ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် အကြပ်အတည်းများနှင့် ပတ်သက်ပြီး အပြန်အလှန် ပြောကြား ပြစ်တင်မှုများနှင့် အမုန်းစကားများဖြင့် ရှုပ်ထွေးနေသည့် Facebook ပေါ်တွင် ရိုဟင်ဂျာ စစ်သွေးကြွအုပ်စုအား “အန္တရာယ်ရှိသည့် အဖွဲ့အစည်း” အဖြစ် သတ်မှတ်ကာ ပိတ်ပင်လိုက်ပြီဟု Facebook က ပြောကြားသည်။
အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသည်ဟူသော စွပ်စွဲချက်များနှင့် မြင်ကွင်းများအား ဖြန့်ဝေရန်အတွက် ရိုဟင်ဂျာအရေး လှုပ်ရှားသူများက Facebook ကို အသုံးပြုနေကြသလို မြန်မာအစိုးရနှင့် တပ်မတော်တို့ကလည်း အဆိုပါဒေသမှ သတင်းများကို Facebook တွင် အချိန်နှင့်အမျှ ဖော်ပြနေကြသည်။
ARSA ဟူခေါ်သော Arakan Rohingya Salvation Army အား Facebook ပေါ်တွင် တားမြစ်ရန် မြန်မာအစိုးရက တောင်းဆိုခြင်းမဟုတ်ဟု Facebook ၏ ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီကို ပြောကြားသည်။ အဆိုပါအဖွဲ့မှာ Twitter ပေါ်တွင် ဆက်လက်ရှိနေဆဲဖြစ်သည်။
အကြမ်းဖက်အဖွဲ့အစည်းများအား ၎င်းတို့၏ ဝက်ဘ်ဆိုက်ပေါ်တွင် တားမြစ်ထားသည့် ပေါ်လစီအရ ယခုလို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းတွင် ARSA က ရဲစခန်းများအား သွေးထွက်သံယို တိုက်ခိုက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
သတင်း-အေအက်ဖ်ပီ