အစိုးရပြောင်းသော်လည်း တက်ကြွလှုပ်ရှားသူများကို စောင့်ကြည့်သည့်စနစ် မပြောင်းလဲသေး

ဦးသိန်းစိန်ခေါင်းဆောင်သည့် ပြည်ခိုင်ဖြိုးအစိုးရမှ ဦးထင်ကျော်ခေါင်းဆောင်သည့် အစိုးရသို့ ပြောင်းသွားခဲ့သော်လည်း လူ့အခွင့်ရေးလှုပ်ရှားသူများကို စောင့်ကြည့်သည့်စနစ်က မပြောင်းလဲသေးပေ

ထွန်းခိုင် ရေးသားသည်။

လူသိများသည့် တက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ပိုင်သည် ဇွန် ၁၅ ရက်နေ့ ညနေပိုင်းက တယ်လီဖုန်း ခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။

ရန်ကုန်အခြေစိုက် မဇ္ဈိမသတင်းဌာနကဖြစ်ကြောင်း ဖုန်းခေါ်ဆိုသူက မိတ်ဆက်ပြီး လက်ရှိတွင် သူကူညီဆောင် ရွက်ပေးနေသည့် အမှုရင်ဆိုင်နေရသော အလုပ်သမားများနှင့် ပတ်သက်သည့်သတင်းကို မေးမြန်းခဲ့သည်။

“ကျနော်လဲ သံသယရှိတာနဲ့ မဇ္ဈိမက သိတဲ့သူတွေ လှမ်းမေးတော့ အဲဒီနာမည်နဲ့ လူမရှိဘူးလို့ ဖြေတယ်” ဟု Generation Youth အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ကိုတင်ထွဋ်ပိုင်က ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ရွေးကောက်ပွဲရလာဒ်ကြောင့် ရာစုနှစ်တစ်ဝက်ကျော် ကြာမြင့်ခဲ့သည့် စစ်တပ် ဦးစီးသော အုပ်ချုပ်ရေးနိဂုံးချုပ်ခဲ့ပြီး အရပ်သားများ အုပ်ချုပ်သော နိုင်ငံတခု ဖြစ်လာခဲ့သည်။

စစ်အစိုးရလက်ထက်ဖြစ်သည့် ၂၀၀၇ ခုနှစ်က ကျောင်းသားသမဂ္ဂများနှင့် အဆက်အသွယ်ပြုလုပ်ခြင်းကြောင့် တက္ကသိုလ်မှ ထုတ်ပယ်ခံခဲ့ရပြီး ထောက်လှမ်းရေးအဖွဲ့၏ စောင့်ကြည့်စာရင်းသွင်းခံရသူ ကိုတင်ထွဋ်ပိုင် တယောက် အစိုးရ ပြောင်းသွားသော်လည်း စောင့်ကြည့်စာရင်းထဲတွင်ပင် ကျန်နေဆဲဖြစ်သည်။ သူ့လိုပင် အခြားတက်ကြွလှုပ်ရှားသူများကို အစိုးရက စောင့်ကြည့် ထောက်လှမ်းနေသည့် စနစ်က ကျန်ရှိနေဆဲဖြစ်သည်။

၂၂ နှစ်ကြာ အာဏာစွဲကိုင်ထာသည့် မြန်မာ့တပ်မတော်သည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးခေါင်းစဉ်ဖြင့် ၂၀၁၀ ပြည့်နှစ်တွင် ၎င်းတို့ ကြောထောက်နောက်ခံပေးထားသော ဗိုလ်ချုပ်ဟောင်းဦးသိန်းစိန်ဦးဆောင်သည့် အရပ်သား အမည်ခံ အစိုးရအဖွဲ့ထံ အာဏာလွဲပြောင်းပေးခဲ့သည်။

အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲ ရလဒ်များဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ခေါင်းဆောင်ခဲ့သည့် ဦးသိန်းစိန် လက်ထက်တွင် ဆန္ဒပြပွဲများ မကြာခဏဖြစ်ပွားခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) Assistance Association for Political Prisoners (Burma) ၏ အဆိုအရ ဦးသိန်းစိန်အစိုးရ၏ နောက်ဆုံးကာလများဖြစ်သည့် ၂၀၁၅ ခုနှစ်၏ ပထမ ရှစ်လတာကာလတွင် ဆန္ဒပြမှုများကြောင့် တစ်ရက်လျှင် လူတစ်ဦးနှုန်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု ဆိုသည်။

ကိုတင်ထွဋ္ဋ်ပိုင်က ၎င်း၏ နိုင်ငံကူးလက်မှတ် လျောက်ထားလွှာအား ပြသနေစဉ်။ နာမည်ပျက်စာရင်း သွင်းခံထားရသည် ၎င်းအား နိုင်ငံကူးလက်မှတ်ထုတ်ပေးရန် ငြင်းဆိုခဲ့သည်။ ဓာတ်ပုံ-တေဇလှိုင်

ကိုတင်ထွဋ္ဋ်ပိုင်က ၎င်း၏ နိုင်ငံကူးလက်မှတ် လျောက်ထားလွှာအား ပြသနေစဉ်။ နာမည်ပျက်စာရင်း သွင်းခံထားရသည် ၎င်းအား နိုင်ငံကူးလက်မှတ်ထုတ်ပေးရန် ငြင်းဆိုခဲ့သည်။ ဓာတ်ပုံ-တေဇလှိုင်

ထိုအထဲတွင် မန္တလေးမြို့မှ ဦးအေးသိန်းလည်း တယောက်အပါအဝင် ဖြစ်သည်။ သူသည် ဦးသိန်းစိန်လက်ထက် အတွင်း ဆန္ဒပြမှုများနှင့် ပတ်သတ်ပြီး ခြောက်ကြိမ်ထက်မနည်း တရားစွဲဆိုခံခဲ့ရသလို ထောင်ဒဏ်နှစ်ကြိမ် ချမှတ်ခံခဲ့ရသူ ဖြစ်သည်။

ပြီးခဲ့သည့်မတ်လအတွင်းက မီးလောင်ခဲ့သည့် မန္တလေးရှိ မင်္ဂလာဈေးကို ပြန်လည် မပြုပြင်ပဲ ဖြိုချရန် မြို့တော်ဝန်က ဆုံးဖြတ်ခဲ့ခြင်းကို မကျေနပ်သူများက ဇွန်လကုန်ပိုင်းတွင် ဆန္ဒပြခဲ့ကြချိန်တွင် ရဲနှင့် အရပ်ဝတ် ထောက်လှမ်းရေးအချိုု့က သူတို့ကို စောင့်ကြည့်ခဲ့သည်ဟု ဦးအေးသိန်းက ပြောသည်။

“ဒီဘက်ခေတ်မှာ တရားမစွဲခံရသေးဘူးဆိုပေမယ့် ဆန္ဒပြတဲ့သူတွေကို ဓာတ်ပုံရိုက် မှတ်တမ်းယူပြီး ဆန္ဒမပြအောင်၊ ကြောက်အောင် လုပ်တဲ့ပုံတွေတော့ရှိတယ်”ဟု ဦးအေးသိန်းကပြောသည်။

အစိုးရသစ် တက်လာပြီး လအနည်းအတွင်း သူ၏ မန္တလေးမှ ရုံးကိုလည်း အရပ်ဝတ်ရဲများက အတင်းဝင်ရောက်ကာ ဓာတ်ပုံမှတ်တမ်းယူရန် ကြိုးစားခဲ့ခြင်းများလည်းရှိကြောင်း ဦးအေးသိန်းက ပြောသည်။

“သူပုန်ဝင်စီးသလိုပဲ ကျွန်တော့ရုံးထဲကို ဝင်လာတယ်။ ခွင့်ပြုချက်လဲ မတောင်းပဲ သူတို့ ရိုက်ချင်တဲ့ပုံတွေ လျှောက် ရိုက်တယ်”ဟု ဦးအေးသိန်းက ပြောသည်။

ယခင်အစိုးရလက်ထက်တွင် ထိုသို့သော သတင်းမျိုးမှာ အများပြည်သူ စိတ်ဝင်စားသည့် သတင်းဖြစ်လာမည် ဖြစ်သည်။ အာဏာရှင်ကို တော်လှန်သောသတင်းအဖြစ် သတင်းစာများ၏ မျက်နှာဖုံးသတင်းများအဖြစ် နောက်တစ်နေ့တွင် ပါဝင်လာလိမ့်မည်ဖြစ်သည်။

သို့သော်လည်း လွှတ်တော်နှစ်ရပ်ပေါင်း ၈၆ ရာခိုင်နှုန်းအထိ မဲရခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အစိုးရ လက်ထက်တွင်မူ အခြေအနေက တစ်မျိုးပြောင်းသွားခဲ့သည်။ လူ့အခွင့်အရေးနှင့် ရပိုင်ခွင့်များကို တောင်းဆိုပုံခြင်း တူညီသော်လည်း ပြန်လည် တုန့်ပြန်မှုများက မတူညီကြပေ။

“ပြည်သူထောက်ခံတဲ့  အစိုးရတက်လာတော့တက်ကြွလှုပ်ရှားသူတွေရဲ့ အခန်းကဏ္ဍက ပြီးသွားပြီဆိုပြီး သတ်မှတ်ထားတဲ့သူတွေလည်း တွေ့လာရတယ်”ဟု ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ပုဒ်မ ၅၀၅(ခ) အပါအဝင် အခြားစွဲချက်များဖြင့် ထောင်ဒဏ် ၁၅ နှစ် ချခံခဲ့ရသည့် ကိုတင်ထွဋ်ပိုင်က ပြောသည်။

တက်ကြွလှုပ်ရှားသူများ ဦးဆောင်သည့် အလုပ်သမားသပိတ်များက မြန်မာပြည်တွင် အထူးအဆန်းတော့ မဟုတ်ပေ။ သမ္မတဦးသိန်းစိန် လက်ထက်ကလည်း အစိုးရအတွက် အကျပ်အတည်း အတွေ့ရဆုံး ပြဿနာတစ်ခု ဖြစ်ခဲ့သည်။

ဦးသိန်းစိန်၏ သက်တမ်းအတွင်း အလုပ်သမားဆန္ဒပြပွဲများ အမြင့်မားဆုံး ဖြစ်ပွားခဲ့သည့် ၂၀၁၂ ခုနှစ်၊ မေနှင့် ဇွန်လများအတွင်း ရန်ကုန်မြို့တစ်ခုထဲတွင် စက်ရုံ ၉၀ မှ အလုပ်သမား ၅၆,၀၀၀ ကျော်က လုပ်ခလစာ တိုးမြှင့်ရရှိရေအတွက် သပိတ်ဆင်နွဲခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ဦးသိန်းစိန် လက်ထက်တွင် အလုပ်သမားဆန္ဒပြပွဲများကို နေရာအကန့်အသတ်ဖြင့် ပြသစေခဲ့သလို လူစည်ကားသည့် နေရာများနှင့် အစိုးရရုံးများရှေ့သို့ သပိတ်စစ်ကြောင်းများကို အရောက်မခံပဲ ဖမ်းဆီးနှိမ်နှင်းလေ့ရှိသည်။

ပြီးခဲ့သည့် မတ်လကုန်တွင် အမျိုးသားဒီမိုကရေစီ အစိုးရသစ်တက်လာပြီး ရက်ပိုင်းအတွင်း တက်ကြွလှုပ်ရှားသူများနှင့် ထိပ်တိုက်တွေ့ခဲ့ကြသည်။ နှစ်လနီးပါး မပြေမလည်ဖြစ်နေခဲ့သည့် စစ်ကိုင်း စက်မှုဇုန်အခြေစိုက် သစ်အချောထည်စက်ရုံမှ အလုပ်သမား ၁၀၀ ကျော်သည် ဧပြီ ၂၉ တွင် အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ ခရီးရှည်ချီတက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ထိုကဲ့သို့ အဖြစ်အပျက်မျိုးသည် အလုပ်သမားသပိတ် အတော်များများတွင် တွေ့မြင်နေကြ ပုံစံပင်ဖြစ်သည်။ ညှိနှိုင်းမှုများ အဆင်မပြေပါက အလုပ်သမားများက အစိုးရရုံးများရှိရာအထိ ချီတက်လာရန် ပြင်ဆင်လေ့ ရှိကြသည်။

အစိုးရသစ်ကလည်း ဦးသိန်းစိန်လက်ထက်က နည်းလမ်းအတိုင်းပင် အလုပ်သမားသပိတ်ကို နေပြည်တော်သို့ အဝင်မခံပဲ သပိတ်ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များအား ဖမ်းဆီးခဲ့ရာ အစိုးရသစ်လက်ထက်တွင် ပထမဆုံး ဖြိုခွဲခဲ့သည့် သပိတ်အဖြစ်မှတ်တမ်းဝင်ခဲ့သည်။

လက်ပံတောင်တောင် ကြေးနီစီမံကိန်းအား ရန်ကုန်မြို့တွင် ၂၀၁၃ ခုနှစ်က ကန့်ကွက်ဆန္ဒပြနေကြစဉ်။ ဓာတ်ပုံ- တေဇလှိုင်

လက်ပံတောင်တောင် ကြေးနီစီမံကိန်းအား ရန်ကုန်မြို့တွင် ၂၀၁၃ ခုနှစ်က ကန့်ကွက်ဆန္ဒပြနေကြစဉ်။ ဓာတ်ပုံ- တေဇလှိုင်

အစိုးရထိပ်ပိုင်းအရာရှိများ ပြောင်းလဲသွားသော်လည်း အောက်ပိုင်း အရာရှိများ၏ လုပ်ပုံကိုင်ပုံမှာ ယခင်က အတိုင်းသာဖြစ်ကြောင်း အဆိုပါအလုပ်သမားများအား ကူညီဆောင်ရွက်နေသူ ကိုတင်ထွဋ်ပိုင်က ပြောသည်။

“မိသားစုတွေကို ပေးမတွေ့ဘူး။ စိတ်ခြောက်ခြားအောင် ဝင်းအပြင်နဲ့အတွင်းကို ခြံစည်းရိုးခတ်လိုက်တာတွေ လုပ်တယ်” ဟု ကိုတင်ထွဋ်ပိုင်ကပြောသည်။

ဆန္ဒပြအလုပ်သမားများအပေါ်တွင်သာ အစိုးရဘက်က ဆက်ဆံပုံ မပြောင်းလဲခြင်းမဟုတ်ပဲ အလုပ်သမားများကို ကူညီ ဆောင်ရွက်နေသူများအပေါ်လည်း ဆက်ဆံပုံ အမူအကျင့်များ မပြောင်းလဲသည့် အခြေအနေတချို့ ရှိခဲ့သည်။

ကိုတင်ထွဋ်ပိုင်တယောက် အစိုးရအား အကျပ်အတည်းတွေ့စေခဲ့သည့် ဆန္ဒပြပွဲများတွင် ပါဝင်ပြီးနောက် နိုင်ငံကူးလတ်မှတ် သိမ်းဆည်းခံခဲ့ရကာ အမည်ပျက်စာရင်း သွင်းခံခဲ့ရသည်။ အနည်းဆုံးသူ၏ လုပ်ဖော်ကိုင်ဖက် သုံးယောက်ထက်မနည်းလည်း နိုင်ငံကူးလတ်မှတ် သိမ်းဆည်းခံခဲ့ရသည်ဟု ၎င်းကပြောသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်သစ်နှင့် အစိုးရသစ်သည် မျှော်လင့်ချက် မြင့်မားသည့် စကားများ ပြောနိုင်စွမ်းရှိသော်လည်း လက်တွေ့တွင် ပြောသလောက် မလုပ်ပြနိုင်ပါက ယခုထက် ပိုမိုသည့် ဆန္ဒပြပွဲများနှင့် ရင်ဆိုင်ရနိုင်ကြောင်း တကိုယ်တော်ဆန္ဒပြပွဲများ ပြုလုပ်လေ့ရှိသည့် ဦးမိုးသူက ပြောသည်။

“အရင်လူတွေက စားတယ်။ အလုပ်လုပ်တယ်။ ဒီအစိုးရလက်ထက်က စကားပဲ ပြောနေတာတွေ့တယ်”ဟု ဦးမိုးသူက ပြောသည်။

ဦးသိန်းစိန်ခေါင်းဆောင်သည့် ပြည်ခိုင်ဖြိုးအစိုးရမှ ဦးထင်ကျော်ခေါင်းဆောင်သည့် အစိုးရသို့ ပြောင်းသွား ခဲ့သော်လည်း လူ့အခွင့်ရေးလှုပ်ရှားသူများကို စောင့်ကြည့်သည့်စနစ်က မပြောင်းလဲသေးဟု ကိုတင်ထွဋ္ဋ်ပိုင်က ပြောသည်။

“ဒီဘက်ခေတ်မှာ နဲနဲပြောင်းလဲလာတာတွေတော့ ရှိတယ်။ ဒါပေမဲ့ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ ဆန္ဒပြလှုပ်ရှားမှု တွေလုပ်ရင်တော့ အစိုးရက ပြန်ဖမ်းမှာပဲ” ဟု ကိုတင်ထွဋ်ပိုင်က ပြောသည်။

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက လက်ပံတောင်း ကြေးနီစီမံကိန်းအား ရန်ကုန်မြို့လယ်တွင် ကန့်ကွက်ဆန္ဒုပြနေကြစဉ်။ ဓာတ်ပုံ- တေဇလှိုင်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.