ရိုက်တာအမှု၌ ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေမှုနှင့် ပတ်သက်ပြီး အစိုးရက ကာကွယ်ပြောဆို

ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခံခဲ့ရသည့် ရိုက်တာသတင်းထောက်နှစ်ဦးနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်အပေါ် နိုင်ငံတကာက ဝေဖန်မှုများ ရှိနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ဆိတ်နေမှုအပေါ် အစိုးရက ကာကွယ်ပြောဆိုလိုက်သည်။

အေအက်ဖ်ပီသတင်းဌာန၏ မေးမြန်းမှုကို ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးအောင်လှထွန်းက ဖြေကြားရာ၌ တရားစီရင်ရေးအား ဝေဖန်ပြောဆိုခြင်းသည် တရားရုံးအား မထီမဲ့မြင်ပြုမှု မြောက်လိမ့်မည်ဟု ပြောကြားသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိုသို့ ပြုလုပ်လိမ့်မည်ဟု မထင်ကြောင်း ရိုက်တာသတင်းထောက်ဟောင်း တစ်ဦးလည်းဖြစ်သူ ဦးအောင်လှထွန်းက ပြောကြားသည်။

ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သူ ကိုဝလုံးနှင့် ကိုအောင်စိုးဦးတို့အား နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်သည်ဟုဆိုကာ စက်တင်ဘာ ၃ ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက ဖမ်းဆီးခံခဲ့ရပြီးနောက် လပေါင်းများစွာ အမှုရင်ဆိုင်ခဲ့ရအပြီးတွင် ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ထောင်ဒဏ်ချမှတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်အစိုးရ၊ ဥရောပသမဂ္ဂ(အီးယူ)နှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက ကန့်ကွက် ရှုံ့ချခဲ့ကြသည်။ ထို့ပြင် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ပြန်လည်လွှတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးရန်လည်း အစိုးရကို တိုက်တွန်းခဲ့ကြသည်။

ဦးအောင်လှထွန်းကမူ ရိုက်တာသတင်းထောက်နှစ်ဦးအတွက် အယူခံဝင်နိုင်သည့် မျှော်လင့်ချက် ရှိနေသေးသည်ဟု ပြောကြားသည်။

“ကျွန်တော်မျှော်လင့်ချက်တစ်ခု ရှိပါတယ်။ ဒါက Appeal (အယူခံ) ရှိပါသေးတယ်။ သူ့ရှေ့နေတွေနဲ့ တိုင်ပင်ပြီးတော့ Appeal ရှိတာပေါ့” ဟု စက်တင်ဘာ ၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် သတင်းထောက်များအား ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

သို့သော် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် တရားစီရင်ရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်ဟု ၎င်းက ပြောကြားသည်။

“Personally (ပုဂ္ဂိုလ်ရေးအရ) တော့ စိတ်မကောင်းဘူးပေါ့” ဟု ၎င်းကပြောသည်။

သတင်းထောက်နှစ်ဦးသည် ရခိုင်ပြည်နယ်၊ အင်းဒင်ကျေးရွာတွင် ရွာသား ၁၀ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ဖျောက်ဖျက်ခဲ့မှုနှင့် ပတ်သက်ပြီး သတင်းလိုက်နေစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ထိုအဖြစ်အပျက်ကို တပ်မတော်က ဝန်ခံခဲ့ပြီး ပါဝင်သူများကို စစ်ဆေးအရေးယူခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ရခိုင်အရေးသတင်းယူခြင်းကြောင့် သတင်းထောက်များကို ဖမ်းဆီးခဲ့ခြင်းမဟုတ်ဟု ပြီးခဲ့သည့် ဇွန်လအတွင်းက ဂျပန် NHK သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ဖူးသည်။

“သူတို့အဖမ်းခံရတယ်ဆိုတာက နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်တဲ့အတွက်သာ သူတို့အဖမ်းခံရတာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“တရားခွင်စစ်ဆေးမှုတွေကို စောင့်ကြည့်နေမယ်ဆိုရင် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်တဲ့ တခြားကိစ္စတွေပါနေတယ်ဆိုတာ သိနိုင်ပါလိမ့်မယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ရိုက်တာသတင်းထောက်နှစ်ဦးအား နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် စွဲချက်တင်ရန် တရားရုံးက ဇူလိုင် ၉ ရက်နေ့တွင် လက်ခံခဲ့ခြင်းဖြစ်ရာ စွဲချက်မတင်မီ ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက် ကြိုတင် ထွက်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာ ၁၂ ရက်နေ့က လျှို့ဝှက်စာရွက်စာတမ်းတွေ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ ရန်ကုနမြို့ပြင်တစ်နေရာတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးအား ယခင်က သိကျွမ်းခဲ့ဖူးခြင်းမရှိတဲ့ ရဲတွေက ဖုန်းဆက်ခေါ်ယူကာ စာရွက်စာတမ်းများ ပေးအပ်ပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့နှင့်အတူ လျှို့ဝှက်စာရွက်စာတမ်းများ တွေ့ရှိခဲ့သည်ဟု ဖမ်းဆီးပြီးနောက် အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

နောက်ဆုံးအမိန့်ချမှတ်သည့်အခါတွင်မူ အဆိုပါ စာရွက်စာတမ်းများ မပါဝင်တော့ဘဲ ၎င်းတို့ ဖုန်းထဲတွင် တွေ့ရှိသည့် ပုပ်ရဟန်းမင်းကြီးခရီးစဉ် လုံခြုံရေးအစီအမံ စာရွက်အပါအဝင် လျှို့ဝှက်အဆင့်ဟု သတ်မှတ်သည့် စာရွက်စာတမ်းများကိုပါ ဖော်ထုတ ်စစ်ဆေးတွေ့ရှိခြင်းကြောင့် ဥပဒေနှင့် ငြိစွန်းနေသည်မှာ ထင်ရှားသည်ဟု တရားသူကြီး ဦးရဲလွင်က တရားခွင်၌ ပြောကြားခဲ့သည်။ ထို့အပြင် သတင်းထောက်နှစ်ဦးသည် မီဒီယာကျင့်ဝတ်နှင့် သတင်းမီဒီယာ ဥပဒေကိုပါ လိုက်နာခြင်း မရှိကြောင်း တွေ့ရှိရသည်ဟု တရားသူကြီးက သုံးသပ်ခဲ့ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးကို ထိခိုက်စေလိုသည့် ရည်ရွယ်ချက်ရှိသည်မှာလည်း ထင်ရှားသည်ဟု သုံးသပ်ချက်ထဲတွင် ပါဝင်ခဲ့သည်။

သတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တရားလိုပြသက်သေ ဒုရဲမှူးမိုးရန်နိုင်က သက်သေထွက်ဆိုခဲ့သော်လည်း အခြားသော တရားလိုသက်သေ ၂၁ ဦးက ၎င်း၏ ထွက်ဆိုချက်ကို ထောက်ခံခြင်းမရှိသဖြင့် ထည့်သွင်းစဉ်းစားရန် မသင့်လျော်ဟု တရားသူကြီးက ဆုံးဖြတ်ခဲ့သည်။

ထောင်ချောက်ဆင်ဖမ်းဆီးခဲ့သည်ဟု ထွက်ဆိုခဲ့သည့် ဒုရဲမှူး မိုးရန်နိုင်မှာလည်း ရဲစည်းကမ်း ဖောက်ဖျက်ခဲ့သည်ဟုဆိုကာ ထောင်ဒဏ် ကျခံနေရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar