တပ်မတော်နှင့် ပတ်သက်နေသည့် စာမျက်နှာများနှင့် အကောင့်များကို Facebook က ဆက်လက်ဖယ်ရှား

မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ် (Facebook) မှတဆင့် အမုန်းသတင်းနှင့် အမုန်းစကားများ ပျံ့နှံ့မှုကို ကန့်သတ်ရန် ကြိုးပမ်းသည့်အနေဖြင့် တပ်မတော်နှင့် ပတ်သက်နေသော နောက်ထပ်စာမျက်နှာများ၊ အကောင့်များကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အစစ်အမှန် မဟုတ်သည်များကို ဖေ့စ်ဘွတ်ခ်ပေါ်၌ ရေးသားဖော်ပြထားမှုတွင် ပါဝင်နေခဲ့သည့် စာမျက်နှာ ၁၃ ခုနှင့် အကောင့် ၁ဝ ခုကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း အောက်တိုဘာ ၁၅ ရက်တွင် ဖေ့စ်ဘွတ်ခ်က ပြောကြားသည်။ ထိုစာမျက်နှာနှင့် အကောင့်များက ဖေ့စ်ဘွတ်အသုံးပြုသူ ၁ ဒသမ ၃၅ သန်းအထိ ရောက်ရှိနေသည်ဟု ဖေ့စ်ဘွတ်က ပြောသည်။

မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ် အသုံးပြုမှုနှင့် ပတ်သက်သည့် စုံစမ်းရေးသားထားသည့် သတင်းတစ်ပုဒ်ကို နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် တပ်မတော်နှင့် ပတ်သက်သည့် အကောင့်များပိတ်မည့် ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါဆောင်းပါးတွင် ဖော်ပြထားချက်အရ ရိုဟင်ဂျာဆန့်ကျင်ရေး လှုံ့ဆော်မှုတစ်ခုတွင် တပ်မတော်က ပါဝင်ခဲ့ပြီး စစ်ဘက်ဝန်ထမ်း ရာပေါင်းများစွာက ဖေ့စ်ဘွတ်ခ်ပေါ်တွင် သတင်းနှင့် နာမည်ကြီးသူများ၏ စာမျက်နှာများကို ဖန်တီးခဲ့ကြသည်။ ထို့နောက် အငြင်းပွား ရန်စသော အကောင့်များ၏ အမုန်းတရားများပါသော ရေးသားချက်များဖြင့် ပြည့်နှက်စေခဲ့သည်။

“မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ ပလက်ဖောင်းကို ခြယ်လှယ်နေတဲ့ လူတွေအတွက် ပိုပြီးခက်ခဲအောင် လုပ်ချင်ပါတယ်။ ကျွန်တော်တို့ ဆက်လက် စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး ဒီလိုပဲ အရေးယူသွားမှာပါ”ဟု ဖေ့စ်ဘွတ်ခ်က ၎င်း၏ ဘလော့ပို့စ် တွင် ဖော်ပြခဲ့သည်။ (ဖယ်ရှားခံရသည့်) စာမျက်နှာများနှင့် အကောင့်များပေါ်မှ အကြောင်းအရာအချို့ကို နေပြည်တော်အနီးရှိ အဆင့်မြင့်လုံခြုံရေး အဆောက်အအုံတစ်ခုတွင် ဖန်တီးခဲ့ကြောင်း နယူးယောက်ခ်တိုင်းက ရေးသားထားသည်။

မကြုံစဖူး လုပ်ရပ်တစ်ခုအဖြစ် သြဂုတ်လနှောင်းပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်တပ်၏ မြဝတီရုပ်သံအပါအဝင် စာမျက်နှာ ၅၂ ခုနှင့် အကောင့် ၁၈ ခုတို့ကို ဖေ့ဘွတ်ခ်က ဖယ်ရှားခဲ့သည်။ ယင်းစာမျက်နှာနှင့် အကောင့်များတွင် Follow လုပ်ထားသူ ၁၂ သန်းနီးပါး ရှိသည်။

နိုင်ငံတစ်ခု၏ စစ်ရေး၊ သို့မဟုတ် နိုင်ငံရေးခေါင်းဆောင်များ၏ စာမျက်နှာများ၊ အကောင့်များကို ပိတ်ရန် ဆုံးဖြတ်ရခြင်းမှာ အမုန်းတရားနှင့် သတင်းမှားများ ပျံ့နှံ့မှုကို တားဆီးရန်ဖြစ်သည်ဟု ဖေ့စ်ဘွတ်ခ်က ပြောသည်။

စာမျက်နှာနှင့် အကောင့် ဒါဇင်ပေါင်းများစွာ ဖယ်ရှားရခြင်းမှာ ၎င်းတို့က တပ်မတော်၏ သတင်းစကားများကို လျို့ဝှက် တွန်းအားပေးရန်အတွက် လွတ်လပ်ဟန်ရှိသော သတင်းနှင့် အတွေးအမြင်စာမျက်နှာများကို အသုံးပြုသည့် လှုံ့ဆော်မှုတွင် ပါဝင်ခဲ့သောကြောင့် ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်က ဆိုသည်။

ကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ ကြားဖြတ်အစီရင်ခံစာ ထွက်ပေါ်လာပြီး နာရီပိုင်းအကြာအတွင် သြဂုတ် ၂၇ ရက်နေ့တွင် ဖေ့စ်ဘွတ်ခ်၏ ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခြားဗိုလ်ချုပ်ကြီး ငါးဦးတို့ကို ပြစ်မှုများကျူးလွန်မှုအတွက် အိုင်စီစီတွင် တရားစွဲသင့်သည်ဟု ကုလအစီရင်ခံစာက ဆိုသည်။ ထို့အပြင် မြန်မာနိုင်ငံ၌ အမုန်းစကားများ ပျံ့နှံ့မှုအတွက် လူမှုမီဒီယာ၏ ကဏ္ဍကိုလည်း ကုလစုံစမ်းစစ်ဆေးရေးမှူးများက မီးမောင်းထိုးပြခဲ့သည်။

“အမုန်းတရား ဖြန့်ဖို့ ကြိုးစားနေသူတွေအတွက် ဖေ့ဘွတ်ခ်က အသုံးဝင်တဲ့ ကိရိယာတစ်ခုပါ။ အသုံးပြုသူအများစုအတွက် ဖေ့စ်ဘွတ်ခ်က အင်တာနက်ပါ” ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar