နံပါတ်တုတ် နောက်ကျောညှပ်ထားသော ဆန္ဒပြသူတစ်ဦးကို မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

အရှိန်မြင့်လာသည့် မြို့ပြပျောက်ကြားတိုက်ခိုက်မှုများ

စစ်အာဏာရှင်ကို ချေမှုန်းရန် စိတ်ပိုင်းဖြတ်ထားကြသူ လူငယ်အုပ်စုများ၏ ပျောက်ကြားတိုက်ခိုက်မှုများ မြို့ပေါ်ရှိ လမ်းများထက်တွင်ထွက်ပေါ်လာသည့်နှင့်အတူ ရန်ကုန်မြို့နေလူထုအချို့သည် အများပြည်သူဧရိယာများတွင် ဗုံးပေါက်ကွဲမှုများအပေါ်  စိုးရိမ်သောကများတိုးပွားလာနေသည်။

ဖရွန်းတီးယားမြန်မာ

အင်ဂျင်နီယာဘွဲ့ရတစ်ဦးဖြစ်သော မင်းဝေသည် စစ်တပ်က ဖေဖော်ဝါရီ ၁ရက်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့်  ငြိမ်းချမ်းစွာဆန္ဒပြမှုများတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။ တစ်လခန့်အကြာ မတ်လအတွင်း စစ်တပ်က ရန်ကုန်မြို့ပေါ်ရှိ ငြိမ်းချမ်းစွာဆန္ဒပြသောလူထုကို အကြမ်းဖက်ဖြိုခွင်းလာချိန်တွင်မူ အသက် ၂၆နှစ်အရွယ် မင်းဝေနှင့် သူငယ်ချင်းတစ်စုသည်  စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များကိုလက်နက်ဖြင့် ပြန်လည်ခုခံရန် ရွေးချယ်လိုက်သည်။

“စစ်တပ်နဲ့ရဲတွေက  လူတွေကို ကျည်အစစ်တွေနဲ့ပစ်လာတဲ့ အချိန်မှာ ကျနော်တို့ လမ်းပေါ်မှာ ဆန္ဒပြလို့မရတော့ဘူး။ ဒါပေမဲ့ ကျနော်တို့ စစ်အာဏာရှင်ကိုဆက်တော်လှန်မှရမယ်။ ဒါကြောင့် လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်လိုက်တယ်”ဟု လူငယ်တစ်ဦးဖြစ်သူ မင်းဝေက ဖရွန်းတီးယားမြန်မာကို မေလကုန်တွင် ပြောသည်။ ၎င်း၏ လုံခြုံရေးအတွက် အမည်အရင်းအစား အမည်လွှဲအသုံးပြုထားသည်။

စစ်တပ်ကို လက်နက်ကိုင်တော်လှန်ရန် ဆုံးဖြတ်ပြီးတဲ့နောက် မင်းဝေနှင့်သူ၏ သူငယ်ချင်းသုံးယောက်သည် မတ်လအတွင်းတွင် ရန်ကုန်မြို့မှထွက်ခွာ၍ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ နယ်မြေတွင် တစ်လကြာ စစ်သင်တန်း တက်ရောက်ခဲ့သည်။ မင်းဝေ၏ အဆိုအရ သူတို့တက်ခဲ့သော စစ်သင်တန်းတွင် သင်တန်းသားဦးရေ ၅၀ ခန့်ရှိသည်။

သင်တန်းအပြီးတွင် မင်းဝေတို့အုပ်စုသည် စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များကို ပျောက်ကြားစစ်ဆင်နွှဲရန် ရန်ကုန်တွင် အဖွဲ့ဝင်၁၀ဦးပါဝင်သော အဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။ မင်းဝေတို့၏ ပျောက်ကြားတပ်ဖွဲ့သည် လက်လုပ်မိုင်းများ၊ သေနတ်များဖြင့် မြို့ပေါ်ရှိစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ စခန်းချရာနေရာများနှင့် မြို့နယ်ထွေအုပ်ရုံးများနှင့် ရပ်ကျေးအုပ်ချုပ်ရေးရုံးများကို တိုက်ခိုက်ရန် ဦးတည်ခဲ့သည်။

“ကျနော်တို့ ဗုံးဖောက်ခွဲရေးနဲ့ သေနတ်ပစ်နိုင်ဖို့ သင်ယူပြီးတော့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့ရန်ကုန်ကို ပြန်လာခဲ့တယ်” ဟု သူကပြောသည်။

“မြို့နယ်တချို့မှာ ကျနော်တို့ စစ်တပ်တပ်ဖွဲ့ဝင်တွေကို လက်လုပ်မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်။ ကျနော်တို့ ဒီမှာ Operation(ပျောက်ကြားတိုက်ခိုက်မှု) သုံးခုလောက်လုပ်ပြီးပြီ” ဟု မင်းဝေကပြောသည်။

ဆန္ဒပြပွဲမှ လက်နက်ကိုင်တော်လှန်ရေးသို့

ပြီးခဲ့သည့် လေးလတာကာလအတွင်း မြန်မာနိုင်ငံတွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများ၏ ပုံသဏ္ဍာန်သည် ငြိမ်းချမ်းစွာဆန္ဒပြရာမှ လက်နက်ကိုင်တော်လှန်ရေးဆီသို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

လက်နက်မဲ့ ပြည်သူများကို စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များက ကျည်ဆန်အစစ်များဖြင့် လူသေဆုံးသည်အထိ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ပြီးနောက် တက်ကြွလှုပ်ရှားသူ လူငယ်အများအပြားသည် စစ်ကောင်စီကို ငြိမ်းချမ်းစွာဆန္ဒပြမည့်အစား လက်နက်ဖြင့် တော်လှန်ရန် ရွေးချယ်ကြတော့သည်။ ဤသို့ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် စစ်သင်တန်း တက်ရောက်ပြီး စစ်ကောင်စီတပ်များအား မြို့ပြပျောက်ကြားစစ်များ ဆင်နွှဲရန် ပြင်ဆင်လာကြသည်။

ဖေဖော်ဝါရီနှင့် မတ် နှစ်လအတွင်း လူထုသိန်းသန်းချီ ပါဝင်ဆင်နွှဲခဲ့သော စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စစ်တပ်က သေနတ်များ၊ မျက်ရည်ယိုဗုံးများဖြင့် အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) အဖွဲ့၏ ထုတ်ပြန်ချက်အရ အာဏာစသိမ်းသည့်နေ့မှ ဇူလိုင်၁၄ရက်အထိကာလတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုများကြောင့် အရပ်သား ၉၁၁ဦးသေဆုံးခဲ့ပြီး ၆,၆၉၄ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသည်။ ဖမ်းဆီးခံထားရသူများထဲမှ ၅,၂၇၅ ဦးမှာ တရားရင်ဆိုင်နေရဆဲဖြစ်သည်။

စစ်တပ်နှင့်ရဲများ၏ အကြမ်းဖက်ဖြိုခွင်းပစ်ခတ်မှုများကြောင့် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူများမှာ မြင့်တက်လာချိန်တွင် မင်းဝေကဲ့သို့လူငယ်အများစုမှာ ငြိမ်းချမ်းစွာဆန္ဒပြခြင်းထက် လက်နက်ဖြင့်ခုခံခြင်းကို ဦးစားပေးရွေးချယ်လာကြသည်။ အရေအတွက် ထောင်ချီကျော်သော လူငယ်အများအပြားသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ရာ နယ်မြေများတွင် စစ်သင်တန်းများ တက်ရောက်ခဲ့ကြသည်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများမှာ ဆက်လက်ရှိနေသေးသည်။ သို့သော် ဖမ်းဆီးခံရနိုင်သည့်အန္တရာယ်ကြောင့် နေရာအချို့တွင် ပျောက်ကြားစနစ်ဖြင့်သာလှုပ်ရှားရသည်အထိ အားလျော့လာသည်။

ထိုသို့ ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုမှုများ အားပျော့၊ လျော့ကျလာသော်လည်း ရန်ကုန်မြို့အပါအဝင် မြို့ကြီးများတွင်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များမှာကို ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် ဗုံးခွဲတိုက်ခိုက်မှုများ အားကောင်းလာပြန်သည်။ အထူးသဖြင့် မေလအတွင်းမှ စတင်၍အဆိုပါ တိုက်ခိုက်မှုများ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများတွင် ခပ်စိပ်စိပ်ဖြစ်ပွားလာသည်။

“လူငယ်တွေ လက်နက်ကိုင်တော်လှန်အောင် တွန်းအားပေးတာက စစ်တပ်ပဲ” ဟု အမျိုးသားညီညွတ်ရေးအစိုးရ(အင်န်ယူဂျီ)၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဖရွန်းတီးယားမြန်မာသို့ ပြောသည်။

 “ငြိမ်းချမ်းစွာဆန္ဒပြတာကို စစ်တပ်ကလက်နက်နဲ့ ဖြိုခွင်းလိုက်တယ်။ လူငယ်တွေဟာ  ပစ်ခတ်မှုတွေအောက်မှာ လည်စင်းပေးတာမျိုးမဟုတ်ဘဲ ရတာနဲ့ပြန်ခုခံ၊ တိုက်ခိုက်မယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်လာတာပဲ”ဟု  သူက ပြောသည်။

တိုက်ခိုက်မှုများကို မြေအောက်လှုပ်ရှားမှုအဖွဲ့များ၊ အတိုကောက်အားဖြင့် “ယူဂျီ”ဟု ခေါ်ဆိုကြသော အဖွဲ့များက အဓိကဆောင်ရွက်နေကြခြင်းဖြစ်သည်။ လွန်ခဲ့သည့် ဇွန်၃ရက်က စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် စစ်တပ်ထောက်ခံအားပေးသော ပျူစောထီးအမည်ရှိ အဖွဲ့ဝင်သုံးဦးကို ဒေသခံများဖြင့် ဖွဲ့စည်းထားသော နယ်စည်းမခြားမိုးကြိုးမုန်တိုင်းအဖွဲ့က ရှင်းလင်းခဲ့ကြောင်း ဒေသသတင်းများတွင် ဖော်ပြထားသည်။

နယ်စည်းမခြားမိုးကြိုးမုန်တိုင်းအဖွဲ့က ၎င်းတို့သည် ဒေသခံများဖြင့် ဖွဲ့စည်းထားသောအဖွဲ့တစ်ခုဖြစ်ပြီး အင်န်ယူဂျီအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သော မင်းကင်း PDF အဖွဲ့နှင့် မဟာမိတ်ဖြစ်ကြောင်း ကြေညာထားသည်။

ရန်ကုန်တွင်မူ မင်းဝေတို့အဖွဲ့ကဲ့သို့  လွတ်လပ်စွာလှုပ်ရှားသည့် ပျောက်ကြားအဖွဲ့များ လှုပ်ရှားလျက်ရှိသည်။ အဆိုပါအဖွဲ့များသည် အမျိုးသားညီညွတ်ရေးအစိုးရ(အင်န်ယူဂျီ)နှင့် တိုင်းရင်းသားလက်နက်ကိုင်များထံတွင် သစ္စာမခံထားသလို မဟာမိတ်ဖွဲ့ထားခြင်းလည်း မရှိပေ။ သို့တိုင်အောင် ပျောက်ကျားတပ်ဖွဲ့များသည် သူတို့၏ ရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင် ပြုတ်ကျရေးတွင်ကွဲပြားလှသော ပုံစံအမျိုးမျိုးဖြင့်တိုက်ခိုက်မှုများ ဆင်နွှဲခဲ့ကြသည်။

ဖရွန်းတီးယားမြန်မာ၏ စုံစမ်းမေးမြန်းမှုများအရ ရန်ကုန်မြို့အပါအဝင်မြို့ကြီး အတော်များများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDF) မဟုတ်သည့် ပျောက်ကြားအဖွဲ့ပေါင်း အနည်းဆုံး ၁၀ဖွဲ့ခန့်ရှိနေသည်။

လွတ်လပ်သောအာရှအသံ(RFA) သတင်းဌာနက ပြုစုသည့် စာရင်းများအရ အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာနိုင်ငံတွင်း ဗုံးပေါက်ကွဲမှု အကြိမ်၃၀၀ကျော် ဖြစ်ပွားခဲ့သည်။ အချို့ဖောက်ခွဲမှုများမှာ စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းလည်းပါဝင်ခဲ့သည်။

မြို့နယ်အခြေပြုသတင်းဌာနများ၏ ဖော်ပြချက်အရ ရန်ကုန်တိုင်းရှိ စမ်းချောင်း၊ ရန်ကင်း၊ လှိုင်သာယာ၊ တာမွေ၊ သာကေတ၊ လှိုင်၊ တောင်ဒဂုံ၊ မြောက်ဒဂုံအပါအဝင် မြို့နယ်အများအပြားတွင် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ဗုံးခွဲတိုက်ခိုက်မှု အများအပြားမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ပြီး တက္ကသိုလ်၊ ကျောင်း၊ စျေးဝယ်စင်တာနှင့် အစိုးရရုံးအချို့ကို ပစ်မှတ်ထားဖောက်ခွဲမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

မေ၂၀ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မက်ကရိုကုန်တိုက် ကားပါကင်တွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ထိခိုက်မှုဒဏ်ရာရသူတော့ မရှိခဲ့ပေ။ အလားတူပင် မေ၂၂ရက်တွင် သုဝဏ္ဏရှိ စာသင်ကျောင်းတစ်ခုအနီး လုံခြုံရေးယူထားသော စစ်သားသုံးဦးကို အမည်မသိအဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့အနက် စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ဒီဗွီဘီ သတင်းဌာနက ဆိုသည်။

ဒေသခံပြည်သူများအနေဖြင့် ထိုသို့တိုက်ခိုက်မှုများ ပိုမိုများပြားလာနိုင်သည့် အခြေအနေတစ်ရပ်ကို မျှော်လင့်ထားကြရန် မင်းဝေက ပြောသည်။

“လာမယ့်လတွေမှာ ကျနော်တို့ စစ်သားတွေနဲ့ဒလံ (သတင်းပေးတွေကို) တိုက်ခိုက်မှုတွေ ပိုလုပ်သွားမယ်။ ကျနော်တို့ မြို့ပြပျောက်ကြားတော်လှန်ရေး စနေပြီ” ဟု သူက ပြောသည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူအချို့က လမ်းမပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လွယ်လင့်တကူ တက်မလာနိုင်အောင် သံစူးများချထားကြသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

တိုက်ပွဲခေါ်သံ

မြို့ကြီး အသီးသီးတွင် ပျောက်ကြားတော်လှန်ရေးအဖွဲ့များထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အင်န်ယူဂျီအစိုးရသည် ဖက်ဒရယ်တပ်မတော် ရည်မှန်းချက်ကိုအကောင်အထည်ဖော်ရန် စတင်ကြိုးပမ်းခဲ့သည်။ (စစ်တပ်ကမူ NUG အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီကို မတရားအသင်း၊ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသည်။)

ဖက်ဒရယ်တပ်မတော်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းပါဝင်ရန် ရည်မှန်းထားသော်လည်း ယင်းမှာ ကာလရှည်ကြာအကောင်အထည်ဖော်မည့် စီမံကိန်းဖြစ်သည်။ အင်န်ယူဂျီက မေ၅ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ခုခံကာကွယ်စစ် ဆင်နွှဲရန် PDF ကို ဖွဲ့စည်းထားကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းသို့ကြေညာပြီးနောက် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အသီးသီးက လူငယ်များဦးဆောင်သည့် မြေအောက်အဖွဲ့အစည်းအများအပြားက PDF ၏ အမိန့်နှင့် ထုတ်ပြန်ထားသည့် စစ်သည်ဆိုင်ရာကျင့်ဝတ်များကို လိုက်နာဆောင်ရွက်မည့် မြို့နယ်အခြေပြု PDF များအဖြစ် ရပ်တည်ဖွဲ့စည်းကြောင်း ထုတ်ပြန်လာကြသည်။

အင်န်ယူဂျီအစိုးရ၏ ကာကွယ်ရေးဒုတိယဝန်ကြီး ဒေါ်ခင်မမမျိုးက ဒေသအခြေပြု PDF များအနေဖြင့် စစ်ပွဲအတွက် ပြင်ဆင်ထားကြရန်နှင့် အချိန်ကျရောက်လာပါက စစ်ကောင်စီကို နှိမ်နင်းရန် တိုက်ပွဲခေါ်သံ ပေးသွားမည်ဖြစ်ကြောင်း ဇွန် ၅ရက်တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

မြေပြင်တွင်မူ ပျောက်ကျားတော်လှန်ရေးတပ်ဖွဲ့များမှာ တိုးပွားလာနေသည်။ မေလအတွင်းက မြင်းခြံမြို့နယ်၊ တလုပ်ကျေးရွာတွင် စစ်တပ်နှင့် အပြန်အလှန်ပစ်ခတ်ခဲ့သော တိုက်ပွဲများတွင်  မြင်းခြံ MPDF အဖွဲ့ဘက်မှနေ၍ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် DRPA နှင့် Zer၀ ပျောက်ကြားအဖွဲ့တို့က ဝန်းရံတိုက်ခိုက်ပေးခဲ့ကြောင်း ဒေသခံများကဆိုသည်။ DRPA နှင့် Zero ပျောက်ကျားအဖွဲ့တို့မှာ MPDF မဖွဲ့စည်းခင်ကပင် တည်ရှိနေခြင်းဖြစ်ကြောင်းဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်နေထိုင်သည့် အသက် ၂၈ နှစ်အရွယ် ကိုမြင့်မောင်(အမည်လွှဲ)သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဧရိယာအတွင်း စစ်သင်တန်းရယူထားသူသော အင်န်ယူဂျီ၏ PDF အဖွဲ့ဝင် တစ်ဦးဖြစ်သည်။

အင်န်ယူဂျီသည် PDF အဖွဲ့ မြို့နယ်အဆင့်နှင့် တိုင်း၊ ပြည်နယ်အဆင့် တာဝန်ခံများကို ခန့်အပ်ထားပြီး အခြားတော်လှန်ရေးအဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်ရန် ချိတ်ဆက်လျက်ရှိကြောင်း သူကဆိုသည်။

“သူတို့ အဆင်ဆင့် ချိတ်ဆက်ဆောင်ရွက်နေတယ်။ PDF မှာ တပ်ဖွဲ့ဝင်တွေကိုလည်း စနစ်တကျ ဖွဲ့စည်းထားတယ်။ တခြားအဖွဲ့တွေနဲ့လည်း ချိတ်ဆက်ဖို့လုပ်နေတယ်လို့ သိထားတယ်” ဟု ၎င်းက ပြောသည်။

အင်န်ယူဂျီ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် နယ်မြေဒေသအလိုက်ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်မည်ဟု ကြေညာထားသည်။ သို့သော် သီးခြားပေါ်ပေါက်နေသည့် မြို့ပြပျောက်ကျားအဖွဲ့များနှင့် မည်သို့ချိတ်ဆက်ဆောင်ရွက်မည် ဆိုသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

“ကျနော်တို့ လက်နက်ကိုင်ဖို့သွားတဲ့အချိန်မှာ ဖက်ဒရယ်တပ်မတော်က မပေါ်သေးတော့ ကိုယ့်အစုအဖွဲ့နဲ့ကိုယ် ချိတ်ဆက်ဆောင်ရွက်တာတွေဖြစ်လာတယ်။ အမှန်အတိုင်းပြောရရင် ကျနော်တို့က အင်န်ယူဂျီရဲ့ PDF မပေါ်ခင်တည်းက ဖွဲ့စည်းထားတာဖြစ်နေတယ်” ဟု မင်းဝေကပြောဆိုသည်။

မင်းဝေတို့၏ မြို့ပြပျောက်ကျားအဖွဲ့ကမူ  အင်န်ယူဂျီသည် တော်လှန်ရေးနှင့်ပတ်သက်၍ မူဝါဒခိုင်မာပြီး စစ်ကောင်စီကို ဖြုတ်ချနိုင်သည်အထိ တိုက်ပွဲဝင်မည်ဆိုပါက လက်တွဲသွားမည်ဟု ပြောဆိုသည်။ ထို့ပြင် စစ်တပ်နှင့် တွေ့ဆုံညိနှိုင်းရေးလမ်းကြောင်းကို မလိုလားကြောင်း မင်းဝေကထပ်လောင်းပြောဆိုသည်။

“ကျနော်တို့ စစ်တပ်နဲ့ဘယ်ဆွေးနွေးမှုမျိုးကိုမှ လက်မခံဘူး။ PDF ရဲ့ တော်လှန်ရေးမူဝါဒခိုင်မာရင် ကျနော်တို့ လက်တွဲမယ်။ အခုကတော့ အခြေအနေတွေကို စောင့်ကြည့်နေတယ်” ဟု သူက ပြောဆိုသည်။

တိုင်ရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ) ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက အင်န်ယူဂျီနှင့် တွေ့ဆုံဆွေးနွေးမှုများတွင် လက်ရှိတော်လှန်ရေး အဖွဲ့များ အများအပြားပေါ်ပေါက်နေခြင်းအပေါ် ထောက်ပြအကြံပေးခဲ့ကြောင်း ဆိုသည်။

“အခု တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ခုခံကာကွယ်ရေးအဖွဲ့တွေ နာမည်အသီးသီးနဲ့ အများကြီး ပေါ်လာတယ်။ ကိုယ့်ကိုကိုယ် ခုခံပိုင်ခွင့်ကိုရော၊ မတရားမှုကို လက်သင့်မခံနိုင်ဘူး ဆိုတာကိုပါ ကျနော်တို့ လက်ခံတယ်။ ဒါပေမဲ့ အဖွဲ့တွေအားလုံးဟာ Code of Conduct  လို့ခေါ်တဲ့ စစ်သည်တွေလိုက်နာရမယ့် ကျင့်ဝတ်နဲ့ စည်းမျဉ်းတစ်ခုတည်းအောက်မှာရှိမနေရင် ရေရှည်မှာ ပြဿနာတွေတက်လာနိုင်တယ်” ဟု  စောတောနီးက ပြောသည်။

ထို့ပြင် အတွေ့အကြုံအရ စစ်တပ်တစ်တပ် ဖွဲ့စည်းခြင်းမှ မလွယ်ကူကြောင်း သူကဆက်လက်ပြောဆိုသည်။

“နေရာအနှံ့ အဖွဲ့ဝင်တွေ အများကြီးနဲ့ ပြန့်ကျဲနေတာထက်စာရင် ကျစ်ကျစ်လစ်လစ်နဲ့ သီးသန့်လိုက်နာရမယ့် စည်းမျဉ်းတွေနဲ့ စနစ်တကျရေရှည်သွားဖို့လိုတယ်” ဟု ၎င်းက ပြောသည်။

လုံခြုံရေးအတွက် စိုးရိမ်နေကြ

ပျောက်ကြားတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရပ်/ကျေး ဥက္ကဋ္ဌများ သေဆုံးမှု တဖြည်းဖြည်း မြင့်တက်လာပြီးနောက်ပိုင်း စစ်ကောင်စီက မြို့နယ်နှင့် ရပ်/ကျေးအထွေထွေ အုပ်ချုပ်ရေးမှူးရုံးများ၊ ရဲစခန်းများရှေ့တွင် လုံခြုံရေးအတားအဆီးများကို ပိုမိုတင်းကျပ်လိုက်သည်။

ထို့အတူ စစ်ကောင်စီပစ်မှတ်များကို တိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူအချို့ ထိခိုက်မည်ကိုလည်း စိုးရိမ်မှုများရှိနေသည်။

အသက် ၃၆ နှစ်အရွယ်ရှိပြီ ဖြစ်သည့် ကိုနိုင်(အမည်လွှဲ) သည် စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်ပြီး ရန်ကုန်မြို့တော်အတွင်းရှိ မကြာခဏ ဗုံးပေါက်ကွဲမှုများနှင့်သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သော မြို့နယ်တစ်ခုတွင် နေထိုင်သူဖြစ်သည်။

“ဗုံးတွေပေါက်တာ ဘယ်သူလုပ်တာလဲတော့ မသိဘူး။ အဲဒီလိုတွေ ခဏခဏ ပေါက်နေတာကို စိုးရိမ်တယ်။ စစ်သားတွေ စခန်းချတဲ့နေရာမှာဗုံးပေါက်ပြီး သူတို့တစ်ခုခုဖြစ်သွားမှာကို မစိုးရိမ်ဘူး။ ဝမ်းလည်းမနည်းဘူး။ ဒါပေမဲ့ အများပြည်သူနေရာတွေမှာ ဗုံးပေါက်ပြီးအရပ်သားတွေကို ထိခိုက်မှာကို စိုးရိမ်တာ”  ဟု ကိုနိုင်က ပြောသည်။

အင်န်ယူဂျီအစိုးရဝန်ကြီးတစ်ဦးဖြစ်သည့် ဦးအောင်မျိုးမင်းကမူ အရပ်သားများကို မထိခိုက်စေရန် ပျောက်ကျားတပ်ဖွဲ့ဝင်များအပါအဝင် လက်နက်ကိုင်အဖွဲ့များကို စစ်ပွဲဆိုင်ရာ ကျင့်ဝတ်များလိုက်နာရန် တိုက်တွန်းသည်နေသည်ဟု ဆိုသည်။

အင်န်ယူဂျီအစိုးရသည် မေ၂၆ရက်တွင် စစ်ပွဲနှင့် စစ်သည်တော်ဆိုင်ရာ Code of Conduct များကို ထုတ်ပြန်ထားသည်။ ယင်းကျင့်ဝတ်များအရ PDF များနှင့် တော်လှန်ရေးတပ်ဖွဲ့များသည် ရန်သူကိုသာအဓိက ဦးတည်တိုက်ခိုက်ရမည်ဖြစ်ပြီး အရပ်သားများကို မတိုက်ခိုက်ရန်၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံနှင့် စျေးများကို တိုက်ခိုက်ခြင်းမပြုရန်နှင့် အမျိုးသမီးနှင့် ကလေးငယ်များကိုစစ်ပွဲအတွင်း အနိုင်မကျင့်ရန်တို့ ဖော်ပြထားသည်။

 “PDF တွေပဲဖြစ်ဖြစ်၊ တခြားဘယ်အဖွဲ့ပဲဖြစ်ဖြစ် စစ်ပွဲဆိုင်ရာကျင့်ဝတ်တွေကို လိုက်နာဖို့လိုတယ်” ဟု ဦးအောင်မျိုးမင်းက ပြောဆိုသည်။ “အဖွဲ့တွေအရမ်းများပြီး ချိတ်ဆက်မှုမရှိတာက အဲဒီအခြေအနေတွေဖြစ်ဖို့ အန္တရာယ်များတယ်” ဟု သူက ဆက်လက်ပြောဆိုသည်။

မင်းဝေကမူ ပြည်သူ့တော်လှန်ရေးအဖွဲ့များ ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကျင့်ဝတ်များကို လိုက်နာနေလားဆိုသည်ကို တန်ပြန်မေးခွန်းထုတ်သည်။

“စစ်တပ်က စာသင်းကျောင်းတွေ၊တက္ကသိုလ်တွေမှာ တပ်စွဲထားတယ်။ သူတို့က အဲဒီကနေပစ်တယ်” ဟု သူက တုန့်ပြန်သည်။ ထို့ပြင် ပျောက်ကျားတော်လှန်ရေးအဖွဲ့များသည် စစ်သင်တန်း တက်ရောက်စဉ်က သင်ကြားရသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ကြောင်း မင်းဝေက ဆိုသည်။

“အရပ်သားတွေကို တိုက်ခိုက်ရအောင် ကျနော်တို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မဟုတ်ဘူး။ တိုက်ခိုက်ဖို့ အကြောင်းရင်းလည်း မရှိဘူး”ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ပေါ်တွင် ပျောက်ကြားတိုက်ခိုက်မှုများပြုလုပ်နေသည့် အသက် ၂၅ နှစ်အရွယ်ရှိ ထက်အောင်(အမည်လွှဲ) ကမူ ၎င်းတို့၏အဖွဲ့မှာ ကိုယ်ပိုင်စည်းမျဉ်းများ၊ ဗျူဟာများနှင့် စစ်ကောင်စီကို တိုက်ခိုက်နေကြောင်း ပြောဆိုသည်။

“ကျနော်တို့ သူတို့ကို ဘယ်လိုတိုက်ခိုက်မယ်။ ဘယ်လိုလုပ်မယ်ဆိုတာတွေကို ကိုယ့်ဗျူဟာနဲ့ ကိုယ်ပဲ လုပ်ဆောင်တယ်” ဟု သူကပြောဆိုသည်။“လာမယ့်လတွေမှာ ပျောက်ကြားတိုက်ခိုက်မှုတွေ အရှိန်ပိုမြင့်လာလိမ့်မယ်”ဟု ထက်အောင်က ပြောသည်။

စားသောက်ဆိုင်ပိုင်ရှင် ကိုနိုင်ကမူ လူအများအပြားမှာ ရန်ကုန်အပါအဝင် နေရာအနှံ့အပြားတွင် ဗုံးပေါက်ကွဲမှုများ၊ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကို စိုးရိမ်လျက်ရှိနေသည်ဟု ပြောသည်။

“ကျနော်တို့ ဗုံးပေါက်တာတွေမလိုချင်ဘူး။ အဲဒီလိုပဲ စစ်အာဏာရှင်လက်အောက်မှာလည်း မရှင်သန်နိုင်ဘူး” ဟု ကိုနိုင်ကပြောဆိုသည်။ “ဒီတော့ အရပ်သားတွေကို မထိခိုက်ပါစေနဲ့လို့ပဲ ဆုတောင်းစရာပဲ ရှိတော့တယ်”

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar