အင်န်အယ်လ်ဒီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး အလုပ်ဖြစ်မှာလား

တပ်မတော်ခေါင်းဆောင်တွေဘက်က သဘောမတူမှာ သေချာသလောက်ဖြစ်ပြီး အင်န်အယ်လ်ဒီပါတီရဲ့ ဖွဲ့စည်းပုံပြင်နိုင်ရေးလည်း အောင်မြင်မှုမရနိုင်ပေမဲ့ ရွေးကောက်ပွဲကတိကဝတ်ကို မပျက်မကွက် အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ “ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ တစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီးအဆို” ကို မဲခွဲပြီး အတည်ပြုခဲ့ပါတယ်။

ဖွဲ့စည်းပုံပြင်ရေး အင်န်အယ်လ်ဒီရဲ့ ပထမဦးဆုံး ခြေလှမ်းဖြစ်တဲ့ လွှတ်တော်တွင်း ပူးပေါင်းကော်မတီ တစ်ရပ်ဖွဲ့မယ့် အဲဒီအဆိုတင်တဲ့ ဇန်နဝါရီ ၂၉ ရက်ကတည်းက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခဲ့ကြတာပါ။ ဖွဲ့စည်းပုံပြင်ဖို့ ကန့်ကွက်တာမဟုတ်၊ ဖွဲ့စည်းပုံပြင်ရေး လုပ်ထုံးလုပ်နည်းမမှန်လို့ ကန့်ကွက်ရတာဆိုပြီး တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောထားပါတယ်။

လွှတ်တော်ထဲက တပ်မတော်သားအမတ်တွေက အဆိုကို ဆွေးနွေး၊ မဆွေးနွေး မဲခွဲဆုံးဖြတ်ခြင်းမပြုဖို့ မတ်တပ်ရပ် ကန့်ကွက်ခဲ့တာဖြစ်ပြီး တကယ်တန်း မဲခွဲတဲ့အခါမှာလည်း မဲမပေးဘဲ နေခဲ့ကြပါတယ်။ ဒါတင်မက အဆိုကို ဆွေးနွေးတဲ့ရက်မှာလည်း လုံးဝမပါဝင်၊ သပိတ်မှောက်ထားပြီး အဲဒီအဆိုကို လွှတ်တော်တွင်း ဆွေးနွေးခွင့်ပြုတဲ့ကိစ္စ လုပ်ထုံးလုပ်နည်းနဲ့မညီဘူးဆိုပြီး လွှတ်တော်နာယကဆီကိုလည်း စာတင်ကန့်ကွက်ခဲ့ပါသေးတယ်။

တပ်မတော်ဘက်က ဘယ်လိုပဲ ကန့်ကွက်ခဲ့သည်ဖြစ်စေ၊ လွှတ်တော်ကတော့ ဖွဲ့စည်းပုံပြင်နိုင်ရေး ပူးပေါင်းကော်မတီ တစ်ရပ်ဖွဲ့ဖို့ ဆုံးဖြတ်ခဲ့ပြီးပါပြီ။ ကော်မတီကို လက်ရှိ လွှတ်တော်ဒုတိယနာယက တာဝန်ယူထားတဲ့ အင်န်အယ်လ်ဒီပါတီ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဦးထွန်းထွန်းဟိန်က ဦးဆောင်ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲ အနိုင်ရတာ သုံးနှစ်ကျော် ကြာပြီးတဲ့နောက် ရွေးကောက်ပွဲ မဲဆွယ်ကာလ ပြည်သူတွေကို ကတိပေးထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ အင်န်အယ်လ်ဒီ စပြီး ကိုင်တွယ်ပါတော့မယ်။ ဖွဲ့စည်းပုံပြင်ရေး ရှေ့မှာ ဘယ်လိုအခက်အခဲတွေ ရှိနိုင်မလဲ၊ ဖွဲ့စည်းပုံပြင်ရေး အောင်မြင်မှုရနိုင်ပါ့မလားဆိုတာ လေ့လာသုံးသပ်ကြည့်ပါမယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကနေ အရပ်သားအုပ်ချုပ်ရေးဘက် လွဲှပြောင်းပေးခဲ့တဲ့ ၂၀၁၁ နောက်ပိုင်း လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ရေး ကြိုးစားတာ ဒါ ပထမဦးဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ်ကာလ ပြင်ဖို့ကြိုးစားခဲ့ပါသေးတယ်။

လွှတ်တော်တွင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင်ဆိုတာကိုဖွဲ့၊ အဲဒီနောက် ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်း တစ်ရပ် ပေါ်ပေါက်လာရေး ကော်မတီထပ်ဖွဲ့ပြီးမှ ပြင်ဆင်မယ့် ဥပဒေကြမ်း လွှတ်တော်ထဲကိုတင်၊ ဆွေးနွေး၊ နောက်ဆုံး မဲခွဲဆုံးဖြတ်ခဲ့ကြတာမျိုးပါ။ အဲဒီအချိန်တုန်းက ပြင်ဖို့ ကြိုးစားတာတွေကတော့ အာဏာရ ပြည်ခိုင်ဖြိုးပါတီ ယာယီဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း သမ္မတ ဖြစ်လာနိုင်ရေး လမ်းပွင့်သွားစေမယ့်၊ တပ်မတော်ဟာ ပြည်ခိုင်ဖြိုးပါတီကို နာခံရတဲ့ အခြေအနေ ဆိုက်ရောက်သွားစေမယ့် အချက်တချို့ကို အဓိကပြင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံး မဲခွဲတဲ့အခါ တပ်မတော်သားကိုယ်စားလှယ်တွေ ကန့်ကွက်တော့ အောင်မြင်မှုမရခဲ့သလို၊ နောက်ပိုင်း သူရဦးရွှေမန်းကိုယ်တိုင် ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်အဖြစ်ကနေ အတင်းအကြပ် ဖယ်ရှားတာ ခံခဲ့ရပါတယ်။

အခု အင်န်အယ်လ်ဒီက ဖွဲ့စည်းပုံပြင်ဖို့လုပ်တဲ့ လုပ်ငန်းစဉ် အရင်လွှတ်တော်အကြီးအကဲဟောင်း သူရဦးရွှေမန်း လုပ်ခဲ့တဲ့ပုံစံအတိုင်းပါပဲ။ ပထမအဆင့် ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ထဲက အင်အားစုအားလုံး ပါဝင်မယ့် ပူးပေါင်းကော်မတီ တစ်ရပ်ဖွဲ့ပါမယ်။ လွှတ်တော်ထဲမှာ အင်န်အယ်လ်ဒီက အများစုမို့ ပူးပေါင်းကော်မတီဖွဲ့ရာမှာလည်း အင်န်အယ်လ်ဒီက အများစုနဲ့ လွှမ်းမိုးထားမှာကတော့ အသေအချာပါပဲ။ တပ်မတော်နဲ့ တခြားတိုင်းရင်းသားပါတီတွေ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေကတော့ အနည်းစု ဖြစ်နေပါလိမ့်မယ်။

ဒီနေရာမှာ မေးစရာမေးခွန်းတစ်ခုက အဲဒီပူးပေါင်းကော်မတီထဲကို တပ်မတော်သား ကိုယ်စားလှယ်တွေ ပါဝင်မလား၊ မပါဝင်ဘူးလားဆိုတာပါ။ တကယ်လို့ တပ်မတော်သား ကိုယ်စားလှယ်တွေ မပါဝင်ဘူး၊ ငြင်းဆန်လိုက်မယ်ဆိုရင်တော့ ဖွဲ့စည်းပုံပြင်ရေး အောင်မြင်မှုရမှာ မဟုတ်ဘူးဆိုတာ စောစောစီးစီး အဖြေထွက်သွားပါလိမ့်မယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေ ပါဝင်မယ်ဆိုရင်တော့ လုပ်ငန်းစဉ်ဟာ ရှေ့ဆက်သွားနိုင်မှာဖြစ်ပါတယ်။

တကယ်လို့ ပူးပေါင်းကော်မတီထဲမှာ အားလုံးပါဝင်သည် ဆိုစေဦးတော့၊ အင်န်အယ်လ်ဒီက အများစုဖြစ်တဲ့အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းဟာ အင်န်အယ်လ်ဒီရဲ့ သဘောထားတွေ လွှမ်းမိုးထားတဲ့ ဥပဒေကြမ်း ဖြစ်နေမှာကတော့ အသေအချာပါပဲ။ ဒီအတွက် အင်န်အယ်လ်ဒီအနေနဲ့ ဖွဲ့စည်းပုံထဲက ဘယ်အချက်တွေ ပြင်ချင်သလဲဆိုတာ မေးစရာမေးခွန်း ဖြစ်လာပါတယ်။

လွှတ်တော်ထဲ အဆိုတင်တဲ့ အင်န်အယ်လ်ဒီအမတ် ဦးအောင်ကြည်ညွန့်ကတော့ အကြောင်းခြင်းရာ ခုနှစ်မျိုးလောက်ပြင်မယ်လို့ ဆိုပါတယ်။ အဲဒါတွေကတော့ ဒီမိုကရေစီစံနှုန်းတွေနဲ့ ညီညွတ်ခြင်းမရှိတဲ့ ပြဋ္ဌာန်းချက်တွေ၊ ရှေ့နောက် ညီညွတ်ခြင်းမရှိ ကွဲလွဲဆန့်ကျင်နေတဲ့ ပြဋ္ဌာန်းချက်တွေ၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက် အဟန့်အတားဖြစ်နေတဲ့ ပြဋ္ဌာန်းချက်တွေ၊ ပါတီစုံဒီမိုကရေစီ ဖော်ဆောင်ရာမှာ အဟန့်အတားဖြစ်စေတဲ့ ပြဋ္ဌာန်းချက်တွေ၊ အပြန်အလှန်ထိန်းကျောင်းရမယ့် ဒီမိုကရေစီ မဏ္ဍိုင်ကြီးသုံးရပ်ကို တဖက်စောင်းနင်း ဖြစ်စေတဲ့ ပြဋ္ဌာန်းချက်တွေ၊ နိုင်ငံသားတွေရဲ့ တန်းတူညီမျှမှုကို အကာအကွယ်ပေးနိုင်ခြင်းမရှိတဲ့ ပြဋ္ဌာန်းချက်တွေ၊ ရွေးကောက်ပွဲတွေမှာ လွတ်လပ်ပြီး တရားမျှတရေးကို ထိခိုက်စေတဲ့ ပြဋ္ဌာန်းချက်တွေကို ပြင်ချင်တယ်လို့ ဆိုထားပါတယ်။

လွှတ်တော်တွင်း ဦးအောင်ကြည်ညွန့် တင်ပြချက်ကို ကြည့်ရင်ပဲဖြစ်ဖြစ်၊ လက်ရှိ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပြန့်နှံ့နေတဲ့ အင်န်အယ်လ်ဒီဗဟိုဌာနချုပ်ရဲ့ “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် လေ့လာသုံးသပ် အကြံပြုချက်စာတမ်း” ကို ကြည့်ရင်ပဲ ဖြစ်စေ၊ ဖွဲ့စည်းပုံထဲက အချက်အတော်များများ ပြင်ဖို့ လိုလားနေတာ တွေ့နိုင်ပါတယ်။

အဲဒီစာတမ်းထဲမှာ ဖွဲ့စည်းပုံရဲ့ အခြေခံမူထဲက တစ်ခုဖြစ်တဲ့ “ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်။” ဆိုတာကို ပယ်ဖျက်သင့်ပါသည်ဆိုပြီး အကြံပြုထားသလို၊ တပ်မတော်ဘက်က ဒုသမ္မတ တစ်ယောက် ရယူခွင့်ရှိတာမျိုးကိုလည်း ပယ်ဖျက်သင့်သည်လို့ အကြံပြုထားတာ တွေ့ကြရပါတယ်။ လက်ရှိ အင်န်အယ်လ်ဒီက အကောင်အထည်ဖော်နေတဲ့ ဖွဲ့စည်းပုံပြင်ရေးနည်းလမ်း၊ ဖွဲ့စည်းပုံထဲက ဘာတွေကို ပြင်ချင်သလဲဆိုတဲ့အချက် စတာတွေကို ခြုံငုံသုံးသပ်ကြည့်ရင် တပ်မတော်ခေါင်းဆောင်တွေဘက်က သဘောမတူမှာ သေချာသလောက်ဖြစ်ပြီး ဖွဲ့စည်းပုံပြင်နိုင်ရေးလည်း အောင်မြင်မှုရနိုင်မယ့် အခြေအနေ မရှိပါဘူး။

တကယ်တော့ ဖွဲ့စည်းပုံပြင်ရေးဟာ ရွေးကောက်ခံတွေနဲ့ တပ်မတော်ခေါင်းဆောင်တွေညှိပြီး လုပ်ရမယ့်၊ တနည်း အင်န်အယ်လ်ဒီခေါင်းဆောင်ပိုင်းနဲ့ တပ်မတော်ခေါင်းဆောင်ပိုင်းညှိနှိုင်းပြီး လုပ်ရမယ့်လုပ်ငန်းစဉ် တစ်ခုပဲဖြစ်ပါတယ်။ ဖွဲ့စည်းပုံပြင်ရေး အင်န်အယ်လ်ဒီအတွက် ရွေးချယ်စရာနည်းလမ်း များများစားစား မရှိပါဘူး။ တပ်မတော်ခေါင်းဆောင်တွေဘက်က လက်ခံနိုင်လောက်တဲ့ ပြင်ဆင်မယ့်အချက်တွေကို ရှာဖွေ၊ လက်တွေ့လည်း လက်ခံလာအောင် တပ်မတော်ခေါင်းဆောင်တွေကို စည်းရုံးဆွဲဆောင် ညှိနှိုင်းဖို့ပါပဲ။

တကယ်လက်ခံနိုင်လောက်တဲ့ အနေအထားဖြစ်ပါလျက် တပ်မတော်ဘက်က သိပ်ပြီးတင်းမာနေမယ် ဆိုရင်တော့ တိုင်းရင်းသားအင်အားစုတွေနဲ့ ပြည်သူလူထုအားကို ရယူပြီး ငြိမ်းချမ်းတဲ့နည်းတစ်ခုခုနဲ့ ဖိအားပေးတာမျိုးလုပ်ဖို့ စဉ်းစားသင့်ပါတယ်။ လက်ရှိလွှတ်တော်ထဲ လုပ်ကိုင်ဆောင်ရွက်နေပုံကတော့ အရင် သူရဦးရွှေမန်း လွှတ်တော်ဥက္ကဋ္ဌတာဝန်ယူထားစဉ်က လုပ်ပုံလုပ်နည်းနဲ့ သိပ်ပြီးကွာခြားမှုမရှိတာမို့ ရွေးကောက်ပွဲကတိကို အကောင်အထည်ဖော်နေပါတယ်ဆိုတာ for show ပြသဖို့ကလွဲလို့ ဖွဲ့စည်းပုံပြင်နိုင်ရေး သိပ်ပြီးအလုပ်ဖြစ်လိမ့်မယ်လို့ မမျှော်လင့်နိုင်ကြောင်းပါ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar