လုပ်ငန်းခွင်ဝင်ရန်ပြင်ဆင်နေသည့် စက်မှုဇုန်လုပ်သားများကို ယခုနှစ်၊ မေ၁၆ရက်က မြင်တွေ့ရစဉ်။ စက်မှုဇုန်များတွင် လာရောက်လုပ်ကိုင်ကြသူအများစုသည် တစ်နယ်တစ်ကျေးမှ ရေကြည်ရာသို့ ရွှေ့ပြောင်းလာကြသည့် အလုပ်သမားများဖြစ်ကြသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

မဲပေးခွင့် ဆုံးရှုံးရဖွယ်ရှိနေသည့် စက်မှုဇုန်လုပ်သားများ

လက်ရှိနေထိုင်ရာအရပ်တွင် မဲပေးခွင့်ရရန် လျှောက်တင်ရသည့်လုပ်ငန်းစဉ်သည် ဝန်ပိစေ၍ လှိုင်သာယာအတွင်းက သိန်းနှင့်ချီသော မဲပေးပိုင်ခွင့်ရှိသည့် အလုပ်သမားများ နိုဝင်ဘာရွေးကောက်ပွဲတွင် မဲပေးခွင့်ဆုံးရှုံးရဖွယ်ရှိနေသည်။

ပြည့်စုံအောင် ရေးသားသည်။

နိုဝင်ဘာ၈ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ မဲပေးပိုင်ခွင့်ဆုံးရှုံးဖွယ်ရှိသူများ အကြောင်းပြောဆိုကြရာတွင် အများအားဖြင့် ဝေးလံခေါင်ဖျားသည့် ကျေးလက်ဒေသက အဖိနှိပ်ခံ တိုင်းရင်းသားနှင့်ဘာသာရေးအုပ်စုဝင်များ အကြောင်းကသာ လွှမ်းမိုးလေ့ရှိသည်။

သို့သော် မဲဆန္ဒရှင်စာရင်းတွင် အမည်ထည့်သွင်းနိုင်ခြင်းမရှိသဖြင့် မြန်မာနိုင်ငံမြို့ကြီးများက သိန်းပေါင်းများစွာသော နိုင်ငံသားများသည် လာမည့်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် လက်လွှတ်ဆုံးရှုံးရမည့် အခြေအနေတစ်ရပ်နှင့် ကြုံတွေ့နေရသည်။

ယင်းအခြေအနေကား ရန်ကုန်တိုင်းဒေသကြီးအတွင်းက လူဦးရေထူထပ်သိပ်သည်းမှုအများဆုံး လှိုင်သာယာမြို့နယ်အတွင်း ဖြစ်ပေါ်လာဖွယ်ရှိနေသည်။ ပြည်တွင်းရွှေ့ပြောင်းလုပ်သားများဟု ခေါ်ဆိုနိုင်သော တစ်နယ်တစ်ကျေးကလာရောက်၍ အလုပ်လုပ်ကိုင်သူဦးရေသည် လှိုင်သာယာမြို့နယ်အတွင်း အိမ်ထောင်စုစာရင်းအမည်ပေါက်ဖြင့်နေထိုင်သည့် ဒေသခံများထက် အလွန်များပြားလှသည်။ ပြည်တွင်းရွှေ့ပြောင်းလုပ်သားများသည် လှိုင်သာယာ စက်မှုဇုန်၁၃ခုအတွင်းက အထည်ချုပ်စက်ရုံနှင့် အခြားစက်ရုံများတွင် အလုပ်လုပ်ကိုင်ကြသည်။

ယခုနှစ်ဆန်းပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏စာရင်းဇယားများအရ လှိုင်သာယာမြို့နယ်၏ လူဦးရေသည် ၇၃၃,၆၀၀ဦးရှိပြီး ၎င်းတို့အနက်က ၆၀၀,၀၀၀နီးပါးသည် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်သည်။ သို့ရာတွင် အမည်မတပ်ရန်မေတ္တာရပ်ခံသည့် လူဝင်မှုကြီးကြပ်ရေး (လဝက)အရာရှိတစ်ဦးကမူ လှိုင်သာယာမြို့နယ်၏ လူဦးရေသည် တစ်သန်းခန့်အထိရှိနိုင်သည်ဟု ဖရွန်းတီးယားမြန်မာကို ယမန်နှစ်ကပြောသည်။

လူဦးရေထူထပ်များပြားလွန်းလှသဖြင့် အာဏာပိုင်များကပင် လူဦးရေစာရင်းအတိအကျကို မှတ်တမ်းပြုစုနိုင်ခြင်းမရှိဟု ၎င်းကဆိုသည်။ ထို့ပြင် ထွေအုပ်စာရင်းများအရ လှိုင်သာယာမြို့နယ်အတွင်း ကျူးကျော်တဲများတွင် တရားမဝင်နေထိုင်သူဦးရေ နှစ်သိန်းကျော်ရှိနေသည်။

အုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန် အစိုးရသည် ယမန်နှစ်က လှိုင်သာယာကို အရှေ့နှင့် အနောက်ဟူ၍ နှစ်ခြမ်းခွဲလိုက်သည်။ မြို့နယ်နှစ်ခုအဖြစ် အုပ်ချုပ်မှု လုပ်ငန်းများခွဲခြမ်းခြင်း မပြီးဆုံးသေးသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမူ လှိုင်သာယာကို မြို့နယ်နှစ်ခုအဖြစ် သတ်မှတ်ပြီးဖြစ်သည်။ သို့ဖြစ်ရာ လှိုင်သာယာတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနှစ်နေရာ (အရှေ့နှင့်အနောက်လှိုင်သာယာ)၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်လေးနေရာနှင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တစ်နေရာတို့ ရှိသည်။

ဇူလိုင်၂၅ရက်မှ ဩဂုတ်၁၄ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပထမအကြိမ်မဲစာရင်းကပ်ထားခဲ့စဉ်က အရှေ့လှိုင်သာယာမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၁၄,၈၁၂ဦး ရှိခဲ့ပြီး အနောက်လှိုင်သာယာမြို့နယ်တွင် ၂၅၃,၂၀၆ဦးရှိခဲ့ကြောင်း အဆိုပါမြို့နယ်များရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ဆိုသည်။

သို့သော် အဆိုပါမဲစာရင်းများတွင် သောင်းနှင့်ချီသော ဒေသခံများ၊ အထူးသဖြင့် အခြားဒေသများက လှိုင်သာယာသို့ အလုပ်လာလုပ်သည့် စက်မှုဇုန်အလုပ်သမားများ ထပ်တိုးပါရှိရန် ကျန်နေသေးကြောင်း ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများက ဝန်ခံထားသည်။ မဲစာရင်းတွင် အမည်မပါရှိခဲ့သော လူဦးရေစာရင်းသည် သောင်းနှင့်ချီရှိနိုင်သော်လည်း ပြီးပြည့်စုံသောမြို့နယ်လူဦးရေ စာရင်းမရှိသဖြင့် ခန့်မှန်းတွက်ဆရန် ခက်ခဲသည်။

ယင်းသို့ဖြစ်ရခြင်းမှာ အဆိုပါမဲစာရင်းများကို ပြုစုသည့်နည်းလမ်းကြောင့်ဖြစ်သည်။ ယမန်နှစ် ဇွန်မှ စက်တင်ဘာအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရပ်ကွက်နှင့်ကျေးရွာ (ရပ်/ကျေး)အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်လဝကဦးစီးအရာရှိများပါဝင်သည့်အဖွဲ့များသည် တစ်အိမ်တက်ဆင်း၍ မဲစာရင်းများကောက်ယူခဲ့သည်။

ကောက်ယူနေစဉ် ရှိသည့်လူဦးရေစာရင်းကိုသာ မဲစာရင်းတွင် ထည့်သွင်းခဲ့သည်။ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် ရရှိလာသည့်အဆိုပါမဲစာရင်းများကို ၂၀၁၅ကပြုစုခဲ့သည့် မဲစာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးရမည့်အစား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ တိုက်ရိုက်တင်ပြခဲ့ရာ အမှားအယွင်း အများအပြားပါဝင်ခဲ့သည်။

မဲဆန္ဒရှင်များ၏ အချက်အလက်မှားယွင်းမှုများ၊ မဲစာရင်းတွင်အမည်မပါဝင်မှုနှင့် မပါဝင်သင့်သောသူများ၊ သေဆုံးသူများပါဝင်ခြင်း စသည့် မဲစာရင်းနှင့်သက်ဆိုင်သော အမှားအယွင်းများက ပထမအကြိမ်ကြေညာစဉ်တွင် နိုင်ငံအနှံ့ဖြစ်ပေါ်ခဲ့သည်။

ယင်းအမှားများကြောင့် ရွေးကောက်ပွဲကော်မရှင်အပေါ် ဝေဖန်မှုမြင့်တက်ခဲ့သည်။ အလားတူ လှိုင်သာယာမြို့နယ်တွင်လည်း အစိုးရဝန်ထမ်းအင်အားနှင့် အလွန်များပြားလွန်းလှသည့် နေထိုင်သူဦးရေ အချိုးအစားမမျှတမှုကြောင့် မဲစာရင်းအမှားများ အကြီးအကျယ်ဖြစ်ပေါ်ခဲ့သည်။

“မဲစာရင်းတွေက အပြီးသတ်စာရင်းမဟုတ်သေးဘူး။ အခုချိန်အထိတော့ မဲစာရင်းကို ပြင်ဆင်နေတုန်းပါပဲ။ ကျွန်တော်တို့ တဲ့မဲစာရင်းထပ်ဖြည့်တာတွေ လုပ်နေတယ်။ မဲစာရင်းမှာ ထပ်ထည့်ထားတယ်”ဟု အရှေ့လှိုင်သာယာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးကျော်သောင်းက ပထမအကြိမ်မဲစာရင်းကပ်ထားစဉ်က ပြောသည်။ ၎င်း၏ ပြောဆိုချက်က လှိုင်သာယာစက်မှုဇုန်အလုပ်သမား အများအပြား မဲစာရင်းတွင်မပါဝင်ကြောင်းကို သွယ်ဝိုက်ဝန်ခံနေသယောင်ပင်ဖြစ်သည်။

“သူတို့တွေအတော်များများက အိမ်ငှားနေကြတာများတယ်။ ဒါ့ပြင် နယ်လည်း မကြာခဏ ပြန်ကြတော့ သူတို့က နေရပ်လိပ်စာ အတည်တကျမရှိကြဘူး။ မဲစာရင်းထဲထည့်ပေးဖို့ ပုံစံ(၃) လျှောက်လွှာတွေကို ကျွန်တော်တို့ စိစစ်နေတယ်”ဟု ဦးကျော်သောင်းက ပြောသည်။ ယင်းသို့ စိစစ်သည့်လျှောက်လွှာများသည် ရပ်ကွက်များအတွင်း ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက လော်စပီကာနှင့် လှည့်လည်၍ မဲစာရင်းပြင်ဆင်ရန် ဆော်ဩရာမှ ရရှိလာသည့် လျှောက်လွှာများဖြစ်သည်။

ပုံစံ(၃-က)ဆိုသည်မှာ ရက်ပေါင်း၉၀ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက်ရှိနေသည့် မဲဆန္ဒရှင်များသည် မိမိတို့၏အမြဲတမ်းနေရပ်သို့ သွားရောက်မဲပေးလိုခြင်းမရှိပါက ရောက်ရာအရပ်တွင် မဲပေးခွင့်ရရန် လျှောက်ထားရခြင်းဖြစ်သည်။ မဲဆန္ဒရှင်များသည် ၎င်းတို့ရောက်ရှိနေရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲသို့ ပုံစ(၃-က)ဖြင့် လျှောက်ထားရမည်ဖြစ်သည်။

လျှောက်ထားသူသည် အလုပ်သမားဖြစ်ပါက ၎င်း၏အလုပ်ရှင်ထံက လွန်ခဲ့သော ရက်ပေါင်း၉၀အတွင်း လျှောက်ထားသည့်မြို့နယ်တွင် နေထိုင်ခဲ့ကြောင်း ထောက်ခံချက် ရယူတင်ပြရမည်ဖြစ်သည်။ အလုပ်သမားနှင့် အစိုးရဝန်ထမ်းမဟုတ်သည့် အခြားလူပုဂ္ဂိုလ်များဖြစ်ပါက ကိုယ်တိုင်ခံဝန်ချက်နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ တင်ပြရမည်ဖြစ်သည်။

ယင်းလုပ်ငန်းစဉ်က စက်မှုဇုန်အလုပ်သမားများကို အလုပ်ဝန်ပိစေပြီး အလုပ်ရှင်နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ သက်ညှာ၍ခွင့်ပြုပေးမှ မဲပေးခွင့်ရရှိမည့်သဘောဖြစ်နေသည်။

နယ်ပြောင်း၍ မဲပေးရန်လျှောက်ထားရာတွင် လျှောက်ထားသူ၏ မူလနှင့်လက်ရှိနေထိုင်ရာ ဒေသများ၏ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် အချင်းချင်း ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်သည်။ သို့ရာတွင် ဦးကျော်သောင်း၏အဆိုအရ ကော်မရှင်အဖွဲ့ခွဲများသည် လာရောက်လျှောက်ထားသူများကို မိမိတို့၏မိသားစုများအားဆက်သွယ်၍ နယ်မဲစာရင်းတွင် အမည်ပါရှိနေပါက ယင်းဒေသကော်မရှင်အဖွဲ့ခွဲသို့ တင်ပြလျှောက်ထား၍ ပက်ဖျက်ရန် တောင်းဆိုခဲ့သည်။

“လူတစ်ယောက်ရဲ့ နာမည်က မဲစာရင်းနှစ်နေရာမှာပါမနေဖို့ အရေးကြီးတယ်”ဟု ဦးကျော်သောင်းက ဖရွန်းတီးယားမြန်မာကို ဇူလိုင်လကုန်တွင် ပြောသည်။ ယင်းသို့လုပ်ဆောင်ခြင်းက ကော်မရှင်အဖွဲ့ခွဲများအတွက် အလုပ်သက်သာစေသော်လည်း သာမန်စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများအတွက်မူ ပို၍အလုပ်ဝန်ပိစေသည်။

ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုကို ၂၀၁၈၊ နိုဝင်ဘာ၁ရက်တွင် မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

အလုပ်ဝန်ပိခြင်း၊ စိတ်ဝင်မစားခြင်းနှင့် ကန့်သတ်မိန့်များ၏ သက်ရောက်မှု

တစ်ရက်လျှင် နာရီများစွာအလုပ်လုပ်ရပြီး တစ်ခါတစ်ရံ အချိန်ပိုပါဆင်းရလေ့ရှိသည့် လှိုင်သာယာမြို့နယ်အတွင်းက အထည်ချုပ်စက်ရုံအလုပ်သမားများအတွက်မူ ကော်မရှင်အဖွဲ့ခွဲများသို့ သွားရောက်၍ မဲဆန္ဒရှင်စာရင်းစစ်ဆေးပြီး မဲပေးခွင့်ရရေး လျှောက်ထားရန်မှာ အလွန်ခက်ခဲလှသည်။ နေ့စဉ်နှင့်အမျှ အလုပ်နှင့်လုံးပန်းနေရသဖြင့် အလုပ်သမားအများစုမှာ နိုင်ငံရေးကိုစိတ်ဝင်စားရန် အချိန်မအားလပ်ကြပေ။

သို့ဖြစ်ရာ လှိုင်သာယာမြို့နယ်အတွင်းက ပြည်တွင်းရွှေ့ပြောင်းစက်မှုဇုန်အလုပ်သမား အများအပြားသည် မဲပေးခွင့်ရရှိရန် လျှောက်ထားနိုင်ခြင်းမရှိသည်ကတစ်ကြောင်း၊ နိုင်ငံရေးကို စိတ်မဝင်စားသည်ကတစ်ကြောင်းကြောင့် နိုဝင်ဘာ၈ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးတွင် မဲပေးခွင့်ဆုံးရှုံးရမည့် သဘောဖြစ်သည်။

ယခုနှစ်တွင် ရွေးကောက်ပွဲနေ့တွင် လှိုင်သာယာမြို့နယ်အတွင်း မဲပေးမည့် စက်မှုဇုန်လုပ်သားဦးရေ နည်းပါးလိမ့်မည်ဟု အသက်၃၅နှစ်ရှိပြီဖြစ်သော စက်ရုံအလုပ်သမား မနွယ်ရီဝင်းက ခန့်မှန်းသည်။ ၎င်းသည် မကွေးတိုင်းဒေသကြီးမှ လှိုင်သာယာသို့လာရောက်ခဲ့သူဖြစ်ပြီး လုပ်သက် နှစ်အတန်ကြာပြီဖြစ်သည်။ မဲစာရင်းကပ်ထားစဉ်က သွားရောက်ကြည့်ရှုခဲ့ခြင်းမရှိသလို ရွေးကောက်ပွဲနေ့တွင်လည်း မဲပေးမည်မဟုတ်ဟု ၎င်းကဆိုသည်။

“မဲပေးချင်တဲ့ ကျွန်မရဲ့သူငယ်ချင်းတစ်ချို့ကတော့ ဩဂုတ်လတုန်းက မဲစာရင်းသွားစစ်ကြတယ်။ မဲစာရင်းမှာနာမည်မပါတော့ သူတို့အိမ်ရှင်ဆီက လှိုင်သာယာမှာနေထိုင်ကြောင်း ထောက်ခံစာယူပြီး မဲစာရင်းလျှောက်ကြတယ်။ သူတို့နာမည်တွေတော့ မဲစာရင်းမှာပါမယ်ထင်တာပဲ။ ဒါပေမဲ့ ကျွန်မသိသလောက်တော့ လျှောက်တဲ့သူက နည်းနည်းပဲရှိတယ်”ဟု မနွယ်ရီဝင်းက ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် မဲပေးရန်အစီအစဉ်မရှိဟုဆိုသူ အခြားတစ်ယောက်က ၂၀၁၂ကပင် လှိုင်သာယာစက်ရုံတစ်ခုတွင် စတင်လုပ်ကိုင်ခဲ့သည့် မခိုင်ဇင်ထက် (အသက်၂၆နှစ်)ဖြစ်သည်။

“၂၀၁၅တုန်းက ကျွန်မရွာ(အောင်လံမြို့နယ်အတွင်း)ပြန်ပြီး ပထမဆုံးအကြိမ်အဖြစ် မဲပေးခွင့်ရခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မတို့အလုပ်လုပ်တဲ့စက်ရုံက ရွေးကောက်ပွဲနေ့ မဲပေးဖို့ဆိုပြီး အလုပ်ပိတ်ပေးခဲ့တယ်။ ဒါကြောင့် မဲလည်းပေးရင်း မိသားစုဆီလည်း ခဏအလည်ပြန်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အခုကျတော့ ကိုဗစ်ဖြစ်နေတော့ ရန်ကုန်မှာပဲပိတ်မိနေပြီ။ မပြန်ဖြစ်တော့ဘူးထင်တယ်”ဟု ၎င်းက ပြောသည်။

စက်တင်ဘာတွင် ကိုဗစ်-၁၉ပိုးတွေ့လူနာဦးရေမြင့်တက်လာသဖြင့် အစိုးရက ရန်ကုန်အတွင်းကမြို့နယ်များအားလုံးနီးပါးတွင် နေအိမ်တွင်သာနေထိုင်စေရေးအမိန့်ကို ထုတ်ပြန်ကြေညာခဲ့သည်။ ယခင်ကထက် ပို၍တင်းကျပ်လာဟန်တူသည့် ကန့်သတ်ချက်အဖြစ် ရန်ကုန်ပြင်ပသို့ ခရီးသွားလာခွင့်ကို စက်တင်ဘာ၁၀ရက်တွင် တားမြစ်ခဲ့သည်။ ယင်းအမိန့်မှာ ယခုထိ အသက်ဝင်နေဆဲဖြစ်သည်။

ရန်ကုန်တွင် မဲပေးခွင့်ရရန် ပုံစံ(၃-က)ဖြင့် လျှောက်ထားရန်မှာ နေ့စဉ်နှင့်အမျှ အားလပ်ချိန်မရှိအောင် အလုပ်ငန်းခွင်တွင် အချိန်ကုန်ရသည့်သူ့အဖို့ မဖြစ်နိုင်ကြောင်း မခိုင်ဇင်ထက်က ဆိုသည်။ ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးသို့သွား၍ မဲပေးခွင့်လျှောက်လွှာဖြည့်ခြင်းနှင့် ရက်၉၀နေထိုင်ကြောင်း ထောက်ခံစာရယူခြင်းတို့အတွက် ၎င်း၏ ရတောင့်ရခဲအားလပ်ရက်များကို အချိန်ကုန်မခံနိုင်ကြောင်း သူကဆိုသည်။

ပထမအကြိမ်မဲစာရင်းကြေညာစဉ် ဇူလိုင်၂၅ရက်မှ ဩဂုတ်၁၄ရက်အထိ သုံးပတ်တာကာလအတွင်း ပျမ်းမျှအားဖြင့် တစ်ရက်လျှင်မဲစာရင်းပြင်ဆင်ရန် လျှောက်လွှာ၂၀၀ခန့် လက်ခံရရှိခဲ့ကြောင်း အနောက်လှိုင်သာယာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးမသန်းသန်းဌေးကဆိုသည်။

“အောက်တိုဘာလမှာ ဒုတိယအသုတ် မဲစာရင်းကြေညာတဲ့အခါ ပိုပြီးမှန်ကန်တိကျဖို့နဲ့ ပြီးပြည့်စုံတဲ့ မဲဆန္ဒရှင်စာရင်းဖြစ်လာဖို့အတွက် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲတွေဆီက လက်ခံရရှိတဲ့ ပုံစံ (လျှောက်လွှာ)တွေကို (မြို့နယ်)ကော်မရှင်အဖွဲ့ခွဲကစိစစ်နေပါတယ်”ဟု ၎င်းကပြောသည်။

မဲစာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ၁ရက်မှ ၁၄ရက်အထိ ကြေညာခဲ့သည်။ စက်မှုဇုန်လုပ်သားများအတွက်မူ ၎င်းတို့လတ်တလောရောက်ရှိရာ အရပ်ဒေသတွင် မဲပေးခွင့်ရရေးအတွက် ပုံစံ(၃-က)ဖြင့်လျှောက်ထားခွင့်မှာ အောက်တိုဘာ၁၀ရက်တွင် ကုန်ဆုံးခဲ့ပြီးဖြစ်သည်။ ဒုတိယအကြိမ်မဲစာရင်းကြေညာမှုသည် အစိုးရက ကိုဗစ်-၁၉ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ကာကွယ်ရန် စက်တင်ဘာ၂၁ရက်က ချမှတ်ခဲ့သော လုပ်ငန်းများ ခေတ္တပိတ်သိမ်းသည့်ကာလနှင့် ပက်ပင်းတိုးခဲ့သည်။

ယင်းသို့ပိတ်သိမ်းခြင်းကြောင့် အလုပ်သမားများအဖို့ အားလပ်ချိန်ပိုရလာသော်လည်း နေအိမ်တွင်သာ ကန့်သတ်နေထိုင်မိန့်ကြောင့် အပြင်ထွက်ခွင့်မရပေ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကိုဗစ်-၁၉ကန့်သတ်ချက်များကြောင့် ဒုတိယအကြိမ်မဲစာရင်းများကို အွန်လိုင်းကတစ်ဆင့် ကြေညာခဲ့သည်။

သို့ရာတွင် ပုံစံ(၃-က)ကို လူကိုယ်တိုင်လျှောက်ထားရမည်ဖြစ်ပြီး ရက်ပေါင်း၉၀ နေထိုင်ကြောင်း အလုပ်ရှင်နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံက ထောက်ခံချက်လည်းလိုသေးသည်။ ထို့ပြင် လုပ်ငန်းခွင်ပိတ်သိမ်းမှုကြောင့် လုပ်ခလစာနှင့် အစိုးရထံကလူမှုဖူလုံရေးရန်ပုံငွေမှ ထောက်ပံ့ကြေးရရှိရေးအတွက် အလုပ်သမားများမှာ သောကများဖိစီးလျက်ရှိရာ မဲစာရင်းလျှောက်ထားရေးကိစ္စကို အများစုက စိတ်မဝင်စားနိုင်ဖြစ်ကြရသည်။

အချိန်ပေးရသောအဆင့်များပါဝင်သည့်တိုင် ဒုတိယအကြိမ်မဲစာရင်းများအရ ထောင်ပေါင်းများစွာသော စက်မှုဇုန်လုပ်သားများသည် လှိုင်သာယာတွင်မဲပေးရန် လျှောက်ထားခဲ့ကြကြောင်း သိရှိရသည်။ ယခင်မဲစာရင်းမှ လူဦးရေ ၂၂,၀၃၇ဦး ထပ်တိုးပါဝင်လာသဖြင့် အရှေ့လှိုင်သာယာမြို့နယ်၏ မဲစာရင်းသစ်တွင် မဲဆန္ဒရှင်ဦးရေ ၃၃၆,၈၄၉ဦးရှိလာပြီး အနောက်လှိုင်သာယာတွင်မူ ၉,၄၃၆ဦး ထပ်တိုးပါဝင်သဖြင့် မဲစာရင်းသစ်တွင် လူဦးရေ၂၆၂,၅၅၂ဦးရှိလာသည်။

သို့တိုင် အဆိုပါစာရင်းသည် ပထမအကြိမ်မဲစာရင်းတွင်အမည်မပါဝင်ခဲ့သူ လူဦးရေစုစုပေါင်း၏ တစ်စိတ်တစ်ပိုင်း ပမာဏသာဖြစ်နိုင်သည်။ အများပြည်သူသို့ ထုတ်ပြန်ထားသော ပြီးပြည့်စုံသည့်မြို့နယ်လူဦးရေစာရင်းမရှိသဖြင့် မဲပေးခွင့်ဆုံးရှုံးဖွယ်ရှိသည့် မဲဆန္ဒရှင်အရေအတွက်ကို မှန်းဆတွက်ချက်ရန်မှာ ခက်ခဲလှသည်။

မင်္ဂလာ‌ဒုံမြို့နယ်အတွင်းက လှယဉ်မိုးအထည်ချုပ်စက်ရုံ၏ လုပ်ငန်းခွင်ကို မြင်တွေ့ရစဉ်။ အခြားအထည်ချုပ်စက်ရုံများကဲ့သို့ပင် လှယဉ်မိုးအထည်ချုပ်စက်ရုံသည်လည်း ကိုဗစ်-၁၉ပျံ့နှံ့မှုကို ကာကွယ်ရန် အစိုးရ၏ကန့်သတ်မိန့်များကြောင့် စက်တင်ဘာ၂၁ရက်တွင် ခေတ္တရပ်နားခဲ့ရသည်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

မိမိအကျိုးစီးပွားကိုသာကြည့်ကြသည်

လှိုင်သာယာမြို့နယ်နှစ်ခုက စက်မှုဇုန်လုပ်သားများ မဲပေးနိုင်ခြင်းရှိ၊ မရှိဆိုသည်က နိုဝင်ဘာရွေးကောက်ပွဲတွင် အချို့နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းအချို့၏ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခြင်းအပေါ် သက်ရောက်မှုရှိနေသည်။

အလုပ်သမားအခွင့်အရေးအတွက် နှစ်ပေါင်းများစွာပါဝင်တောင်းဆိုခဲ့သော တက်ကြွလှုပ်ရှားသူ ခုနှစ်ဦးသည် စက်မှုဇုန်အလုပ်သမားများ၏ ထောက်ခံဆန္ဒမဲရယူ၍ လွှတ်တော်နိုင်ငံရေးသို့ ဝင်ရောက်ရန် ယခုနှစ်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

၎င်းတို့သည် အရပ်ဘက်အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများနှင့်ပူးပေါင်း၍ စက်မှုဇုန်လုပ်သားများ မဲစာရင်းတွင်ပါဝင်ရေးနှင့် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန် ကော်မတီတစ်ရပ်ကို ဇူလိုင်တွင်ဖွဲ့စည်းခဲ့ကြသည်။ သို့သော် ဩဂုတ်လလယ်တွင် ဖြစ်ပေါ်လာသည့် ကိုဗစ်-၁၉ဒုတိယလှိုင်းကြောင့် အစိုးရက ကန့်သတ်မိန့်များ ထုတ်ပြန်သောအခါ ၎င်းတို့၏ ကြိုးပမ်းချက်များ ရေစုန်မျောရသည်။

ဇူလိုင်နှင့်ဩဂုတ်လများအတွင်း ၎င်း၏မဲဆန္ဒနယ်က မိသားစုများထံသို့ သွားရောက်လည်ပတ်ခဲ့ရာ ဒေသခံအများအပြား မဲစာရင်းတွင်မပါရှိသည်ကို လေ့လာသိရှိခဲ့ရကြောင်း အရှေ့လှိုင်သာယာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးဌေးကဆိုသည်။ ယင်းပမာဏသည် သောင်းဂဏန်းချီ၍ပင်ရှိနိုင်ကြောင်း ၎င်းကခန့်မှန်းသည်။

“နှစ်၂၀လောက် လှိုင်သာယာမှာနေလာတဲ့ မိသားစုတွေတောင် မဲစာရင်းမှာမပါဘူးဆိုတော့ အတော့်ကို စိတ်ပျက်စရာကောင်းပါတယ်”ဟု ဦးဌေးကပြောသည်။

အိမ်ထောင်စုစာရင်းမရှိသဖြင့် အမည်စာရင်းတွင်မပါဝင်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ လှိုင်သာယာအတွင်းက အိမ်ထောင်စုများစွာသည် အစိုးရကထုတ်ပေးသော ပုံစံ ၆၆/၆ဟုခေါ်သည့် အိမ်ထောင်စုစာရင်းမရှိကြပေ။ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက အဆိုပါစာရင်းကို အခြေခံ၍ မဲစာရင်းပြုစုသဖြင့် အိမ်ထောင်စုစာရင်းမရှိသည့် မိသားစုများသည် မဲစာရင်းတွင် ပါဝင်ခြင်းမရှိပေ။

ကိုဗစ်-၁၉ပိုးတွေ့လူနာဦးရေ တစ်ဟုန်ထိုးမြင့်တက်လာသဖြင့် ရန်ကုန်တစ်တိုင်းလုံးကို နေအိမ်တွင်သာနေထိုင်စေရေးအမိန့် မထုတ်ပြန်မီအချိန်အထိ ၎င်းတို့သည် “အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၁,၀၀၀ကျော်ခန့်ကို မဲစာရင်းတွင်ပါဝင်ရန် လျှောက်ထားပေးနိုင်ခဲ့”ကြောင်း ဦးဌေးကဆိုသည်။

စက်မှုဇုန်အလုပ်သမားများ မဲပေးခွင့်ရန် ပုံစံ(၃-က)ဖြင့် လျှောက်ထားရာတွင် ရက်ပေါင်း၉၀နေထိုင်မှုထောက်ခံချက်ပေးရမည့် အလုပ်ရှင်များနှင့် ဒေသအုပ်ချုပ်ရေး အာဏာပိုင်များဘက်က ပူးပေါင်းဆောင်ရွက်မရှိကြောင်းလည်း ၎င်းက ပြစ်တင်ဝေဖန်သည်။

“သူတို့တွေက အမြတ်ရဖို့တစ်ခုပဲ ခေါင်းထဲမှာရှိပြီး ဘယ်လိုလုပ်ရင် စက်ရုံမပိတ်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာပဲ စဉ်းစားနေတာ။ အလုပ်သမားတွေရဲ့ အခွင့်အရေးကိုတောင် ဂရုမစိုက်တာ အလုပ်သမားတွေ ရွေးကောက်ပွဲမှာမဲပေးဖို့ဆိုရင် ပိုဆိုး။ စိတ်မဝင်စားကြဘူး”ဟု ဦးဌေးကပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ အုန်းဇုန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးစောချစ်ညွန့်က စာရေးတစ်ဦးနှင့်အတူ မဲစာရင်းများစစ်ဆေးနေသည်ကို ဩဂုတ်လအတွင်းက မြင်တွေ့ရစဉ်။ (တေဇလှိုင် | ဖရွန်းတီးယားမြန်မာ)

အုန်းဇုန်က အလုပ်များတဲ့အုပ်ချုပ်ရေးမှူး

အထက်ပါအခြေအနေများမှာ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာအုပ်စုတစ်ခုက အဖြစ်အပျက်များနှင့် အလွန်ကွာခြားနေသည်။ အုန်းဇုန်ကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူး၊ ဒေသခံတက်ကြွလှုပ်ရှားသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ၎င်းတို့ရွာအနီးက ရွှေလုပ်ကွက်များတွင် အလုပ်လုပ်နေသည့် တစ်နယ်တစ်ကျေးကလာသော အလုပ်သမားများ မဲစာရင်းတွင် ပါဝင်ရေးအတွက် ဝိုင်းဝန်းကူညီကြသည်။

၎င်းတာဝန်ယူရသည့် ကျေးရွာအုပ်စုအတွင်းက ရွာ၁၆ရွာအတွင်း နေထိုင်သူများ မဲပေးခွင့်ရရန် မမောနိုင်၊ မပန်းနိုင်ကြိုးပမ်းနေကြောင်း အုန်းဇုန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးစောချစ်ညွန့်က ဂုဏ်ယူဝင့်ကြွားစွာပြောသည်။

ဖရွန်းတီးယားမြန်မာက ဩဂုတ်လအတွင်း အုန်းဇုန်သို့ သွားရောက်ခဲ့စဉ်က “မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိရေးအတွက်ကြိုးပမ်းနေသဖြင့် အလုပ်များရသည်”ဟု ၎င်းကဆိုသည်။

ကျေးရွာ၁၆ခုပါဝင်သည့် အုန်းဇုန်ကျေးရွာအုပ်စုတွင် လူဦးရေ၂၈,၃၃၅ဦးရှိပြီး ၎င်းတို့အနက်က ၁၉,၀၄၄ဦးသည် ပထမအကြိမ်မဲစာရင်းကြေညာစဉ်က ပါဝင်ခဲ့သည်။ ရွှေတူးဖော်သည့် ကုမ္ပဏီကိုးခုတွင် နိုင်ငံတစ်ဝန်းကလာသော အလုပ်သမား၃,၀၀၀ဝန်းကျင် လုပ်ကိုင်လျက်ရှိရာ သပိတ်ကျင်းမြို့နယ်သည် ပြည်တွင်းရွှေ့ပြောင်းလုပ်သားဦးရေအများအပြားရှိရာ မြို့နယ်တစ်ခုဖြစ်သည်။

“ရွှေလုပ်ကွက်တွေရှိပြီး ကုမ္ပဏီတွေမှာ တခြားဒေသကလာတဲ့ အလုပ်သမားတွေ အများကြီးရှိလို့ ကျွန်တော်တို့ဒေသရဲ့ လူဦးရေစာရင်းက အမြဲပြောင်းလဲနေတယ်။ ဘာလို့လဲဆိုတော့ လူ အဝင်အထွက်က အမြဲရှိနေလို့ပဲ။ အဲဒီတော့ ဒီမှာခဏပဲနေတဲ့ အလုပ်သမားတွေကျတော့ မိသားစုအလိုက် မဲစာရင်းမှာနာမည်မပါတာမျိုးတွေရှိတယ်”ဟု ဦးစောချစ်ညွန့်က ပြောသည်။

အုန်းဇုန်ကျေးရွာအုပ်စုအတွင်း ရောက်ရှိနေသည့် အလုပ်သမားမိသားစုအချို့သည် ယမန်နှစ်က ကော်မရှင်အဖွဲ့ခွဲများ တစ်အိမ်တက်၊ တစ်အိမ်ဆင်း မဲစာရင်းလိုက်ကောက်စဉ်က ယင်းဒေသသို့ မရောက်ရှိသေးသဖြင့် ယခုနှစ်တွင် ထုတ်ပြန်ကြေညာသည့်မဲစာရင်း၌ မပါဝင်သည်ကို ဆိုလိုခြင်းဖြစ်သည်။

လှိုင်သာယာမြို့နယ်က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် အုပ်ချုပ်ရေးမှူးများသည် မဲစာရင်းနှင့်ပတ်သက်၍ ၎င်းတို့ထံရောက်လာသူများကိုသာ ကူညီပေးနေစဉ်၊  အုန်းဇုန်ကျေးရွာအုပ်စုတွင်မူ အုပ်ချုပ်ရေးမှူးဦးစောချစ်ညွန့်နှင့်အဖွဲ့သည် တစ်ရွာဝင်၊ တစ်ရွာထွက်၍ ဒေသခံများကို မဲစာရင်းစစ်ဆေးကြရန် မက်လုံးပေး၍ပင် စည်းရုံးခဲ့သည်။

“အစိုးရက ကိုဗစ်-၁၉ထောက်ပံ့မှုအဖြစ် ဝင်ငွေနိမ့်မိသားစုတွေကို ငွေကျပ်၂၀,၀၀၀ပေးအပ်ခဲ့တယ်။ ကျွန်တော်တို့က သူတို့ကို ဒီငွေတွေပြန်ဝေတဲ့အခါကျတော့ သူတို့မဲစာရင်းအမှတ်စဉ် သိ၊ မသိမေးပြီး သိတဲ့သူတွေမှထုတ်ပေးတယ်”ဟု ဦးစောချစ်ညွန့်ကဆိုသည်။ မဲစာရင်းစစ်ဆေးစေပြီးမှ ထောက်ပံ့ငွေကို ထုတ်ပေးခြင်းဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

အလားတူ ကျေးရွာအုပ်စုအတွင်း လဝကအရာရှိများ၏ ဦးဆောင်မှုဖြင့် မှတ်ပုံတင်ကတ်ပြားများ ထုတ်ပေးရာတွင်လည်း ဒေသခံများကို ၎င်းတို့၏မဲစာရင်းအမှတ်စဉ် ဦးစွာစစ်ဆေးစေပြီးမှ မှတ်ပုံတင်များပေးအပ်ခဲ့ကြောင်း ဦးစောချစ်ညွန့်ကဆိုသည်။ ယင်းသို့ လုပ်ဆောင်ခြင်းကြောင့် အုန်းဇုန်ကျေးရွာအုပ်စုအတွင်း မဲစာရင်းစစ်ဆေးသူအများအပြားရှိခဲ့ပြီး မဲစာရင်း ပြင်ဆင်၊ လျှောက်ထား၊ ပယ်ဖျက်မှုနှင့်သက်ဆိုင်သည့် လျှောက်လွှာများစွာလည်း လက်ခံရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

ထို့ပြင် တစ်နယ်တစ်ကျေးကလာသော အလုပ်သမားများ မဲစာရင်းတွင်ပါဝင်ရေးအတွက် အုပ်ချုပ်ရေးမှူးဦးစောချစ်ညွန့်သည် ရွှေတွင်းတူးသည့် ကုမ္ပဏီတာဝန်ရှိသူများနှင့် ဆက်သွယ်၍ လိုအပ်သည့် ပုံစံများဖြင့် လျှောက်ထားစေခဲ့သည်။

ပထမအကြိမ်မဲစာရင်းတွင် အမည်မပါဝင်ခဲ့သည့် ရန်ကုန်က စက်မှုဇုန်လုပ်သားများအဖို့ လှိုင်သာယာတွင် မဲပေးခွင့်ရရန် အချိန်ပေး၍အဆင့်များစွာဖြင့် လျှောက်ထားရသည့်တိုင် အုန်းဇုန်ကျေးရွာအုပ်စုတွင်မူ ထိုသို့မဟုတ်ပေ။ အုန်းဇုန်အတွင်း ရွှေတူးဖော်သည့် လုပ်သားအင်အား ထောင်နှင့်ချီရှိသော ကုမ္ပဏီများသည် ၎င်းတို့၏အလုပ်သမားများ မဲပေးခွင့်ရရန် အလုပ်ရှင်ကိုယ်တိုင်က အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ မဲပေးခွင့်ရရန် အလုပ်သမားများကိုယ်စား လျှောက်ထားပေးသည်။

“ကုမ္ပဏီတွေက သူတို့ရဲ့မှတ်ပုံတင်နဲ့ တခြားအထောက်အထား စာရွက်စာတမ်းတွေ သိမ်းပေးထားတယ်။ အဲဒါကြောင့် သူတို့(အလုပ်သမားဦးရေ)​ဆီမှာ စာရင်းအမှန်ရှိတယ်။ လာမဲ့အောက်တိုဘာလ ဒုတိယအကြိမ်မဲစာရင်းကပ်တဲ့အခါကျရင် ဒီအလုပ်သမားတွေရဲ့ နာမည်တွေ ကျိန်းသေပေါက်မဲစာရင်းမှာပါမယ်လို့ ကျွန်တော်ထင်တယ်”ဟု ဦးစောချစ်ညွန့်က ထိုစဉ်က ဖရွန်းတီးယားမြန်မာကို ပြောကြားခဲ့သည်။

အလုပ်သမားများ မဲစာရင်းတွင်ပါဝင်ရန် ကုမ္ပဏီကကူညီပေးကြောင်း အုန်းဇုန်တွင် ရွှေတူးဖော်သည့် မြန်မာထာဝရကုမ္ပဏီပြန်ကြားရေးတာဝန်ခံ မခင်အေးဆွေက အတည်ပြုပြောဆိုသည်။

“ကျွန်မတို့ ကွင်းဆင်းတာဝန်ခံမန်နေဂျာကို ဒီစာရင်းတွေပြုစုပြီး ထွေအုပ်ရုံးကိုတင်ပြဖို့၊ ပြီးတော့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကိုလည်း တင်ပြဖို့ပြောခဲ့ပါတယ်”ဟု ၎င်းကပြောသည်။ ရွေးကောက်ပွဲနေ့တွင်လည်း အလုပ်သမားများအတွက် မဲရုံသို့ အသွားအပြန် ကားအကြိုအပို့ စီစဉ်ပေးထားကြောင်း ၎င်းကဆိုသည်။

ကိုဗစ်-၁၉ဒုတိယလှိုင်းကြောင့် ရောဂါပြန့်ပွားမှုကိုထိန်းချုပ်ရန် အစိုးရက ကန့်သတ်မိန့်များ ထုတ်ပြန်လိုက်ချိန်တွင် အလုပ်သမားများဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးရရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် ကုမ္ပဏီများအကြား ပူးပေါင်းဆောင်ရွက်မှုမှာ ပို၍အရေးပါလာသည်။ ရွှေတူးလုပ်သားမိသားစုအချို့ မဲပေးခွင့်ရရန်ကူညီနေသည့် အုန်းဇုန်ကျေးရွာအုပ်စုဝင် ဝက်သေရွာက ဦးမောင်ကြီးကမူ ယင်းသို့ကူညီပေးသည်မှာ ကုမ္ပဏီတိုင်းမဟုတ်ဟု ဆိုသည်။ အချို့ကုမ္ပဏီများက “ကိုဗစ်-၁၉စတင်ဖြစ်ပွားချိန်ကတည်းက အလုပ်သမားများကို လုပ်ငန်းခွင်က ထွက်ခွာခွင့် ကန့်သတ်ခဲ့”ကြောင်း ၎င်းကဆိုသည်။

အောက်တိုဘာလဆန်းတွင် ဒုတိယအကြိမ်မဲစာရင်းကြေညာသောအခါ အုန်းဇုန်ကျေးရွာအုပ်စုမဲစာရင်းတွင် အလုပ်သမား၆၀၀ ဝန်းကျင်တိုးလာသည်ဟု ဦးစောချစ်ညွန့်က ဖရွန်းတီးယားမြန်မာကို အောက်တိုဘာ၁၃ရက်ကပြောသည်။ အလုပ်သမား ၁,၆၀၀ခန့်၏ ပုံစံ(၃-က)ဖြင့်လျှောက်ထားမှုများကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက မဲစာရင်းတွင် ထည့်သွင်းနိုင်ရေးအတွက် စိစစ်နေကြောင်း ၎င်းကဆိုသည်။

မဲစာရင်းတွင်ပါဝင်သည့် အလုပ်သမားဦးရေမှာ မျှော်မှန်းသည်ထက် လျော့နည်းသည့်တိုင် ဦးစောချစ်ညွန့်ကမူ သူ့လုပ်ဆောင်ချက်များအတွက် မိမိကိုယ်ကို ကျေနပ်နေဟန်ရှိသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းက ကျေးရွာအုပ်စုတစ်ခုတွင် မဲစာရင်းများကို စုစည်း၍စာရင်းသွင်းရသည်မှာ လူဦးရေသိန်းနှင့်ချီရှိသော လှိုင်သာယာအတွင်းက လူနေရပ်ကွက်တစ်ခုကို မဲစာရင်းသွင်းရသည်ထက် များစွာသက်သာသည်။ သို့သော် ဦးစောချစ်ညွန့်၏လုပ်ဆောင်ချက်များကို နမူနာယူခြင်းဖြင့် အာဏာပိုင်များသည် မဲဆန္ဒရှင်များ၏ အရေးကိစ္စများကို လက်ဦး၍တက်တက်ကြွကြွဆောင်ရွက်ပါက မဲရှင်ပြည်သူများ၏ဝန်ထုတ်ဝန်ပိုးကို သက်သာစေရုံမက မဲပေးခွင့်ရှိသူ သိန်းနှင့်ချီ မဲပေးခွင့်ဆုံးရှုံးမည့်အန္တရာယ်ကိုလည်း ကာကွယ်နိုင်မည်ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar