ယူအေအီးတွင် သောင်တင်နေသည့်မြန်မာအလုပ်သမားများအိမ်ပြန်နိုင်ဖို့မျှော်လင့်စောင့်စားနေ

မတ်လအကုန်ပိုင်းမှစ၍ လေကြောင်းခရီးစဉ်များရပ်ဆိုင်းခြင်း၊ ခရီးသွားလာမှုကန့်သတ်ချက်များကြောင့် အာရပ်စော်ဘွားများနိုင်ငံ( ယူအေအီး) တွင်သောင်တင်နေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော်သည် မိခင်နိုင်ငံသို့ပြန်လာရမည့်နေ့ကို မျှော်လင့်စောင့်စားနေကြရသည်။

ကျော်ရဲလင်း

မတ် ၂၄ ရက်အစောပိုင်းတွင် စင်ကာပူသို့ ထွက်ခွာမည့်Emirates လေယာဉ်တစ်စင်းကို ကိုခန့်မော်ဦးတစ်ယောက် ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ စိတ်အေးသက်သာစွာဖြင့် စောင့်ဆိုင်းနေခဲ့သည်။ စင်ကာပူ မှတဆင့် မြန်မာသို့ထွက်ခွာမည့် လေယာဉ်ကို သူဆက်စီးမည်ဖြစ်သည်။

“မကြာခင် အိမ်ရောက်တော့မယ်ဆိုတဲ့ အတွေးနဲ့ လေတောင်ချွန်နေမိသေးတယ်” ဟု သူကပြောသည်။

အသက် ၃၀ ကျော်အရွယ် ကိုခန့်မော်ဦးသည် Jumeirah Al Qasr ဟိုတယ်ရှိ Kids Club ခေါ်ကလေးများအတွက် ဖျော်ဖြေရေးနေရာတွင် ကလေးများကို ဖျော်ဖြေရသည့် အလုပ်ကို လုပ်ကိုင်နေသည်မှာ ငါးနှစ်နီးပါးရှိခဲ့ပြီဖြစ်သည်။ ဒူဘိုင်း၌ သူအလုပ်လုပ်နေသည်မှာ စုစုပေါင်း ကိုးနှစ်ရှိခဲ့ပြီဖြစ်သည်။ ယခုတော့ အိမ်ပြန်ရန်အတွက် သူ အလုပ်က နုတ်ထွက်ခဲ့ပြီ။

“ယူအေအီးမှာ COVID-19 ကူးစက်သူ တစ်ဒါဇင်ကျော်လောက်ရှိနေပြီဖြစ်တဲ့ ဖေဖော်ဝါရီလလယ်ပိုင်းလောက်မှာ ကျွန်တော် နုတ်ထွက်စာတင်ခဲ့တာ”ဟု ကိုခန့်မော်ဦးက ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာအပလီကေးရှင်း၏ အသံမက်ဆေ့ဂျ်မှတစ်ဆင့် ဧပြီ ၂၁ ရက်တွင် Frontier သို့ပြောခဲ့သည်။

ယူအေအီးသည် ဒူဘိုင်းအပါအဝင် စော်ဘွားနယ်မြေခုနစ်ခုပါဝင်သော နိုင်ငံဖြစ်သည်။

“ဒီကနေ ခပ်မြန်မြန်ထွက်ရင်ထွက်၊ မဟုတ်ရင် ဒီမှာပိတ်မိတော့မှာလို့လည်း တွေးမိတယ်” ဟု သူကပြောသည်။ The Kids Club မှာ မတ် ၁၅ ရက်ကတည်းက ပိတ်ထားလိုက်ပြီဖြစ်သည်။ သို့သော် ကိုခန့်မော်ဦး၏အလုပ်ရှင်သည် သူ၏အလုပ်လုပ်ခွင့်ပါမစ်ကို ဖျက်သိမ်းရဦးမည်ဖြစ်သောကြောင့် နောက်ထပ်တစ်ပတ်စောင့်ဆိုင်းခဲ့ရသည်။ အလုပ်ရှင်က အလုပ်လုပ်ခွင့်ပါမစ်ကို ဖျက်သိမ်းပေးမှသာ ကိုခန့်မော်ဦး နိုင်ငံတွင်းမှ ထွက်ခွာခွင့်ရမည်ဖြစ်သည်။

မြန်မာသို့ခရီးစဉ်စတင်ရန်အတွက် မတ် ၂၃ ရက်အကုန်ပိုင်းတွင် သူသည် ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။ သူ့ အိတ်တွေကိုချပြီး လေယာဉ်ပေါ်တက်ခွင့်လက်မှတ်ကိုလက်ခံပြီး လူဝင်မှုကြီးကြပ်ရေးဌာနဘက်သို့ ဦးတည်ချိန်အထိ အရာရာအဆင်ပြေနေပုံပေါ်ခဲ့သည်။

သို့သော် ကိုခန့်မော်ဦး လေယာဉ်ပေါ်တက်ခါနီးတွင် သူနှင့်အတူ အခြားခရီးသည်လေးဦး လေယာဉ်ပေါ်တက်ခွင့်ရမည်မဟုတ်ကြောင်း လေဆိပ်အမှုထမ်းများက အသိပေးခဲ့သည်။ စင်ကာပူသည် ၎င်းတို့နိုင်ငံမှတစ်ဆင့် အခြားနိုင်ငံတစ်နိုင်ငံသို့ တစ်ဆင့်သွားရောက်မည့် ခရီးသွားများနှင့် ယာယီခရီးသွားများကို မတ် ၂၃ ရက် သန်းခေါင်ကတည်းက ပိတ်ပင်လိုက်သောကြောင့်ဖြစ်သည်။

စင်ကာပူသည် ခရီးသွားဝင်ရောက်မှုပိတ်ပင်မည့် အစီအစဉ်ကို သက်ရောက်မှုမရှိမီရက်အနည်းငယ်အလိုကတည်းက ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ပိတ်ပင်ချက်နှင့်ပတ်သက်၍ ကိုခန့်မော်ဦး လေဆိပ်သို့ရောက်ရှိသည်အထိ မည်သူကမျှလည်းမပြောခဲ့သောကြောင့် လေဆိပ်ရှိ ထွက်ခွာမည့်သူများနေရမည့်နေရာတွင် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။

“လေယာဉ်ပေါ်တက်လို့မရဘူးဆိုတာကို နောက်ဆုံးအချိန်မှပြောတယ်ဗျာ၊ စိတ်ပျက်စရာကောင်းလိုက်တာ” ဟု သူကပြောသည်။

ကိုခန့်မော်ဦးသည် ဂျကာတာ၊ ဟောင်ကောင်တို့မှတစ်ဆင့်လည်း မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရန် နောက်ပိုင်းတွင် ကြိုးပမ်းခဲ့သော်လည်း COVID-19 ကူးစက်မှုလျှော့ချရေးအစီအစဉ်များအရ လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းထားခဲ့သဖြင့် မအောင်မြင်ခဲ့ချေ။

dubai_stranded_2_khant_oo_maw.jpg

 title=

title=

စင်ကာပူသို့ထွက်ခွာမည့် လေယာဉ်ပေါ်တက်ခွင့်မရခဲ့ပြီးနောက် တစ်ရက်နီးပါးအကြာ မတ် ၂၄ ရက် အနှောင်းပိုင်းတွင် ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဝန်ထမ်းတချို့သည် ကိုခန့်မော်ဦးအား မြေအောက်ခန်းတစ်နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။ ယင်းအခန်းတွင် လူ ၃၀ ခန့်ကြိုရောက်နေပြီးဖြစ်သည်ကို သူတွေ့လိုက်ရသည်။

“လူတွေထပ်ခေါ်လာသေးတယ်၊ နောက်တစ်နေ့မှာဆိုရင် ၁၀၀ ကျော်လောက်ရှိသွားတယ်” ဟု သူကပြောသည်။

သောင်တင်နေသည့် ခရီးသွားများသည် မတ် ၂၄ နှင့် ၂၅ ရက်ကို မြေအောက်ခန်းထဲတွင်သာ နေခဲ့ရသည်။ တချို့ကလည်း လေဆိပ်၏စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ပြစ်တင်ပြောဆိုခဲ့သည်။ ဒူဘိုင်းလေဆိပ်ရှိ သောင်တင်ခရီးသည်များအကြောင်းကို အမေရိကန်မီဒီယာများက မတ် ၂၅ ရက်တွင် ဖော်ပြခဲ့ပြီးနောက်မှသာ ခရီးသည်များအား ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ဟိုတယ်သို့ ရွှေ့ပြောင်းထားရှိခဲ့သည်။

“ဘာတွေဖြစ်နေတယ်ဆိုတာကို မသိတာကြောင့် လေဆိပ်မှာနေရတဲ့ ပထမဆုံးနှစ်ရက်က အတော်ကို နေရထိုင်ရခက်ခဲ့တယ်၊ လေဆိပ်မှာ ဖွင့်ထားဆဲဖြစ်တဲ့ ဆိုင်တချို့ကနေ အစားအစာတွေကို စားဖို့ ကူပွန်လေးတွေပေးတယ်လေ” ဟု ကိုခန့်မော်ဦးကပြောဆိုခဲ့သည်။

ဟိုတယ်သို့ ရွှေ့ပြောင်းရပြီးနောက် တစ်ပတ်ခန့်အကြာတွင် ဂျကာတာသို့ထွက်ခွာမည့် လေယာဉ်ခရီးစဉ်နှင့် လိုက်ပါလိုခြင်းရှိမရှိ ကိုခန့်မော်ဦးကို မေးမြန်းလာခဲ့သည်။ ဂျကာတာမှ ရန်ကုန်သို့ လေယာဉ်ဖြင့်သွားရောက်နိုင်မည်မဟုတ်သည်ကိုသိရှိသောကြောင့် ရန်ကုန်သို့ရောက်မည့် ခရီးစဉ်ဖြင့်သာ လိုက်ပါလိုကြောင်း ပြောဆိုခဲ့သည်ဟု လေဆိပ်ဟိုတယ်တွင် ဆက်လက်နေထိုင်နေရဆဲဖြစ်သည့် ကိုခန့်မော်ဦးကပြောဆိုခဲ့သည်။

ကိုခန့်မော်ဦးသည် ယူအေအီးတွင် သောင်တင်နေပြီး မိခင်နိုင်ငံသို့ တတ်နိုင်သရွေ့အမြန်ဆုံးပြန်ချင်နေသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်တွင်ပါဝင်နေသည်။ ယူအေအီးတွင် ဆက်နေရန် ဆုံးဖြတ်ထားပြီး COVID-19 ကာလအတွင်း ဆက်လက်အလုပ်လုပ်ကိုင်နေရသည့် အခြားမြန်မာအလုပ်သမားများက ကိုခန့်မော်ဦးအပါအဝင် မြန်မာများအား အကူအညီများပေးကြသည်။

ကူးစက်ရောဂါကြောင့် စက်ရုံများနှင့်ဆိုင်များကို ပိတ်သိမ်းလိုက်ရသဖြင့် ယူအေအီးတွင် သောင်တင်နေသည့် မြန်မာအများစုသည် အလုပ်အကိုင်ဆုံးရှုံးခဲ့ကြကြောင်း ၎င်းတို့ကို ကူညီရန် ကြိုးပမ်းနေသည့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးကပြောဆိုခဲ့သည်။

“တချို့ကလည်း ဒီကို ခရီးသွားဗီဇာနဲ့လာကြတာ၊ ကူးစက်ရောဂါကြောင့် ကမောက်ကမတွေဖြစ်ပြီး သောင်တင်နေကြတာ” ဟု ယင်းအမျိုးသားက Frontier အား WhatsApp မှတစ်ဆင့် ဧပြီ ၂၂ ရက်တွင် ပြောဆိုခဲ့သည်။

မြန်မာသည် မေ ၁၅ ရက် သန်းခေါင်အထိ ခရီးသည်တင်လေယာဉ်ဝင်ရောက်မှုအားလုံးကို ပိတ်ပင်ထားခဲ့သည်။ သို့သော် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထောက်ခံမှုဖြင့် အထူးလေယာဉ်ခရီးစဉ်များကိုမူ စီစဉ်လို့ရနေသည်။

dubai_stranded_1_khant_oo_maw.jpg

 title=

title=

ယူအေအီးတွင် သောင်တင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို အထူးလေယာဉ်ဖြင့် ပို့ဆောင်ပေးခွင့်ရရှိရေးအတွက် ရွှေ့ပြောင်းလုပ်သားများအား ကူညီနေသည့် အဆိုပါအမျိုးသားသည် ယင်းရွှေ့ပြောင်းလုပ်သားများ၏အမည်များကို အနီးဆုံး မြန်မာသံရုံးရှိသည့် ဆော်ဒီအာရေဗျရှိ မြန်မာသံရုံးသို့ လွန်ခဲ့သောနှစ်ပတ်ကတည်းက ပေးပို့ခဲ့သည်။

မြန်မာသံရုံးဘက်မှ တုံ့ပြန်မှုမရှိသေးကြောင်း ယင်းအမျိုးသားကပြောဆိုခဲ့သည်။ “ပိတ်ဆို့ထားတဲ့အချိန်အတွင်းပဲဖြစ်ဖြစ်၊ ပိတ်ဆို့တာရုပ်သိမ်းပြီးနောက်မှာပဲဖြစ်ဖြစ် အထူးလေယာဉ်နဲ့ ပြန်လာခွင့်ပေးဖို့ သံရုံးကတစ်ဆင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကို တောင်းဆိုထားပါတယ်” ဟု သူကပြောသည်။

ယူအေအီးအစိုးရသည် သောင်တင်နေသည့် နိုင်ငံခြားသားအလုပ်သမားများအား အိန္ဒိယနှင့် ပါကစ္စတန်တို့ကဲ့သို့ နိုင်ငံများသို့ လေယာဉ်ဖြင့် ပြန်လွှတ်ရန် ကမ်းလှမ်းခဲ့ပြီးဖြစ်သောကြောင့် မြန်မာသို့ အထူးလေယာဉ်ခရီးစဉ်စီစဉ်ရန် မခက်ခဲကြောင်း သူ ဆက်လက်ပြောဆိုခဲ့သည်။

မိခင်နိုင်ငံပြန်လိုကြောင်း ယူအေအီးရှိ မြန်မာနိုင်ငံသား ၁၀၀ ကျော်တို့က ဝန်ကြီးဌာနကို အသိပေးထားပြီးဖြစ်သည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က Frontier ကို အတည်ပြုပြောဆိုခဲ့သည်။

မိခင်နိုင်ငံပြန်လိုသည့် မြန်မာနိုင်ငံသားစာရင်းကို ကမ္ဘာတစ်ဝန်းရှိ မြန်မာသံရုံးများက ပြုစုနေကြောင်း၊ သြစတြေးလျ၌ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားအများဆုံးရှိနေကြောင်း ဦးစိုးဟန်ကပြောဆိုခဲ့သည်။ မြန်မာနိုင်ငံသားများကို ပြန်ခွင့်ရအောင်လုပ်ပေးနိုင်မည့် အချိန်ကို ဝန်ကြီးဌာနက အတိအကျမပြောနိုင်သေးကြောင်း သူကဆက်လက်ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသားများ လက်ရှိရောက်နေသည့် နိုင်ငံများနှင့် စေ့စပ်ဆွေးနွေးမှုအပေါ်မူတည်ပြီး လေယာဉ်ခရီးစဉ်ပိတ်ပင်ထားသည့် ကာလအတွင်းဖြစ်စေ၊ ပိတ်ပင်ချက်ရုတ်သိမ်းပြီးနောက်ဖြစ်စေ ပြန်လည်ခေါ်ယူမှုများကိုပြုလုပ်နိုင်ကြောင်း သူကပြောသည်။ ဖေဖော်ဝါရီမှစ၍ တရုတ်နှင့် အိန္ဒိယတို့အပါအဝင် နိုင်ငံတချို့မှ မြန်မာနိုင်ငံသား ၃၂၆ ဦးကို လေကြောင်း ခရီးစဉ်ဖြင့် အစိုးရက ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သူက ရှင်းလင်းပြောဆိုခဲ့သည်။

ယူအေအီးအစိုးရသည် မိခင်နိုင်ငံသို့ ပြန်လိုသည့် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများ COVID-19 စစ်ဆေးမှုခံယူပြီး ကူးစက်ခံရခြင်းမရှိကြောင်း အတည်ပြုချက်မှသာ လေယာဉ်ခရီးစဉ်ဖြင့်သွားရောက်ခွင့်ပြုမည်ဖြစ်ကြောင်း စည်းမျဉ်းချမှတ်ထားသဖြင့် ယူအေအီးမှပြန်လာသည့် ရွှေ့ပြောင်းလုပ်သားများကို COVID-19 ဖြန့်ချိမည့်သူများအဖြစ် သတ်မှတ်ရန်မသင့်ကြောင်း ယူအေအီးရှိ မြန်မာနိုင်ငံသားများကို ကူညီနေသည့် အမျိုးသားကပြောဆိုခဲ့သည်။

“သူတို့အားလုံးကလည်း ရန်ကုန်ကိုရောက်ပြီး ၂၁ ရက် သီးခြားထားရှိနေထိုင်မယ်လို့ သဘောတူထားပြီးသားပါ” ဟု သူကပြောသည်။

ယူအေအီးတွင် သောင်တင်နေသည့် မြန်မာများက ဧပြီ ၃၀ ရက်တွင် လေယာဉ်ခရီးစဉ်ပိတ်ပင်မှု ရုပ်သိမ်းပေးလိမ့်မည်ဟု မျှော်လင့်ချက်ထားခဲ့ပုံရသည်။ သို့သော် ဧပြီ ၂၄ ရက်တွင်မူ လေယာဉ်ခရီးစဉ်ပိတ်ပင်မှုကို နောက်ထပ် ၁၅ ရက် သက်တမ်းတိုးခဲ့သည်။

“မြန်မာမှာ ကူးစက်ရောဂါအခြေအနေနဲ့ပတ်သက်ပြီး အတော်လေးကို ရုန်းကန်ရင်ဆိုင်နေရတယ်ဆိုတာကို သိထားကြတာမို့ လေယာဉ်ခရီးစဉ်ပိတ်ပင်တာ ရုပ်သိမ်းပေးဖို့ စောင့်နေရတာအတွက် မကျေမနပ်ဖြစ်တာတွေမရှိပါဘူး၊ ပိတ်ပင်ချက်ရုပ်သိမ်းပြီး အိမ်ကို အမြန်ဆုံးပြန်ရရင်တော့ အကောင်းဆုံးပေါ့ဗျာ” ဟု သူကပြောသည်။

Emirates လေကြောင်းလိုင်းသည် ဖိလစ်ပိုင်သို့အပါအဝင် ခရီးစဉ်တချို့ကို ပျံသန်းပေးနေသောကြောင့် ပိတ်ပင်ချက်ရုပ်သိမ်းပြီဆိုသည်နှင့် မြန်မာသို့ထွက်ခွာမည့် ပထမဆုံးခရီးစဉ်နှင့်အတူလိုက်ပါနိုင်မည်ဟု ကိုခန့်မော်ဦးက မျှော်မှန်းထားသည်။

“ဒီမှာ လုပ်တာ ကိုးနှစ်နီးပါးရှိပြီးနောက်မှာ ကိုယ့်အိမ်ကိုပြန်ဖို့ ဆုံးဖြတ်ပြီးပြီလေ၊ လေယာဉ်ခရီးစဉ်အတွက် နောက်ထပ်ငွေပိုပေးရပြီး ရန်ကုန်မှာ ၂၁ ရက် သီးခြားနေထိုင်ရမယ်ဆိုရင်လည်း အသင့်ပါပဲ” ဟု ကိုခန့်မော်ဦးကပြောသည်။

“အိမ်ပြန်ချင်တာပဲသိတယ်ဗျာ” ဟု သူကပြောပါသည်။

သက်အေး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ:Flydubai လေယာဉ်တစ်စီးအား ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဧပြီ ၆ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ-AFP

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar