၂၀၁၇၊ နိုဝင်ဘာ၂ရက်က စစ်တပ်၏ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကြစဉ်က ရိုက်ကူးထားသော ပုံတစ်ပုံဖြစ်သည်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

ကုလသမဂ္ဂစင်မြင့်ထက်က မြန်မာကိုယ်စားပြုမှုပြဿနာ

အမျိုးသားညီညွတ်ရေးအစိုးရ(အင်န်ယူဂျီ)ကိုအသိအမှတ်ပြုမည်လော၊ စစ်ကောင်စီအစိုးရကို အသိအမှတ်ပြုမည်လောဟူသောပြဿနာကို စဉ်းစားဆုံးဖြတ်ရန်ရှိနေရာ ၎င်း၏အဆုံးအဖြတ်သည် အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)ရှေ့မှောက်ရောက်ရှိနေသော လူမျိုးတုံးသတ်ဖြတ်မှုအပေါ်တွင်အဓိကရိုက်ခတ်သက်ရောက်မှုများစွာ ရှိလာနိုင်သည်။

အင်ဒရူးနာခန်စွမ် ရေးသားသည်။

ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာနိုင်ငံအားကိုယ်စားပြု၍ စစ်အစိုးရ (သို့မဟုတ်) အမျိုးသားညီညွတ် ရေးအစိုးရက တက်ရောက်ရန် ကုလသမဂ္ဂက မကြာမီဆုံးဖြတ်ရတော့မည့်အချိန်တွင် အခြားအရေးကြီးပြဿနာတစ်ခုမှာ အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ) တွင် မြန်မာနိုင်ငံကို မည်သူကကိုယ်စားပြုမည်နည်းဟူသော ပြဿနာတစ်ရပ်လည်း ပေါ်ပေါက်နေသည်။

ရိုဟင်ဂျာမွတ်စလင်လူနည်းစုများကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သည်ဟုဆိုကာ ဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံကို ၂၀၁၉တွင် အိုင်စီဂျေတရားရုံး၌ တရားစွဲအမှုဖွင့်ခဲ့သည်။ ၂၀၁၇တွင် တပ်မတော်က ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးကိုပြုလုပ်ခဲ့ရာ ရိုဟင်ဂျာထောင်ပေါင်းများစွာအသက်ဆုံးခဲ့ပြီး ခုနှစ်သိန်းကျော်မှာ နယ်စပ်ကိုဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်ဟု စောင့်ကြည့်လေ့လာရေးအဖွဲ့များကဆိုသည်။ ၂၀၁၉၊ ဒီဇင်ဘာတွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က အိုင်စီဂျေတရားရုံးရှေ့မှောက်တွင် တပ်မတော်၏လုပ်ဆောင်ချက်ကို ကိုယ်တိုင်သွားရောက်ကာကွယ်ခဲ့ရာ နိုင်ငံတကာတွင် အငြင်းပွားစရာဖြစ်ခဲ့သည်။ ၎င်းဦးဆောင်သည့်အစိုးရကို ယခုနှစ်ဖေဖော်ဝါရီတွင် တပ်မတော်က အာဏာသိမ်းပြီးဖြုတ်ချခဲ့သည်။ သူကိုယ်တိုင် သည်ဟိတ်မြို့သို့သွားရောက်လျှောက်လဲကာကွယ်ခဲ့သော ဗိုလ်ချုပ်တစ်စုကပင် ယခုအခါ သူ့ကိုနေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထောင်ချထားသည်။

နိုဝင်ဘာရွေးကောက်ပွဲ၏ အနိုင်ရကိုယ်စားလှယ်များက ဧပြီတွင် အင်န်ယူဂျီအစိုးရကိုဖွဲ့စည်းခဲ့ရာ အင်န်အယ်လ်ဒီ ပါတီဝင်များ၊ တိုင်းရင်းသားလူနည်းစုကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှပုဂ္ဂိုလ်များ ပါဝင်ဖွဲ့စည်းထားသည်။ စစ်ကောင်စီသည် နိုင်ငံကိုအမည်ခံမျှသာ ထိမ်းချူပ်ထားနိုင်ပြီး နိုင်ငံတကာစင်မြင့်တွင် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုမခံရဘဲရှိနေရာ စစ်ကောင်စီနှင့် အင်န်ယူဂျီတို့သည် အသိအမှတ်ပြုခံရရေး အကြိတ်အနယ် ကြိုးပမ်းလျက်ရှိသည်။ လူပုဂ္ဂိုလ်တစ်ဦးချင်း ကျူးလွန်သောအမှုများကိုသာ ကြားနာသော အပြည်ပြည်ဆိုင်ရာ,ရာဇဝတ်ခုံရုံး(အိုင်စီစီ) နှင့်မတူဘဲ အိုင်စီဂျေသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား အငြင်းပွားမှု ပြဿနာများကို ကြားနာဆုံးဖြတ်ပေးသော အဖွဲ့အစည်းဖြစ်သည်။ သို့ဖြစ်ရာ စစ်အစိုးရနှင့် အင်န်ယူဂျီတို့သည် မိမိတို့တရားဝင် အသိအမှတ်ပြုခံရရေးအတွက် အိုင်စီဂျေသို့ရောက်ရှိနေသောအမှုကို အသုံးချရန် စိတ်အားထက်သန်လျက် ရှိနေကြသည်။

အင်န်ယူဂျီအစိုးရ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ၎င်းတို့အစိုးရသည်ဤအမှုကို ကိုင်တွယ်ခွင့်ရရန် ကြိုးပမ်းလျက်ရှိသည်ဟု အတည်ပြုပြောကြားပါသည်။ “အိုင်စီဂျေကသာ ကျနော်တို့ကို မြန်မာနိုင်ငံကိုယ်စားပြုဖို့ ခွင့်ပြုမယ်ဆိုရင် ကျနော်တို့က ကိုယ်စားလှယ်တစ်ဦးခန့်အပ်ပြီး လုပ်ဆောင်မှာပါ”ဟု မကြာမီကပြောကြားခဲ့သည်။ အင်န်ယူဂျီက အိုင်စီဂျေအမှုကိုကိုင်တွယ်ရန် ဆုံးဖြတ်ရာတွင် တရားဝင်မှုပြဿနာမှာ အလွန်အရေးပါကြောင်း ၎င်းကဆိုသည်။

“ဒီအမှုဟာ ဒီနေ့မြန်မာနိုင်ငံကို ဘယ်သူကကိုယ်စားပြုနေသလဲဆိုတဲ့ကိစ္စနဲ့ အများကြီးသက်ဆိုင်နေပါတယ်”ဟု သူကပြောသည်။

အငြင်းပွားမှုပြဿနာပေါ်ပေါက်လာပါက မည်သည့်အစိုးရကို အသိအမှတ်ပြုသင့်သည်ဆိုသည်ကို ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီ (UN Credentials Committee)က ကုလသမဂ္ဂအထွေထွေညီလာခံကို ထောက်ခံအကြံပြု တင်ပြရသည်။ အဖွဲ့ဝင်ကိုးဦးပါဝင်သော ထိုကော်မတီတွင် တရုတ်နှင့်ရုရှားနိုင်ငံတို့ပါဝင်ကြသည်။ ထိုနှစ်နိုင်ငံသည် လုံခြုံရေးကောင်စီတွင် စစ်အစိုးရကို အကာအကွယ်ပေးနေသည်။ ကော်မတီတွင်ပါဝင်သော အမေရိကန်နိုင်ငံကမူ ရခိုင်တွင်ဖြစ်ပေါ်ခဲ့သော စစ်တပ်၏လုပ်ရပ်ကို တိုင်းရင်းသားလူနည်းစုသုတ်သင်ရေးအဖြစ် ကြေညာထားပြီး စစ်တပ်နှင့်ဆက်နွယ်ပတ်သက်နေသူများကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။

လက်ရှိကျင်းပသည့် အထွေထွေညီလာခံတွင် ဤပြဿနာမှာ ထိပ်ပိုင်းသို့ရောက်လာနိုင်သည်။ ယခုအချိန်၌ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကို ဦးကျော်မိုးထွန်းက ကိုယ်စားပြုလျက်ရှိရာ သူသည်အာဏာသိမ်း ဖြုတ်ချခံလိုက်ရသောအရပ်သားအစိုးရကို ဆက်လက်သစ္စာခံလျက်ရှိသည်။ စစ်အစိုးရက ဦးကျော်မိုးထွန်းကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွပ်စွဲထားပြီး သူ့အားပြန်အပ်ရန်တောင်းဆိုလျက်ရှိသည်။ ထို့ပြင် ဦးကျော်မိုးထွန်းအားဖယ်ရှားပြီး လူစားထိုးခန့်အပ်ရန် တောင်းဆိုလျက်ရှိသည်။

လွန်ခဲ့သောလက အမေရိကန်ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို (အက်ဖ်ဘီအိုင်)က ဦးကျော်မိုးထွန်းအား လုပ်ကြံရန် ကြံစည်မှုတစ်ခုကို စုံစမ်းဖော်ထုတ်ခဲ့ရာ အမေရိကန်တွင်နေထိုင်သော မြန်မာလူမျိုးအချို့ ပါဝင်နေသည်။ စစ်အစိုးရကမူ ၎င်းတို့ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။

စွပ်စွဲချက်အများစု၏ပစ်မှတ်ဖြစ်နေသည့်ကြားကပင် စစ်တပ်သည် အိုင်စီဂျေနှင့်ထိတွေ့ဆက်ဆံမှုကို ဆက်လက်ပြုလုပ်ရန် စိတ်အားထက်သန်နေပုံရပါသည်။ စစ်အစိုးရသည် ဤအမှုကိုတာဝန်ယူထားသောအဖွဲ့အတွင်း လူအပြောင်းအလဲကို မကြာမီကပြုလုပ်ခဲ့ရာ စစ်အုပ်စုအဖွဲ့ဝင်ရှစ်ဦးကို ရွေးချယ်တာဝန်ပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်လက်အောက်တွင် မြန်မာနိုင်ငံဥပဒေအကြံပေးအဖွဲ့အဖြစ် ယခင်ကထမ်းဆောင်ခဲ့သော နိုင်ငံခြားသားရှေ့နေများဖြစ်ကြသည့် မစ္စတာ ဝီလီယံရှားဘက်စ်နှင့် မစ္စ ဖိုဘေးအိုကိုဝါတို့က ၎င်းတို့အနေဖြင့် ဤအမှုတွင် ဆက်လက်ပါဝင်လုပ်ကိုင်လိုခြင်း မရှိတော့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး အသေးစိတ်ပြောဆိုရန်ကိုမူ ငြင်းဆန်ခဲ့ကြသည်။

“စစ်တပ်အာဏာသိမ်းပြီးမကြာခင်မှာပဲ ကျမတို့အဖွဲ့က နှုတ်ထွက်ခဲ့ပါတယ်။ ဒါကြောင့်အများသူငါ သိရှိနေတဲ့ အချက်တွေကလွဲလို့ ဒီအမှုနဲ့ပတ်သက်ပြီး ဘာမှထဲထဲဝင်ဝင်မသိရတော့ပါဘူး”ဟု အိုကိုဝါက အီးမေးလ်တစ်ဆင့် ဖရွန်းတီးယားမြန်မာသို့ ဖြေကြားခဲ့သည်။ 

စစ်အစိုးရ၏ ဥပဒေအဖွဲ့သစ်တွင်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူဦးဝဏ္ဏမောင်လွင်ကဦးဆောင်ပြီး ဒုတိယဗိုလ်ချူပ်ကြီး ရာပြည့်ပါဝင်သည်။ ဒုတိယဗိုလ်ချူပ်ကြီးရာပြည့်သည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်၏ ရင်းနှီးသော ဆက်ဆံရေးရှိသူ ဖြစ်သည်။ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးအဖြစ်လည်း မကြာသေးမီက ခန့်အပ်ထားသည်။ သို့သော် အိုင်စီဂျေအနေနှင့် စစ်အစိုးရ၏ ဥပဒေအဖွဲ့နှင့် ဆက်ဆံလိမ့်မည်မဟုတ်ဟု အင်န်ယူဂျီကမျှော်လင့်နေသည်။

“မြန်မာနိုင်ငံနဲ့ မြန်မာလူထုကို ကိုယ်စားပြုပါတယ်လို့ ပြောနေတဲ့ ဒီလူတွေကို အိုင်စီဂျေကလက်ခံလိမ့်မယ်လို့ ကျနော်မထင်ပါဘူး”ဟု ဒေါက်တာဆာဆာက ပြောသည်။

၂၀၁၇၊ စက်တင်ဘာလအတွင်းက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတစ်ခုတွင် တက်ရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

ခက်ခဲသောအမှု

ဤအမှုကို လက်ခံကိုင်တွယ်လိုက်သော အင်န်ယူဂျီမှာဆန်းပြားရှုပ်ထွေးသော အနေအထားသို့ ရောက်ရှိသွားနိုင်ပါသည်။ မည်သို့ဆိုစေ အိုင်စီဂျေတရားရုံးတော်ရှေ့တွင် မြန်မာနိုင်ငံတော်ကို ကာကွယ်မည်ဟူသော ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်ကိုမူ မြန်မာလူထုက အသဲခိုက်နှစ်ခြိုက်ကြပြီး ရိုဟင်ဂျာများကို တရားမဝင်ရွှေ့ပြောင်းဝင်ရောက်လာသူများဟု လူထုက ယုံကြည်ထားကြသည်။ ဤရပ်တည်ချက်ကြောင့် လူ့အခွင့်အရေးအဖွဲ့များနှင့် အခြားနိုဘယ်ငြိမ်းချမ်းရေး ဆုရှင်များက ဒေါ်အောင်ဆန်းစုကြည်ကို ရှုတ်ချခဲ့ကြသည်။ ကနေဒါနှင့် နယ်သာလန်နိုင်ငံတို့က ဤအမှုတွင် မြန်မာကိုဆန့်ကျင်ခဲ့ကြသော်လည်း ဗြိတိန်လို အခြားဥရောပနိုင်ငံများကမူ ဒေါ်အောင်ဆန်းစုကြည်ကို စာနာကြောင်း ပြသခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်အမည်ခံပါဝင်နေသည့် အင်န်ယူဂျီကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် ကုလသမဂ္ဂကလက်ခံလိုက်ပါက ဤအမှုကိုအင်န်ယူဂျီမည်သို့ရင်ဆိုင်ရမည်နည်း။ လူမျိုးတုံးသတ်ဖြတ်မှုကို ဆက်လက်ငြင်းဆန်နေလျှင် ၎င်းအားနိုင်ငံတကာ၏ ထောက်ခံမှုရရှိရေးကြိုးပမ်းမှုကို များစွာထိခိုက်လာနိုင်သည်။ အခြားတဘက်က လူမျိုးတုံးသတ်ဖြတ်မှုအမှန်တကယ်ဖြစ်ပွားခဲ့ပါသည်ဟု ဝန်ခံလိုက်လျှင်လဲ သိပ်ဟန်ကျလာမည်မဟုတ်။ အကြောင်းမှာ ဒီမိုကရေစီလိုလားထောက်ခံသူ လူထုအများစုအကြား၌ပင်လျှင် ရိုဟင်ဂျာဆန့်ကျင်ရေး စိတ်ဓာတ်များ ပျံနှံ့တည်ရှိနေသောကြောင့်ဖြစ်သည်။ စစ်တပ်အပေါ်အပြစ်များအားလုံးပုံချပြီး ၂၀၁၇က ရခိုင်မြောက်ပိုင်း၊ မြေပြင်၌ ဖြစ်ပွားခဲ့သည့်အဖြစ်မှန်များကို အင်န်အယ်လ်ဒီအစိုးရအား မှားယွင်းတင်ပြခဲ့သည်ဟု ဆိုလျှင်တော့ အခြေအနေပိုမို ကောင်းလာစရာရှိသည်။ မည်သို့ပင်ဆိုစေ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဟု ဝန်ခံလိုက်ခြင်းဖြင့် အင်န်အယ်လ်ဒီအပေါ် ထောက်ခံမှုကို အတိုင်းအတာတစ်ခုအထိ ထိခိုက်သွားနိုင်သည်။ အင်န်ယူဂျီက လူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းဆိုခဲ့ပါမူ နိုင်ငံတကာ၏ ကန့်ကွက်ရှုံချမှုကိုခံရမည်။ ဝန်ခံခဲ့လျှင် ပြည်တွင်း၌ လှောင်ပြောင် သရော်ခံရမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ မစ္စတာ ဒေးဗစ်မက်သီဆန်က ပြောသည်။

လူထုအကြားရိုဟင်ဂျာများအပေါ်ထားရှိသည့် သဘောထားပြောင်းလဲလာမှုအချို့ကိုတော့ မြင်တွေ့နေရသည်။ ရိုဟင်ဂျာများအား အခွင့်အရေးအညီအမျှပေးမည်၊ ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေကို အစားထိုးပြောင်းလဲမည်ဟု အင်န်ယူဂျီက ကတိပြုထားသည်။ ယခင်ကကန့်ကွက်ခဲ့သူများနှင့် တက်ကြွလှုပ်ရှားသူများက ၎င်းတို့၏ အပြုအမူ လုပ်ဆောင်ချက်များအတွက် တောင်းပန်စကားပြောခဲ့ကြပြီး ယခုရိုဟင်ဂျာအခွင့်အရေးအတွက် ထောက်ခံမည်ဟု ဆိုကြသည်။ ရိုဟင်ဂျာများအပေါ် စာနာထောက်ထားမှုနှင့် ထောက်ခံပြောဆိုမှုကို အာဏာသိမ်းမှုမဖြစ်ပွားခင်က လူထုအကြား “ရိုဟင်ဂျာ” ဟူသော စကားလုံးကို ဤမျှတွင်တွင်ကျယ်ကျယ် အသုံးပြုကြလိမ့်မည်ဟု စဉ်းစားကြည်၍ပင် မရခဲ့ပေ။ သို့သော် မက်သီဆန်ကတော့ လူထုသဘောထားတွေ ဒီလောက်ထိပြောင်းသွားပြီဟု မထင်ကြောင်းပြောသည်။

“ဒီလောက်နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ရိုဟင်ဂျာဆန့်ကျင်ရေးစိတ်ဓာတ်တွေဟာ အာဏာသိမ်းလိုက်လို့ လုံးဝ အငွေ့ပျံပျောက်ကွယ်သွားမယ်လို့ ကျနော်မထင်ဘူး။​ သူတို့ ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်ချင်းစာအကြင်နာတရားတွေ ရုတ်တရတ်ကြီး ဖြစ်ပေါ်လာပါ့မလားလို့ သံသယ ဖြစ်မိတယ်။ ဖြစ်နိုင်တာက စစ်တပ်ရဲ့ရက်စက်မှု၊ ဖိနှိပ်မှု၊ လောဘရမ္မက်ကြီးမှုတွေကို တစ်နိုင်ငံလုံးက မခံမရပ်နိုင်အောင် နိုးကြားလာကြတာပဲ ဖြစ်နိုင်တယ်”ဟု မက်သီဆန်က ပြောသည်။

ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ  မြန်မာရိုဟင်ဂျာအဖွဲ့ဥက္ကဋ္ဌဦးထွန်းခင်က အမြင်တွေအမှန် ပင်ပြောင်းသွားပြီဟု ယုံကြည်ကြောင်းပြောသည်။ “အာဏာသိမ်းပြီးနောက်ပိုင်း လူထုအမြင်တွေ အမှန်တကယ် ပြောင်းသွားတာကို ကျနော်တို့ မြင်တွေ့ရပါတယ်။ ဒါကိုတော့ သံသယရှိစရာ မလိုပါဘူး။ ကျနော်နဲ့တခြား ရိုဟင်ဂျာတွေအပေါ် အရင်ကအမုန်းစကားတွေဖြန့်မိလို့ ဆိုရှယ်မီဒီယာပေါ်မှာ တောင်းပန်စကားဆိုလာကြတာတွေ အများကြီးတွေ့ရပါတယ်”ဟု ၎င်းက ဖရွန်းတီးယားမြန်မာကို ပြောသည်။

အင်န်အယ်လ်ဒီ အာဏာရစဉ်က ရိုဟင်ဂျာတွေအပေါ် နှိပ်စက်ညှင်းပမ်းမှုရှိခဲ့သည်ဆိုသည်ကို အင်န်ယူဂျီအဖွဲ့ဝင်အချို့က ငြင်းဆိုကြသော်လည်း စင်ပြိုင်အစိုးရ၏ထုတ်ပြန်ချက်သည် မှန်ကန်သော ခြေလှမ်းတစ်ရပ်ပင်ဖြစ်သည်ဟု ဦးထွန်းခင်က ပြောသည်။

“အင်န်ယူဂျီက အိုင်စီဂျေနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးစားနေတာကို ကျနော်တို့ကြိုဆိုတယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့အတွက် အင်န်ယူဂျီက စစ်တပ်ထက်ပိုကောင်းမွန်သင့်တော်တယ်ဆိုတာ မေးနေစရာတောင် မလိုပါဘူး”ဟု သူက ပြောသည်။ ဤအမှုကို လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက် ( Genocide Convention) အောက်ယူ ဆောင်လာခဲ့သည်ဟူသောအချက်က အင်န်ယူဂျီ၏ အနေအထားကို ပိုမိုခက်ခဲသွားစေခဲ့သည်။ ဤအချက်ကြောင့် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားခဲ့ခြင်း ရှိ၊ မရှိကို အိုင်စီဂျေကသာလျှင် ဆုံးဖြတ်နိုင်သည်။ ဥပမာအားဖြင့် လူမျိုးတုံး သတ်ဖြတ်မှုစွပ်စွဲချက်ကို ပယ်ချခြင်း မပြုနိုင်၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သောရာဇဝတ်မှုကို အတည်ပြုပေးရန်သာရှိသည်။

ဤအချက်ကို နိုင်ငံတကာနှင့် ပြည်တွင်းမှ အင်န်ယူဂျီထောက်ခံသူများက လက်ခံနိုင်ဖွယ်ရာရှိသည်။ ဤအမှုကို ဒေါ်အောင်ဆန်းစုကြည် ကာကွယ်လျှောက်လဲစဉ်ကလည်း လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သောရာဇဝတ်မှုကိုပင် အသိအမှတ်မပြု၊ လက်မခံခဲ့ဘဲ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သော စစ်သားများရှိခဲ့သော် သူတို့ကို ပြည်တွင်း၌သာ အရေးယူအပြစ်ပေးမည်ဟု တင်ပြခဲ့သည်။ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သည်ဟုဆိုသော စစ်သားအချို့ကို တပ်မတော်က စစ်ခုံရုံးတင်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ သို့သော် ထိပ်ပိုင်းစစ်အရာရှိကြီးများ အရေးယူခံရခြင်းမှလွတ်စေရန် ကြိုးပမ်းမှုပြရုပ်အဖြစ်သာ ရှုမြင်ကြသည်။ အများရှေ့တွင် ပွင့်လင်းစွာ စစ်ဆေးခဲ့ခြင်း မဟုတ်ဘဲ စွပ်စွဲထောင်ချခံရသူများမှာလည်း မကြာမီပင် လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ကြသည်။

အိုင်စီဂျေကြားနာမှုအတွင်း ယခင်မြန်မာတို့ဘက်မှ ရှေ့နေရှားဘက်စ်က ပို၍ပွင့်ပွင့်လင်းလင်းပြောခဲ့သည်။ မြန်မာစစ်တပ်သည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သောရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း၊ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်က ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း အသိအမှတ်ပြုပြောဆိုခဲ့သော်လည်း လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဆိုသော စွဲချက်အပေါ်၌မူ သတိကြီးစွာထားသင့်ကြောင်း ဆိုခဲ့သည်။ အိုင်စီဂျေသည် ထိုရာဇဝတ်မှုများကို ကိုင်တွယ်ရန် အခွင့်အာဏာမရှိဟု သူကလျှောက်လဲချက်အတွင်း ပြောဆိုခဲ့သည်။

အင်န်ယူဂျီအနေနှင့် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များကို တရားရုံးတွင်လက်ခံမည်လော (သို့မဟုတ်) ငြင်းဆိုမည်လောဟု ဖရွန်းတီးယားမြန်မာက ဒေါက်တာဆာဆာကို အကြိမ်ကြိမ်မေးခဲ့ဖူးရာ မေးတိုင်းပင် သူက ထိုမေးခွန်းကို ရှောင်လွှဲပြောဆိုခဲ့သည်။

“သက်သေအထောက်အထားတွေပေါ်မှာ အခြေခံပြီးတော့ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ခဲ့တယ်၊ မဖြစ်ခဲ့ဘူးဆိုတာ ကို တရားရုံတော်ကသာ ဆုံးဖြတ်ရမှာပါ။ အစိုးရတစ်ရပ် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုက ဆုံးဖြတ်ရမှာ မဟုတ်ပါဘူး။ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ခဲ့တဲ့ အထောက်အထားတွေတွေ့ရှိရရင် ကျနော်တို့က ဘာလို့ငြင်းလို့ရမှာလဲ”ဟု ၎င်းက ပြောသည်။

ရိုဟင်ဂျာများကို ရက်စက်စွာဖြိုခွင်းမှု လေးနှစ်မြောက်နှစ်ပတ်လည်အဖြစ် ထုတ်ပြန်သည့် အင်န်ယူဂျီ၏ကြေညာချက်တွင် ကြမ်းတမ်းရက်စက်သော ရာဇဝတ်မှုများကို ပြစ်တင်ရှုံ့ချခဲ့သော်လည်း ၎င်းလုပ်ရပ်ကို လူမျိုးတုံးသတ်ဖြတ်မှုဟုတော့ အတိအလင်း ဖော်ပြမှုမပြုခဲ့ချေ။ သို့သော် အင်န်ယူဂျီထဲမှာပင် ကွဲပြားမှုများကို တွေ့ရသည်။ အမျိုးသမီးရေးရာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ထိုဖြိုခွင်းမှုများကို လူမျိုးတုံးသတ်ဖြတ်မှုဟုခေါ်တွင်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှုများကို မီးမောင်းထိုးပြခဲ့သည်။ အင်န်ယူဂျီကမူ ထိုသို့ဖော်ပြခြင်းမရှိခဲ့ချေ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏လူမှုကွန်ရက်စာမျက်နှာတွင်လည်း “အတုအယောင်အဓမ္မပြုကျင့်မှု” (Fake Rape) ဟု ယခင်က ဖော်ပြခဲ့ဖူးသည်။

အကယ်၍ အင်န်ယူဂျီက လူမျိုးတုံးသတ်ဖြတ်မှုအမှန်ပင် ဖြစ်ခဲ့ပါသည်ဟုပြောဆိုပြီး တရားရုံးကတော့ ဤဖြိုခွင်းမှုသည် လူမျိုးတုံးသတ်ဖြတ်မှုမမြောက်ပါဟု ဆုံးဖြတ်ခဲ့လျှင် အင်န်ယူဂျီအဖြစ်က ကြောင်တောင်တောင် ဖြစ်သွားနိုင်သည်။ ဤသို့လည်း ဖြစ်မလာဟု မပြောနိုင်ချေ။ ဦးထွန်းခင်က အင်န်ယူဂျီအနေနှင့် ရိုဟင်ဂျာများပေါ် လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်း လူသိရှင်ကြားအသိအမှတ်ပြုဖို့ သိပ်အရေးကြီးသည်ဟု ဆိုသည်။

“အတိတ်က ဖြစ်ရပ်မှန်တွေကိုလက်ခံမှသာ ကျနော်တို့ဟာ ဘုံအနာဂတ်တစ်ခုကို တည်ဆောက်ပြီး လက်ရှိ ဆက်လက်ဖြစ်ပေါ်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို အဆုံးသတ်ဖို့ စစ်မှန်ထိရောက်တဲ့ခြေလှမ်းတွေ လှမ်းနိုင်ကြမှာဖြစ်တယ်”ဟု သူကပြောသည်။

အိုင်စီစီတွင် မြန်မာ့စစ်ခေါင်းဆောင်များအား ရုံးတင်တရားစွဲဆိုနိုင်ရန် အင်န်ယူဂျီအစိုးရသည် Volterra Fietta အမည်ရ ဥပဒေကုမ္ပဏီတစ်ခုနှင့်အတူ လုပ်ကိုင်လျက်ရှိသည်ဟု ဒေါက်တာဆာဆာကဆိုသည်။

“အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကျူးလွန်ခဲ့ကြမ်းကြုတ်ရက်စက်တဲ့ ရုပ်သံထောင်ပေါင်းများစွာကို ကျနော်တို့ လက်ခံရရှိခဲ့ပါတယ်။ ကျနော်တို့ ရိုဟင်ဂျာ ညီအစ်ကို၊ မောင်နှမတွေအတွက်လဲ အိုင်စီစီကဖြစ်စေ၊ ပြည်တွင်းတရားရုံး လမ်းကြောင်းကဖြစ်စေ၊ တရားမျှတမှု ရရှိအောင် ကျနော်တို့လုပ်ပေးမှာပါ”ဟု ဒေါက်တာဆာဆာကပြောသည်။

မြန်မာနိုင်ငံသည် Rome Statute ကို လက်မှတ်ရေးထိုးမထားသဖြင့် အိုင်စီစီအဖွဲ့ဝင် နိုင်ငံမဟုတ်သေးသော်လည်း ဖရွန်းတီးယားမြန်မာနှင့် မေးမြန်းပြောဆိုပြီးလျှင်ပြီးချင်း အင်န်ယူဂျီသည် အိုင်စီစီ၏ တရားစီရင်မှုနယ်ပယ်တွင် နိုင်ငံမဟုတ်သောအဖွဲ့ဝင် အဖြစ် ၂၀၀၂ နောက်ပိုင်းကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် စီရင်ပိုင်ခွင့်ကိုလက်ခံကြောင်း ဒေါက်တာဆာဆာနှင့် အင်န်ယူဂျီတို့က ထုတ်ပြန်ကြေညာခဲ့သည်။

တရားဝင်မှု ဖြစ်ခြင်း၊ မဖြစ်ခြင်းက အဆုံးအဖြတ်မဟုတ်

အိုင်စီဂျေတွင် မြန်မာနိုင်ငံကို ဘယ်သူကကိုယ်စားပြုမည်ဆိုသည်က အမှတ်သင်္ကတအနေဖြင့် အရေးပါသော်လည်း တရားရုံးသည် အစိုးရများကြား အငြင်းပွားမှုကို ဖြေရှင်းခြင်းမဟုတ်ဘဲ နိုင်ငံများကြားတွင် ဖြေရှင်းခြင်းဖြစ်သည်။ ဥပဒေဆိုင်ရာကျွမ်းကျင်သူများက ဆိုရာတွင် စစ်တပ်အားမြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးလျှင်ပင် စစ်တပ်ကိုအစိုးရအဖြစ် အသိအမှတ်ပြုရာမရောက်ကြောင်း ဆိုသည်။

ဂမ်ဘီယာနိုင်ငံ၏ ဥပဒေဆိုင်ရာအဖွဲ့ထဲမှ ရှေ့နေတစ်ဦးဖြစ်သည့် မစ္စတာ အာဆာလန် ဆူလေမန်က ပြောကြားရာတွင် စစ်တပ်က မြန်မာနိုင်ငံကိုကိုယ်စားပြုလျှင်ပင် ၎င်းတို့သည် အမှုကိုဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

“ဂမ်ဘီယာက အိုင်စီဂျေမှာ မြန်မာနိုင်ငံကိုတရားစွဲတာ။ ဒီတော့ ရုံးတော်ကချမှတ်ခဲ့တဲ့ လမ်းစဉ်အတိုင်း လုပ်ဆောင်ခဲ့တယ်။ ရုံးတော်က နောက်ဆုံး ဆုံးဖြတ်ချက်မချမပြီးမချင်း ဆက်လက်လုပ်ဆောင်သွားမယ်။ ဒါက စစ်တပ်ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ဂမ်ဘီယာက အသိအမှတ်ပြုရာမရောက်ဘူး”ဟု သူက အီးမေးလ်ကတစ်ဆင့် ဖြေဆိုခဲ့သည်။

သြစတြေးလျနိုင်ငံ Griffith ဥပဒေကျောင်း အကြီးတန်းကထိကတစ်ဦးဖြစ်ပြီး နိုင်ငံတကာဥပဒေရေးရာကျွမ်းကျင်သူ မစ္စအမ်မာ ပါလ်မာကပြောကြားရာတွင် အိုင်စီဂျေက မြန်မာနိုင်ငံကို ကိုယ်စားပြုမည့်သူ ဆုံးဖြတ်ရာတွင် လူအများ နားလည်ထားသော တရားဝင်မှုသဘောအရ စွဲဆောင်မှုရှိမည်ဖြစ်သော်လည်း ဥပဒေကြောင်းအရ ဆက်နွယ်မှု ရှိမည်မဟုတ်ကြောင်း ဆိုသည်။

အိုင်စီဂျေ၏တရားစီရင်ပိုင်ခွင့်က နိုင်ငံအပေါ်မှာပဲသက်ရောက်ပြီး တစ်စုံတစ်ရာသော အစိုးရတစ်ရပ်အပေါ် သက်ရောက်မှုမရှိပေ။ သို့ဖြစ်ရာ အစိုးရအပြောင်းအလဲဖြစ်သွားစေကာမူ အိုင်စီဂျေ၏တရားစီရင်နိုင်စွမ်းကို မထိခိုက်နိုင်ပေ။ စစ်တပ်ကို အမှုရင်ဆိုင်ခွင့်ပေးခြင်းသည် စစ်တပ်၏အနေအထားကို တရားဝင်ပြောင်းလဲသွားစေမည်မဟုတ်ကြောင်း ပါလ်မာကဆိုသည်။ အိုင်စီဂျေသည် အမှုကိုရွှေ့ဆိုင်းထားပြီး ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းကာပြဿနာကို ရှောင်ရှားမည်ဟု ထင်မြင်ကြောင်း ပါလ်မာကပြောသည်။

ယခုလည်း ထိုသို့ စောင့်နေခြင်းပင် ဖြစ်နိုင်ပါသည်။ အိုင်စီဂျေဝက်ဆိုက်တွင် နောက်ဆုံးတင်ထားသည်မှာ အာဏာမသိမ်းမီ ဇန်နဝါရီ၂၈ရက်က ဖြစ်သည်။ ၎င်းက မြန်မာနိုင်ငံ၏ ကနဦးကန့်ကွက်ချက်ကို ဂမ်ဘီယာအနေဖြင့် မေ၂၀ရက်တွင် တုံ့ပြန်ရမည်ဟု သတ်မှတ်ခဲ့သည်။ မြန်မာနိုင်ငံ၏ ကနဦးကန့်ကွက်ချက်မှာ အိုင်စီဂျေရုံးတော်သည် အမှုကိုစီရင်ပိုင်ခွင့်ရှိ၊ မရှိကို မေးခွန်းထုတ်ထားသည်။ ထိုကန့်ကွက်ချက်ကြောင့် ရုံးတော်သည် အမှုကိုစီရင်ပိုင်ခွင့်ရှိကြောင်း မဆုံးဖြတ်ပြီးမချင်း အမှုသည် ရှေ့ဆက်နိုင်မည် မဟုတ်ပေ။

ဂမ်ဘီယာသည် မြန်မာနိုင်ငံ၏ ကန့်ကွက်ချက်ကို တန်ပြန်ခဲ့သည်ဟု ဆူလေမန်က ပြောကြားခဲ့သည်။ ရုံးတော်အနေဖြင့် ထိုကနဦးကန့်ကွက်ချက်အတွက် အပြန်အလှန်ငြင်းခုံလျှောက်လဲရန်ရက်ကို စောစောသတ်မှတ်ပေးရန် မျှော်လင့်သည်ဟု ဆိုသည်။ သို့သော် ဂမ်ဘီယာ၏ တုန့်ပြန်မှုပြီးနောက် သုံးလကျော်ကြာသည့်တိုင် ရုံးတော်သည် နှုတ်ဖြင့်ကြားနာမှုအတွက် ရက်သတ်မှတ်မပေးနိုင်သည့်အပြင် ထုတ်ပြန်ချက်ပင် ထွက်ရှိလာနိုင်ခြင်း မရှိခဲ့ပေ။ ယှဉ်ကြည့်ပါက ဇန်နဝါရီလ နောက်ဆုံးရက် သတ်မှတ်ပေးမှုသည် မြန်မာနိုင်ငံက ကန့်ကွက်ချက်တင်ပြအပြီး ရှစ်ရက်အကြာတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။ အိုင်စီဂျေအား မှတ်ချက်ပေးရန် ဖရွန်းတီးယားမြန်မာက တောင်းခံခဲ့သော်လည်း တုန့်ပြန်ဖြေကြားခြင်း မရှိခဲ့ပေ။

ဖေဖော်ဝါရီ၂၆ရက်က နယူးယောက်မြို့၊ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စစ်ကောင်စီကို ကန့်ကွက်ရှုံ့ချကြောင်းနှင့် အရပ်သားအစိုးရကို ထောက်ခံကြောင်း အံ့အားသင့်ဖွယ်မိန့်ခွန်းပြောကြားခဲ့သည့် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ် ဦးကျော်မိုးထွန်းကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

ဆုံးဖြတ်ချက် မချနိုင်

လက်ရှိ ကျင်းပနေသည့် ကုလအထွေထွေညီလာခံတွင် မြန်မာနိုင်ငံအား မည်သူကကိုယ်စားပြုမည် ဆိုသည်ကို မဆုံးဖြတ်နိုင်ပါက ရုံးတော်အနေဖြင့် နောက်ထပ်အခက်အခဲ တွေ့ကြုံရလိမ့်ဦးမည်။

“ကုလသမဂ္ဂအနေနဲ့  မြန်မာနိုင်ငံရဲ့ထိုင်ခုံကို အလွတ်ပဲထားချင်ထားမယ်။ စစ်ကောင်စီနဲ့ အင်န်ယူဂျီတစ်ခုခုကို မရွေးဘဲလက်ရှိ သံအမတ်ကြီးဦးကျော်မိုးထွန်းကိုပဲ ထိုင်ခုံနေရာဆက်ပေးထားရင် ထားမယ်”ဟု ဆစ်ဒနီမြို့၊ New South Wales တက္ကသိုလ်မှ ဥပဒေနှင့်တရားမျှတမှုရေးရာ ဘာသာရပ်ဆိုင်ရာပါမောက္ခ မစ္စဆာရာ ဝီလီယမ်က ပြောသည်။

“ဒီလိုဖြစ်လာပါမယ်ဆိုရင် အိုင်စီဂျေမှာ ဘယ်သူက မြန်မာနိုင်ငံကို ကိုယ်စားပြုမလဲဆိုတာကို မသိတဲ့အတွက် ဘယ်သူနဲ့မှ ဖြေရှင်းတော့မှာ မဟုတ်ဘူး။ ဒီလိုဆိုရင် အမှုကပိုပြီး  ကြန့်ကြာသွားတယ်။ အိုင်စီစီက ကုလသမဂ္ဂအဖွဲ့အစည်းမဟုတ်လို့ လွတ်လပ်မှုရှိပေမဲ့ ကုလသမဂ္ဂရဲ့ အရိပ်အခြည်ကိုစောင့်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ချမှာမဟုတ်လောက်ဘူး”ဟု ဝီလီယမ်က ဆက်ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပေါ်တိုးတက်မှုများအရ တရုတ်၊ ရုရှားနှင့် အမေရိကန်သံတမန်များအကြား ကုလသမဂ္ဂတွင် မြန်မာကိုယ်စားပြုမှုနှင့်ပတ်သက်၍ သဘောတူညီချက်တစ်ခု ရယူခဲ့သည်။ ယင်းသဘောတူညီချက်အရ ဦးကျော်မိုးထွန်းသည် ၎င်း၏ ကုလဆိုင်ရာမြန်မာသံအမတ်နေရာတွင် ဆက်လက်တည်ရှိနေမည်ဖြစ်သော်လည်း အဆင့်မြင့်ကိုယ်စားလှယ်အစည်းအဝေးများအတွင်း စကားပြောခွင့်မရှိဟူ၍ ဖြစ်သည်။

ပါလ်မာ ကမူ နောက်ထပ်ဖြစ်နိုင်သော အခြေအနေတစ်ခုမှာ စစ်တပ်ကအိုင်စီဂျေအမှုကို လက်ခံလိုက်ခြင်းဖြစ်သည်။သို့သော် ရုံးတော်တွင်စစ်ဆေးကြားနာမှုများတွင် ပူးပေါင်းဆောင်ရွက်မှုမပြုဘဲနေမည်ဟုသုံးသပ်သည်။ စစ်တပ်သည် နိုင်ငံတကာဥပဒေယန္တရား၏လုပ်ပိုင်ခွင့်ကို ငြင်းပယ်ခဲ့သောရာဇဝင်ကလည်းနေသည်။ “စစ်တပ်က ရုံးတော်ကိုရောက်မလာဘူးဆိုရင်..ရောက်မလာဖြစ်ဖို့လည်းများပါတယ်။ဒါဆိုရင်တော့ ရုံးတော်က မြန်မာမပါဘဲ အမှုကို ဆက်လက်ကြားနာဖို့များတယ်။ အရင်က အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ကာရာကွာရဲ့ အမှုများလည်း အဲ့လိုဖြစ်ခဲ့ဖူးတယ်” ဟု ပါလ်မာကပြောသည်။  

သြဂုတ်၂၄ရက်တွင် စစ်ကောင်စီသည် မြန်မာနိုင်ငံဥပဒေတွင် လူမျိုးတုန်းသတ်ဖြတ်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်သောဥပဒေ ပြင်ဆင်ခဲ့သည်။ ယင်းဥပဒေကို နိုင်ငံတကာစံနှုန်းများနှင့် ပြဋ္ဌာန်းခဲ့သည်။ သို့သော် ဥပဒေ ပြင်ဆင်မှုဘာကြောင့်လုပ်ဆောင်ရသည်ကို မဖော်ပြခဲ့ပေ။ လေ့လာသူများကမူ ၎င်းသည် နိုင်ငံတကာဥပဒေရေးရာ လုပ်ဆောင်ချက်များကို အားလျော့သွားစေရန် စစ်ကောင်စီက ကြိုးပမ်းခြင်းဖြစ်နိုင်သည်ဟု ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် လူမျိုးတုံးသတ်ဖြတ်မှုကို ပြည်တွင်းဥပဒေဖြင့်ပင် အရေးယူဆောင်ရွက်နိုင်သည့်အတွက် နိုင်ငံတကာ လုပ်ဆောင်မှုများမလိုအပ်ဟု ဆင်ခြေပေးနိုင်ရန် ဖြစ်သည်။

ဦးထွန်းခင်ကမူ နိုင်ငံတကာလုပ်ဆောင်ချက်များကသာ ထိရောက်နိုင်မည်ဟုဆိုသည်။

“စစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊ လူသားအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို အပြစ်ပေးခံရခြင်းမရှိဘဲ ဆယ်စုနှစ်ပေါင်းများစွာ လုပ်ဆောင်နေတယ်။ သူတို့ကို တာဝန်ယူခိုင်းရမယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကသာ မြန်မာနိုင်ငံအတွက် တရားမျှတမှုကိုလုပ်ဆောင်ပေးနိုင်မယ်”ဟု ၎င်းက ပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar