ဒရုန်းလွှတ်တင်ခဲ့သည့် ပြင်သစ်နိုင်ငံသားကို စတင် ရုံးထုတ်

အေအက်ဖ်ပီ

နေပြည်တော်ရှိ လွှတ်တော်အနီးတွင် ဒရုန်းပျံသန်းခဲ့သဖြင့် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရမည့်အရေးနှင့် ရင်ဆိုင်နေရသည့် ပြင်သစ်နိုင်ငံသားအား ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က နေပြည်တော်တွင် ပထမဆုံးအကြိမ် ရုံးထုတ်ရမန်ယူခဲ့သည်။

အသက် ၂၇ နှစ်ရှိပြီဖြစ်သည့် Arthur Desclaux သည် ဖေဖော်ဝါရီ ၇ ရက်နေ့က နေပြည်တော်တွင် အဖမ်းခံခဲ့ရပြီးနောက် ထုတ်ကုန်၊ သွင်းကုန်ဥပဒေဖြင့် စွဲချက်များကို ရင်ဆိုင်နေရသည်။

တိုင်းပြည်တွင်း၊ အထူးသဖြင့် ဘာသာရေးနှင့် အစိုးရအဆောက်အဦးများအနီးတွင် ဒရုန်းများ ပျံသန်းမှုကို မြန်မာနိုင်ငံတွင် တင်းတင်းကြပ်ကြပ် တားမြစ်ထားသည်။

Desclaux သည် နောက်ထပ်ငါးရက်အကြာတွင် တရားရုံးသို့ ထပ်မံလာရောက်ရမည်ဖြစ်သည်။

“ဒီနေ့ သူ အချုပ်ထဲမှာပဲ ရှိနေသေးတာကို စိတ်မကောင်းပါဘူး။ အမြန်ဆုံးဖြေရှင်းနိုင်ဖို့ ကျွန်တာ်တို့ မျှော်လင့်ပါတယ်” ဟု ပြင်သစ်သံရုံးမှ ကောင်စစ်ဝန် Frederic Inza ကပြောသည်။

“နောက်ထပ်ရုံးချိန်းဖြစ်တဲ့ ၂၇ ရက်နေ့မှာ သူ့အခြေအနေကို ဖြေရှင်းနိုင်ပြီး သူပြန်လွတ်လာမယ်လို့ မျှော်လင့်ရပါတယ်” ဟုလည်း ၎င်းကပြောသည်။

၂၀၁၇ ခုနှစ်ကလည်း ကျယ်ဝန်းသည့် လွှတ်တော်ဝန်းအနီးတွင် ဒရုန်းလွှတ်တင်ခဲ့ပြီးနောက် သတင်းထောက်သုံးဦးနှင့် ယာဉ်မောင်းဖြစ်သူတို့မှာ ထိုပြစ်မှုဖြင့်ပင် အဖမ်းခံခဲ့ရပြီး ထောင်ထဲတွင် နှစ်လကြာ နေထိုင်ခဲ့ရသည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလက တူရကီနိုင်ငံပိုင် TRT ရုပ်သံလွှင့်ဌာနအတွက် မှတ်တမ်းအစီအစဉ် ရိုက်ကူးနေသည့် စင်ကာပူသတင်းထောက် Lau Hon Meng နှင့် မလေးရှားသတင်းထောက် Mok Choy Lin တို့သည် မြန်မာသတင်းထောက် အောင်နိုင်စိုး၊ ယာဉ်မောင်း ဦးလှတင်တို့နှင့်အတူ အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

လွှတ်တော်အဆောက်အဦးပေါ်တွင် ဒရုန်း ပျံသန်းခဲ့မိကြောင်းအား ဒဏ်ငွေသာ ပေးဆောင်ရလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် ၎င်းတို့က ဝန်ခံခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံ လေကြောင်းဥပဒေဖြင့် တရားရုံးက ၎င်းတို့အား ထောင်ဒဏ် နှစ်လစီ ချမှတ်ခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar