သံဃာ့စည်းကမ်းထိန်းရာတွင် မပါဝင်သူများ သမိုင်းနောင်တရမည်ဟု သာ/ဝန်ပြောကြား

ဉာဏ်လှိုင်လင်း

ဝိနည်းနှင့် မညီ၊ အဓမ္မဝါဒအားပေး သဘောသက်ရောက်နေသည့် သံဃာအချို့ကို အရေးယူရေး လုပ်ဆောင်ရာတွင် ညီညွတ်စွာဖြင့် မပါဝင်ဘဲ ပျက်ကွက်သူများသည် နောင်တရစရာနှင့် တွေ့ကြုံပြီး သမိုင်းတရားခံပင် ဖြစ်သွားလိမ့်မည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

“ဒီအတွက်ကို ပြည်သူလူထုရဲ့ တောင်းဆိုသံက ပိုညံလာပါတယ်”ဟု ၎င်းကဆိုသည်။

နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးသို့ တက်ရောက်လာသော သူရဦးအောင်ကိုနှင့် သတင်းထောက်များတွေ့ဆုံစဉ် ၎င်းကပြောကြားခြင်းဖြစ်သည်။

ထိုကိစ္စအပေါ် အရေးယူဆောင်ရွက်နိုင်ရန် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၊ အစိုးရ၊ ပြည်သူ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအားလုံး ပါဝင်သည့် ညီညွတ်မှုတစ်ခု တည်ဆောက်ရန် လိုအပ်နေသည်ဟုလည်း သူရဦးအောင်ကိုက သုံးသပ်သွားသည်။

သို့သော် “အနောက်ကကိစ္စ(နောက်ကွယ်)ကိုလည်း လျှော့တွက်လို့ မရပါဘူး။ နောက်က ကိစ္စက ဒီထက်ပိုကြီးကျယ်သွားနိုင်ပါတယ်”ဟုလည်း ၎င်းက သတိပေးခဲ့သည်။ နောက်ကွယ်ကိစ္စမှာ မည်သည်ကို ရည်ညွှန်းကြောင်းကိုမူ ဝန်ကြီးက တိကျစွာ ဖြေကြားခဲ့ခြင်းမရှိပေ။

လွန်ခဲ့သော လေးရက်က ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ကမူ ယင်းကိစ္စများ အရေးမယူနိုင်သေးခြင်းသည် အစိုးရအဖွဲ့အတွင်းရှိ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရန် တာဝန်ရှိသော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအချို့၏ ပူးပေါင်းဆောင်ရွက်မှု လိုနေခြင်းကြောင့်ဖြစ် သည်ဟု သူရဦးအောင်ကိုက ပြောကြားထားဖူးသည်။

လက်ရှိတွင် အင်တာနက်မှဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ တရားမဲ့ပြောဆိုမှု၊ တိုက်တွန်းမှု၊ နှိုးဆော်မှုများ အားလုံးကို ဝန်ကြီးဌာနက မှတ်တမ်းတင်နေပြီး သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်မှတစ်ဆင့် ထိန်းကျောင်း ဆုံးမသည့်နည်းလမ်းဖြင့် ဆောင်ရွက်နေကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။ သို့သော် သာမန်အသေးအဖွဲ့ကိစ္စများကိုသာ အရေးယူနိုင်ပြီး အကြီးအကျယ်ကိစ္စများတွင် မှတ်တမ်းသာ တင်နိုင်သည်ဆိုလျှင် ယင်းအရေးကိုင်တွယ်ရန် အချိန်များ ပိုကြာသွားလိမ့်မည်ဟုလည်း သူရဦးအောင်ကိုက ရှုမြင်ထားသည်။

သို့သော်မည်သည့်ကိစ္စရပ်များကို ရည်ညွှန်းကြောင်းကိုမူ ဝန်ကြီးက ရှင်းလင်းစွာမပြောကြားခဲ့ပေ။

“အချို့ သံဃာရဟန်းတွေကလည်း အဲဒါကို အတင့်ရဲလာတယ်”ဟု ၎င်းက ပြောကြားသည်။ ထို့ကြောင့် သံဃာအချို့ကို ထိန်းသိမ်းရာတွင် ဓမ္မစက်နှင့်မရလျှင် အာဏာစက်ကို လွှဲပြောင်းနိုင်ရန် လိုအပ်သည်ဟုလည်း ဝန်ကြီးကဆိုသည်။

“ဒါမှ စည်းကမ်းဖောက်ဖျက်တဲ့ ရဟန်းသာမဏေတွေက ဥပဒေရဲ့ အကြောက်တရားကို ရမှာဖြစ်ပါတယ်”ဟု သူရဦးအောင်ကိုက မှတ်ချက်ပြုသည်။

သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံတွင် ရဟန်း၊ သံဃာ ငါးသိန်းကျော်ရှိနေသည်။ ယင်းတို့အနက် ၁၀ ရာခိုင်နှုန်းကျော်ခန့်ရှိ သံဃာအချို့မှာ သင်္ကန်း၏ အရှိန်အဝါနှင့် အကာအကွယ်ကို ယူ၍ သာသနာတော်နှင့် ဆန့်ကျင်၊ မသက်ဆိုင်သော လုပ်ရပ်များလုပ်နေသည်ဟု သူရဦးအောင်ကိုက ရန်ကုန်မြို့၌ ဖေဖော်ဝါရီ ၂၃ ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar