NLD အစိုးရအပေါ် အကောင်းမြင်သလို USDP ကိုလည်း တုံ့ပြန်ရန်မရှိဟု သူရဦးရွှေမန်း ပြောကြား

ပြီးခဲ့သည့်နှစ်အတွင်း ၎င်းအားပါတီမှ ထုတ်ပယ်လိုက်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို တုံ့ပြန်ရန်မရှိသလို လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဆောင်ရွက်နေသည့် ကိစ္စများအပေါ်လည်း အကောင်းမြင်ကြောင်း ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားလိုက်သည်။

ပြီးခဲ့သည့်နှစ် သြဂုတ် ၁၂ ရက်နေ့တွင် ပါတီမှ ထုတ်ပယ်ခံလိုက်သူ USDP ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက “ပြီးတာ ပြီးသွားပါပြီ။ မေတ္တာ၊ ဂရုဏာ၊ ဥပက္ခာအတိုင်းပဲ ရှိပါတယ်”ဟု နေပြည်တော်ရှိ၊ လွှတ်တော်ဝန်းအတွင်း ယနေ့ (သြဂုတ် ၃၀ ရက်နေ့က) ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။

၎င်းသည် မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် USDP ပါတီ၏ ညီလာခံအပြီး ထွက်ပေါ်လာသော ဥက္ကဋ္ဌသစ် ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်ထံလည်း ဝမ်းမြောက်ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့သူ ဖြစ်သည်။

ထို့အတူ လက်ရှိအာဏာရပါတီ ဆောင်ရွက်နေသည့် ကိစ္စလုပ်ငန်းများအပေါ် မည်သို့သုံးသပ်လိုပါသလဲဟူသော မေးခွန်းကို “ကြိုးစားပမ်းစား လုပ်နေတယ်။ ခက်ခက်ခဲခဲ လုပ်နေတဲ့ အနေအထားရှိပါတယ်။ ငြိမ်းချမ်းရေးကိစ္စ၊ ရခိုင်ပြည်နယ်ကိစ္စ၊ အုပ်ချုပ်ရေးယန္တရားကို ပြန်လည်တည့်မတ်တဲ့ကိစ္စ၊ ထင်မှတ်တာထက်ပိုပြီး အခက်အခဲတွေ ရှိပါတယ်။ အားရမှုဆိုတာကတော့ ဒီကနေ့ပြောဖို့ စောပါသေးတယ်”ဟု သူရဦးရွှေမန်းက ဆိုသည်။

ရွေးကောက်ပွဲနည်းလမ်းဖြင့် အရပ်ဖက်အုပ်ချုပ်ရေးစနစ်သို့ မကူးပြောင်းမီ တပ်မတော်အစိုးရလက်ထက်က တာဝန်ရှိသူတစ်ဦးအနေဖြင့် သိရှိထားသည့် မြစ်ဆုံစီမံကိန်းအရေးကို NLD အစိုးရ၏ ကိုင်တွယ်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ မေးမြန်းရာတွင်မူ “ကော်မရှင်ဖွဲ့ဆောင်ရွက်ခြင်းဟာ နိုင်ငံနဲ့ နိုင်ငံသားအကျိုးကို ဖော်ဆောင်နိုင်မယ့် လုပ်ငန်းဖြစ်တယ်လို့ ယုံကြည်ပါတယ်”ဟု သူရဦးရွှေမန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးစီးအကောင်အထည်ဖော်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းများအပေါ်လည်း ၎င်းက အကောင်းမြင်ထားပြီး ပါဝင်ပတ်သက်သူအားလုံးကို “တစ်ခါတုန်းက မရရှိတဲ့ အခွင့်အလမ်းများ ပေါ်လာပြီဖြစ်ပါတယ်။ ပြည်သူ့အတွက် မိမိရရ အသုံးချဖို့လိုပါတယ်” ဟု ၎င်းက တိုက်တွန်းခဲ့သည်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ လက်ရှိအစိုးရအပေါ် ဝေဖန်နေကြသည်တို့မှာ မမှားသော်လည်း ယခင်ခေတ်အဆက်ဆက် လုပ်နည်းလုပ်ဟန်များကို အပြောင်းအလဲ ပြုလုပ်နေရသည်ဖြစ်၍ စောင့်ကြည့်ရန်လိုသလို အားနည်းချက်များတွေ့ရှိပါက ၎င်း၏ ကော်မရှင်က ထောက်ပြ အကြံပြုသွားမည်ဟု ပြောသည်။

သူရဦးရွှေမန်းသည် တပ်မတော်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံး ပြန်လည်ကျင်းပသည့် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ၏ အမတ်အဖြစ်ရွေးချယ်ခံခဲ့ရကာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော်နာယက တာဝန်များကို ထမ်းဆောင်ခဲ့သည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.