ဒရုန်းပျံသန်းခဲ့သည့် ပြင်သစ်နိုင်ငံသားကို ထောင်မှ လွှတ်ကာ ပြည်နှင်ဒဏ်ပေး

အေအက်ဖ်ပီ

နေပြည်တော်ရှိ လွှတ်တော်အနီးတွင် ဒရုန်းပျံသန်းခဲ့သည့် ပြင်သစ်နိုင်ငံသားကို ထောင်ဒဏ်ကာလရှည် ချမှတ်ခြင်းမပြုတော့ဘဲ မတ် ၆ ရက်နေ့တွင် ပြည်နှင်ဒဏ်ပေးရန် တရားရုံးက ဆုံးဖြတ်လိုက်သည်။

အသက် ၂၇ နှစ်ရှိပြီဖြစ်သည့် Arthur Desclaux သည် နေပြည်တော်တွင် ဖေဖော်ဝါရီ ၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီးနောက် တားမြစ်ထားသည့် ကုန်ပစ္စည်းအား လိုင်စင်မရှိဘဲ ပြည်ပမှ တင်သွင်းလာမှုအတွက် သွင်းကုန်ထုတ်ကုန်ဥပဒေအရ ထောင်ဒဏ်တစ်လ ချမှတ်ခံခဲ့ရသည်။

ဘာသာရေးနှင့် အစိုးရအဆောက်အဦးများအနီးတွင် ဒရုန်းပျံသန်းခြင်းမပြုရန် တင်းတင်းကြပ်ကြပ် တားမြစ်ထားမှုကို သိရှိခြင်းမရှိဟု ပြင်သစ်နိုင်ငံသားက ငြင်းဆိုခဲ့သည်။

မတ် ၆ ရက်နေ့တွင် ထောင်မှ လွတ်မြောက်လာပြီးနောက် ၎င်းအား လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် လေကြောင်းဥပဒေများဖြင့် ထပ်မံတရားစွဲဆိုခဲ့သည်။ အဆိုပါပြစ်မှုများသည် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်သည်။

သို့သော် ၎င်းအား အကျဉ်းထောင်တွင်းသို့ ပြန်ပို့မည့်အစား ဒဏ်ငွေ ကျပ် ၁၅၀,၀၀၀ ပေးဆောင်စေရန် တရားသူကြီးက ဆုံးဖြတ်ခဲ့သည်။

“သူက နိုင်ငံခြားသားတစ်ဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေတွေကို အကျွမ်းတဝင်သိရှိထားခြင်းမရှိသလို ထုတ်ကုန်သွင်းကုန်ဥပဒေအရ ထောင်ဒဏ်တစ်လ ချမှတ်ပြီးလည်း ဖြစ်ပါတယ်” ဟု တရားသူကြီး ဒေါ်ဆုလာဒ်ရတနာက တရားခွင်၌ ပြောကြားသည်။ “အဲဒါကြောင့် ယခုစွဲချက်တွေအတွက် သက်ညှာတဲ့ ပြစ်ဒဏ်ကိုပဲ ကျခံရမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

၎င်းက ဒရုန်းအား မည်သည့်အတွက်ကြောင့် ပျံသန်းခဲ့သည်ဟူသည်ကိုမူ သဲသဲကွဲကွဲမသိရှိရသေးပေ။

၂၀၁၇ ခုနှစ်ကလည်း လွှတ်တော်အနီးတွင် ဒရုန်းပျံသန်းခဲ့သည့်အတွက် တူရကီနိုင်ငံပိုင် TRT ရုပ်သံလွှင့်ဌာနအတွက် မှတ်တမ်းအစီအစဉ် ရိုက်ကူးနေသည့် သတင်းထောက်များ အဖမ်းခံခဲ့ရသည်။

ဒဏ်ငွေသာ ပေးဆောင်ရလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် လွှတ်တော်အဆောက်အဦးပေါ်တွင် ဒရုန်း ပျံသန်းခဲ့မိကြောင်း ၎င်းတို့က ဝန်ခံခဲ့ကြသည်။ သို့သော် လေကြောင်းဥပဒေဖြင့် တရားရုံးက ၎င်းတို့အား ထောင်ဒဏ် နှစ်လစီ ချမှတ်ခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar