လူမှုကွန်ယက်ပေါ်မှာ သန့်စင်အောင်ပြုလုပ်ရခြင်းက မလွယ်ကူ

မြန်မာနိုင်ငံတွင် လူမှုကွန်ယက်များပေါ်မှ အမုန်းစကားများကို ရှင်းထုတ်ဖယ်ရှားရခြင်းသည် အသုံးပြုသည့်ပမာဏ များပြားခြင်း၊ ဘာသာစကားများ အမျိုးစုံခြင်းနှင့် စိစစ်သုံးသပ်သူ မလုံလောက်ခြင်းတို့ကြောင့် နှောင့်နှေးနေသည်။ 

ကျော်ရဲလင်းနှင့် ဆုမြတ်မွန် ရေးသားသည်။ 

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် အမျိုးသားရေးဝါဒီဘုန်းကြီးဖြစ်သူ ဦးဝီရသူ၏ ဟောပြောပွဲကို လူပေါင်း ၄,၀၀၀ ကျော် လာရောက်နားထောင်ကြခြင်းက Myanmar Pressphoto Agency (MPA) သတင်းဌာနအတွက် အဓိကသတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။

အဆိုပါအွန်လိုင်းသတင်းဌာနက ထိုဟောပြောပွဲ၏ သတင်းဓာတ်ပုံများကို စာနှင့်အတူ ၎င်း၏ Facebook စာမျက်နှာတွင် လွှင့်တင်ခဲ့သည်။ သိပ်မကြာခင်မှာပင် ၎င်းတို့၏ အဆိုပါစာမျက်နှာကို ဝင်ရောက်ကြည့်ရှု၍ မရတော့ပေ။ 

“ပထမတော့ ကျွန်တော်တို့ စာမျက်နှာ ဘာဖြစ်သွားမှန်း မသိဘူး။ နောက်တော့မှ Facebook က ကျွန်တော်တို့ စာမျက်နှာကို တားမြစ်လိုက်တာလို့ သိရတယ်။ ကျွန်တော်တို့က Facebook ရဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ စံနှုန်းတွေကို ဖောက်ဖျက်တယ်လို့ ပြောတယ်” ဟု MPA ကို တည်ထောင်သူ ကိုပိုင်စိုးဦးက Frontier ကို ပြောသည်။ 

ထိုဟောပြောပွဲ၏ ဓါတ်ပုံများကို တင်ပြီးသောအခါ Facebook က MPA ၏ စာမျက်နှာကို ၁၀ နာရီကြာအောင် ပိတ်ပင်ထားခဲ့သည်။ ထိုဟောပြောပွဲတွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး တပ်မတော်ခေါင်းဆောင်များက တာဝန်ယူရမည်ဟု နိုင်ငံတကာ၏ တောင်းဆိုမှုကို ဦဝီရသူက ရှုတ်ချထားသည်။ 

ထိုစာမျာက်နှာကို Facebook ၏ algorithms အရ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မူဆလင် ဆန့်ကျင်ရေး ဆွယ်တရားဟောရာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ဦဝီရသူ၏ အကောင့်များနှင့် ၎င်းနှင့် ပတ်သက်သော အကောင့်များကို Facebook က အရေးယူနေသောကြောင့် ဖြစ်သည်။ 

“Facebook က သူတို့ တားမြစ်ထားတဲ့ စကားလုံးတွေပါတဲ့ ရေးသားမှု (posts) အားလုံးကို အလိုအလျောက် ဖယ်ရှားပစ်နေတာ။ ကျွန်တော်တို့ ကိစ္စမှာတော့ Facebook ရဲ့ artificial intelligence က ဦးဝီရသူရဲ့ ဓါတ်ပုံနဲ့   [တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်] ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နဖူးစီးဓာတ်ပုံကို သတိပြုမိပြီး ကျွန်တော်တို့ စာမျက်နှာကို အလိုအလျောက် ဖယ်ရှားလိုက်တာပဲ” ဟု ကိုပိုင်စိုးဦးက ပြောသည်။ “သူတို့ လုပ်ဆောင်တဲ့ပုံက တရုတ်က Tiananmen Square သတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ စကားလုံးတွေကို ဆင်ဆာဖြတ်တောက်တဲ့ ပုံစံနဲ့ သွားတူတယ်” ဟု ၁၉၈၉ ခုနှစ်က တရုတ်နိုင်ငံမြို့တော် ဘေဂျင်းတွင် ကျောင်းသားများဦးဆောင်သော ဒီမိုကရေစီ တောင်းဆိုဆန္ဒပြပွဲကို အစိုးရက အကြမ်းဖက် နှိမ်နှင်းခဲ့သည့် ဖြစ်ရပ်ကို ရည်ညွှန်းပြီး ကိုပိုင်စိုးဦးက ပြောသည်။

ထိုသို့ ဦးတည်ချက် လွဲမှားနေသည့်ဖြစ်ရပ်က မည်သို့ ဖြစ်ပေါ်လာပါသလဲ။ Facebook ၏ ရည်ရွယ်ချက်မှာ အွန်လိုင်းပေါ်တွင် အမုန်းစကားများ ပျံ့နှံ့ခြင်းကို ရှင်းလင်းရန် ဖြစ်သည်။ သို့သော် MPA နှင့် တခြားသော သတင်းဌာနများ၏ အတွေ့အကြုံအရ Facebook ၏ ကြိုးပမ်းအားထုတ်မှုသည် မမျှော်လင့်ထားသော ပြဿနာများကို ဖြစ်ပွားစေသည်။ ထိုနည်းဖြင့် သူတို့လုပ်ဆောင်မှုများ မည်သို့ တိုးတက်လာမည်နည်း။

ကိုပိုင်စိုးဦးကမူ Facebook အနေဖြင့် “ကုလား” ဟူသည့်စကားလုံးပါဝင်သည့် မြန်မာနှင့် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြချက်အားလုံးကို ဖယ်ရှားခဲ့သည့် ၂၀၁၇ ခုနှစ်ကအမှားကို ပြန်လည်သုံးသပ်လေ့လာသင့်သည်ဟု ပြောကြားသည်။ ကုလားဆိုသည်မှာ အနောက်တိုင်းမှ လာသော လူများအားလုံးကို သာမန်သဘောထားဖြင့် ခေါ်ဆိုနိုင်သကဲ့သို့ တောင်အာရှမှ လူမျိုးများကို နှိမ့်ချခေါ်ဆိုရာတွင်လည်း သုံးနှုန်းနိုင်သည်။ 

Facebook ၏ algorithms သည် အငြင်းပွားဖွယ်ရာ စကားလုံးများကို သိမြင်နိုင်သော်လည်း Facebook ၏ စိစစ်သူ (content reviewers) များက ၎င်းတို့အား ဖယ်ရှားသင့် မဖယ်ရှားသင့် ဆုံးဖြတ်ခြင်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်က Facebook တွင် မြန်မာဘာသာကျွမ်းကျင်သော စိစစ်သူ များများစားစား မရှိခဲ့ပေ။ ထို့နောက်တွင် အပြောင်းအလဲများရှိလာခဲ့သည်။ အလိုအလျောက်စနစ်က Facebook ၏ မူကို ချိုးဖောက်နိုင်ခြေရှိသည့် content များကို ရွေးထုတ်ခြင်းသာဖြစ်ပြီး တင်ပြထားသော အကြောင်းအရာများကို သာမန်လူအစစ်က စိစစ်သုံးသပ်ခြင်း ဖြစ်သည်ဟု အီးမေးအင်တာဗျူးတွင် Facebook ၏ ပြောခွင့်ရသူက ပြောကြားသည်။

ထိုသုံးသပ်သူများသည်လည်း အလုပ်ဝန်ပိနေကြသည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၅၃ သန်း၏ ၃၄ ရာခိုင်နှုန်းသည် စမတ်ဖုန်းများနှင့် လူမှုကွန်ယက် အသုံးပြုသူများ ဖြစ်ကြသည်။ 

rally.jpg

 ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ှဆန္ဒပြပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ဓာတ်ပုံများကို ဘုန်းကြီးများက ကိုင်ဆောင်ထားကြစဉ်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ှဆန္ဒပြပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ဓာတ်ပုံများကို ဘုန်းကြီးများက ကိုင်ဆောင်ထားကြစဉ်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအထိ Facebook တွင် မြန်မာဘာသာဖြင့် အကြောင်းအရာများကို စိစစ်ရန် မြန်မာဘာသာ ကျွမ်းကျင်သူ ၉၉ ဦး ရှိသည်ဟု Facebook ၏ ပြောခွင့်ရသူက ဆိုသည်။ ထိုနှစ်အကုန်တွင် စိစစ်သူ ၁၀၀ အထိ ရှိလာရန် မျှော်မှန်းထားသည်ဟုလည်း ၎င်းကဆိုသည်။ Facebook ပေါ်ရှိ မြန်မာဘာသာဖြင့်အကြောင်းအရာများကို ၂၄ နာရီ စိစစ်သုံးသပ်နေပြီး မြန်မာနိုင်ငံရှိ အခြားဘာသာစကားများကိုလည်း စိစစ်သုံးသပ်နိုင်သည်ဟု ဆိုသည်။ 

၂၀၁၈ ခုနှစ်၊ တတိယသုံးလတွင် Facebook အနေဖြင့် မြန်မာနိုင်ငံမှ အမုန်းစကားများ၏ ၆၃ ရာခိုင်နှုန်းကို သိရှိဖော်ထုတ် ဖယ်ရှားနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။ ၂၀၁၇ ခုနှစ် နောက်ဆုံးသုံးလတွင် ၁၃ ရာခိုင်နှုန်းသာရှိခဲ့ရာမှ တိုးတက်လာခြင်း ဖြစ်သည်။ ၂၀၁၈ ခုနှစ်၊ ဒုတိယသုံးလတွင် ဖယ်ရှားရှင်းလင်းနိုင်မှု ၅၂ ရာခိုင်နှုန်း ရှိခဲ့သည်။ 

“ကျွန်မတို့ရဲ့ စိစစ်သုံးသပ်သူတွေက နောက်ခံအခြေအနေအမျိုးမျိုးကနေ လာကြသူတွေဖြစ်တယ်။ မြန်မာနဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အသွင်ကွဲပြားမှုတွေကို လိုက်မီနိုင်ကြတယ်။ သူတို့က ကျွန်မတို့အတွက် အလုပ်မလုပ်ခင်မှာ အပြင်းအထန်လေ့ကျင့်မှုတွေ အများကြီး လုပ်ဆောင်ခဲ့ပါတယ်” ဟု Facebook ၏ ပြောခွင့်ရှိသူက ပြောကြားသည်။ 

သို့သော် မြန်မာနိုင်ငံမှ နည်းပညာအသိုင်းအဝိုင်းကမူ Facebook က မြန်မာဘာသာအပြင် တခြားတိုင်းရင်းသား ဘာသာများကို စိစစ်နိုင်သည်ဟု ပြောဆိုမှုကို မေးခွန်းထုတ်ကြသည်။ မြန်မာနိုင်ငံတွင် ဘာသာစကား ၁၀၀ ကျော်ကို ပြောဆိုကြပြီး အဓိက တိုင်းရင်းသား ၈ မျိုးရှိကာ တရားဝင် အသိအမှတ်ပြုထားသော တိုင်းရင်းသား လူနည်းစု ၁၃၅ မျိုး ရှိသည်။ 

Facebook ၏ content စိစစ်သုံးသပ်သူ အများစုသည် အိုင်ယာလန်နှင့် မလေးရှားတို့မှ လုပ်ကိုင်နေကြသည်ဟု Myanmar Tech Accountability Network ကို ဦးဆောင်သူ Ms Victoire Rio က ပြောသည်။ အိုင်ယာလန် နိုင်ငံတွင် အလုပ်လုပ်မည်ဆိုပါက အိုင်ယာလန်တွင် အလုပ်လုပ်ကိုင်ခွင့်ရှိသူ ဖြစ်ရမည်ဖြစ်သည်။ ထိုသို့ဆိုပါက Facebook ၏ သုံးသပ်သူအများစုသည် နိုင်ငံခြားရောက်နေသော၊ မြန်မာနိုင်ငံတွင် မနေထိုင်ဖူးသော မြန်မာများ ဖြစ်ကြသည်။ ထိုသို့မဟုတ်ပါက သူတို့သည် မြန်မာနိုင်ငံတွင် အင်တာနက် ချိတ်ဆက်မှု မရှိခင်က နေထိုင်ခဲ့ဖူးသူများသာ ဖြစ်ကြသည်ဟု ၎င်းက အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။ 

“၂၀၁၈ ခုနှစ်၊ တတိယသုံးလအတွင်းကစပြီး သုံးသပ်စိစစ်မှုတွေမှာ အမှားများစွာ ပါဝင်ခဲ့တာ တွေ့ခဲ့ရပါတယ်။ ဒါက ပြဿနာအကြီးအကျယ်ဖြစ်စေပါတယ်” ဟု Rio က ဆိုသည်။ 

သို့သော် Facebook က အမုန်းစကားများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်ဆောင်ရွက်ရာတွင် အရေးပါသည့်ခြေလှမ်းအဖြစ် မြန်မာဖောင့်ကို ယူနီကုတ် (Unicode) အဖြစ် အသွင်ကူးပြောင်းပေးခဲ့ခြင်းကိုမူ ၎င်းက အသိမှတ်ပြုခဲ့သည်။ Facebook က Myanmar Unicode Migration Team နှင့် ပူးတွဲလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ “ဒါက မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးအတွက် အလွန်အရေးပါတယ်” ဟု ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံသည် ဇော်ဂျီနှင့် ယူနီကုတ်ဖောင့် အမျိုးအစားနှစ်ခုကို အသုံးပြုနေကြသည်။ ထို့ကြောင့် Facebook ၏ စိစစ်သုံးသပ်မှုကို အခက်တွေ့စေသည်ဟု Facebook က ဆိုသည်။ ယူနီကုတ်ဖောင့်က စိစစ်သုံးသပ်ရန် ပိုမိုလွယ်ကူသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာစာလုံးတစ်ခုကို နည်းလမ်းတစ်မျိုးတည်းသာ အသုံးပြု၍ ရိုက်နိုင်သောကြောင့် ဖြစ်သည်။ ဇော်ဂျီကမူ ထိုသို့ မဟုတ်ပေ။ 

“မြန်မာနိုင်ငံ ယူနီကုတ်အသွင်ကူးပြောင်းမှုကို ထောက်ပံ့ပေးဖို့အတွက် ပထမခြေလှမ်းအနေနဲ့ ကျွန်မတို့က Facebook အသုံးပြုသူအသစ်တွေအတွက် ဇော်ဂျီကို ပိတ်ထားလိုက်ပါပြီ” ဟု Facebook ပြောခွင့်ရသူက ဆိုသည်။ 

သို့သော် Facebook ၏ စိစစ်သုံးသပ်သူ အရေအတွက်နှင့် မြန်မာနိုင်ငရှိ Facebook အသုံးပြုသူ အချိုးအစားမှာ လွန်စွာနည်းပါးနေသေးသည်ဟု Rio က ယုံကြည်ထားသည်။ မြန်မာနိုင်ငံရှိ Facebook အသုံးပြုသူ သန်း ၂၀ အတွက် စိစစ်သုံးသပ်သူ ၉၉ ဦးသာ ရှိမည်ဆိုပါက လူအယောက် ၂၀၂,၀၀၀ အတွက် စိစစ်သုံးသပ်သူတစ်ဦးသာရှိနေသည်ဟု ၎င်းကပြောသည်။ “မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ အမုန်းစကားတွေ ပျံ့နှံ့နေမှုကို ထောက်ရှုကြည့်ရင် ကမ္ဘာ့ပျမ်းမျှဖြစ်တဲ့ ၁:၁၁၅,၀၀၀ အချိုးအစားထက် ဘာလို့ အများကြီးနည်းပါးနေတာလဲဆိုတာ ရှင်းပြဖို့ ခက်ပါတယ်”ဟု Rio က ပြောသည်။ 

၂၀၁၈ ခုနှစ်၊ ဧပြီလတွင် မြန်မာနိုင်ငံအခြေစိုက် အကြံပေးအဖွဲ့ ၆ ခုက Facebook ၏ အမှုဆောင်အရရှိချုပ် Mark Zuckerberg ထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ပြီး စိစစ်သုံးသပ်သူ နည်းပါးနေမှုကို တိုင်တန်းခဲ့သည်။ 

“ခင်ဗျားအနေနဲ့ Facebook ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်လိုရင် စိစစ်သုံးသပ်သူတွေအတွက် ရင်းနှီးမြုပ်နှံဖို့ အကြံပေးလိုပါတယ်။ အထူးသဖြင့် သတင်းအချက်အလက် ဆက်သွယ်ရေးအတွက် Facebook ကို အားကိုးနေရတဲ့ မြန်မာနိုင်ငံလို နေရာမျိုးမှာ ပိုမိုလိုအပ်ပါတယ်” ဟု စာထဲတွင် ရေးသားထားသည်။ 

မြန်မာနိုင်ငံတွင် Facebook ၏ လုပ်ငန်းလည်ပတ်ပုံအား ရင်းနှီးကျွမ်းဝင်သည့် အလွတ်တန်းသုတေသီ ကိုမြတ်သူက အမုန်းစကား ပျံ့နှံ့မှုအပေါ် Facebook ၏ တုန့်ပြန်ပုံက နှေးကွေးလွန်းသည်ဟု ဆိုသည်။ 

“မြန်မာနိုင်ငံမှာ အမုန်းစကားနဲ့ သတင်းအတုတွေ [သူ့ပလက်ဖောင်းပေါ်မှာ] ပျံ့နှံ့နေမှုကို Facebook က ကောင်းကောင်း နှိမ်နှင်းနိုင်ပြီး ဒီတိုက်ပွဲမှာ အောင်မြင်လိမ့်မယ် မထင်ဘူး” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံအနေဖြင့် Facebook ပေါ်မှ အချက်အလက်များကို စစ်ဆေးနိုင်ရန် အဖွဲ့အစည်း အနည်းငယ်ကို အားကိုးနေရသည်ဟု ကိုမြတ်သူက ပြောသည်။ ထိုအထဲတွင် Think Before You Trust နှင့် Real or Not တို့လည်း အပါအဝင် ဖြစ်သည်။ 

ကိုဖြိုးဝေနှင့် လုပ်ဖော်ကိုင်ဖက် ၃ ဦးက Think Before You Trust (တွေးပြီးမှယုံ) ကို ပြီးခဲ့သည့်တစ်နှစ်ကျော်ခန့်က စတင် တည်ထောင်ခဲ့သည်။ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်တွင် ဗုဒ္ဓဘာသာနှင့် မူဆလင်များ ထိပ်တိုက်တွေ့မည်ဟု အမုန်းစကားများ၊ သတင်းအတုများ Facebook နှင့် Facebook Messenger တွင် ပေါ်ထွက်လာမှုကြောင့် တစ်ခုခုလုပ်ဆောင်ရန် ၎င်းတို့က စီစဉ်ခဲ့ကြခြင်းဖြစ်သည်။ 

“အဲဒီ သတင်းအတုက တစ်နိုင်ငံလုံး လျင်မြန်စွာ ပျံ့နှံ့သွားတယ်။ ဘယ်အဖွဲ့အစည်းကမှလည်း အရေးတယူ မလုပ်ကြဘူး။ ဒါကြောင့် တန်ပြန်ဖို့ ဆုံးဖြတ်ခဲ့တာ” ဟု ကိုဖြိုးဝေက ဆိုသည်။ 

ယခုမေလတွင် ထိုအဖွဲ့၏ စာမျက်နှာသည် followers ၅၀,၀၀၀ ကျော် ရရှိထားသည်။ “ကျွန်တော်တို့ အကောင်းမြင်တဲ့ဘက်က မှတ်ချက်နဲ့ သတင်းစကားတွေ အများကြီး ရရှိခဲ့တယ်။ ဒါကြောင့် အချက်အလက် စစ်ဆေးတဲ့ အလုပ်ကို တတ်နိုင်သလောက် ဆက်လုက်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။ 

မီဒီယာနှင့် ဒစ်ဂျစ်တယ် တတ်မြောက်မှုကို လုပ်ဆောင်ပေးနေသော Myanmar ICT for Development Organization ၏ သုတေသနဒါရိုက်တာ မဖြူဖြူသီက အမုန်းစကားများကို တိုက်ဖျက်ပေးနေသော အဖွဲ့အစည်းများသည် လုပ်အားပေးများကိုသာ မှီခိုနေရသည်ဟု ပြောကြားသည်။ “အွန်လိုင်းမှာ သတင်းအတုတွေ ပျံ့နှံ့မှုကို တိုက်ဖျက်ပေးမယ့် အဖွဲ့အစည်း အနည်းငယ်ပဲရှိတာ စိတ်ပျက်စရာပဲ” ဟု ၎င်းက ဆိုသည်။ 

ဤသတင်းဆောင်းပါးသည် United Nations Office of the High Commissioner for Human Rights က ၂၀၁၈ -၂၀၁၉ နှစ်အတွက် ပေးအပ်သည့် Southeast Asian Press Alliance SEAPA ဖဲလိုးရှစ်၏ ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်။ ပါဝင်သော အမြင်များသည် OHCHR ရုံး၏ တရားဝင် အမြင်သဘောထား မဟုတ်ပါ။ 

ခေါင်းစီးဓာတ်ပုံ- ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့က ရန်ကုန်မြို့ လမ်းမတစ်ခုပေါ်၌ စမတ်ဖုန်းဖြင့် Facebook ကြည့်နေကြသည့်လူငယ်များ။ မြန်မာနိုင်ငံ၏ အင်တာနက် အသုံးပြုသူ သန်း ၂၀ ခန့်တွင် Facebook သည် အသုံးအများဆုံး လူမှုကွန်ယက် ဖြစ်သည်။ 

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.