စိန်ခေါ်မှုများရှိနေသည့် ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှု

ယခင် ပထမအကြိမ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သော ကော်မရှင်အဖွဲ့သည် နိုင်ငံ၏ဥပဒေများကို သုံးသပ်စိစစ်နေခဲ့သည်။ သို့သော် တရားဝင် ဥပဒေပြုပြင်ပြောင်းလဲမှုတွင် အစိုးရဘက်က ရှင်းလင်းစွာ ပြောဆိုမှုနှင့် ဆွေးနွေးမှုများ လိုအပ်နေသည်ဟု အချို့က ဆိုကြသည်။

သောမတ်စ် ကင်း(န်) နှင့် ဉာဏ်လှှိုင်လင်း ရေးသားသည်။

ဘယ်အချိန်တွင် ဘယ်လို အစပြုမည်လဲ ဆိုသည်မှာ မြန်မာနိုင်ငံ၏ ရှိပြီးသားဥပဒေများနှင့် အလားအလာရှိသော ဥပဒေများကို ပြုပြင်ပြောင်းလဲရန် သုံးသပ်နေသော လူများက မေးလိုသည့်မေးခွန်း ဖြစ်သည်။ ဥပဒေများကို ပြုပြင်ပြောင်းလဲရန်မှာ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည်။

ပြီးခဲ့သော သီတင်းပတ်တွင် ယခင်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုလွှတ်တော် လက်ရှိဥက္ကဋ္ဌများဖြစ်သည့် ဦးဝင်းမြင့်နှင့် မန်းဝင်းခိုင်သန်းတို့နှင့် တွေ့ဆုံကာ ဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် မည်သို့ ရှေ့ဆက်သင့်သည်နှင့် မိမိ၏ကော်မရှင်က မည်သည့်အခန်းကဏ္ဍမှ ပါဝင်သင့်သည်ကို ဆွေးနွေးခဲ့သည်။

ဇူလိုင်လ၂၇ရက်နေ့ ထိုဆွေးနွေးမှုတွင် ပါဝင်သူများမှာ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ရှေ့နေချုပ်၊ တရားသူကြီးချုပ်၊ တရားရုံးချုပ်မှ အဖွဲ့ဝင်များနှင့် သူရဦးရွှေမန်း၏ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် Legal Affairs and Special Issues Commission မှ အဖွဲ့ဝင် ၃၅ ဦး ပါဝင်သည်။

၎င်းတို့က ဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် မည်သို့ လုပ်ဆောင်ရမည်ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မည်သည့်အဖွဲ့အစည်းက ဦးဆောင်မည်ဆိုသည်ကို ဆွေးနွေးခဲ့ကြကြောင်း ဦးရွှေမန်း၏ အဖွဲ့ထဲမှ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပြီး ၂၀၁၁ မှ ၂၀၁၆ ခုနှစ်အတွင်း လွှတ်တော် အဆိုတင်သွင်းရေးဆိုင်ရာ ကော်မတီကို ဦးဆောင်ခဲ့သူ ဦးစောလှထွန်းက ပြောကြားသည်။

“ပြီးခဲ့တဲ့ လွှတ်တော်မှာ ရှေ့နေချုပ်ရုံးက ဥပဒေတွေကို မူကြမ်းရေးဆွဲပါတယ်။ ဒါပေမဲ့ ပြည်ထောင်စုဥပဒေ ရှေ့နေချုပ်ရဲ့ အဆိုအရ ရှေ့နေချုပ်ရုံးဟာ ဥပဒေတွေကို မရေးဆွဲဘူးလို့ သိရပါတယ်” ဟု ၎င်းက Frontier ကို ပြောသည်။

“ဒါကြောင့် ဥပဒေတွေကို ရေးဆွဲတဲ့ အဖွဲ့အစည်း မရှိဘူး ဖြစ်နေပါတယ်။ တခြားနိုင်ငံတွေမှာ ဒီတာဝန်ကို လုပ်ဆောင်ပေးမယ့် ဌာနတွေ အဖွဲ့အစည်းတွေ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ရှေ့ဆက် ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာကို ဆွေးနွေးခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုဥပဒေ၏ ရှေ့နေချုပ်သည် ရှေ့နေချုပ်ရုံး၏ တာဝန်များကို ချမှတ်ပေးသည်။ ယင်း၏ အခန်းကဏ္ဍကို ဥပဒေဆိုင်ရာ အကြံဉာဏ်များ ပေးရသော အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။ ဥပဒေများကို ရေးဆွဲရသော အဖွဲ့အစည်းတစ်ခုအဖြစ် မသတ်မှတ်ထားချေ။ သို့သော် ဥပဒေက ဖော်ပြထားသည်မှာ ရှေ့နေချုပ်ရုံးသည် ပြည်ထောင်စုအစိုးရက သတ်မှတ်ပေးသော အခြားတာဝန်များကိုလည်း လုပ်ဆောင်ရမည်ဟု ဖော်ပြထားပြီး မည်သည့်ဥပဒေကိုမဆို လိုအပ်ပါက ရေးဆွဲနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း လွှတ်တော်ထဲ ဝင်ရောက်လာစဉ်။ ဓာတ်ပုံ - အန်းဝမ်

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း လွှတ်တော်ထဲ ဝင်ရောက်လာစဉ်။ ဓာတ်ပုံ – အန်းဝမ်

ဦးစောလှထွန်းက လွှတ်တော်အတွင်းတွင် ဥပဒေ ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်ပေးရန် ဌာနသစ်တစ်ခု ဖွဲ့စည်းမည်ဟု အကြမ်းဖျင်း ဆုံးဖြတ်ချက်တစ်ခုကို ဇူလိုင်လ ၂၇ ရက်က ချမှတ်နိုင်ခဲ့သည်ဟု ဆိုသည်။ ယင်းဆုံးဖြတ်ချက်သည် လွှတ်တော်၏ သဘောတူညီမှု လိုအပ်မည်ဖြစ်ပြီး မကြာမီ တရားဝင် ချမှတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။

အစိုးရသည် မကြာသေးမီ ကာလအတွင်း ဥပဒေမူကြမ်း ရေးဆွဲသောတာဝန်ကို ရှေ့နေချုပ်ရုံးထံမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများထံသို့ လွှဲပြောင်းပေးရန် စဉ်းစားခဲ့သည်ဟု Frontier က နားလည်သည်။ ထိုသို့ဖြင့် ဝန်ကြီးဌာနများရှိ အရာရှိများနှင့် ဝန်ကြီးဌာန၏ လုပ်ဆောင်ရန် ရှိသည်များနှင့် ပတ်သက်သော ဥပဒေများကို ရေးဆွဲရန် ရှေ့နေများ ပူးတွဲထားရှိမည်ဟု ယူဆသည်။

ထိုစနစ်ဖြင့် ဥပဒေပြုရေးအဖွဲ့၏ အခန်းကဏ္ဍမှာ အစိုးရက တင်သွင်းလာသော ဥပဒေမူကြမ်းများကို သုံးသပ်စိစစ်ပေးရမည်ဖြစ်ပြီး ရှေ့နေချုပ်ရုံးသည် ဝန်ကြီးဌာနများကို လိုအပ်သလို အထောက်အပံံ့ပေးရမည် ဖြစ်သည်။

ဥပဒေများ ဆက်လက်စိစစ်

အသေးစိတ် အချက်အလက်များကို ညှိနှိုင်းဆွေးနွေးနေချိန်တွင် ဦးရွှေမန်း၏ ကော်မရှင်သည် လက်ရှိဥပဒေများကို သုံးသပ်စိစစ်သည့် အလုပ်ကို လုပ်ဆောင်နေသည်ဟု ဦးစောလှထွန်းက ပြောကြားသည်။ ထို့ပြင် ဦးရွှေမန်း၏ ကော်မရှင်သည် ဥပဒေသစ်များကို မူကြမ်းရေးဆွဲရန် အခွင့်အာဏာမရှိဟု ၎င်းက ဆိုသည်။

typeof=

ဧပြီလတွင် ဦးရွှေမန်း၏ ကော်မရှင်သည် ပြန်လည်ရုပ်သိမ်းရန်၊ အသစ်ပြဋ္ဌာန်းရန်၊ ပြုပြင်ပြောင်းလဲရန်၊ သို့မဟုတ် ပြန်လည်ရေးဆွဲရန် လိုအပ်သော ဥပဒေနှင့် အဆို ၁၄၂ ခုကို ထုတ်ပြန်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစိုးရသစ်က ၎င်း၏ အကြံပြုချက်များထဲမှ အချို့ကို လက်ခံထားခဲ့သည်။ ယင်းတို့ထဲတွင် နိုင်ငံတော် ကာကွယ်ရေး ဥပဒေကို ပြန်လည်ရုပ်သိမ်းခြင်းလည်း ပါဝင်သည်။ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေး ဥပဒေကို ပြုပြင်ရန် ညှိနှိုင်းဆွေးနွေးမှုများလည်း စတင်ခဲ့သည်။

သို့သော် အကြံပြုထားသော ဥပဒေ ပြုပြင်ပြောင်းလဲမှုသည် များပြားလွန်းသည်။ ဇူလိုင်လ ၂၇ ရက် ဆွေးနွေးပွဲ၌ ဦးရွှေမန်း၏ ကော်မရှင်က ပြောကြားရာတွင် မြန်မာနိုင်ငံရှိ ဥပဒေ ၆၂၈ ခု၌ ၂၃၁ ခုကို အသုံးမပြုကြပေ။ သို့မဟုတ် သက်ဝင်မှု မရှိကြပေ။

ကော်မရှင်က အကြံပြုထားသည်မှာ ဥပဒေ ၆ ခုကို ပြန်လည်ရုပ်သိမ်းခြင်း၊ ၅၂ ခုကို ပြုပြင်ခြင်း၊ ၄၈ ခုကို ဥပဒေသစ်များနှင့် အစားထိုးခြင်း၊ ၂၃ ခုကို ပြန်လည်ရေးဆွဲခြင်းတို့ လိုအပ်မည်ဟု ဆိုသည်။

ယင်းမှာ ဦးရွှေမန်း၏ ကော်မရှင်က ဧပြီလတွင် ထုတ်ပြန်ခဲ့သော ဥပဒေ ၁၄၂ ခုကို ပြုပြင်ပြောင်းလဲရန် ရှိသည်ဆိုသော အကြံပေးချက်ထက် တိုးတက်များပြားလာခြင်း ဖြစ်သည်။ သို့ဖြင့် ဥပဒေ ၇ ခုကို ရုပ်သိမ်းခြင်း၊ ၄၁ ခုကို ပြုပြင်ခြင်း၊ ၂၉ ခုကို ဥပဒေသစ်နှင့် အစားထိုးခြင်း၊ ၁၅ ခုကို ပြန်လည်ရေးဆွဲခြင်း ပြုလုပ်ရမည်ဟု ဆိုခဲ့သည်။

ယင်းစာရင်းထဲတွင် ဇန်နဝါရီလက လွှတ်တော် ပထမသက်တမ်း ကုန်ဆုံးချိန်တွင် အတည်မပြုနိုင်ခဲ့သော လွှတ်တော်တွင် ကျန်ရှိနေသည့်အဆို ၂၂ ခုလည်း ပါဝင်သည်။ ဖေဖော်ဝါရီလ ၁ ရက်တွင် လွှတ်တော် ဒုတိယသက်တမ်း အစပြုသောအခါ အစိုးရက တင်သွင်းခဲ့သော အဆိုမူကြမ်း ၁၈ ခုနှင့် လွှတ်တော် ပထမသက်တမ်း၌ လွှတ်တော်အမတ်များက အကြံပြုခဲ့သော ဥပဒေ ၈ ခုတို့ ပါဝင်သည်။

ထိုအထဲမှ အဆို ၅ ခုကို ဇူလိုင်လ ၂၅ ရက်က ပြန်လည်စတင်သော လက်ရှိလွှတ်တော်တွင် ဆွေးနွေးရန် ရှိသည်။ ယင်းတို့မှာ ကုန်းလမ်းပို့ဆောင်ရေး အာဏာပိုင် ဥပဒေကြမ်း Road Transport Authority Bill ၊ ပင်လယ်ရေပိုင်နက်နှင့် ကုန်သွယ်ရေကြောင်းဇုန် ဥပဒေကြမ်း Territorial Sea and Maritime Zones Bill ၊ အစိုးရ အောင်ဘာလေထီ ဥပဒေကြမ်း Government Lotteries Bill ၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေကြမ်း Science, Technology and Innovation Bill နှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်း Elderly Persons Bill တို့ ဖြစ်ကြသည်။ ဆွေးနွေးရန် စဉ်းစားမည့် ဆဋ္ဌမမြောက်အဆိုမှာ နိုင်ငံ့ဝန်ထမ်းဥပဒေ Civil Servant Law ဖြစ်သည်။ ယင်းမှာ ဦးရွှေမန်း ကော်မရှင်၏ စာရင်းထဲတွင် မပါဝင်ပေ။ သို့သော် နောက်ထပ် ဆွေးနွေးရန် အဆိုများလည်း ရောက်ရှိလာနိုင်သည်။

“လွှတ်တော်ကို မတင်သွင်းရသေးတဲ့ အဆိုသစ် အခု ၂၀ နီးပါး ရှိပါတယ်။ ကျွန်တော်တို့က အဲဒီအဆိုတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးနေပါတယ်” ဟု ဦးရွှေမန်း၏ ကော်မရှင်အဖွဲ့ဝင် ဦးဇော်မြင့်ဖေက ပြောကြားသည်။ “ဒါကြောင့် ဥပဒေတွေကို ရုပ်သိမ်းဖို့၊ ပြုပြင်ဖို့ စသဖြင့် အတိအကျ အမျိုးအစား ခွဲခြားပေးဖို့က မလွယ်ကူပါဘူး။ ဘာလို့လဲဆိုတော့ ဘာကိုမှ အတည်မပြုရသေးလို့ပါ” ဟု ၎င်းက ဆိုသည်။

နောက်တစ်ချက်မှာ နည်းဥပဒေများ မရှိခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ်ကတည်းက ပြဋ္ဌာန်းလာခဲ့သော ဥပဒေ ၂၃၉ ခုတွင် ၈၅ ခုသည် ဥပဒေ သက်ဝင်နိုင်ရန် နည်းဥပဒေများ လိုအပ်နေသည်။ ဥပဒေက ပြဋ္ဌာန်းထားသည်မှာ အစိုးရသည် ထိုဥပဒေများကို ပြဋ္ဌာန်းအပြီး ရက် ၉၀ အတွင်း ယင်းတို့နှင့်သက်ဆိုင်သော နည်းဥပဒေများကို မူကြမ်းရေးဆွဲပေးရမည်ဟု ပါရှိသည်။ သို့သော် ထိုသို့လုပ်ဆောင်ထားသော ဥပဒေ မရှိသလောက် နည်းပါးသည်။

နည်းဥပဒေများ လိုအပ်နေသော ဥပဒေ ၈၅ ခုတွင် ထက်ဝက်ကျော် ဖြစ်သည့် ၄၅ ခုသည် နည်းဥပဒေ ပြဋ္ဌာန်းရန် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ ကိစ္စရပ်အချို့တွင် နည်းဥပဒေ ပြဋ္ဌာန်းခြင်းသည် နှစ်နှင့်ချီ၍ ကြာမြင့်နေပြီ ဖြစ်သည်။ “အရေးကြီးတဲ့ ဥပဒေတချို့ အသက်မဝင်သေးဘူး ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ သူတို့နဲ့သက်ဆိုင်တဲ့ နည်းဥပဒေတွေ မပြဋ္ဌာန်းထားသေးလို့ ဖြစ်ပါတယ်” ဟု ဦးစောလှထွန်းက ပြောကြားသည်။

လျှို့ဝှက်မှုများအောက်ဝယ်

အစိုးရက လုပ်ဆောင်နေသော ဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် မရှင်းလင်းပေ။ ဦးရွှေမန်း ဦးဆောင်သော ကော်မရှင်၏ လုပ်ပိုင်ခွင့်အာဏာနှင့် အခြားလိုအပ်သော သက်ဆိုင်သူများကိုလည်း ရှင်းလင်းစွာ ဖော်မပြထားပေ။ ပြုပြင်ပြောင်းလဲရန်ရှိသည့် ဥပဒေ ၁၄၂ ခုကိုလည်း အများပြည်သူအား တရားဝင် မထုတ်ပြန်ထားပေ။ ထိုဥပဒေများကို ပြုပြင်ပြောင်းလဲရန် ရွေးချယ်သည့် စံနှုန်းသည်လည်း မရှင်းလင်းပေ။

ဆွေးနွေးညှိနှိုင်းမှုများလည်း ကင်းမဲ့လျက်ရှိသည်။ လွှတ်တော်ကို ဦးဆောင်သူများကလည်း လွှတ်တော်အမတ်များနှင့် အရပ်ဘက် အဖွဲ့အစည်းများကြား တွေ့ဆုံမှုများကို ကန့်သတ်လာခဲ့သဖြင့် လုပ်ငန်းစဉ်တွင် ပါဝင်သူများကို ဘာမျှပြောဆိုခြင်း မပြုနိုင်အောင်၊ အဆက်အသွယ် မရနိုင်အောင် လုပ်ဆောင်ထားသည်ဟူသော စိုးရိမ်မှုများ တိုးပွားလာနေသည်။

“လွှတ်တော်မှာ ဒီလုပ်ငန်းစဉ်တွေကို မလုပ်ဆောင်နိုင်တဲ့ ပြဿနာက လွှတ်တော်ဟာ လျှို့ဝှက်မှုတွေ အလွန်များပြားနေတာပါပဲ။ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတာတွေ၊ ဆွေးနွေးတာတွေ မရှိလို့ပါ” ဟု ရန်ကုန်မြို့ရှိ International Commission of Jurists ရုံးမှ နိုင်ငံတကာ ဥပဒေ အကြံပေးမစ္စ ဗာနီဆာသီစံ Ms Vani Sathisan က ပြောကြားသည်။

“လွှတ်တော်က ပြည်သူတွေကို အကျိုးသက်ရောက်စေမယ့် ဥပဒေတွေကို ပြုပြင်ပြောင်းလဲနေတာပါ။ ပြည်သူတွေက သူတို့ကို အုပ်ချုပ်ဖို့ လွှတ်တော်ကို အခွင့်အာဏာ အပြည့်ပေးထားပြီးသားပါ။ ဒါကြောင့် အထက်ကနေ ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့ ကြိုးစားနေတာထက် ပြည်သူတွေနဲ့ ပိုမိုပွင့်လင်းစွာ ဆွေးနွေးသင့်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ICJ သည် အစိုးရအေဂျင်စီများ၊ ဦးရွှေမန်း၏ ကော်မရှင်နှင့် နေပြည်တော်မှ ဥပဒေကြမ်း ကော်မတီ အသီးသီးနှင့် တွေ့ဆုံပြီး ယင်း၏ စိုးရိမ်ပူပန်မှုကို ဖော်ထုတ်ခဲ့သည်။ ထို့ပြင် တိုင်ပင်ဆွေးနွေးမှုများ လိုအပ်နေသည်ကိုလည်း ထောက်ပြခဲ့သည်။

လူ့အခွင့်အရေး ကာကွယ်မှု

အစိုးရနှင့် လွှတ်တော်မှ တာဝန်ရှိသူများသည် ဥပဒေ ပြုပြင်ပြောင်းလဲမှုနှင့်ပတ်သက်ပြီး စိတ်အားထက်သန်စွာ တိုင်ပင်ဆွေးနွေးလိုကြသည်။ ယင်းမှာ ယခင်အစိုးရနှင့် ကွာခြားသည့် ထူးကဲသော တိုးတက်မှု တစ်ခု ဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် တည်ငြိမ်မှု ယိုယွင်းမည်ကို လွန်စွာစိုးရိမ်နေကြပြီး အကန့်အသတ်မရှိသော နိုင်ငံရေး အခွင့်အရေးများ ပေးစွမ်းမည့် ဥပဒေများကိုမူ အတည်ပြုပေးရန် စိုးရိမ်နေကြသည်။

“ငြိမ်းချမ်းစွာ စီတန်းလှည့်လည်မှုဆိုင်ရာ ဥပဒေကို ဆွေးနွေးနေတုန်းကလည်း ကျွန်မတို့ဟာ နေပြည်တော်ကို ချက်ချင်းလိုက်သွားခဲ့ရပြီး ပြုပြင်ပြောင်းလဲမှုကို နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီအောင် လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ရတယ်” ဟု မစ္စ ဗာနီဆာသီစံက ပြောကြားသည်။

“ဥပဒေကြမ်း ကော်မတီရဲ့ဥက္ကဋ္ဌက ကျွန်မတို့ရဲ့ အကြံပြုချက်အတွက်  ကျေးဇူးတင်ခဲ့ပါတယ်။ အရင်နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ယောက်အနေနဲ့ အရင်အစိုးရဲ့ အမှားတွေကို ထပ်မကျူးလွန်ချင်ကြောင်း၊ လူ့အခွင့်အရေးကို မချိုးဖောက်လိုကြောင်း၊ သို့ပေမဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့နှင့် ပြဿနာတွေ ရှာဖွေလိုတဲ့ လူတွေရဲ့ရန်ကနေ ကာကွယ်ဖို့ လိုအပ်ချက်တို့ကြား ချိန်ညှှိနေရတဲ့ သူတို့ရဲ့ အခြေအနေကိုလည်း နားလည်ပေးစေလိုကြောင်း ပြောကြပါတယ်” ဟု ၎င်းက ပြောကြားသည်။

မကြာသေးမီက ပြည်သူ့လွှတ်တော်၏ ဥပဒေကြမ်း ကော်မတီသည် ညအိပ်ဧည့်သည်များအားလုံး တာဝန်ရှိသူများထံ ဧည့်စာရင်း တိုင်ရမည်ဟူသော ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးဥပဒေကို ဆက်လက်ထားရှိရန် ထောက်ခံခဲ့သော်လည်း အမျိုးသားလွှတ်တော်က ယင်းစာပိုဒ်ကို ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းမှ ပယ်ဖျက်ခဲ့ပြီး ဖြစ်သည်။

ထိုသို့ ဧည့်စာရင်းတိုင်ရန် လိုအပ်ချက်ကို ယခင်အစိုးရလက်ထက်က ရဲများသည် နေအိမ်များကို ဝင်ရောက်ရှာဖွေပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရန် အသုံးပြုခဲ့သည်။ ပြည်သူ့လွှတ်တော်၏ ဥပဒေမူကြမ်းတွင် ရည်ရွယ်ချက်ရှိရှိဖြင့် ဧည့်စာရင်း မတိုင်ကြားသူများကို အရေးယူမည်ဟု ပါရှိသည်။ ရည်ရွယ်ချက်ရှိရှိ ဆိုသည်ကို မည်သို့ သတ်မှတ်ဆောင်ရွက်မည်ကိုမူ အတိအကျ မဖော်ပြထားပေ။

ထိုသို့သော မသဲကွဲသည့် စကားအသုံးအနှုန်းများကို ကိုလိုနီခေတ်ကတည်းက မြန်မာနိုင်ငံ၏ ဥပဒေများတွင် တွေ့ရှိရခြင်း ဖြစ်သည်။ သို့ဖြင့် အစိုးရသည် သူတို့ မလိုလားသူများအား အရေးယူရန် ဥပဒေကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်နိုင်ခွင့် ရသွားစေသည်။

ဥပဒေမူကြမ်း ရေးဆွဲသော အဖွဲ့အစည်းများနှင့် တွေ့ဆုံမှုတွင် မစ္စ ဗာနီဆာသီစံက ပြောကြားရာ၌ ICJ သည် ဥပဒေများကို ပြဋ္ဌာန်းရာတွင် ရှင်းလင်းတိကျရန် လိုအပ်ကြောင်း ဆိုသည်။ ထို့ပြင် ဥပဒေမူကြမ်းများကို ရေးဆွဲရာတွင်လည်း လူ့အခွင့်အရေးကို ရိုသေလေးစားရန် လိုအပ်သည်ဟု ၎င်းက ပြောကြားသည်။

အစိုးရသစ်သည် ဥပဒေများကို ပြဋ္ဌာန်းရန် ကြိုးပမ်းနေစဉ်၊ တရားဥပဒေ စိုးမိုးရေးကို ကြိုးပမ်းလုပ်ဆောင်နေစဉ်နှင့် ဒီမိုကရေစီကို ကြိုးပမ်းဖော်ဆောင်နေစဉ်ကာလများတွင် လူ့အခွင့်အရေး ကာကွယ်မှုကို အလျှော့အတင်း မပြုလုပ်မိစေရန် အရေးကြီးကြောင်း ၎င်းက ပြောကြားသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ယခင်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို နေပြည်တော်အခမ်းအနား တစ်ခု၌ တွေ့ရစဉ်။ ဓာတ်ပုံ – ရဲအောင်သူ/ အေအက်ဖ်ပီ

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.