ဥပဒေနှင့် နည်းဥပဒေများ ရေးဆွဲရန် သီးသန့်အဖွဲ့ ဖွဲ့စည်းသွားမည်

ဥပဒေနှင့် နည်းဥပဒေများ ရေးဆွဲခြင်းလုပ်ငန်းများကို သီးခြား အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်း၍ သီးသန့်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်က စီစဉ်နေသည်။

အဆိုပါ လုပ်ငန်းကို ယခင်က ရှေ့နေချုပ်ရုံးမှ အဓိက တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်သော်လည်း ပြင်ဆင်လိုက်သည့် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေအရ ထိုတာဝန်မရှိတော့သဖြင့် ဖြစ်ပေါ်လာသည့် ဟာကွက်ကို ဖြည့်ဆည်းရန် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်နေခြင်းဖြစ်သည်။

နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်ဝင်းအတွင်း ဇူလိုင် ၂၇ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုပါကိစ္စကို ဆွေးနွေးရန် အဆိုပြုခဲ့ပြီးနောက် ယခုကဲ့သို့ ကနဦး ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ ဝန်ကြီးအချို့အပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရှေ့နေချုပ်၊ တရားလွှတ်တော်ချုပ်၊ တရားသူကြီးချုပ်နှင့် သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

“လွှတ်တော်ကပဲ တာဝန်ယူပြီးတော့ ဌာနတစ်ခုအနေနဲ့ ဆောင်ရွက်သင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရတယ်။ နိုင်ငံတကာမှာလည်း ဥပဒေရေးဆွဲဖို့ ဌာနတွေ၊ အဖွဲ့အစည်း တွေရှိတယ်” ဟု အစည်းအဝေးတွင် ပါဝင်သူ ကော်မရှင်အဖွဲ့ဝင် ဦးစောလှထွန်းက ဇူလိုင် ၂၈ ရက်နေ့တွင် Frontier ကို အတည်ပြု ပြောကြားသည်။

ထိုသို့ သီးသန့်တာဝန်ယူမည့် အဖွဲ့အစည်းမရှိ၍ ဒီမိုကရေစီနှင့် လျော်ညီသော ဥပဒေများ ပြုပြင်ပြောင်းလဲရေးကဏ္ဍတွင်သာမက ပြဋ္ဌာန်းပြီးဥပဒေများ လက်တွေ့ ကျင့်သုံးရာတွင်လည်း အခက်ကြုံနေရသည်ဟု ၎င်းက ပြောသည်။

“တစ်ချို့ဥပဒေတွေက အရေးကြီးလို့ ပြဋ္ဌာန်းလိုက်ပေမယ့် နည်းဥပဒေ မပြဋ္ဌာန်းသေးလို့ မကျင့်သုံးနိုင်သေးတာ တွေရှိတယ်။ ကိုင်တွယ်ကျင့်သုံးနေတဲ့ ဝန်ကြီးဌာနတွေတောင် မသိတဲ့ ဥပဒေတွေရှိတဲ့အတွက် ကော်မရှင်က ဝန်ကြီးဌာနအလိုက် ကျင့်သုံးနိုင်တဲ့ ဥပဒေစာရင်းကို ပြုစုပေးထားတယ်”ဟု ဦးစောလှထွန်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော် စတင်သည့် ၂၀၁၁ ခုနှစ်မှ ယနေ့အထိ ဥပဒေပေါင်း ၂၃၉ ခု ပြဌာန်းထားသည့်အနက် နည်းဥပဒေ ဆက်လက် ထုတ်ဆင့်ရန်လိုအပ်သော ဥပဒေပေါင်း ၈၅ ခု ရှိသည်။ သို့သော် လက်ရှိအချိန်အထိ ယင်းအရေအတွက် စုစုပေါင်း၏ ထက်ဝက်နီးပါးဖြစ်သော ၄၀ ခုအတွက်သာ နည်းဥပဒေ ပြဋ္ဌာန်းနိုင်သေးသည်ဟု ကော်မရှင်၏ စာရင်းများအရ သိရသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စုလွှတ်တော်သို့ ဥပဒေများ လေ့လာဆန်းစစ် သုံးသပ်တင်ပြသည့် လုပ်ငန်းကို သူရဦးရွှေမန်း၏ ကော်မရှင်က တာဝန်ယူနေခြင်းဖြစ်သည်။ သို့သော် ဥပဒေရေးဆွဲရန် တာဝန်ကိုမူ ပေးမထားချေ။ ထို့ကြောင့် အဆိုပါတာဝန်အား ကော်မရှင်ထံ ပေးရန်ရှိမရှိနှင့် မည်သူများ ပါဝင်၍ မည်သို့ဖွဲ့စည်းမည်ကို Frontier က စုံစမ်းနေသော်လည်း အတည်မပြုနိုင်သေးပေ။

ကော်မရှင်အဖွဲ့ဝင် ဦးစောလှထွန်းကမူ “တရားဝင် ဖွဲ့စည်းတာတော့ မရှိသေးဘူး။ လိုအပ်တဲ့ ဥပဒေစိစစ်ရေး လုပ်ငန်းတွေကတော့ ကော်မရှင်ကနေ စနေပြီ။ ပြည်ထောင်စုလွှတ်တော်က မကြာမီဆုံးဖြတ်ပေးမယ် ထင်တယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ၌ တည်ဆဲဥပဒေပေါင်း ၆၂၈ ခုရှိပြီး ၃၉၇ ခု ကျင့်သုံးနေသည်ဟု ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်စာရင်းများအရ သိရသည်။ ထို ဥပဒေများအနက် ရုပ်သိမ်းသင့်သည့် ဥပဒေ ခြောက်ခု၊ ပြင်ဆင်သင့် ၅၂ ခု၊ အသစ်ရေးဆွဲ၍ တည်ဆဲဥပဒေအား ပယ်ဖျက်ရန် ၄၈ ခုနှင့် အသစ်ရေးဆွဲရန် ၂၃ ခု စုစုပေါင်း ၁၂၉ ခုကို ဆောလျင်စွာဆောင်ရွက်ရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားကြောင်း ကော်မရှင်က ပြောသော်လည်း အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်း မရှိပေ။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar