ရွှေတိဂုံစေတီတော်နှင့် စေတီဧရိယာတစ်ဝိုက် မောင်းသူမဲ့ယာဉ်ပျံ (ဒရုန်းများ) ပျံသန်းမှု တားမြစ်ထားချက်ကို ချိုးဖောက်ပါက တရားစွဲဆိုသွားမည်ဟု ရွှေတိဂုံစေတီတော် လုံခြုံရေး တာဝန်ရှိသူများက ထပ်မံ သတိပေးလိုက်သည်။
စေတီတော်ဧရိယာအတွက် လုံခြုံရေးအကြောင်းပြချက်ဖြင့် ထိုသို့ ပျံသန်းခွင့်ကို ပြီးခဲ့သည့် ဒီဇင်ဘာလက စတင်ကာ တားမြစ်ကန့်သတ်ထားခြင်းဖြစ်သော်လည်း ပျံသန်းမှုအချို့ ဆက်လက်ရှိနေသေးသည့်အတွက် ယခုကဲ့သို့ ထပ်မံသတိပေးလိုက်ခြင်းဖြစ်သည်။
”မသမာသူတွေ ဖောက်ခွဲမှု၊ တိုက်ခိုက်မှုကနေ ကာကွယ်ဖို့ပါ” ဟုရွှေတိဂုံစေတီ လုံခြုံရေးနှင့် မီးသတ်တာဝန်ခံ ဥိးသောင်းထိုက်က စက်တင်ဘာ ၃၀ ရက်ေနေ့က စေတီတော်ပေါ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အဆိုပါ ကန့်သတ်မှုတွင် မောင်းသူမဲ့ ဒရုန်းများ ပျံသန်းခြင်းအပြင် စေတီတော်ပေါ်သို့ ယူဆောင်လာခြင်းကိုပါ ကန့်သတ်လိုက်ကြောင်း ၎င်းတို့က ပြောကြားသည်။
လက်ရှိအချိန်အထိ စေတီတော်အနီးတဝိုက် ပျံသန်းခဲ့သည့် မောင်းသူမဲ့ ဒရုန်းယာဉ် ခြောက်စင်းထက်မနည်းကို ထိန်းသိမ်းထားကြောင်းလည်း စေတီတော် လုံခြုံရေးအဖွဲ့ထံမှ သိရသည်။
ဖမ်းဆီးရရှိထားသည့် မောင်းသူမဲ့ ဒရုန်းယာဉ် ထိန်းချုပ်သူများကို အရေးယူခြင်းမရှိသော်လည်း ထပ်မံချိုးဖောက် မည့်သူများကို ဒေသန္တရအမိန့်ကို ချိုးဖောက်မှု၊ ပို့ကုန်သွင်းကုန်ဥပဒေတို့ဖြင့် တရားစွဲ အရေးယူမည်ဖြစ်ပြီး နိုင်ငံခြားသားဖြစ်ပါက လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန၏ တရားစွဲဆိုခြင်းပါခံရမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။
မောင်းသူမဲ့ လေယာဉ်နှင့် ရဟတ်ယာဉ်များ (ဒရုန်းများ) သည် အကျိုးပြု လုပ်ငန်းများကို ဖြစ်စေနိုင်သလို အဖျက်လုပ်ငန်းများကိုလည်း ပေါ်ပေါက်စေနိုင်သဖြင့် အတန်းအစား ခွဲခြားသတ်မှတ်ပြီး စနစ်တကျ မှတ်ပုံတင်နိုင်ရန်နှင့် ကန့်သတ်ဧရိယာများ သတ်မှတ်နိုင်ရန် အစိုးရက ဆောင်ရွက်နေပြီဟု ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်ရော်က ပြည်ထောင်စုလွှတ်တော်တွင် ဇန်နဝါရီလအတွင်းက ပြောကြားခဲ့သည်။
“မောင်းသူမဲ့လေယာဉ်၊ ရဟတ်ယာဉ်တွေရဲ့ အလေးချိန်နဲ့စွမ်းဆောင်ရည်အပေါ် အခြေခံ၍ အတန်းအစား ခွဲခြားသတ်မှတ်ပြီး စနစ်တကျ မှတ်ပုံတင်ခြင်း၊ စီးပွားရေးလုပ်ငန်း အသုံးပြုခွင့် လက်မှတ် ထုတ်ပြန်ပေးခြင်း၊ မြေပြင်မှ ထိန်းချုပ်မောင်းနှင်သူများအား စိစစ်ခြင်း၊ အန္တရာယ်ရှိနိုင်သည့် ဒေသများအတွက် မပျံသန်းရေးဇုန် ကန့်သတ်ခြင်း စသည်များအတွက် လိုအပ်သော လုပ်ထုံးလုပ်နည်းတွေကို Advisory Circular အဖြစ် ထုတ်ပြန်ရန် ဆောင်ရွက်လျက် ရှိပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။
လိုအပ်သော လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ရာတွင် ကာကွယ်ရေး၊ ပြည်ထဲရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှုစသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ၎င်းကပြောကြားခဲ့သည်။
ပြည်တွင်းတွင် မောင်းသူမဲ့ လေယာဉ်များကို ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးရေးများကဲ့သို့ စီးပွားရေး လုပ်ငန်းများအတွက်သာမက အပျော်တမ်း အသုံးပြုသူများလည်း ရှိနေသည်။ ဒရုန်းများကိုလည်း ပြည်တွင်းတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်နေပြီဖြစ်သည်။
သတင်း-ထွန်းခိုင်