါတယ်။ တပ်မတော်သား အမြောက်အမြား တပ်ကထွက်သွားမှာစိုးရိမ်တဲ့အတွက် စစ်သည်တွေရဲ့သစ္စာစောင့်သိမှုမှာ အပြောင်းအလဲဖြစ်သွားမှာမျိုး မဖြစ်ရလေအောင် တပ်တွင်းဝါဒဖြန့်တဲ့ လှုပ်ရှားမှုတွေကို တိုးမြှင့်ဆောင်ရွက်နေရသလို တပ်ပြေးတွေနဲ့ စီဒီအမ်ဝင်သွားတဲ့ တပ်မတော်သားတွေကို လိုက်ဖမ်းတာတွေကိုလည်း အရှိန်မြှင့်ဆောင်ရွက်နေပါတယ်။

ဒီတော့တပ်ပြေးတွေနဲ့ စီဒီအမ်ဝင်တဲ့ စစ်သားအများအပြားရှိလာနိုင်ခြေကို မဖြစ်နိုင်ဘူးဆိုပြီး ငြင်းပယ်လို့တော့ မရပါဘူး။ ဒါပေမဲ့ ဒီမိုကရေစီပြန်လည်ရရှိရေး တိုက်ပွဲဝင်နေသူတွေအနေနဲ့ ပိုကောင်းတဲ့အခြေအနေကို ဖန်တီးပေးနိုင်မှသာ ဒီအခြေအနေက တကယ်ဖြစ်လာနိုင်မှာပါ။ အာဏာသိမ်းလိုက်တာဟာ ပန်ဒိုရာသေတ္တာကို ဖွင့်လိုက်တာပါပဲ။ ဒီတော့ ခုလိုမတည်မငြိမ်နဲ့ အကဲဆတ်တဲ့အနေအထားမှာ ဘာမဆိုဖြစ်လာနိုင်ပါတယ်။

ဆောင်းပါရှင် ရဲမျိုးဟိန်းသည် အမေရိကန်ပြည်ထောင်စု Woodrow Wilson Center for International Scholars ၏ Asia Program အစီအစဉ်မှ သုတေသီတစ်ဦးဖြစ်သည်။ သုံးသပ်ချက်များသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar