ရန်ကုန်တက္ကသိုလ် သစ်ပင်ခုတ် မြေတူးလုပ်ငန်းများ ယာယီရပ်ထားမည်

ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းအတွင်း လုပ်ဆောင်နေသော ရန်ကုန်တက္ကသိုလ်ပတ်လမ်း စီမံကိန်းအတွက် သစ်ပင်များခုတ်နေခြင်းနှင့် မြေတူးဖော်ခြင်းလုပ်ငန်းများကို ယာယီရပ်ဆိုင်းထားမည်ဟု သဘောတူညီချက် ရရှိကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုညီဇော်က ပြောသည်။

“ကျောင်းဘက်ကတော့ တက္ကသိုလ်ပတ်လမ်း လုပ်ငန်းကို ယာယီရပ်ထားမယ်ပေါ့။ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ကျောင်းသားသမဂ္ဂ၊ ဆရာများသမဂ္ဂဆီက သဘောထားယူမယ်၊ သဘောမတူရင် စီမံကိန်းကို ဖျက်သိမ်းမယ်ဆိုတဲ့ သဘောတူညီမှုမျိုးရတယ်”ဟု ၎င်းက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ နိုဝင်ဘာ ၄ ရက်၊ မနက် ၁၀ နာရီမှ ညနေ ၃ နာရီထိပြုလုပ်ခဲ့သည့် ဆွေးနွေးမှုအပြီးတွင်ပြောသည်။

ယင်းဆွေးနွေးပွဲသို့ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့်တာဝန်ရှိသူများ၊ ရန်ကုန်တက္ကသိုလ် ဒုပါမောက္ခချုပ် ဒေါက်တာဥမ္မာကျော်နှင့်တာဝန်ရှိသူများ၊ ရန်ကုန်တက္ကသိုလ် ဆရာဆရာမများသမဂ္ဂနှင့် ကျောင်းသားများသမဂ္ဂတို့မှတာဝန်ရှိသူများတက်ရောက်ကြသည်။

ကျောင်းသားများသမဂ္ဂက အချက်နှစ်ချက်ဖြစ်သော ကျောင်းဝင်းအတွင်းမှ သစ်ပင်များကို မခုတ်ရန်နှင့် အပေါ်ယံလုပ်နေသည် ပြုပြင်ပြောင်းလဲမှု အတုအယောင်တွေကို ဆက်လက်မလုပ်ဆောင်ရန် တောင်းဆိုထားသည်။

ကျောင်းဝန်းအတွင်း တက္ကသိုလ်ပတ်လမ်း တည်ဆောက်ပါက ကျောင်းဂေဟစနစ် ပျက်စီးပြီး ကျောင်းဝန်းလုံခြုံရေးပါ စိုးရိမ်ရသောကြောင့် ကန့်ကွက်ခြင်းဖြစ်သည်ဟု ပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုအောင်ကောင်းဆက်က ပြောသည်။

“လမ်းကို ကျောင်းသူအဆောင်နဲ့ကပ်ပြီး ဖောက်မယ်ဆိုရင် လုံခြုံရေး အားမကောင်းဘူးလို့မြင်တယ်။ ကျောင်းသူတွေရဲ့ လုံခြုံရေးကို အများကြီး စိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်” ဟု ၎င်းကပြောသည်။

ယခုစီမံကိန်းများကို ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ပွဲဖြစ်မြောက်ရေးကော်မတီက အဓိက တာဝန်ယူထားပြီး လုပ်ငန်းများကို စည်ပင်အား လုပ်ဆောင်ခိုင်းထားခြင်းဖြစ်ကြောင်း ကိုညီဇော်ကပြောသည်။

ပတ်လမ်းစီမံကိန်းအတွက် အပင် ၆၆ ပင် ခုတ်ရှင်းရန် လျာထားပြီး လက်ရှိတွင် ၂၅ ပင် ခုတ်ထားကြောင်း တာဝန်ရှိသူများကပြောထားသော်လည်း ၂၅ ပင်အထက် ခုတ်ရှင်းထားသည်ကို ကျောင်းသားများက တွေ့ရသည်ဟု ၎င်းကဆိုသည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် တာဝန်ရှိသူများသည် ပတ်လမ်းစီမံကိန်းကိစ္စကို နိုဝင်ဘာလ ဒုတိယပတ်အတွင်း ထပ်မံညှိနှိုင်းဆွေးနွေးမည်ဖြစ်သည်။

နိုဝင်ဘာ ၄ ရက်၌လည်း ကျောင်းသားအယောက် ၃၀ ခန့်က တက္ကသိုလ်တွင်း စိမ်းလန်းမှု ဖျက်ဆီးသူ တို့ရန်သူ၊ ကျောင်းသားဆန္ဒမပါသော လုပ်ငန်းများ ချက်ချင်းရပ်၊ အပေါ်ယံရုပ်ဝတ္တုပြောင်းလဲမှု အလိုမရှိ စသည့် ကြွေးကြော်သံများဖြင့် ကျောင်းဝန်းအတွင်း လမ်းလျှောက်ဆန္ဒထုတ်ဖော်သည်။

သတင်း – နော်ဆိုင်း

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.