ခရီးသည် ၁၂၉ ဦး တင်ဆောင်လာပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ပျံသန်းလာသည့် အိန္ဒိယနိုင်ငံမှ IndiGo လေယာဉ်သည် လမ်းကြောင်းလွှဲကာ ရန်ကုန်မြို့သို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဆင်းသက်ခဲ့သည်။
အိန္ဒိယနိုင်ငံ ဘန်ဂလိုမှ ဘန်ကောက်သို့ ပျံသန်းလာသည့် လေယာဉ်၏ “အင်ဂျင်တစ်လုံးတွင် ဆီဖိအား အချက်ပြမှု” တွေ့ကြုံခဲ့ပြီးနောက် ရန်ကုန်သို့ ဆင်းသက်ခဲ့ခြင်းဖြစ်သည်ဟု IndiGo ၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး အိန္ဒိယ ANI သတင်းဌာနက ရေးသားထားသည်။
လေယာဉ်မှာ A320 အမျိုးအစားဖြစ်ပြီး V2500 အင်ဂျင်ကို တပ်ဆင်ထားကာ ရန်ကုန်မြို့သို့ ဘေးကင်းစွာဆင်းသက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ခရီးသည် ၁၂၉ ဦးအား ဘန်ကောက်မြို့သို့ ဆက်လက်သွားရောက်နိုင်ရေးအတွက် IndiGo က အခြားလေကြောင်းလိုင်းများဖြင့် စီစဉ်ပေးခဲ့ပြီး နေရာထိုင်ခင်းလိုအပ်သူများအတွက်လည်း စီစဉ်ပေးထားသည်ဟု လေကြောင်းလိုင်းက ပြောသည်။
“အင်ဂျင်အား စစ်ဆေးနေဆဲဖြစ်ပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားရန် ဆုံးဖြတ်မည်ဖြစ်သည်” ဟု IndiGo ကပြောသည်။
စရိတ်နည်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် IndiGo သည် ခရီးသည်တင်ဆောင်မှုနှင့် လေယာဉ်အရေအတွက်အရ အိန္ဒိယ၏ အကြီးဆုံးလေကြောင်းလိုင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၏ ၄၁ ရာခိုင်နှုန်းခန့်အား ရယူထားသည်။