Emirates ၏ ရန်ကုန်ခရီးစဉ် သြဂုတ်လ စတင်တော့မည်

ရန်ကုန်၊ ဇူလိုင် ၂၆

ဒူဘိုင်းအခြေစိုက် လေကြောင်းလိုင်းဖြစ်သည့် Emirates သည် သြဂုတ် ၃ ရက်နေ့တွင် စီစဉ်ထားသည့်အတိုင်း ဒူဘိုင်းမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဖွင့်ပျံသန်းမှုနှင့် အတူ လာမည့်သီတင်းပတ်တွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာတွင် လေယာဉ်ဆင်းသက်တော့မည် ဖြစ်သည်။

“အခုဆိုရင် မြန်မာကို တော်တော်များများက ဝိုင်းကြည့်နေပါပြီ”ဟု Emirates ၏ ထိုင်း၊ မြန်မာနှင့် အင်ဒိုနီးရှားဆိုင်ရာ နိုင်ငံမန်နေဂျာ မိုဟာမက်ဆာဟရန်က ပြောသည်။ “မြန်မာက ပွင့်လင်းနေပါပြီ။ စီးပွားရေးလည်း တိုးတက်နေတယ်။ နောက်ပြီး ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာလှည့်ခရီးသည် ၇ ဒသမ ၅ သန်း လာမယ်လို့ အစိုးရက ခန့်မှန်းထားတယ်။ အဲဒီသတင်းကြားကတည်းက ကျွန်တော်တို့က ဒီမှာလာပြီး စီးပွားရေးလုပ်ချင်နေခဲ့တာ”ဟု ၎င်းကဆိုသည်။

တစ်ကြိမ်ပျံသန်းလျင် ခရီးသည် ၃၅၄ ဦးအထိ တင်နိုင်သော နေ့စဉ်ပျံသန်းမည့် လမ်းကြောင်းသစ်မှာ ဒူဘိုင်းမှ ရန်ကုန်သို့ တိုက်ရိုက်ပျံသန်းမည်ဖြစ်ပြီး ရန်ကုန်မှတဆင့် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းသို့ ဆက်လက် ပျံသန်းမည်ဖြစ်သည်။ ဒူဘိုင်းမှ ရန်ကုန်သို့ ပျံသန်းမည့် ခရီးစဉ်များအတွက် ကြိုတင်လက်မှတ်များမှာ သြဂုတ်လအတွက် ကုန်သွားပြီဖြစ်ရာ လမ်းကြောင်းသစ်၏ အရေးပါမှုအတွက် အလားအလာကောင်းကို ပြသလျက်ရှိသည်ဟု ဆာဟရန်က ပြောသည်။

“နိုင်ငံအတွင်း လုပ်ငန်းချဲ့ထွင်နိုင်တဲ့အထိ ဈေးကွက်က ဆက်လက်ကြီးထွားနေမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်”ဟု ဆာဟရန်က ဆိုသည်။ မြန်မာတွင် လုပ်ငန်းဆောင်ရွက်ရန် Emirates အတွက် ကနဦး စေ့စပ်ညိနှိုင်းမှုများမှာ အစိုးရအပြောင်းအလဲကြောင့် ရပ်တန့်ခဲ့သော်လည်း နောက်ဆုံးတွင် အခြားနိုင်ငံများနှင့် သာတူညီမျှ အခွင့်အရေးရရှိခဲ့သည်ဟု ဆာဟရန်ကဆိုသည်။

“အတည်ပြုမှုရရှိဖို့အတွက် အချိန်အတော်ကလေးတော့ ယူခဲ့ရပါတယ်။ ဒါပေမဲ့နောက်ဆုံးမှာ အားလုံး အဆင်ပြေခဲ့ပါတယ်”ဟု ဆာဟရန်ကပြောသည်။ “နိုင်ငံရေးအသိုင်းအဝိုင်းက ကျွန်တော်တို့ကို လက်ရှိမှာ ထောက်ခံမှုပေးနေတာ ကျေးဇူးတင်ပါတယ်” ဟု ၎င်းကဆိုသည်။ လက်ရှိတွင် ယူအေအီးနှင့် မြန်မာကြား သံတမန်ဆက်ဆံရေး မရှိသေးသော်လည်း ဗီဇာနှင့် ခရီးသွားပြသနာများ ပေါ်ပေါက်လာမည်ဟု မမျှော်လင့်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

လုပ်ငန်းကိစ္စများ ချောချောမောမော ဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်းမှ အေဂျင်စီများ၊ ခရီးသွားကုမ္ပဏီများနှင့် လက်တွဲဆောင်ရွက်သွားမည်ဟုလည်း ဆာဟရန်က ပြောသည်။ Emirates က မြန်မာတွင် လုပ်ငန်းများချဲ့ထွင်ရန် စီစဉ်ထားပါသလားဟု မေးသောအခါ နိုင်ငံတွင်း လုပ်ငန်းတိုးတက်မှုအပေါ် မူတည်သည်ဟု ဆာဟရန်ကဖြေသည်။

“ဈေးကွက်သစ်တွေဆီရောက်ဖို့ ကျွန်တော်တို့ အပြေးသွားပါတယ်။ ဘယ်တော့မှ လမ်းလျှောက် မသွားပါဘူး။ နောက်တော့ တခြားလေကြောင်းလိုင်းတွေက နောက်က လိုက်လာတယ်လေ”ဟု ဆာဟရန်ကပြောသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.