The Mya Taung protest march has been held daily since February 8. (Frontier)
ဖေဖော်ဝါရီ၈ရက်က စတင်ခဲ့သည့် မြတောင်သပိတ်စစ်ကြောင်းသည် တစ်ရက်လျှင် နှစ်ကြိမ်ပုံမှန်ထွက်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြနေသည့် သပိတ်တစ်ခုဖြစ်သည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ဆူးတွေကြားက ပန်းတစ်ပွင့် (သို့) မြတောင်သပိတ်စစ်ကြောင်း

ဆန္ဒပြသူတွေကို စစ်သားနဲ့ရဲတွေက အင်အားသုံးဖြိုခွင်းမှုတွေ တိုးမြှင့်လုပ်ဆောင်လာပေမဲ့ သံဃာတော်တွေ၊ လူငယ်တွေနဲ့ အလုပ်သမားတွေပါဝင်တဲ့ မဟာမိတ်သပိတ်စစ်ကြောင်းတစ်ခုကတော့ နေ့စဉ်စုဝေးပြီး ဒီမိုကရေစီအရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေပါတယ်။

ဖရွန်းတီးယားမြန်မာ

မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော်လည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ရဲ့ အမာခံနယ်မြေလည်းဖြစ်တဲ့ မန္တလေးမြို့မှာ စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ရက်ကစပြီး စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်လာကြတယ်။

သံဃာ၊ အလုပ်သမား၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းသားနဲ့ အလွှာအသီးသီးက လူတန်းစားပေါင်းစုံဟာ တစ်ညီတစ်ညွတ်တည်း စစ်အုပ်ချုပ်မှုနဲ့ စစ်ခေါင်းဆောင်တွေကို လက်မခံကြောင်း သူတို့ရဲ့ သဘောထားကို ရှင်းလင်းပြတ်သားစွာ ဖော်ပြနေကြပါတယ်။

နိုင်ငံရဲ့တခြားနေရာတွေမှာလိုပဲ မန္တလေးမှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အစပိုင်းမှာတော့ ဆန္ဒပြသူတွေကို ထိပ်တိုင်အတွေ့အောင် ရှောင်ရှားပြီး ညှိနှိုင်းတာမျိုး လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ဆန္ဒပြမှုတွေများပြားလာပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ကျယ်လောင်လာတာနဲ့အမျှ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ စိတ်ရှည်မှုအတိုင်းအတာဟာလည်း ကုန်ဆုံးလာပုံရပါတယ်။​

ဒီအခါမှာတော့ ဆန္ဒပြသူတွေကို ရေအမြောက်တွေနဲ့ ပစ်တာ၊ မျက်ရည်ယိုဗုံးဖောက်ခွဲတာ၊ ရာဘာကျည်၊ လေးခွတွေနဲ့ပစ်ခတ်ပြီး အကြမ်းဖက်ဖြိုခွင်းတာတွေကို ပြုလုပ်လာပါတယ်။ အဆိုးဆုံးကတော့ လူ့အသက်သေစေနိုင်တဲ့ ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ်နှိမ်နင်းတာပါပဲ။

ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းလို့ မတ်၂၃ရက်အထိ မန္တလေးမြို့မှာ အနည်းဆုံး ၄၅ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့ပါတယ်။

အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းပြီး သေဆုံးသူနဲ့ဒဏ်ရာရသူအရေအတွက် များလာရင် ဆန္ဒထွက်ပြတဲ့လူ နည်းလာလိမ့်မယ်လို့ စစ်ကောင်စီဘက်က တွက်ချက်ထားပုံပါပဲ။ ဒီလိုအကြမ်းဖက်ဖြိုခွင်းမှုတွေ ရှိလာတဲ့အခါမှာတော့ ဖေဖော်ဝါရီလနှောင်းပိုင်းလောက်ကစပြီး ဆန္ဒပြပွဲတွေရဲ့ အရွယ်အစား သေးလာပြီး ပါဝင်သူအင်အားလည်း လျော့နည်းလာပါတယ်။

ဒါပေမဲ့ မန္တလေးမြို့တော်ကြီးက သပိတ်စစ်ကြောင်းကြီးတစ်ခုကတော့ စစ်ကောင်စီရဲ့တွက်ချက်မှု မှားယွင်းကြောင်း သက်သေပြခဲ့ပါတယ်။

မြတောင်စစ်ကြောင်းကို တစ်နေ့လျှင် နှစ်ကြိမ်ထွက်ရှိပြီး နေ့ခင်းဘက်သပိတ်ကို သံဃာတော်များဦးဆောင်မှုဖြင့် စီတန်းလှည့်လည်လေ့ရှိသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

မြတောင်သပိတ်စစ်ကြောင်းအစ

နည်းလမ်းပေါင်းစုံသုံးပြီး အကြမ်းဖက်နှိမ်နင်းမှုတွေကြားမှာပဲ ရဲနဲ့စစ်တပ် ဖြိုခွင်းလို့မပြိုသွားတဲ့ ကြီးမားတဲ့သပိတ်စစ်ကြောင်းကြီးကတော့ သံဃာတော်တွေဦးဆောင်မှုနဲ့ ထွက်ပေါ်လာတဲ့ “မြတောင်သပိတ်စစ်ကြောင်း” ဖြစ်ပါတယ်။

မြတောင်သပိတ်စစ်ကြောင်းရဲ့ ဖြစ်တည်မှုအစကတော့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က မြတောင်ကျောင်းတိုက်ကလို့ ဆိုရမှာဖြစ်ပါတယ်။ မန္တလေးဒေသခံတွေဟာ မြတောင်ကျောင်းတိုက်က သံဃာတော်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ဒီမိုကရေစီတောင်းဆိုရေး လှုပ်ရှားမှုတစ်ခုကို ဖေဖော်ဝါရီ၈ရက်မှာ စတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

သံဃာတော်တွေရဲ့ လမ်းညွှန်မှုနဲ့ “မြတောင်စစ်ကြောင်း”လို့ နာမည်ပေးဖို့ သဘောတူခဲ့ကြပြီး ကျောင်းတိုက်နေရာကို စုရပ်အဖြစ် သတ်မှတ်လိုက်ပါတယ်။ လှုပ်ရှားမှုအစပိုင်းမှာ သံဃာတော်တွေကိုယ်တိုင် ပါဝင်လှုပ်ရှားတာမျိုးမရှိခဲ့ပေမဲ့ လုံံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြလူထုအပေါ် အကြမ်းဖက်မှုတွေလုပ်ဆောင်လာတဲ့အခါ လူထုနဲ့တူတူလမ်းပေါ်ထွက်ဖို့ သံဃာတော်တွေက ဆုံးဖြတ်လိုက်ကြပါတယ်။

သံဃာတော်တွေ အများအပြားပါဝင်လာတဲ့ တစ်ချိန်တည်းမှာပဲ သပိတ်စစ်ကြောင်းကို ပူးပေါင်းပါဝင်လာတဲ့ လူထုလူဦးရေကတည်း ပိုမိုများပြားလာပါတယ်။ မြတောင်သပိတ် စစ်ကြောင်းဟာ တစ်နေ့နှစ်ကြိမ်ထွက်၊​ စီတန်းလှည့်လည်ပါတယ်။ မနက်ပိုင်းမှာ ဒေသခံတွေ ပါဝင်ချီတက်ကြပြီး သံဃာတော်တွေကတော့ ဆွမ်းဘုဉ်းပေးပြီးတဲ့နောက် နေ့လယ်ပိုင်း သပိတ်စစ်ကြောင်းကို ဦးဆောင်လေ့ရှိပါတယ်။

မြတောင်သပိတ်စစ်ကြောင်းလို့ နာမည်တပ်ထားပေမဲ့ မြတောင်ကျောင်းတိုက်က သံဃာတော်တွေပဲ ပါဝင်လှုပ်ရှားနေတာမျိုး မဟုတ်ပါဘူး။ မန္တလေးမြို့ရဲ့ အထင်ကရ စာသင်ကျောင်းတိုက်ကြီးတွေ ဖြစ်တဲ့ အမရပူရမြို့နယ်က မဟာဂန္ဓာရုံကျောင်းတိုက်၊ မြတောင်ကျောင်းတိုက်၊ မိုးကောင်းကျောင်းတိုက်၊ စကုကျောင်းတိုက်၊ ခင်မကန်ကျောင်းတိုက်၊ ထီးလင်းကျောင်းတိုက်၊ တောင်သမန်ကျောင်းတိုက်၊ ဂွေးချိုကျောင်တိုက်က သံဃာတော်တွေနဲ့ မြို့နယ်အသီးသီးကလူတွေ ထောင်ချီပါဝင်နေပါတယ်။

“လူထု ရွေးချယ်ထားတဲ့အစိုးရကို ဖြုတ်ချပြီး အာဏာကို အတင်းအဓမ္မလုယူထားတာဟာ လူထုပေးလိုက်တဲ့ ဆန္ဒမဲတွေကို မထီမဲ့မြင်ပြုလိုက်တာ။ ပြည်သူလူထုကို စော်ကားတာပဲ”လို့ မြတောင်သပိတ်စစ်ကြောင်းဦးဆောင်ဆရာတော် ဦးအာစာရက ဖရွန်းတီးယားမြန်မာကို မိန့်ကြားပါတယ်။

မြတောင်သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် သံဃာတော်များကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ဒီမိုကရေစီတိုက်ပွဲနဲ့ နွေဦးတော်လှန်ရေးရဲ့ အချိန်ကာလဟာ ကြာမြင့်နိုင်တာကြောင့် သတ္တိရှိရှိ၊ ဇွဲရှိရှိ တောင့်ခံပြီး အာဏာရှင်စစ်ကောင်စီကို အမြစ်ဖြုတ်နိုင်ဖို့ ပြည်သူလူထုက တက်ညီလက်ညီ တွန်းလှန်သွားကြဖို့ အထူးလိုအပ်တယ်လို့ ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။

ဆရာတော်ဦးအာစာရဟာ ၂၀၀၇တုန်းက “ရွှေဝါရောင်တော်လှန်ရေး”မှာ တက်တက်ကြွကြွ ဦးဆောင်ပါဝင်ခဲ့တဲ့ သံဃာတော်တစ်ပါးလည်းဖြစ်ပါတယ်။ ရွှေဝါရောင်တော်လှန်ရေးဆိုတာက မြန်မာနိုင်ငံဒီမိုကရေစီရရှိဖို့ သံဃာတော်တွေဦးဆောင်ပြီး စစ်အစိုးရကို စတင်တွန်းလှန်၊​ သပိတ်မှောက်ခဲ့တဲ့ ဒီမိုကရေစီအရေးတော်ပုံတစ်ရပ် ဖြစ်ခဲ့ပါတယ်။

မန္တလေးမြို့ရဲ့ သမိုင်းအစဉ်အလာအရ နိုင်ငံ့အရေးကို သံဃာတော်တွေ ဦးဆောင်လာပြီဆိုတာနဲ့ မြို့သူ၊ မြို့သားတွေက စိတ်ဓာတ်ရေးရာ အထူးတက်ကြွပြီး အားကိုးမှုယုံကြည်မှု အပြည့်နဲ့ ပူးပေါင်းပါဝင်လေ့ရှိကြပါတယ်။

သပိတ်စစ်ကြောင်းချီတက်တဲ့အခါ သံဃာတော်တွေဟာ မြို့ခံလူထုကို အလယ်မှာထားပြီး ဘေးကနေဝန်းရံတဲ့ ပုံစံနဲ့ချီတက်လေ့ရှိပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်အများစုဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်တာကြောင့် သံဃာတော်တွေကို အကြမ်းဖက်ဖြိုခွင်းဖို့ လက်တွန့်လိမ့်မယ်ဆိုတဲ့ ယူဆချက်နဲ့ လူထုကိုဝန်းရံပေးတာဖြစ်ပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ လုံခြုံရေးအတွက် ဒီယူဆချက်ကို အမြဲဆုပ်ကိုင်ထားလို့ မရဘူးဆိုတာ အာဏာပိုင်တွေရဲ့ မြတောင်သပိတ်စစ်ကြောင်းအပေါ် တုံ့ပြန်ပြုမူချက်တွေကတစ်ဆင့် တဖြည်းဖြည်း သိသာထင်ရှားလာပါတယ်။ အကြောင်းကတော့ ဖြိုခွင်းမခံရတဲ့အပြင် သပိတ်အင်အား ပိုမိုကြီးမားလာတာကြောင့် စစ်ကောင်စီဟာ မြတောင်သပိတ်စစ်ကြောင်းအပေါ် အာရုံစိုက်လာ ပါတယ်။

ဒါကြောင့် သပိတ်ဦးဆောင်တဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေဟာ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကစပြီး စီတန်းလှည့်လည်ရာမှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့နိုင်တဲ့ လမ်းမကြီးတွေအစား လူနေရပ်ကွက်တွေအတွင်းက လမ်းသွယ်၊ လမ်းငယ်တွေက ဖြတ်ပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

“မြတောင်စစ်ကြောင်းဟာ ဆူးတွေပတ်ချာလည်ဝိုင်းနေတဲ့ကြားထဲက ထိုးထွက်လာတဲ့ ပန်းလေးတစ်ပွင့်ပါပဲ။ ဖြိုခွင်းခံနေရပေမဲ့ ပြန်လန်းလာမယ့် ပန်းလေးတစ်ပွင့်ပါ။ တစ်ယောက်ချင်းဆီကို ဖြိုခွင်းလို့ရရင်ရမယ်၊ မြတောင်စစ်ကြောင်းကိုတော့ ဖြိုခွင်းဖို့ခက်ခဲပါလိမ့်မယ်” မန္တလေးမြို့အခြေစိုက် သတင်းစာဆရာတစ်ဦးက မှတ်ချက်ပြုပါတယ်။

သံဃာတော်တွေက လူထုကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်အပြင် ဒီနေ့အထိ အထိအခိုက်၊ အကျအဆုံးနည်းတာကြောင့် မြတောင်စစ်ကြောင်းမှာ မန္တလေးမြို့ခံလူထုရဲ့ ပူးပေါင်းပါဝင်မှုက မြင့်တက်နေပါတယ်။

မြတောင်သပိတ်စစ်ကြောင်းတွင် လူငယ်များလည်း ရှေ့တန်းက တက်ကြွစွာပါဝင်ပူးပေါင်းလျက်ရှိသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

လူငယ်များရဲ့ပေးဆပ်မှု

မြတောင်စစ်ကြောင်းမှာ သံဃာတော်တွေက ဦးဆောင်ပါဝင်တယ်ဆိုပေမဲ့ “Generation Z”လို့ ခေါ်တဲ့ လူငယ်တွေရဲ့ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍကလည်း ကြီးမားပါတယ်။ အများစုဆယ်ကျော်သက်၊ နှစ်ဆယ်ကျော် ဝန်းကျင်သာရှိမယ့် ဒီလူငယ်တွေမှာ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်ကနေ အပြီးတိုက်ထုတ်မယ်လို့ စိတ်ပိုင်းဖြတ်မှုကတော့ အပြောသက်သက်မဟုတ်ပါဘူး။

အသက်၂၄နှစ်အရွယ် ကိုမင်းထက်တစ်ယောက် မြတောင်သပိတ်စစ်ကြောင်းမှာပါဝင်ဖို့ တစ်ခုသောနေ့၊ မနက်ငါးနာရီကတည်းက အိမ်ကနေထွက်လာပါတယ်။ သူ့အိမ်က မြို့စွန်ကျတာကြောင့် သပိတ်စစ်ကြောင်းမှာ ပါဝင်နိုင်ဖို့ မနက်စောစောပြင်ဆင်ပြီးထွက်လာရတာပါ။ မြတောင်သပိတ်စစ်ကြောင်းမှာ သူ့ရဲ့တာဝန်ကတော့ ရှေ့တန်းလုံခြုံရေးဖြစ်ပါတယ်။

ရှေ့တန်းလုံခြုံရေးဆိုတာကတော့ ဆန္ဒပြသူတွေကို ရဲနဲ့စစ်သားတွေရဲ့ ကျည်အစစ်နဲ့ ပစ်ခတ်ဖြိုခွင်းမှုကိုဖြစ်စေ၊ ဝင်ရောက်ရိုက်နှက်မှုကိုဖြစ်စေ၊ လောက်လေးခွနဲ့ပစ်ခတ်မှုကိုဖြစ်စေ ရှေ့ဆုံးကနေ ဦးဆောင်နေရာယူပြီး အကာအကွယ်ပေးရတဲ့ တာဝန်ဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေက ရှေ့တန်းလုံခြုံရေးသမားတွေသုံးလေ့ရှိတဲ့ လက်လုပ်ဒိုင်းတွေဟာ ကျည်အစစ်တွေ ဖောက်ထွက်ပြီး လူကိုထိမှန်သေဆုံးနိုင်တာကြောင့် ကိုမင်းထက်ရဲ့တာဝန်ဟာ အသက်ကို လောင်းကြေးထပ်ထားရတဲ့ အခြေအနေပါပဲ။

ဒီလို မြတောင်သပိတ်စစ်ကြောင်းမှာပါဝင်ပြီး ကိုယ့်အသက်ရင်းလို့ သူ့အသက်ကို ကာကွယ်ပေးရတဲ့ ကိုမင်းထက်ဆီမှာ ထိတ်လန့်စိုးရွံ့မှုအရိပ်အယောင် တစ်စက်မှ မတွေ့ရပါဘူး။

သူဟာ မြတောင်သပိတ်စစ်ကြောင်းကို ဖေဖော်ဝါရီ၅ရက်မှာ စတင်ပူးပေါင်းခဲ့တာဖြစ်ပြီး တခြားနေရာမှာ ထိုင်သပိတ်တွေရှိရင် ဒိုင်းကာအဖွဲ့အနေနဲ့ သွားရောက်ကူညီပေးလေ့ရှိပါတယ်။

“တစ်လကျော်ပြီ။ တစ်ရက်မှ မနားဘူး။ ဆရာတော်တွေဦးဆောင်တော့ လုံခြုံတယ်၊ အားကိုးတယ်၊ ယုံကြည်မှုရှိတယ်။ အခုဆိုရင် မြတောင်သပိတ်စစ်ကြောင်းတစ်ခုပဲ နေ့စဉ်ထွက်တာရှိတော့တယ်။ တခြားသပိတ်တွေလည်း စုစုစည်းနဲ့ ဘယ်လိုထွက်ကြမလဲ။ ဗျူဟာတွေ ပြောင်းဖို့လိုနေပါပြီ”လို့ ကိုမင်းထက်က ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။

မြတောင်သပိတ်စစ်ကြောင်းဟာ နေ့စဉ်ချီတက်ရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်မတွေ့အောင် ကြိုးစားရှောင်ရှားခဲ့ပေမဲ့ အမြဲတမ်းရှောင်နိုင်ဖို့တော့ မလွယ်ပါဘူး။ မတ်၁၃ရက်မှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မြတောင်သပိတ်စစ်ကြောင်းကို စတင်ပြီး အကြမ်းဖက် ဖြိုခွင်းပါတော့တယ်။

မတ်၁၃ရက်က မန္တလေးမှာ ဆန္ဒပြပွဲတွေကို ရဲနဲ့စစ်တပ်က ကျည်အစစ်သုံးပြီး ပစ်ခတ်ဖြိုခွင်း ခဲ့တာကြောင့် ဆန္ဒပြသူခုနှစ်ဦး သေဆုံးခဲ့ပါတယ်။ အဲဒီထဲမှာ မြတောင်စစ်ကြောင်းကို ကာကွယ်ရင်း ရှေ့တန်းလုံခြုံရေးမှာပါဝင်တဲ့ လူငယ်တစ်ဦး ကျည်အစစ်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

မြတောင်စစ်ကြောင်းရဲ့ ပထမဆုံးကျဆုံးသွားတဲ့ သူရဲကောင်းကတော့ ကိုလင်းထက်ဖြစ်ပါတယ်။ ကိုလင်းထက်ဟာ ချမ်းအေးသာစံမြို့နယ်၊ ကိုးလုံးတကာဘုရားအနီး မြတောင်သပိတ်စစ်ကြောင်းကို ကာကွယ်ရင်း စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တဲ့ကျည်ဆန်ထိမှန်ပြီး သေဆုံးသွားခဲ့တာပါ။

အသက်၁၉နှစ်သာရှိသေးတဲ့ ကိုလင်းထက်ဟာ ရတနာပုံတက္ကသိုလ်မှာ ဘူမိဗေဒဘာသာရပ်ကို သင်ကြားနေတဲ့ ဒုတိယနှစ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး မြတောင်စစ်ကြောင်း ဒိုင်းကာအဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပါတယ်။ ပစ်သတ်ခံလိုက်ရပြီးတဲ့အချိန်မှာ သူ့ရဲ့ရုပ်အလောင်းကို ရဲနဲ့စစ်သားတွေက ယူသွားခဲ့တာကြောင့် မိဘတွေကိုယ်တိုင် သူ့ကိုမီးသဂြိုဟ်ခွင့် မရခဲ့ပါဘူး။

“သားအတွက် ဝမ်းမနည်းဘူး၊ ဂုဏ်ယူနေတယ်”လို့ ကိုလင်းထက်ရဲ့ ဖခင်ကဆိုပါတယ်။

အလောင်းပြန်မရပေမဲ့ ကျဆုံးသွားတဲ့ ကိုလင်းထက်ရဲ့ ဈာပနအခမ်းအနားကို နေအိမ်မှာ မတ်၁၅ရက်က ပြုလုပ်ခဲ့ပါတယ်။

အသက်၃၃နှစ်ရှိပြီဖြစ်တဲ့ မြတောင်စစ်ကြောင်းရဲ့ ရှေ့တန်းဒိုင်းကာအဖွဲ့ဝင် ကိုဗလကတော့ ဆန္ဒပြပြည်သူတွေကို အသက်စွန့်ပြီးကာကွယ်ရင်း ကျဆုံးသွားတဲ့ ညီလိုလည်းခင်ရတဲ့ ကိုလင်းထက်ကို ဘယ်တော့မှ ပြန်တွေ့ရတော့မှာမို့ ဝမ်းနည်းမိပေမဲ့ သူ့ရဲ့အများအကျိုးအတွက် အစွန့်လွှတ်၊ အနစ်နာခံမှုကိုတော့ အမြဲဂုဏ်ယူ၊ အမှတ်ရနေမှာဖြစ်တယ်လို့ ဆိုပါတယ်။

“မြတောင်စစ်ကြောင်းမှာပါတဲ့ လူငယ်တွေဟာ ထိပ်တိုက်တွေ့မယ်တို့၊ မိုက်ရူးရဲဆန်တဲ့ အလုပ်တွေ မလုပ်ကြဘူး၊ ဦးနှောက်သုံးကြတယ်။ ငြိမ်းချမ်းစွာနဲ့ ခုခံကာကွယ်ပြီး ဒီမိုကရေစီတိုက်ပွဲဝင်နေသူတွေ ပါ။ အခုလို ကျဆုံးမှုအတွက်လဲ စိတ်မကောင်းဝမ်းနည်းဖြစ်ရတယ်။ သူ့အတွက်လည်း ဂုဏ်ယူနေပါတယ်”လို့ ဒိုင်းကာအဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ ကိုဗလက ပြောပါတယ်။

မီးရထားဝန်ထမ်းများ

မြတောင်စစ်ကြောင်းမှာ နောက်ထပ် အင်အားကောင်းကောင်းနဲ့ အခိုင်အမာပါဝင်ပူးပေါင်းနေတဲ့ အဖွဲ့တစ်ခုကတော့ ငြိမ်းချမ်းစွာအာခံခြင်း (CDM)လှုပ်ရှားမှုမှာ ပါဝင်တဲ့ မန္တလေးက မြန်မာ့မီးရထား ဝန်ထမ်းတွေဖြစ်ပါတယ်။ CDMလုပ်တဲ့ မီးရထားဝန်ထမ်းတွေဟာ မြတောင်စစ်ကြောင်း စတင်ဖွဲ့စည်းစဉ်ကတည်းက လိုက်ပါပြီး ပူးပေါင်းနေတဲ့သူတွေလည်းဖြစ်ပါတယ်။

“အာဏာရှင်စနစ်ကို လုံးဝမှ မကြိုက်ဘူး။ ကျနော်တို့ရဲ့ ခေါင်းဆောင် အမေစုနဲ့ သမ္မတကြီးဦးဝင်းမြင့်၊ လုပ်ရည်ကိုင်ရည်ရှိ၊ လုပ်ငန်းကျွမ်းကျင်ပြီး တိုးတက်ဖို့ရှိတဲ့ ခေါင်းဆောင်တွေကိုဖြုတ်ပြီး ဖမ်းဆီးထားတယ်။ မြန်မာ့မီးရထားလုပ်ငန်းတိုးတက်မှာကို ရိုက်ချိုးလိုက်သလို ခံစားလိုက်ရတယ်”လို့ မြန်မာ့မီးရထားအရာရှိတစ်ယောက်က ပြောပါတယ်။

“သူတို့လက်အောက်မှာ မတရားဖိနှိပ်၊ ခိုင်းစေခံရမှာကိုမလိုလားလို့ အခုလိုဆန္ဒပြတာတွေ၊ CDM တွေ လုပ်ကြတာ”လို့ သူက ဆက်ပြောပါတယ်။

မန္တလေးမှာတော့ မီးရထားဝန်ထမ်း ၈၀ရာခိုင်နှုန်းလောက် CDMလှုပ်ရှားမှုမှာ ပါဝင်တာကြောင့် မန္တလေးဘူတာကြီးကနေ ပြည်နယ်နဲ့တိုင်းတွေကို ပြေးဆွဲနေတဲ့ မီးရထားခရီးစဉ်နဲ့ မြန်မာ့မီးရထားရဲ့ လုပ်ငန်းစဉ်တွေအားလုံး ရပ်တန့်သွားခဲ့ပါတယ်။

အစိုးရယန္တရားတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ မြန်မာ့မီးရထားရဲ့ လုပ်ငန်းစဉ်တွေ ရပ်တန့်သွားတာကြောင့် စစ်ကောင်စီဟာ CDMလုပ်တဲ့ မီးရထားဝန်ထမ်းတွေကို စတင်ပစ်မှတ်ထားပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ ဖိအားပေးလာပါတယ်။

မီးရထားဝန်ထမ်းများကို အလုပ်ပြန်ဆင်းရန် ဖိအားပေး၊ ခြိမ်းခြောက်သည့်စာကို စစ်ကောင်စီက ဝန်ထမ်းအိမ်ရာလိုင်းခန်းတွင် မတ်၁၈ရက်က ကပ်သွားခဲ့သည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

အဲဒီနောက်မှာတော့ မီးရထားဝန်ထမ်းတွေ မျှော်လင့်ထားသလို၊ ကြိုတင်တွက်ဆထားသလို ဖြစ်လာပါတယ်။ CDM မီးရထားဝန်ထမ်းတွေအနေနဲ့ မတ်၂၂ရက်မှာ အလုပ်ပြန်ဝင်ကြဖို့ စစ်ကောင်စီက လိုင်းခန်းတွေမှာ မတ်၁၈ရက်မှာ စာကပ်သွားပါတယ်။ အလုပ်ပြန်မဝင်ရင် လိုင်းခန်းတွေကနေ ဖယ်ကြဖို့နဲ့ မဖယ်ရင် အင်အားသုံးဖယ်ရှားမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။

“လိုင်းခန်းကနေ ဖယ်ရှားရင် ဖယ်ရှားပါ။ အလုပ်ထုတ်ရင် ထုတ်ပစ်လိုက်ပါ။ ဒါပေမဲ့ ကျနော်တို့ကတော့ ဒီမိုကရေစီ တိုက်ပွဲဆက်ဝင်သွားမယ်”လို့ အဲဒီမီးရထားဝန်ထမ်း အရာရှိက ပြတ်ပြတ်သားသား ပြောပါတယ်။

CDMလှုပ်ရှားမှုမှာ အခိုင်အမာရပ်တည်ကြတဲ့ ဝန်ထမ်းတွေကတော့ ခြိမ်းခြောက်စာ လာကပ်တဲ့ မတ်၁၈ရက် နောက်ပိုင်းစကပြီး ဝန်ထမ်းလိုင်းခန်းနေအိမ်တွေကနေ တခြားနေရာကို စတင်ပြောင်းရွှေ့ ခဲ့ကြပါတယ်။

CDMလုပ်ပြီး မြတောင်စစ်ကြောင်းမှာ နေ့စဉ်ပါဝင်နေတဲ့ မီးရထားဝန်ထမ်းတွေကို လိုင်းခန်းတွေကနေ ဖယ်ရှားပြီး အာဏာဖီဆန်လိုတဲ့စိတ်ကို ချိုးနှိမ်ဖို့ကြိုးပမ်းတဲ့ စစ်ကောင်စီရဲ့ အားထုတ်မှုက အရာထင်ပုံမရပါဘူး။ သတိပေးစာကပ်ခဲ့တဲ့ မတ်၁၈ရက်ကနေ ဒီနေ့အထိ နေ့စဉ်ထွက်နေတဲ့ မြတောင်စစ်ကြောင်းမှာ မီးရထားဝန်ထမ်းတွေရဲ့ အင်အား လျော့နည်းမသွား ဆက်လက်ပါဝင်နေ ပါတယ်။

မြတောင်သပိတ်စစ်ကြောင်း ဦးဆောင်သံဃာတော်တစ်ပါးကို မြင်တွေ့ရစဉ်။ လက်ရှိအချိန်တွင် စစ်ကောင်စီက မြတောင်စစ်ကြောင်း ဦးဆောင်သံဃာတော်အချို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုထားသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

မြတောင်ကို ဖြိုရန်ကြိုးပမ်းခြင်း

သံဃာတော်တွေ ပါဝင်နေတဲ့အတွက် မြတောင်သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းလို့ မရတာကြောင့် စစ်ကောင်စီဟာ တခြားနည်းလမ်းသုံးပြီး စစ်ကြောင်းပြိုကွဲအောင် ကြိုးပမ်းလာပါတယ်။

မြတောင်စစ်ကြောင်းရဲ့ပဲ့ကိုင်သံဃာတစ်ပါးဖြစ်တဲ့ ဆရာတော်ဦးအာစာရကို စစ်ကောင်စီက စစ်အာဏာရှင်ပြုတ်ကျရေးလှုပ်ရှားမှု ဦးဆောင်လို့ဆိုပြီး ဖေဖော်ဝါရီလအတွင်းမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ထားပါတယ်။ ဆရာတော်ဦးအာစာရက သီတင်းသုံးရာကျောင်းတိုက်ကနေ တိမ်းရှောင်ခြင်းမရှိဘူးလို့လည်း ကြားသိရပါတယ်။

စစ်ကောင်စီက ပစ်မှတ်ထားပြီး တရားစွဲတဲ့ သံဃာတော်ဟာ ဆရာတော်ဦးအာစာရ တစ်ပါးတည်း မဟုတ်ပါဘူး။ မြတောင်စစ်ကြောင်းမှာ ပါဝင်နေတဲ့ ချမ်းအေးသာစံမြို့နယ်၊ ဝါခင်ကုန်းကျောင်းတိုက်က သံဃာတော်တစ်ပါးနဲ့ အမရပူရမြို့နယ်၊ ဗားကရာကျောင်းတိုက်က သံဃာတော်တစ်ပါးကိုလည်း စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ထားပါတယ်။ အဲဒီဆရာတော်နှစ်ပါးကတော့ အခုတိမ်းရှောင်နေပါတယ်။

မြတောင်စစ်ကြောင်းမှာပါဝင်ခဲ့တဲ့ သံဃာတော်တွေကို တရားစွဲဆိုရုံမက ပိုပြီးခြိမ်းခြောက်မှုဆန်တဲ့ လုပ်ရပ်တွေကိုပါ စစ်ကောင်စီက ပြုလုပ်လာပါတယ်။ မတ်၁၄ရက်မှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မဟာအောင်မြေမြို့နယ်က ဘုရားမြေဖြစ်တဲ့ မြတောင်ကျောင်းတိုက် အတွင်းကို သေနတ်စတဲ့ လက်နက်တွေကိုင်ဆောင်ပြီး ရုတ်တရတ်ဝင်ရောက်လာပါတယ်။

မြတောင်ကျောင်းတိုက်အတွင်းမှာ သီတင်းသုံးကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်တဲ့ သံဃာတော်နဲ့ လူပုဂ္ဂိုလ်တွေကို ထုတ်ပေးဖို့ ရဲနဲ့စစ်သားတွေက ကျောင်းထိုင် ဆရာတော်ကြီးတွေကို ဖိအားပေးခဲ့တာပါ။

ဒါပေမဲ့ ဆရာတော်ကြီးတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ တောင်းဆိုချက်ကို လိုက်လျောဖို့ ငြင်းဆန်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မြတောင်တိုက်ရဲ့ ကျောင်းဝင်းအတွင်းက ဒိုင်းတွေ၊ လောက်လေးခွတွေနဲ့ ဆန္ဒပြဖြိုခွင်းမှုကို ကာကွယ်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေကိုပဲ သိမ်းဆည်းသွားခဲ့ပါတယ်။

အဲဒီနေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မြတောင်ကျောင်းတိုက် နာယကဆရာတော်ကြီးတွေနဲ့ သံဃာတော်တွေကို ရိုင်းရိုင်းစိုင်းစိုင်း၊ ရုန့်ရင်းကြမ်းတမ်း ပြောဆိုပြုမူခဲ့တယ်ဆိုပြီး နောက်တစ်ရက်မှာ သံဃာ့ကွန်ရက်အဖွဲ့အစည်းနှစ်ခုက စစ်ကောင်စီကို သတိပေးတဲ့ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ သံဃာတော်တွေအပေါ် ရိုင်းစိုင်းရုန့်ရင်းကြမ်းတမ်းတဲ့ အပြုအမူ၊ အပြောအဆိုတွေကို တုံ့ပြန်တဲ့အနေနဲ့ ရွှေဝါရောင်သံဃာ့ကွန်ရက် (အထက်မြန်မာပြည်-မန္တလေး)နဲ့ မန္တလေးမြို့ သံဃာ့သမဂ္ဂသပိတ်စစ်ကြောင်း ဦးဆောင်သံဃာတော်တွေက စစ်ကောင်စီကို ပတ္ထနိက္ကုဇ္ဇနကံ ဆောင်မယ်လို့ ကြေညာခဲ့ပါတယ်။

စစ်ကောင်စီက ပိတ်ဆို့တားဆီးနေသော်လည်း မြတောင်သပိတ်စစ်ကြောင်းသည် နေ့စဉ်မပျက်မကွက် ထွက်လျက်ရှိသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ပိုမိုပြင်းထန်တဲ့နည်းလမ်းတွေသုံးပြီး မြတောင်သပိတ်စစ်ကြောင်းကို အကြမ်းဖက် ဖြိုခွင်းလာတာကြောင့် မတ်၂၀ရက်နဲ့ ၂၁ရက်တွေမှာ သံဃာတော်တွေမပါဘဲ မနက်တိုင်း လုပ်နေကျ သပိတ်စစ်ကြောင်းကို ခဏနားလိုက်ပါတယ်။

မတ်၂၃ရက်မှာတော့ အဖမ်းအဆီးတွေ၊ အကြမ်းဖက်ဖြိုခွင်းမှုတွေရှိနေပေမဲ့ မြတောင်စစ်ကြောင်းရဲ့ မနက်ခင်းသပိတ်ကို ပြန်လည်စတင်ခဲ့ကြပါတယ်။

“လက်နက်နဲ့အာဏာရှိသူကို တော်လှန်ဖို့ရာက မလွယ်ကူပါဘူး။ သပိတ်စစ်ကြောင်းတွေ ပူးပေါင်းလို့ လိုအပ်နေပါပြီ။ ကျွန်တော်တို့ သွားနေတဲ့ မူကတူတူပါပဲ”လို့ မြတောင်သပိတ်စစ်ကြောင်းရဲ့ လုံခြုံရေးတာဝန်ယူထားသူ ကိုဖြိုးကြီးက ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။

“ဒီကောင်တွေ ဘယ်လိုပဲ အကြမ်းဖက်ဖြိုခွဲဖြိုခွဲ၊ ဘယ်လောက်ပိတ်ပိတ် ရအောင်ထွက်နိုင်တယ်။ လက်နက်ကိုင်တွေကို အရူးလုပ်ပြီး ဒီမိုကရေစီတိုက်ပွဲဝင်မယ်။ ပျောက်ကြားစနစ်နဲ့သွားနေမယ်”လို့ သူကဆက်ပြောပါတယ်။

မြတောင်သပိတ်စစ်ကြောင်းကို ဦးဆောင်သူတစ်ဦးတော့ အန္တရာယ်တွေရှိပေမဲ့ စစ်အာဏာရှင်ကျဆုံးရေးအတွက် ဆက်လက်ဆန္ဒပြဖို့ သံန္နိဋ္ဌာန်ချထားတယ်လို့ ဆိုပါတယ်။

“ဆန္ဒပြတဲ့အတွက် အချိန်မရွေးအဖမ်းခံရနိုင်တယ်။ အန္တရာယ်များတယ်ဆိုတာ ကျနော်တို့ အားလုံးနားလည်တယ်။ ဒါပေမဲ့ ကျနော်တို့မှာ ရွေးချယ်စရာဘူး”လို့ သူက အခိုင်အမာဆိုပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar