လေယာဉ်ဆီရောင်းချသည့်လုပ်ငန်းကို ရွှေမြန်မာလေကြောင်းလိုင်း လုပ်ကိုင်ခွင့်ရရှိ

မြန်မာနိုင်ငံ၏ လေဆိပ်အချို့တွင် လေယာဉ်ဆီရောင်းချသည့်လုပ်ငန်းအတွက် ရွှေမြန်မာလေကြောင်းလိုင်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးလိုက်သည်။

သို့သော် မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပ လေယာဉ်များ အများဆုံး အဆင်းအတက် ပြုလုပ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ထိုလုပ်ငန်း လုပ်ကိုင်ခွင့် မပါရှိသည်ကို ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ဆီ သိုလှောင် ရောင်းချခြင်းကို အစိုးရက ကျောထောက်နောက်ခံပြုထားသည့်လုပ်ငန်းက တစ်ဦးတည်း လုပ်ကိုင်နေပြီး ထိုသို့ လက်ဝါးကြီးအုပ် လုပ်ကိုင်မှုကြောင့် ၎င်းတို့လုပ်ငန်း တိုးတက်ရေးအတွက် အခက်အခဲဖြစ်ရသည်ဟု လေကြောင်းလိုင်းများက ပြောကြားကြသည်။

“လေယာဉ်ဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချသည့်လုပ်ငန်း” လုပ်ကိုင်ရန် ရွှေမြန်မာလေကြောင်းလိုင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (Golden Myanmar Airlines Public Co. Ltd) အား ဧပြီ ၅ ရက်နေ့က ပြုလုပ်သည့်ကော်မရှင်အစည်းအဝေးတွင် ခွင့်ပြုပေးလိုက်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် အဆိုပါလုပ်ငန်းက တာချီလိတ်၊ ကော့သောင်း၊ ညောင်ဦး၊ ဟဲဟိုး၊ စစ်တွေနှင့် မြစ်ကြီးနားလေဆိပ်များ၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အပြင် သီလဝါရှိ ဆီသိုလှောင်ကန်များနှင့် ဆိပ်ခံတံတားနေရာများတွင် တည်ရှိမည်ဟုလည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လေယာဉ်ဆီဖြန့်ဖြူးခြင်းလုပ်ငန်းကို နိုင်ငံပိုင် မြန်မာ့ရေနံထွက်ပစ္စည်းလုပ်ငန်းက ၂၀၁၅ ခုနှစ်အထိ တစ်ဦးတည်း လုပ်ကိုင်ခဲ့သည်။ ထို့နောက် တင်ဒါခေါ်ယူပြီး စင်ကာပူနိုင်ငံမှ Puma Energy အား ရွေးချယ်ကာ ဖက်စပ်လုပ်ငန်း ထူထောင်လုပ်ကိုင်ခဲ့သည်။

National Energy Puma Aviation Services ဟု အမည်ပေးထားသည့် ထိုဖက်စပ်လုပ်ငန်းက လေဆိပ် ၁၁ ခုတွင် လုပ်ကိုင်နေပြီး မြန်မာနိုင်ငံတွင် လေယာဉ်ဆီ ရောင်းချသည့် တစ်ခုတည်းသောလုပ်ငန်းဖြစ်သည်။ ထိုလုပ်ငန်းတွင် ပြိုင်ဆိုင်မှုမရှိခြင်းက ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုစရိတ် မြင့်မားနေခြင်း၏ အချက်တစ်ခုဖြစ်သည်ဟု လေကြောင်းလိုင်းများနှင့် လေ့လာသူများက ပြောကြားကြသည်။

National Energy Puma Aviation Services က ၎င်း၏ ငွေလုံးငွေရင်းကို မူလ အမေရိကန်ဒေါ်လာ ၁၀၆ သန်းမှ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာတွင် နောက်ထပ် ဒေါ်လာ ၁၀ သန်းကျော် ထပ်မံတိုးမြှင့်လိုက်သည်။

Puma Energy သည် နိုင်ငံပေါင်း ၄၈ နိုင်ငံတွင် လုပ်ကိုင်နေပြီး ၂၀၁၈ ခုနှစ်တွင် အသားတင်ရောင်းရငွေ ဒေါ်လာ ၁၇ ဒသမ ၉ ဘီလျံရှိခဲ့သည်။

ရွှေမြန်မာလေကြောင်းလိုင်းကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ATR 72-600 လေယာဉ်နှစ်စီးဖြင့် မြို့ ၁၀ မြို့သို့ ပျံသန်းပြေးဆွဲနေသည်။ အဆိုပါလေကြောင်းလိုင်းသည် မြန်မာနိုင်ငံ၏ ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးခင်မောင်အေးနှင့်လည်း ဆက်စပ်နေသည်။ ဦးခင်မောင်အေးသည် KMA အုပ်စုနှင့် စီဘီဘဏ်တို့၏ ဥက္ကဋ္ဌတို့လည်းဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar