အမျိုးသမီးတွေကို ထိပါးနှောက်ယှက်မှုတွေက ရန်ကုန်တက္ကသိုလ်ဝန်းထဲထိ ရောက်ရှိလာ

အမျိုးသမီးတွေကို လမ်းပေါ်မှာ စနောက်တာ၊ နှောက်ယှက်တာတွေက ရန်ကုန်တက္ကသိုလ်ဝန်းထဲအထိ ရောက်ရှိလာပြီး အဲဒါတွေ တားဆီးဖို့အတွက် ကျောင်းအာဏာပိုင်တွေရဲ့ဆောင်ရွက်မှုတွေက ထိရောက်မှုမရှိဘူးလို့ ကျောင်းသူ၊ ကျောင်းသားတွေက ပြောပါတယ်။

ဝင်းဇာနည်အောင် ရေးသားသည်။

ရန်ကုန်တက္ကသိုလ်ဆိုတာ မြန်မာနိုင်ငံရဲ့ သက်တမ်းအရှည်ဆုံးနဲ့ အထင်ရှားဆုံး တက္ကသိုလ်ကြီးဖြစ်ပြီး ရန်ကုန်မြို့ရဲ့အချက်အချာကျတဲ့နေရာမှာ တည်ရှိနေတာပါ။ နှစ်ပေါင်းများစွာ တိတ်ဆိတ်ခြောက်ကပ်နေခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဟာ မကြာသေးမီနှစ်တွေအတွင်း ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ပြန်လည်စည်ကားလာခဲ့ပါတယ်။

ဒါပေမယ့် ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ယူနေတဲ့ ကျောင်းသူတွေကို မထိတထိ စနောက်မှုတွေ၊ နှောက်ယှက်တာတွေ ဖြစ်ပွားလာနေတဲ့အတွက် ကျောင်းသူ၊ ကျောင်းသားတွေက စိုးရိမ်ပူပန်နေကြပါတယ်။

“မနှစ်က လှိုင်ဘက်မှာ ရဲတစ်ယောက်က အဆောင်သေူတွေကို ကိုယ်ထိလက်ရောက်လုပ်တာ ကျောင်းကိုတင်တော့ ဖြေရှင်းပေးတာမရှိလို့ ကျောင်း အဆောင်မှူးနဲ့ ညှိလုပ်တယ်။ တရားစွဲတယ်။ နောက်ပိုင်းမှာ ဆက်ဖြစ်တယ်။ ဖြစ်တာက ကျောင်းစဖွင့်ကတည်းက ပုံစံအမျိုးမျိုးဖြစ်တယ်။ လူသွားသိပ်နည်းတဲ့နေရာတွေမှာလည်း နှုတ်မစောင့်ဘဲ ပြောတာတွေ၊ လက်သရမ်းတာတွေရှိတယ်။ မပျောက်ဘူးဆိုတာက ကျောင်းဘက်က သေချာမရှင်းလို့ပေါ့” ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ အဖွဲ့ဝင် ကျောင်းသားတစ်ဦးဖြစ်တဲ့ အသက် ၂၁ အရွယ် ကိုဘုန်းထက်နိုင်က ပြောပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ လက်ရှိပညာသင်ယူနေတဲ့ ကျောင်းသူ၊ ကျောင်းသူ ၁၀,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ အဲဒီထဲမှာ ဘွဲကြိုတက်ရောက်နေသူတွေက ၅,၀၀၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး မဟာတန်းတက်ရောက်နေသူ ၃,၀၀၀ ကျော်နဲ့ ဒီပလိုမာသင်တန်း တက်ရောက်နေသူ ၂,၀၀၀ ကျော် ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ် ရာမညဆောင်ရှေ့မှာ ကျောင်းသူတစ်ဦးကို အငှားယာဉ်မောင်းတစ်ဦးက နှုတ်နဲ့ ထိပါး နှောက်ယှက်ရာကနေ အဲဒီလိုဖြစ်ရပ်တွေ ပေါ်ထွက်လာခဲ့ပါတယ်။ စနောက်ခံရတဲ့ အဲဒီကျောင်းသူက သူမ ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်ကို Faceook လူမှုကွန်ယက်ပေါ်က ကျောင်းသူ၊ ကျောင်းသားတွေ စုဖွ့ဲထားတဲ့ စာမျက်နှာမှာ ရေးသားလိုက်ပါတယ်။ အဲဒီနောက်မှာတော့ သူမလိုဖြစ်ရပ်မျိုး ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက သူတို့အတွေ့အကြုံတွေကို ဝေမျှခဲ့ကြသလို ဝေဖန်လှောင်ပြောင်မှုတွေလည်း ရှိခဲ့ပါတယ်။ တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသူတွေထဲမှာ ဒီလိုအဖြစ်အပျက်တွေ ကြုံတွေ့ခဲ့ကြသူ အများအပြားရှိနေတယ်ဆိုတာ အဲဒီကနေတစ်ဆင့် သိရှိလာရပါတယ်။

တက္ကသိုလ်ဝန်းအတွင်း ကာအိန္ဒြေနှောက်ယှက်ခံရမှုနဲ့ ပတ်သက်ပြီး စစ်တမ်းတစ်ခုကို ကျောင်းသား၊ ကျောင်းသူတွေက လူမှုကွန်ယက်မှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီမှာ ကျောင်းသူ ၉၀ လောက်က သူတို့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရမှုကို ပွင့်လင်းစွာ ဖြေကြားခဲ့ကြပါတယ်။ အများစုကတော့ နှုတ်နဲ့ အစခံရတာတွေ၊ အုပ်စုဖွဲ့နောက်တာတွေ များတယ်လို့ ဖြေကြားကြပါတယ်။

ရန်ကုန်တက္ကသိုလ်အတွင်း ကျောင်းသူတွေကို ထိပါးနှောင့်ယှက်မှုတွေ ပပျောက်စေဖို့အတွက် လှုပ်ရှားမှုတွေကို ကျောင်းသူ၊ ကျောင်းသားတွေ လုပ်ဆောင်နေကြပါတယ်။ ဓာတ်ပုံ-Supply

ရန်ကုန်တက္ကသိုလ်အတွင်း ကျောင်းသူတွေကို ထိပါးနှောင့်ယှက်မှုတွေ ပပျောက်စေဖို့အတွက် လှုပ်ရှားမှုတွေကို ကျောင်းသူ၊ ကျောင်းသားတွေ လုပ်ဆောင်နေကြပါတယ်။ ဓာတ်ပုံ-Supply

အဲဒီနောက်မှာတော့ ကျောင်းဝန်းအတွင်း ဒီလိုကိစ္စတွေ ပပျောက်စေဖို့အတွက် ကျောင်းသား၊ ကျောင်းသူတွေက အစည်းအဝေးတွေ ပြုလုပ်ကြပြီး လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု ဆန့်ကျင်ရေးအဖွဲ့တွေ ဖွဲ့စည်းခဲ့ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းလှုပ်ရှားချိန်မှာ ပါဝင်သူနည်းပါးတဲ့အတွက် သူတို့ စိတ်ပျက်ခဲ့ကြပါတယ်။

အဖွဲ့မှာပါဝင်တဲ့ အသက်၂၀ အရွယ် ကျောင်းသူ မဇင်ဘိုထိုက်က ကျောင်းသူကျောင်းသားတွေက လူမှုကွန်ယက်မှာ ထောက်ခံမှုတွေ ရှိပေမယ့်လည်း တကယ်တန်း အစည်းအဝေးကျင်းပတဲ့အခါမှာတော့ တက်ရောက်သူ အနည်းသာရှိတယ်လို့ ဆိုပါတယ်။

“မိန်းကလေးတွေဘက်ကလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ယူဆတယ်။ မိန်းကလေးတွေက အမြဲငြိမ်ခံနေကြတယ်။ အမြဲတမ်း တိတ်ဆိတ်နေကြတယ်။ ညီမတို့ကျောင်းထဲမှာ လှုပ်ရှားမှုလုပ်နေတဲ့ကြားထဲကကို တစ်ချို့ မိန်းကလေးတွေ ပြောတာတွေ ပြန်ကြားရတယ်။ သူတို့ဆိုရင် ဒီလိုပြောမှာမဟုတ်ဘူးဆိုပြီး ဖွင့်ဟပြောတဲ့တဲ့ မိန်းကလေးတွေကို ပြစ်တင် (victim blaming) လုပ်တဲ့အသံတွေ ညီမတို့ ပြန်ကြားရတယ်” လို့ မဇင်ဘိုထိုက်ကပြောပါတယ်။

တစ်ချို့မိန်းကလေးတွေကလည်း ဒါဟာ ပြဿနာသေးသေးလေးကို ကြီးအောင်လုပ်နေတာလို့ ပြောဆိုနေတာတွေလည်း ရှိတယ်လို့ သူမက ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုဆိုရာမှာ မိန်းကလေးတစ်ယောက်ကို လေချွန်တာ၊ ကားဟွန်းတီးတာ၊ ရိုင်းပျတဲ့အမူအရာလုပ်ပြတာ၊ နောက်ကလိုက်တာ၊ လိင်ထိတွေ့ အမြတ်ထုတ်တာ၊ လိင်ကိစ္စတစ်ခုခုကို ရိုင်းပြစွာပြောဆိုတာ၊ လူမြင်ကွင်းမှာ လက်နဲ့အာသာဖြေတာနဲ့ လိင်အကြမ်းဖက်တာတွေ ပါဝင်ပါတယ်။

အဲဒီလို နှောက်ယှက်မှုတွေကို အမျိုးသမီးတွေအနေနဲ့ လမ်းပေါ်တွေမှာ၊ အမျိုးသားတွေ အများစုရှိနေတဲ့ လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်သွားတဲ့အချိန်မှာ၊ ကားတွေပေါ်မှာ အများဆုံးတွေ့ရပြီး ရုံးတွေထဲမှာလည်း ဖြစ်ပွားတာတွေရှိပါတယ်။

အသက် ၂၄ နှစ်အရွယ် မစုမြတ်နိုးကတော့ အဲဒီလို စနောက်မှုတွေကို များသောအားဖြင့် လျစ်လျူရှုထားလေ့ရှိတယ်လို့ ဆိုပါတယ်။ “စရင် မသိချင်ဟန်ဆောင်သွားတယ်။ ဘာလို့လဲဆိုတော့ စိတ်ထဲမှာ ဘယ်လိုမှမရှိဘူး။ စခံရလည်း ပြန်မပြောဘူး။ ရိုးနေပြီဆိုတဲ့ပုံမျိုးပေါ့။ အဲဒိလို လူမျိုးတွေက စရိုက်ပဲနေမှာပါဆိုပြီး မသိချင်ဟန်ဆောင်လိုက်တယ်” လို့သူမက ပြောပါတယ်။

အင်းစိန်မြို့နယ်က အသက် ၂၈ နှစ်အရွယ် အမည်မဖော်လိုသူ ဆိုင်ကယ်ကယ်ရီသမားတစ်ဦးကတော့ မိန်းကလေးတွေကို အပျော်သဘော မကြာခဏ စနောက်တတ်တယ်လို့ ပြောပါတယ်။

“ချောတဲ့ကောင်မလေးတွေတွေ့ရင် ဆိုင်ကယ်မောင်းနေရင်းနဲ့ စလိုက်တယ်။ အဲဒီလိုစလိုက်တော့ ပျော်တယ်။ စိတ်ထဲပါလို့တော့ မဟုတ်ဘူး။ စတဲ့အခါမှာလည်း မျက်နှာကြည့်ပြီးစရတယ်။ မိန်းကလေးအများစုက ရှက်တတ် ကြောက်တတ်တော့ ဘာမှပြန်မပြောကြပါဘူး” လို့ သူက ပြောပါတယ်။

ပြစ်မှုဆိုင်ရာဥပဒေပုဒမ ၅၀၉ တွင် ပြဌာန်းထားချက်အရ မိန်းမတို့၏ ကာအိန္ဒြေထိခိုက်အောင် ပြုလုပ်ပါက ၁ နှစ်အထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၅၄ တွင် ကာအိန္ဒြေကို ပျက်စီးရန် အကြံဖြင့် လက်ရောက်မှု၊ သို့မဟုတ် ပြစ်မှုမကင်းသော အနိုင်ထက်ပြုမှုများအတွက် ၂ နှစ်အထက် ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံနိုင်တယ်လို့ ဖော်ပြထားပါတယ်။  

“လက်ရှိဥပဒေက တော်တော်လေးကောင်းတယ်လို့ ဆိုရပါမယ်။ ကောင်းတယ်ဆိုတာ ပြဌာန်းထားတဲ့  ပြစ်မှုနဲ့ ပြစ်ဒဏ်က တော်တော်ကောင်းတယ်”လို့ အခရာအမျိုးသမီးအဖွဲ့ဒါရိုက်တာနဲ့ တည်ထောင်သူ ဒေါ်ထားထားက ပြောပါတယ်။

ဒါပေမယ့် စော်ကားနှောင့်ယှက်ခံရတဲ့ အမျိုးသမီးတွေအနေနဲ့ ဘယ်လို တိုင်ကြားကြရမယ်ဆိုတာကို သေသေချာချာ မသိရှိကြတဲ့ အားနည်းချက်လည်း ရှိနေပါတယ်။

“ဘာတွေကို သက်သေပြရမလဲ။ ဘယ်လိုပြရမလဲ။ ဘတစ်စ်ကားပေါ်မှာဖြစ်ရင် ကားဆရာက သက်သေပြရမှာလား။ လိင်ပိုင်းအကြမ်းဖက်မှုနေရာကနေ လိုက်လျောညီထွေတဲ့ အကြောင်းအချက်တွေ မပါနေဘူး။ သက်သေပြရန် တာဝန်က ကျူးလွန်ခံရတဲ့သူပေါ်မှာပဲ ရှိနေတယ်။ အဲဒီတော့ ကျူးလွန်ခံရတဲ့သူက ဖြစ်ပြီဆိုရင် ဘေးနားက လူတွေက လိုက်လံ ဆောင်ရွက်ပေးမှရမယ်။ မဟုတ်ရင် စတာပဲ အသားပါသွားလို့လား။ မုဒိန်းကျင့်တာမှမဟုတ်တာ ဆိုပြီး သက်သေလိုက်ပေးဖို့ လူတွေက မလုပ်ချင်ကြဘူး။ ဒါကအတားဆီးဖြစ်တယ်” လို့ ဒေါ်ထားထားက ပြောပါတယ်။

ကျောင်းသူတွေကို ထိပါးနှောင့်ယှက်မှုတွေ ပပျောက်စေဖို့အတွက် လှုပ်ရှားမှုတွေကို ကျောင်းသူ၊ ကျောင်းသားတွေ ပူးပေါင်း လုပ်ဆောင်နေကြပါတယ်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ကျောင်းသူတွေကို ထိပါးနှောင့်ယှက်မှုတွေ ပပျောက်စေဖို့အတွက် လှုပ်ရှားမှုတွေကို ကျောင်းသူ၊ ကျောင်းသားတွေ ပူးပေါင်း လုပ်ဆောင်နေကြပါတယ်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

စနောက်မှုတွေခံရတဲ့ မိန်းကလေးအများစုကတော့ တရားရုံးတွေကို မသွားချင်ကြတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေထံ တိုင်ကြားပြီး စနောက်သူကို ခံဝန်ကတိလုပ်ခိုင်းတာနဲ့ ပြီးဆုံးသွားတာက များတယ်လို့ အခရာအဖွဲ့ထံက သိရပါတယ်။ နိုင်ငံခြားသူတွေကိုပါ လိုက်လံစနောက်တာတွေ ရှိတဲ့အတွက် နိုင်ငံရဲ့ ပုံရိပ်ကို ကျဆင်းစေနိုင်တယ်လို့လည်း ဒေါ်ထားထားက ဆိုပါတယ်။

အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ မပျိုးလဲ့ဟန်ကတော့ အမျိုးသမီးတွေဟာ နိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ရှိတဲ့အတွက် အမျိုးသမီးတွေကြုံတွေ့နေတဲ့ကိစ္စဟာ နိုင်ငံရေးကိစ္စဖြစ်တယ်လို့ ပြောပါတယ်။

“နင်ကိုယ်တိုင်ကိုက ဘာလုပ်နေလို့လဲမှ မသိတာဆိုပြီး ကျူးလွန်ခံရသူအပေါ် အပစ်ပုံချသူတွေက ကျူးလွန်သူနဲ့ အလိုတူအလိုပါပဲ။ ဒါကို အားလုံးက သိဖို့လိုတယ်။ ကိုယ်ဟာကျူးလွန်သူနဲ့ အလိုတူမဖြစ်ချင်ရင် ဒီလိုလုပ်ရပ်တွေကို ရပ်တန့်ဖို့ အားလုံးတက်တက်ကြွကြွနဲ့ ပါဝင်သင့်တယ်လို့ထင်တယ်။ မြန်မာပြည်အနေနဲ့ ဆွေးနွေးငြင်းခုံတာတွေ အရမ်းနည်းတော့ ဒီလုပ်ရပ်က ရှက်စရာကောင်းတဲ့လုပ်ရပ်ဆိုတာ သိရှိဖို့လိုအပ်တယ်” လို့ သူမက ပြောပါတယ်။ 

ပညာပေးလုပ်ငန်းတွေကို ကျောင်းတွေမှာသာမက ကျောင်းမတက်ရတဲ့သူတွေအတွက် ကျောင်းပြင်ပမှာလည်း လုပ်ဆောင်သင့်တယ်လို့ သူမက ဆက်ပြောပါတယ်။ ဒါ့အပြင် ပြည်သူတွေ အသိပညာ ပိုရစေဖို့အတွက် လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုကို လက်ခံတဲ့ဘက်နဲ့ လက်မခံတဲ့ဘက်ပုံစံမျိုး ဆွေးနွေးပွဲတွေလည်း ပြုလုပ်သင့်တယ်လို့ ဆိုပါတယ်။

ရန်ကုန်တက္ကသိုလ်ဝန်းအတွင်း ဖြစ်ပေါ်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုအကြောင်းအရာကို ပြန်သွားမယ်ဆိုရင်  ကျောင်းသူ၊ ကျောင်းသူားတွေက အဲဒီကိစ္စတွေကို ဖြေရှင်းဖို့အတွက် ကျောင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး  အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ကျောင်းအတွင်း အရေးပေါ် hot line ဖုန်းနံပါတ်တွေ ထားပေးခြင်း၊ ကျောင်းသူ၊ ကျောင်းသားတွေ စုပေါင်းပြုလုပ်မယ့် public shaming အပါအဝင် ကာအိန္ဒြေထိပါးနှောက်ယှက်ခံရမှုတွေကို အကူပေးမှုတွေပြုလုပ်ခြင်း၊ လူပြတ်တဲ့နေရာတွေမှာ မီးတွေတပ်ဆင်ပေးခြင်း၊ ကျောင်းအတွင်း အငှားယာဉ်ရပ်ခွင့် လုံးဝမရှိကြောင်းနဲ့ ရပ်ထားတာကိုတွေ့ရှိပါက တိုင်ကြားနိုင်တာတွေကို ဆောင်ရွက်ပေးဖို့ ကျောင်းအာဏာပိုင်တွေက သဘောတူညီခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ပြဿနာတွေကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပြီး အာဏာပိုင်တွေရဲ့ လုပ်ဆောင်မှုတွေကလည်း ထိရောက်မှုမရှိဘူးလို့ ဘုန်းထက်နောင်က ဆိုပါတယ်။

“ထိရောက်တယ်ဆိုရင် အစောကြီးကတည်းက ပြီးတယ်။ တက္ကစီမရပ်ရဘူးဆိုပြီး ရပ်တာတွေလည်း ရှိတယ်။ ဖြူနီကြားမှာ။ အဓိက ပြဿနာက ရေရှည်ပေါ့၊ ရေရှည်ဘယ်လိုလုပ်မလဲ။ အရင်တစ်ခေါက်လည်း မဖြစ်အောင်  ရေရှည်ဖြစ်စေချင်တာ အခုက ရေတိုပဲ ဖြစ်နေတယ်။ သွားပြော၊ ဆိုင်းဘုတ်လေးချိတ်ပြီး ရေတိုပဲဖြစ်နေတယ်” လို့ သူက ပြောပါတယ်။

ခေါင်းစီးဓာတ်ပုံ-စတိဗ်တစ်ခ်နာ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar