ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေသော အလုပ်သမားတစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

အမည်မဲ့အထည်ချုပ်စက်ရုံများနှင့် ခေါင်းပုံဖြတ်ခံ​ အလုပ်သမားများ

၂၀၂၃ ခုနှစ် ဧပြီလ ၅ ရက်က အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သော ဆောင်းပါးဖြစ်ပြီး SOPA က ပေးအပ်သည့် အကောင်းဆုံးစီးပွားရေးဆောင်းပါးဆုကို ရရှိခဲ့သည်။

မြန်မာနိုင်ငံက အထည်ချုပ်လုပ်သားများအတွက် အခြေအနေများမှာ ဆက်လက်ဆိုးရွားနေပြီး တချို့မှာ  နာမည်ကြီး ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်အတွက် ချုပ်လုပ်ပေးနေသည်ဟု ယူဆခံထားရသော လိုင်စင်မဲ့၊ တရားမဝင် စက်ရုံများတွင် နားချိန်အပြည့်အ၀မရဘဲ အတင်းအဓမ္မ အလုပ်စေခိုင်းခံနေရသည်။  

ဖရွန်တီးယား

လစာနည်းပြီး တစ်လလုံးတွင် နားရက် တစ်ရက်မျှ မရ၍ အလွန်ပင်ပန်းဆင်းရဲသော သူ၏ အထည်ချုပ် စက်ရုံအလုပ်မှ ထွက်ရန်သာ စဉ်းစားနေမိသည်ဟု ရန်ကုန်မြို့နေ၊ အသက် ၂၇ နှစ်အရွယ် မသိမ့်သိမ့်ဝင်း(အမည်လွှဲ)က ပြောသည်။  

“ဖြစ်နိုင်ရင် ဒီစက်ရုံထဲကို ကျမ ခြေတစ်လှမ်းတောင် ပြန်မဝင်ချင်တော့ဘူး” ဟု ဂျပန်ဘာသာစကား သင်ကြားပြီး မြန်မာပြည်မှ ထွက်ခွာလိုသော သူက ပြောသည်။ အနည်းဆုံး တနင်္ဂနွေနေ့ တစ်ရက်တော့ အလုပ်ပိတ်စေချင်ပြီး မိသားစု၊ သူငယ်ချင်းများနှင့်အတူ ဖြတ်သန်းခွင့်ရချင်သည်ဟု သူက ပြောသည်။

သို့သော်လည်း ရွှေပြည်သာမြို့နယ်ရှိ Jiangsu Soho အထည်ချုပ်စက်ရုံက သူ၏ အလုပ်ရှင်များသည် ကုမ္ပဏီ၏ သတ်မှတ်ထားသော အထည်အရေအတွက် မပြည့်မချင်း အလုပ်သမားများကို နားရက်ပေးရန် ငြင်းဆန်သည်။ 

“တနင်္ဂနွေနေ့မှာ ကျမတို့ အလုပ်မလုပ်ဘူးဆိုရင် စူပါ (ကြီးကြပ်သူ) တွေက ဆဲဆိုကြိမ်းမောင်းကြတယ်” ဟု သူက ဆိုသည်။ ချုပ်လုပ်ရမည့် သတ်မှတ် အထည်အရေအတွက် ပြည့်မီပါက အပိုဆုကြေး အနည်းငယ်သာ ပေးပြီး၊ မပြည့်မီပါက အလုပ်သမားများ၏ လစာငွေကို ဖြတ်တောက်ခံရသလို စူပါများ၏ လစာကိုလည်း ဖြတ်တောက်သည်။ 

ထိုအခါ ၎င်းတို့က ရိုင်းစိုင်းကြမ်းတမ်းသော စကားလုံးများဖြင့် အထည်ချုပ်လုပ်သားအမျိုးသမီးများကို ပြစ်တင်ပြောဆိုကြသည်။ 

“အခုရနေတဲ့ လစာတွေက ကျမတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ လုံးဝမတန်ဘူး။ ဂျပန်မှာပဲ  အလုပ်သွား လုပ်ချင်တော့တယ်။ သူတို့ဘာသာစကားကို လေ့လာချင်တယ်။ တနင်္ဂနွေနေ့  အလုပ်နားရတဲ့ တခြားစက်ရုံကို ကျမလိုက်ရှာနေပေမဲ့ ဒီရက်ပိုင်း ရှာရတာ မလွယ်ဘူး” ဟု မသိမ့်သိမ့်ဝင်းက ဆိုသည်။

မြန်မာနိုင်ငံအလုပ်သမားဥပဒေအရ တနင်္ဂနွေနေ့သည် အလုပ်ပိတ်ရက်ဖြစ်ပြီး အလုပ်လုပ်ရပါက လုပ်ခကို ၂ ဆပေးဆောင်ရမည် ဖြစ်သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းခဲ့သော စစ်ကောင်စီ လက်အောက်တွင် ထိုဥပဒေကို အလုပ်ရှင်များက အနည်းငယ်သာ လိုက်နာကျင့်သုံးတော့သည်။

ထို့အပြင် အားလပ်ရက်များ ပေးသည့်အခါတွင်လည်း မြန်မာပြက္ခဒိန်တွင် သတ်မှတ်ထားသော အလုပ်ပိတ်ရက်များနှင့် ကိုက်ညီမှုမရှိဘဲ အလုပ်သမားများကို မဖြစ်မနေ နားခိုင်းလေ့ရှိပြီး ထိုနေ့များအတွက် လစာကိုလည်း အဆမတန် လျှော့၍ ပေးကြသည်။ 

Sinoproud Garments စက်ရုံက အလုပ်သမား မဝါလွင်(အမည်လွဲ)သည် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ တရုတ်နှစ်သစ်ကူးကာလတွင် သူ၏ စက်ရုံသည် ၁၇ ရက်ကြာ ပိတ်ခဲ့ပြီး တစ်ရက်လျှင် ကျပ် ၁,၈၀၀ သာ ပေးကြောင်း ညည်းညူသည်။

ထိုနှုန်းထားသည် ဥပဒေအရ သတ်မှတ်ထားသည့် အနိမ့်ဆုံးလုပ်ခလစာ ကျပ် ၄,၈၀၀ ထက်ပင် များစွာ နည်းပါးသည်။ 

“ဇန်နဝါရီလ တစ်လလုံးမှာ ကျမ လစာက ကျပ်တစ်သိန်းလောက်ပဲ ရလိုက်တယ်” ဟု မဝါလွင်က ဖရွန်တီးယားကို ပြောသည်။ ကာလရှည်အလုပ်ပိတ်ရက်များ မရှိသည့် လများတွင် တစ်လလျှင် ကျပ် ၂ သိန်းခန့် ရခဲ့သည်။ သို့သော် အာဏာမသိမ်းမီက လစာ ကျပ် ၃ သိန်း မှ ၄ သိန်းရခဲ့၍ လစာလျော့ကျသွားသည် သူက ဆက်ပြောသည်။ 

စက်ရုံသည် အလုပ်သမားအင်အားကိုလည်း လျှော့ချခဲ့ပြီး ကျန်ရှိသော အလုပ်သမားများကို ဝန်ထုတ်ဝန်ပိုးဖြစ်အောင် တွန်းပို့ခဲ့သည်။ 

“အရင်က အလုပ်သမား ၅၀ ရှိတဲ့ ထုတ်လုပ်မှုလိုင်းမှာ အခုဆို ၃၀ ပဲရှိတယ်။ အရမ်းဖိအားများတယ်၊ ဒါပေမဲ့ ကျမတို့မှာ စောဒက မတတ်နိုင်ဘူး” ဟု သူက ဆိုသည်။

ထိုအမျိုးသမီးနှစ်ဦးစလုံးအတွက် တစ်ခုတည်းသော နည်းလမ်းမှာ အလုပ်ထွက်ရန် ဖြစ်သော်လည်း မိသားစုကို ထောက်ပံ့ရန် အခြားအလုပ် မတွေ့မချင်း မထွက်နိုင်ကြောင်း ပြောကြသည်။ ဖရွန်တီးယားက စက်ရုံနှစ်ခုလုံးကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဖုန်းကိုင်မည့်သူ မရှိခဲ့ပေ။ 

‘အမည်မဲ့စက်ရုံများ’ တိုးပွားလာခြင်း

မြန်မာ့အထည်ချုပ်လုပ်ငန်းသည် တစ်ချိန်က အောင်မြင်သော သမိုင်းရှိခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီ ဆယ်စုနှစ်အတွင်း အဝတ်အထည်၊ ဖိနပ်နှင့် လက်ကိုင်အိတ် တင်ပို့မှုသည် ၂၀၁၉ ခုနှစ်တွင် ဒေါ်လာ ၆.၇ ဘီလီယံအထိ ၅၀၀ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့သည်။ သို့သော်လည်း အထည်ချုပ်ကဏ္ဍသည်လည်း COVID-19 ကပ်ရောဂါနှင့် အာဏာသိမ်းမှုဟူသော ဘေးဒုက္ခနှစ်ခု၏ ရိုက်ခတ်မှုကို ခံခဲ့ရသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ၏ ပြောကြားချက်အရ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအထိ အထည်ချုပ်လုပ်ငန်းသည် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အလုပ်သမားအင်အား၏ လေးပုံတစ်ပုံကျော် ဆုံးရှုံးခဲ့ရပြီး၊ စက်ရုံ ၇၀၀ နှင့် အလုပ်သမား ၇၀၀,၀၀၀ ရှိခဲ့ရာမှ စက်ရုံ ၄၈၅ ရုံနှင့် အလုပ်သမား ၄၅၃,၀၀၀ သို့ ကျဆင်းသွားခဲ့သည်။

သို့သော်လည်း အလုပ်တွင် ကျန်ရှိနေသူများသည် မသိမ့်သိမ့်ဝင်းနှင့် မဝါလွင်တို့ကဲ့သို့ပင် ခေါင်းပုံဖြတ်ခံရမှုများ ခံစားနေရသည်။ ပို၍ဆိုးသည်မှာ၊ အလုပ်သမားများ၊ အလုပ်ရှင်များနှင့် အလုပ်သမားဝန်ကြီးဌာနတို့အကြား အငြင်းပွားမှုဖြေရှင်းရေးယန္တရားများ ပျက်ယွင်းသွားခြင်းနှင့် အလုပ်သမားအခွင့်အရေးများ ထုတ်ဖော်ပြောဆိုပေးသော အလုပ်သမားသမဂ္ဂများကို ပိတ်ပင်ထားခြင်းတို့ကြောင့် ယင်းလုပ်သားများအပေါ်  ဖိနှိပ်ပြီး အခွင့်အရေးချိုးဖောက်မှုများကို တွန်းလှန်ရန် နည်းလမ်းများ နည်းပါးသွားသည်။ 

ယင်းသို့ အခွင့်အရေးချိုးဖောက်မှုများမှာ နိုင်ငံတကာ အဝတ်အထည်အမှတ်တံဆိပ်များ၏ တရားဝင်ချုပ်လုပ်ခွင့် ရသူများထံက စာချုပ်ခွဲယူကာ လုပ်ကိုင်နေသည်ဟု ယူဆရသော “အမည်မဖော်သော စက်ရုံများ” ဟု ခေါ်ဆိုရမည့် လိုင်စင်မဲ့စက်ရုံများတွင် ဖြစ်ပွားနေသည်။

အသက် ၂၉ နှစ်အရွယ် မဇင်မာဝင်း (အမည်လွှဲ) သည် ပြီးခဲ့သည့်နှစ်တွင် ကုမ္ပဏီက အလုပ်သမား အင်အား လျှော့ချလိုက်သောအခါ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ အိတ်ချုပ်စက်ရုံမှ အလုပ်ထုတ်ခံခဲ့ရသည်။ ၂ လကြာ အလုပ်သစ်ကို အသည်းအသန် ရှာဖွေပြီးနောက် သူနှင့် ခင်မင်ခဲ့ဖူးသော စူပါတစ်ယောက်၏ ဆက်သွယ်မှုကတစ်ဆင့် အခြားစက်ရုံတစ်ခုတွင် အဝတ်အထည်ချုပ်ရန် အလုပ်ရခဲ့သည်။

သူက စူပါကို စက်ရုံအမည် မေးမြန်းခဲ့ရာ အမည်မရှိသော အသေးစား အိမ်တွင်းစီးပွားရေး လုပ်ငန်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် မဇင်မာဝင်းသည် ပထမဆုံး အလုပ်စဆင်းသည့်နေ့တွင် အလုပ်သမား ၁၀၀ ကျော် ရှိသော စက်ရုံကို တွေ့လိုက်ရသောအခါ အံ့အားသင့်ခဲ့ရသည်။

“လုပ်ငန်းငယ်လေးတစ်ခုက ဘယ်လိုလုပ် အလုပ်သမား ၁၀၀ ကျော် ရှိနိုင်မှာလဲ။ နောက်ဆုံးတော့ ဒါဟာ လိုင်စင်မရှိတဲ့ စက်ရုံ တစ်ခုပဲဆိုတာ သိလိုက်ရတယ်။ ပိုင်ရှင်က အာဏာပိုင်တွေနဲ့ ဆက်ဆံရေး ကောင်းတယ်။ ဒါက တခြားတရားဝင်စက်ရုံတစ်ခုကနေ စာချုပ်ခွဲယူပြီးလုပ်တဲ့ စက်ရုံပဲ” ဟု သူက ပြောသည်။

တစ်ရက်လျှင် ဥပဒေအရ အနိမ့်ဆုံးလုပ်ခ ကျပ် ၄,၈၀၀ ရရှိပြီး အချိန်ပိုလုပ်ခကိုလည်း လျော်ကြေး ရသည်ဟု ဆိုသော်လည်း အချို့အခြေအနေများသည် ခက်ခဲကြမ်းတမ်းပြီး ဥပဒေကို သိသိသာသာ ချိုးဖောက်နေသည်ဟု မဇင်မာဝင်းက ပြောသည်။

“အော်ဒါမှာယူမှုတွေက အရမ်းများတယ်။ အချိန်တိုအတွင်းမှာ အရေအတွက်ပြည့်မီအောင် အတင်းလုပ်ခိုင်းတယ်။ အိမ်သာသွားခွင့်မပြုသလို နေ့လယ်စာကိုလည်း ၁၀ မိနစ်အတွင်း စားရတယ်” ဟု သူက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် တရားမဝင်ကြောင်း ကြေညာခံထားရသည့် အလုပ်သမားအဖွဲ့အစည်းများထဲက တစ်ခုဖြစ်သော အလုပ်သမားသမဂ္ဂများ ပူးပေါင်းညှိနှိုင်းရေးကော်မတီ (CCTU) က ပြီးခဲ့သည့်နှစ်အတွင်း စက်မှုဇုန်များတွင် အမည်မရှိသော စက်ရုံများစွာ ဖွင့်လှစ်လာခဲ့ပြီး ယင်းစက်ရုံများတွင် အလုပ်သမားများသည် ၎င်းတို့၏ အလုပ်ရှင်ကိုပင် တိုင်ကြားချက်တွင် ဖော်ထုတ်မပြနိုင်ခြင်းကြောင့် အခွင့်အရေးချိုးဖောက်မှု ပိုမိုခံရနိုင်ကြောင်း ပြောသည်။

အသက် ၂၅ နှစ်အရွယ် မကျော့သူခိုင် (အမည်လွှဲ) ကလည်း လှိုင်သာယာရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေပြီး ပိုင်ရှင်သည် မည်သည့်နိုင်ငံသားဖြစ်သည်ကိုပင် မသိရှိကြောင်း ပြောသည်။

“သူငယ်ချင်းတစ်ယောက်ကတစ်ဆင့် ဒီမှာ အလုပ်ရတာပါ။ ဘယ်သူမှ နာမည်မသိတော့ ကျမတို့က အမည်မဲ့စက်ရုံ လို့ ခေါ်ကြတယ်။ ကျမရဲ့ လစာက အရင်စက်ရုံမှာ ရခဲ့တာထက် အနည်းဆုံး သုံးပုံတစ်ပုံ လောက်နည်းပြီး အလုပ်ကတော့ ပိုများတယ်” ဟု သူက ဆိုသည်။

သူ အလုပ်လုပ်ကိုင်နေသော ထိုစက်ရုံတွင် အလုပ်သမား ၁၀၀ ကျော်ရှိပြီး  Zara အပါအဝင် ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်အမျိုးမျိုးအတွက် အဝတ်အထည်များချုပ်လုပ်နေကြောင်း ပြောသည်။

အာဏာသိမ်းပြီးနောက် တရားမဝင်ကြေညာခံထားရသည့် နောက်အဖွဲ့အစည်းဖြစ်သော မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (IWFM) ၏ ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်က ဖရွန်တီးယားသို့ ပြောကြားရာတွင် အလုပ်သမားများ၏ တိုင်ကြားချက်များအရ အမည်မဲ့စက်ရုံများစွာသည် Zara ကို ပိုင်ဆိုင်သည့် စပိန်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီ Inditex အတွက် အထည်များ ချုပ်လုပ်ပေးနေကြောင်း သိရသည်။ 

သို့သော် IWFM က သက်ဆိုင်ရာ နိုင်ငံခြားအမှတ်တံဆိပ်များကို ဆက်သွယ်သောအခါ ၎င်းတို့က တာဝန်မယူဘဲ ၎င်းတို့အော်ဒါမှာယူနေသော စက်ရုံများက တခြားတဆင့်ခံချုပ်လုပ်သူများ အသုံးပြုခြင်းကို ငြင်းဆိုခဲ့ကြောင်း သူက ဆိုသည်။

“စက်ရုံက အမည် မရှိဘူး။ ဒါပေမဲ့ အလုပ်သမားတွေက နာမည်ကြီး အမှတ်တံဆိပ်တွေအတွက် ချုပ်ပေးနေကြတာ… တရားဝင်အော်ဒါရထားတဲ့ စက်ရုံတွေကတော့ လိမ်နေတာပေါ့။ ဒီတော့ အမည်မဲ့စက်ရုံ ကိစ္စတွေကို စုံစမ်းဖို့ အရမ်းခက်ပါတယ်” ဟု ဒေါ်ခိုင်ဇာအောင်က ပြောသည်။

Inditex သည် ဖရွန်တီးယား၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုံ့ပြန်ခြင်း မရှိခဲ့ပါ။

နယ်သာလန်အခြေစိုက် Fair Wear Foundation မှ တွဲဖက်ဒါရိုက်တာ Margreet Vrieling က ထိုပြောင်းလဲမှုအခြေအနေများသည် “အလွန်အမင်း စိုးရိမ်စရာ” ဟု ပြောဆိုသည်။

“စက်ရုံရဲ့ အမည်ကို မသိတာက အလုပ်သမားတွေအတွက် သူတို့ရဲ့ မကျေနပ်ချက်တွေကို တိုင်ကြားဖို့ ပိုခက်ခဲစေပြီး အမှတ်တံဆိပ်တွေအတွက်လည်း စုံစမ်းစစ်ဆေးဖို့၊ အလုပ်အခြေအနေတွေကို တိုးတက်အောင် ဖိအားပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု သူက ပြောသည်။

အိုင်းရစ် အမှတ်တံဆိပ် Primark အတွက် ချုပ်လုပ်ပေးနေသော ရန်ကုန်မြို့ရှိ စက်ရုံရှေ့တွင် အလုပ်ထုတ်ခံရသော အလုပ်သမားများစုဝေးနေသည်ကို ဖေဖော်ဝါရီလက တွေ့ရစဉ်။ (ဓာတ်ပုံ-STUM)

ဥပဒေလမ်းကြောင်းဖြင့် အလုပ်သမားသမဂ္ဂများသည် လိုင်စင်ရှိသော တရားဝင်စက်ရုံများမှာပင် အလုပ်ရှင်ကို တရားစွဲဆိုသည့် ကိစ္စရပ်များမှာ ရှားပါးပြီး၊ စစ်တပ် ထိန်းချုပ်ထားသော ဥပဒေစနစ်ကတစ်ဆင့် တရားမျှတမှု အနည်းငယ်သာ ရရှိကြသည်။

ရန်ကုန်မြို့ရှိ Fukurama Apparel စက်ရုံက အလုပ်သမားဟောင်း မအိပိုပိုလှိုင်သည် စာချုပ်ကို ချိုးဖောက်၍ အလုပ်ထုတ်ခံရသည်ဟု စွပ်စွဲကာ တရုတ်နိုင်ငံသားဖြစ်သော စက်ရုံပိုင်ရှင်ကို တရားစွဲဆိုထားသည်။ တရားရုံးချိန်း ၄ ကြိမ်အထိ ရှိလာခဲ့သော်လည်း ပိုင်ရှင်မှာ တရားရုံးသို့ တစ်ခါမျှ မရောက်လာသောကြောင့် တရားစီရင်မှုကို ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။

မအိပိုပိုလှိုင်ကို အာဏာသိမ်းပြီး မကြာမီ တရားမဝင်အသင်းအဖွဲ့အဖြစ် ကြေညာခံခဲ့ရသော်လည်း အဖွဲ့ဝင်များက ဆက်လက်လှုပ်ရှားနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (STUM) က ကူညီပေးနေသည်။ STUM အဖွဲ့ဝင် ကိုဇင်ဝေအောင်က အလုပ်သမားသည် ၃ လအတွင်း ၃ ရက် ဆေးခွင့်ယူခဲ့ခြင်းကြောင့် အလုပ်ထုတ်ခံရခြင်းဖြစ်သည်ဟု ဖရွန်တီးယားကို ပြောသည်။ 

“သူ ဖျားခဲ့တယ်။ ဒါက မတရား အလုပ်ထုတ်တာ။ သူက အဲဒီမှာ ဆက်လုပ်ချင်ပေမဲ့ စက်ရုံက ပြန်မခေါ်ဘူး။ ဒါကြောင့် ပိုင်ရှင်ကို တရားစွဲတာ” ဟု ၎င်းက ဆိုသည်။

အာဏာမသိမ်းမီက အလုပ်သမားများသည် ဝန်ထမ်းရေးရာတာဝန်ရှိသူများကတစ်ဆင့် အစိုးရ၏ လူမှုဖူလုံရေးရုံးသို့ လျှောက်လွှာတင်ကာ ဆေးခွင့်အတွက် လစာပြန်လည်ရရှိနိုင်သော်လည်း ယခုအခါ အလုပ်သမားများ ခွင့်မယူစေရန်အတွက် စက်ရုံများက ၎င်းတို့ကိုယ်တိုင် လျှောက်လွှာတင်ခိုင်းသည်ဟု STUM ဒါရိုက်တာ ဒေါ်မျိုးမျိုးအေး က ပြောသည်။ ယင်းသို့လုပ်ဆောင်ရန်မှာ စက်ရုံက ခွင့်ရက်မပေးဘဲ မဖြစ်နိုင်ပေ။

ရန်ကုန် Fukurama Apparel ကိုယ်စားလှယ်များက ပိုင်ရှင်သည် တရုတ်နိုင်ငံသို့ ပြန်သွားပြီဟု ပြောကြားခဲ့ရာ ကိုဇင်ဝေအောင်၏ နောက်တစ်ဆင့်မှာ စက်ရုံကိုယ်တိုင် သို့မဟုတ် မန်နေဂျာကို ပြောင်းလဲတရားစွဲဆိုဖို့ ကြိုးစားရန်ဖြစ်သည်။

“ရိုးရိုးပြောရရင် အလုပ်သမားဥပဒေကို ကျမ အယုံအကြည်မရှိဘူး။..ကျမတို့ အလုပ်သမားတွေ စာရွက်ပေါ်မှာ ဘယ်လောက်ပဲ အခွင့်အရေးရှိရှိ ဥပဒေက တန်းတူမဖြစ်ဘူး။ ဥပဒေကို အာဏာနဲ့ ပိုက်ဆံရှိသူတွေက ချုပ်ကိုင်ထားတဲ့အခါ အလုပ်သမားတွေပဲ အမြဲခံစားရတယ်။ ဒါကြောင့် အလုပ်သမားတွေ တရားရုံးမသွားဘဲ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းမှုတွေ လုပ်နိုင်တော့ အကောင်းဆုံးပဲ” ဟု ဒေါ်မျိုးမျိုးအေးက ပြောသည်။ 

သပိတ်မှောက်သင့်သလား၊ မမှောက်သင့်ဘူးလား 

စက်ရုံပိတ်သိမ်းမှုများနှင့် အလုပ်မှထုတ်ပယ်မှုများရှိသော်လည်း အလုပ်သမားအခွင့်အရေးရရှိမှုများမှာ အကြီးအကျယ် လျော့ပါးသွားခြင်းကြောင့် အထည်ချုပ်တင်ပို့မှုများသည် ပြန်လည် တိုးတက်လာပုံရသည်။ 

MGMA ၏ ပြောကြားချက်အရ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ဘဏ္ဍာရေးနှစ် တစ်ဝက်တွင် ဒေါ်လာ ၂ ဒဿမ ၂ ဘီလီယံ ရရှိခဲ့ပြီးနောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် (မတ်လ ၃၁ ရက်တွင် ပြီးဆုံး) ၏ ပထမ ၁၁ လအတွင်း ဒေါ်လာ ၄ ဒဿန ၇ ဘီလီယံကျော် ရရှိခဲ့သည်။

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ Quality Apparel စက်ရုံပိုင်ရှင်လည်းဖြစ် MGMA က အကြီးတန်းအဖွဲ့ဝင် ဒေါက်တာခင်ခင်ကြီးက ဖရွန်တီးယားသို့ သူ၏စက်ရုံတွင် သြဂုတ်လအထိ အမှာစာများ အပြည့်ရှိကြောင်း ပြောသည်။

“မှာယူမှု အများစုက ဥရောပ၊ ဂျပန်နဲ့ အမေရိကန်တို့ကနေ လာနေဆဲပါ။ မြန်မာက လုပ်ခလစာ နည်းတယ်ဆိုတာ လူသိများတော့ ကုန်အမှတ်တံဆိပ်တွေက ဒါကို မတွန်းလှန်နိုင်ဘူးလို့ ထင်ပါတယ်” ဟု သူက ဆိုသည်။

လှိုင်သာယာမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် ဖိနပ်စက်ရုံမန်နေဂျာတစ်ဦးကမူ စစ်အုပ်ချုပ်ရေး၏ ဖိနှိပ်မှုအောက်တွင် အလုပ်သမားသပိတ်များ မရှိခြင်းက စီးပွားရေးလုပ်ငန်းများ အကျိုးအမြတ်ရရှိနေသည်ဟု ပွင့်ပွင့်လင်းလင်း ပြောသည်။

“အရင်တုန်းက အလုပ်သမားတွေ တစ်ခါသပိတ်မှောက်ရင် ဝယ်သူ (အထည်မှာယူသူ) က သူတို့ရဲ့ အမှာစာမှာယူမှုကို ၂၀ ရာခိုင်နှုန်းလောက် လျှော့ချပစ်တယ်။ တည်ငြိမ်မှုမရှိရင် ဝယ်သူတွေ ယုံကြည်မှုမရှိဘူး။ ပိုင်ရှင်တွေက အာဏာသိမ်းပြီးနောက် အလုပ်ပိုကောင်းလာတယ်လို့ ပြောကြတယ်” ဟု အမည်မဖော်လိုသော သူက ပြောသည်။

သို့သော်လည်း စင်ပြိုင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လုပ်ငန်းရှင်များကို ယခုလို အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ မပြုလုပ်ကြရန် သတိပေးထားသည်။ 

NUG ၏ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက အလုပ်သမားအခွင့်အရေး ချိုးဖောက်သည့် အလုပ်ရှင်များကို “တော်လှန်ရေးအောင်မြင်ပြီးနောက်” ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ပြောသည်။

“အလုပ်သမားတွေကို လစာမပေးဘဲ ကျွန်လို အချိန်ပို အလုပ်လုပ်ခိုင်းတာ၊ မတရား အလုပ်ထုတ်တာ တွေကို ကျနော်တို့ သိပါတယ်။ ဒီလို တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ငန်းရှင်တွေကို တော်လှန်ရေး အောင်မြင်တဲ့အခါ သူတို့ရဲ့ ရာဇဝတ်မှုတွေအတွက် ပြန်ပေးဆပ်ရလိမ့်မယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း အခွင့်အရေးချိုးဖောက်သူများ၏ ပါဝင်ပတ်သက်မှုသည် အထည်ချုပ်လုပ်ပေးနေသည့် ပြည်တွင်းက စက်ရုံများထက် ကျော်လွန်ပြီး ကမ္ဘာအနှံ့အပြားထိ ကျယ်ပြန့်သည်။

စစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည့် IWFM က ပြီးခဲ့သည့်နှစ်က အလုပ်သမားဥပဒေ ချိုးဖောက်သည်ဟု စွပ်စွဲခံထားရသော ကိစ္စရပ် ၁၄၇ ခုကို စုံစမ်းစစ်ဆေးရာ ၈၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသားပိုင်စက်ရုံများတွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။  

သို့သော်လည်း အနောက်နိုင်ငံများလည်း ပါဝင်ပတ်သက်နေပြီး မြန်မာက အထည်ချုပ်စက်ရုံများသည် နိုင်ငံ ၁၈ နိုင်ငံက အမှတ်တံဆိပ်များအတွက် အဝတ်အထည်များ ချုပ်လုပ်နေသည်။ ထိုနိုင်ငံများအနက် ၁၀ နိုင်ငံမှာ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ ဖြစ်သည်။  

အင်္ဂလန်အခြေစိုက် လွတ်လပ်သောအဖွဲ့အစည်းတစ်ခုဖြစ်သော Ethical Trading Initiative က ပြီးခဲ့သည့်နှစ်က နိုင်ငံခြားကုန်အမှတ်တံဆိပ်များသည် မြန်မာနိုင်ငံရှိ ၎င်းတို့၏ အထည်များကို ချုပ်လုပ်နေသော စက်ရုံများရှိ အလုပ်သမားများကို အခွင့်အရေး ချိုးဖောက်မှုများမှ ကာကွယ်ရန် မဖြစ်နိုင်တော့ကြောင်း ကောက်ချက်ချခဲ့သည်။

“အမှတ်တံဆိပ်တွေဟာ ပုံမှန် လူ့အခွင့်အရေး ကြိုးပမ်းစစ်ဆေးမှုကို လုပ်ဆောင်ဖို့ မဖြစ်နိုင်သလောက်ပါပဲ” ဟု ETI က ပြောကြားခဲ့ပြီး ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် “၎င်းတို့၏ ရှိနေခြင်းကို ပြန်လည်သုံးသပ်ရန်” တောင်းဆိုခဲ့သော်လည်း ၎င်းတို့ ထွက်ခွာသွားရန် တောင်းဆိုခြင်းကို ရပ်တန့်ခဲ့သည်။ 

ဥရောပက အထည်မှာယူသူအားလုံး ထွက်ခွာပါက ခန့်မှန်းခြေ အလုပ်သမား ၃၂၀,၀၀၀ အလုပ်ပြုတ်မည် သို့မဟုတ် ဝင်ငွေ လျော့ကျမည်ဖြစ်ရာ ၎င်းတို့ ထွက်ခွာခဲ့ပါက “လုပ်သားများနှင့် ၎င်းတို့၏ မိသားစုများအပေါ် ထွက်ခွာခြင်း၏ သက်ရောက်မှု” ကို အကဲဖြတ်ပြီးနောက် “တာဝန်ယူမှုရှိစွာ လုပ်ဆောင်ရမည်” ဟု ဆိုသည်။

သို့သော် IWFM ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်ကမူ နိုင်ငံခြားကုန်အမှတ်တံဆိပ်များသည် မြန်မာနိုင်ငံမှ မှာယူခြင်းကို ရပ်တန့်သင့်ကြောင်း ပြောသည်။

“သူတို့ရဲ့ စည်းမျဉ်းတွေကို အကောင်အထည်မဖော်နိုင်တဲ့ နိုင်ငံမှာ ကုန်အမှတ်တံဆိပ်တွေက စီးပွားရေး မလုပ်သင့်ဘူး။ ဒါကြောင့် သူတို့ကို ထွက်သွားဖို့ တောင်းဆိုတာပါ။ မြန်မာနိုင်ငံကနေ ဝယ်ယူတာကို မရပ်ဘူးဆိုရင် လူ့အခွင့်အရေးကို ချိုးဖောက်နေတာက အမှတ်တံဆိပ်တွေ ကိုယ်တိုင်ပဲ” ဟု သူက ပြောသည်။

မည်သို့ပင်ဖြစ်စေ နာမည်ကျော်အမှတ်တံဆိပ်များ ရုတ်တရက် ထွက်ခွာသွားခြင်းသည် ချက်ချင်း အလုပ်အကိုင် ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်သည်။ အိုင်ယာလန်အခြေစိုက် အဝတ်အထည်ကုမ္ပဏီကြီး Primark က ပြီးခဲ့သည့်နှစ်တွင် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ကြေညာပြီးနောက် တရုတ်နိုင်ငံသားပိုင် စက်ရုံနှစ်ရုံသည် ရုတ်တရက် ပိတ်သွားခဲ့ရာ အလုပ်သမား ၂,၂၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။

STUM မှ ဒေါ်မျိုးမျိုးအေးက စက်ရုံနှစ်ရုံမှ အလုပ်သမားများကို ဥပဒေအရ လိုအပ်သော တစ်လကြိုတင်အသိပေးခြင်းအစား နှစ်ပတ်သာ ကြိုတင်အသိပေးခဲ့ပြီး လုံလောက်သော နစ်နာကြေး မပေးခဲ့ကြောင်း ပြောသည်။

“ပိုင်ရှင်တွေက စက်ရုံပိတ်ချင်တဲ့အခါ စည်းမျဉ်းတွေနဲ့ ဥပဒေတွေကို မလိုက်နာဘူး။ အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်တွေနဲ့ အလုပ်သမားတွေကို အရင်ထုတ်ပစ်တယ်။ [Primark] က လူ့အခွင့်အရေးကို လေးစားတယ်.. ဒါကြောင့် မြန်မာမှာ ရင်းနှီးမြှုပ်နှံတာကို ရပ်လိုက်တယ်လို့ ပြောတယ်။ ဒါပေမဲ့ အလုပ်သမားအခွင့်အရေးကလည်း လူ့အခွင့်အရေးပါပဲ။ သူတို့ အလုပ်သမားအခွင့်အရေးကို တကယ်လေးစားရင် တာဝန်ယူမှုရှိတဲ့ ထွက်ခွာမှုတစ်ခုဖြစ်အောင် အဆင့်တိုင်းကို လုပ်ဆောင်ရမှာပါ” ဟု သူက ဆိုသည်။

Primark သည် ဖရွန်တီးယား၏ မေးခွန်းများကို တုံ့ပြန်ခြင်း မရှိသော်လည်း ၎င်းအား ကိုးကားဖော်ပြသော သတင်းများတွင် အလုပ်ထုတ်ခံရသည့် အလုပ်သမားများအားလုံး မရရှိသေးသော လစာများနှင့် နစ်နာကြေးများ ရရှိအောင် သေချာစေမည်ဟု ဆိုထားခဲ့သည်။

အင်္ဂလန်နိုင်ငံက လက်လီကုမ္ပဏီကြီး Marks & Spencer သည်လည်း ETI အစီရင်ခံစာ ထွက်ပေါ်ပြီးနောက် မတ်လကုန်တွင် မြန်မာနိုင်ငံမှ “တာဝန်ယူမှုရှိစွာ ထွက်ခွာခြင်း” ပြုလုပ်မည်ဟု ကြေညာခဲ့သည်။

ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံက အသက် ၃၅ နှစ်အရွယ် အလုပ်သမား မချောငြိမ်း(အမည်လွှဲ) သည် အမှတ်တံဆိပ်များ ထွက်ခွာရန် တောင်းဆိုမှုများအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး သူထံတွင် နိုင်ငံရေးကို စိတ်ဝင်စားရန် အချိန်မရှိဟု ဆိုသည်။

“ကျမ ပြောနိုင်တာကတော့ အလုပ်လက်မဲ့ မဖြစ်ချင်ဘူး။ အလုပ်အခြေအနေ ဆိုးနေရင်တောင် အနည်းဆုံးတော့ လစဉ် လစာရနိုင်တယ်။ ကျမ ကျွေးမွေးရမယ့် ပါးစပ်တွေ အများကြီးရှိတယ်” ဟု သူက ပြောသည်။

မချောငြိမ်းနှင့် သူမ၏ ခင်ပွန်းတွင် ကလေးသုံးဦးရှိပြီး အသက်ကြီးသူ မိဘ နှစ်ဦးကိုလည်း ပြုစုစောင့်ရှောက်နေရသည်။ သူ၏ ခင်ပွန်းသည် ကိုဗစ်၁၉ ကပ်ရောဂါမဖြစ်မီက ဆောက်လုပ်ရေးလုပ်သားဖြစ်သော်လည်း ယခုအခါ မော်တော်ဆိုင်ကယ်အငှားယာဉ်မောင်းနေပြီး ဝင်ငွေများစွာ လျော့နည်းသွားသည်။

“တစ်ရက်ကို ကျပ် ၅,၀၀၀ တောင် ရှာရဖို့ ရုန်းကန်ရတယ်” ဟု သူက ဆိုသည်။ မြို့ပြဒေသများတွင် တော်လှန်ရေးတပ်ဖွဲ့များသည် တိုက်ခိုက်မှုများစွာကို ဆိုင်ကယ်ဖြင့် လုပ်ဆောင်လေ့ရှိရာ ဆိုင်ကယ်ယာဉ်မောင်းများသည် စစ်တပ်၏  မတရားဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းခံလေ့ရှိသောကြောင့် အန္တရာယ်ရှိသောအလုပ်ဖြစ်ကြောင်း သူက ထပ်လောင်းပြောကြားခဲ့သည်။

မချောငြိမ်းက အလုပ်အခြေအနေများသည် အာဏာမသိမ်းမီကထက် များစွာပိုဆိုးနေသော်လည်း အလုပ်လက်မဲ့ဖြစ်ခြင်းက ပို၍ကြီးမားသော ဒုက္ခကို ယူဆောင်လာမည်ဟု ပြောသည်။

“ဒီစစ်ကောင်စီအောက်မှာ အလုပ်လုပ်ရတာကိုလည်း ကျမ မကြိုက်ပါဘူး။.. ဒါပေမဲ့ စက်ရုံတွေအားလုံး ပိတ်သွားရင် အလုပ်သစ်ရှာရတာ ခက်ခဲမှာဖြစ်လို့ အလုပ်မပြုတ်ချင်ဘူး။ ကျမတို့ အသက်ရှင်ရပ်တည်နိုင်မှာ မဟုတ်ဘူး” ဟု သူက ဆိုသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.