၂၀၂၃ ခုနှစ် မေလ ၁၃ ရက်က တွေ့ရသော စစ်တွေမြို့တွင်း ဆိုင်ကယ်နောက်တွဲယာဉ်တစ်စီးနှင့် မိသားစုဝင်များ ခရီးသွားလာနေပုံ မြင်ကွင်း (ဓာတ်ပုံ - အေအက်ဖ်ပီ)

လိုင်စင်မဲ့ယာဉ် နှိမ်နှင်းမှုစီမံချက်၏ အဆိုးရလာဒ်

တရားမဝင် ယာဉ်တင်သွင်းမှုအတွက် ပြဿနာ၏ အရင်းခံအကြောင်းရင်းများဖြစ်သည့် မှားယွင်းသောမူဝါဒများနှင့် အဆင့်ဆင့် အကျင့်ပျက်ခြစားမှုများကို မဖြေရှင်းဘဲ လက်ဝယ်ထားသုံးစွဲသူများကို ဖမ်းဆီးအရေးယူခြင်းမှာ နင်းပြား ပြည်သူများကိုသာ အတိဒုက္ခ ကျရောက်စေလျက်ရှိသည်။ 

ဖရွန်တီးယား 

နေပြည်တော်မြို့နေထိုင်သူ ဆိုင်ကယ်စက်ပြင် အလုပ်သင်တစ်ဦးဖြစ်သူ ကိုဇော်နိုင်တစ်ယောက်  ဇွန်လ ၁၂ ရက်က သူ့အတွက် ကံဆိုးမိုးမှောင်ကျမည့်နေ့ဟု တွေးမထင်ထားခဲ့ချေ။                         

ထိုနေ့က သူ့ဆိုင်အတွက် စက်အပိုပစ္စည်းများဝယ်ရန် ဇမ္ဗူသီရိမြို့နယ်သို့အသွား လမ်းတွင် ရှောင်တခင် စစ်ဆေးသော ယာဉ်ထိန်းရဲများ၏ တားဆီးခြင်းကို သူ ခံလိုက်ရသည်။ ထိုသို့ မော်တော်ယာဉ်ပိတ်ဆို့စစ်ဆေးစဥ် လိုင်စင်ရှိ/မရှိ စစ်ဆေးမှုခံရခြင်း ဖြစ်သည်။ လိုင်စင်မဲ့ ဆိုင်ကယ် ဖြစ်သဖြင့် သိမ်းယူမည် ဖြစ်ကြောင်း ဆိုင်ကယ် အသာတကြည် မထားခဲ့ပါက လူကို ဖမ်းဆီးအရေးယူ ရလိမ့်မည်ဟု ယာဥ်ထိန်းတို့က ဆိုသည်။​

လုံခြုံရေးအတွက် အမည်လွှဲထားသော အသက် ၂၄ နှစ်အရွယ် ကိုဇော်နိုင်က သူ့ဆိုင်ကယ်ကို မသိမ်းရန် ယာဉ်ထိန်းရဲများကို တောင်းပန်ခဲ့သော်လည်း ထိုတောင်းပန်မှုမှာ အရာမထင်ခဲ့ပါ။​

“ဖမ်းတဲ့ ယာဉ်ထိန်းတွေက ထောင်ချမခံချင်ရင် ဆိုင်ကယ်ထားခဲ့လို့ပြောတော့ ကျွန်တော်လည်း လူတော့ အထိခိုက်မခံနိုင်တာနဲ့ ဆိုင်ကယ်ပဲ ထားခဲ့လိုက်တယ်” ဟု သူက ဆိုသည်။

ဇော်နိုင်၏အဖြစ်သည် မြန်မာပြည်နေသူ ပြည်သူများအဖို့ ထူးခြားဖြစ်စဉ်မဟုတ်ပါ။  နိုင်ငံ့ဝင်ငွေနှင့် လုံခြုံရေးကို ထိခိုက်စေသည်ဟူသော အကြောင်းပြချက်ဖြင့် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးနှိမ်နှင်းရန် မေလ ၂၀ ရက်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အမိန့်ပေးမှု ထွက်ပေါ်လာပြီးနောက် လိုင်စင်မဲ့ ကားနှင့် မော်တော်ဆိုင်ကယ်များကို အလုံးအရင်းဖြင့် ဆက်တိုက် ဖမ်းဆီး သိမ်းယူမှုများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

 နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြသည့် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးသိမ်းဆည်းမှု ထုတ်ပြန်ချက်များကို ဖရွန်တီးယားမှ လေ့လာမှု တစ်ခု ပြုလုပ်ခဲ့ပြီး ယင်းလေ့လာမှုအရ  စစ်ကောင်စီက တင်းကျပ်စွာ ထိန်းချုပ်ထားသော နေပြည်တော်၊ မန္တလေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးသိမ်းဆည်းမှု  ပိုမို များပြားခဲ့ကြောင်းကို တွေ့ရသည်။

လိုင်စင်မဲ့ယာဉ်များကို မြန်မာနိုင်ငံ၌ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာကြသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ လိုင်စင်မဲ့ယာဉ် အသုံးပြုမှု များပြားလာရခြင်းမှာ အာဏာပိုင်တို့က လက်တွေ့မကျသော မူဝါဒများ ကျင့်သုံးခြင်း၊ လိုင်စင်မဲ့ယာဉ် ခိုးသွင်းမှုကို မဟန့်တားနိုင်ခြင်း၊ အကျင့်ပျက်ခြစားသော အရာရှိများကို အရေးယူရန် ပျက်ကွက်ခြင်းများကြောင့် ဖြစ်ကြောင်း ကားနှင့်ဆိုင်ကယ် အရောင်းအဝယ်လုပ်သူများက ဖရွန်တီးယားကို ပြောကြသည်။

ထို့ပြင် အများပြည်သူပို့ဆောင်ရေးကဏ္ဍဝန်ဆောင်မှု ညံ့ဖျင်းခြင်းနှင့် ဆင်းရဲမွဲတေမှုအမှတ်အောက် နေထိုင်ရသော ပြည်သူဦးရေ မြင့်မားလာမှုတို့လည်း ထောက်ပံ့ အကြောင်းအရင်းများအဖြစ် ပါဝင်သည်။ ယမန်နှစ်က ထုတ်ပြန်သော ကမ္ဘာ့ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင် တွင် ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းသည် ၂၀၁၇ ခုနှစ်က ၂၄.၈ % ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၄၉.၇% အထိ နှစ်ဆ တိုးမြင့်လာခဲ့သည်ဟု ဆိုသည်။​ နိုင်ငံ၏ လူဦးရေ ၂၅% မှာလည်း ဆင်းရဲမွဲတေမှုအမှတ် အထက်တွင် ရပ်တည်နိုင်ရုံမျှ ဆိုကာ ရပ်တည်နေကြရပြီး ဆင်းရဲမွဲတေမှုတွင်း မကျရောက်သွားရန် အလွန်ပင် ရုန်းကန်နေရသည်ဟု ဖော်ပြထားသည်။ 

ယင်းကဲ့သို့ ဆိုးဝါးနေသည့် စီးပွားရေးအခြေအနေမျိုးတွင် လိုင်စင်ရှိယာဉ် ဆိုသည်မှာ အခွင့်ထူးခံ လူတန်းစား အချို့သာ ဝယ်ယူပိုင်ဆိုင်နိုင်သည့် စိတ်ကူးယဉ်ဇိမ်ခံပစ္စည်းတစ်ခုမျှသာ ဖြစ်နေခဲ့သည်။

ကိုဇော်နိုင်က သူ့ တစ်ပတ်ရစ် လိုင်စင်မဲ့ ဆိုင်ကယ်ကို ကျပ်ငွေ ၅ သိန်းခန့် ဖြင့် လွန်ခဲ့သော ၂ နှစ်က ဝယ်ယူခဲ့သည်ဟု ဆိုသည်။ ထိုစဉ်က သူဝယ်ယူခဲ့သည့် ဆိုင်ကယ်အမျိုးအစားမှာ လိုင်စင်ပေါက်ဆိုပါက တစ်စီးလျှင် ကျပ်ငွေ သိန်း ၂၀ ကျော် ဈေး ရှိသည်။ ဆိုင်ကယ်ဖိုးငွေ ပြည့်ရန် တစ်မိသားစုလုံး ဝိုင်းဝန်း ငွေစုဆောင်းခဲ့ကြရသည်ဟု ဆိုသည်။​

 “တစ်မိသားစုလုံးအတွက် ဆိုင်ကယ်ဆိုလို့ ဒီအဖမ်းခံရတဲ့ တစ်စီးပဲရှိတာ။ ဒီတစ်စီးတောင် စုဆောင်းခြစ်ကုတ်ပြီး ဝယ်ခဲ့ရတာ” ဟု သူက ဆိုသည်။

သူ့ မော်တော်ဆိုင်ကယ်သည် နေပြည်တော်ပျဉ်းမနားရှိ နေအိမ်မှ ၇ မိုင်ခန့်ကွာဝေးသော အလုပ်ခွင် သို့ အသွားအလာလုပ်ရန် သူ၏ တစ်ခုတည်းသော စီးတော်မြင်းဖြစ်သည်။ ယခု သူ့ဆိုင်ကယ်ကို ယာဉ်ထိန်းရဲများက သိမ်းလိုက်သည့်အတွက် ကိုဇော်နိုင်သည် ဆိုင်ကယ်တက္ကစီဖြင့် အလုပ်သွားမည် ဆိုပါက တစ်နေ့လျှင် ငွေကျပ် ၂ သောင်းခန့် ကုန်ကျမည် ဖြစ်သည်။ 

သို့သော် အလုပ်သင်တစ်ဦးသာဖြစ်သော ကိုဇော်နိုင်သည် ဆိုင်က ပေးသော လုပ်ခလစာကိုလည်း မရရှိသေးပေ။ ထိုသို့ ကုန်ကျမည့် အလုပ်သွားအလုပ်ပြန် လမ်းစရိတ်ကို သူ မတတ်နိုင်သည့်အတွက် နောက်ဆုံးတွင် သူ အလုပ် နားလိုက်ရသည်။

ကိုယ်ပိုင် ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ရန် စိတ်ကူးထားသည့် သူ့စိတ်ကူးယဉ် အိပ်မက်ကိုလည်း တစ်ခန်းရပ် ဇာတ်သိမ်းလိုက်ရသည်။ လက်ရှိတွင် သူ့အနေဖြင့် အစ်မအိမ်တွင် နေထိုင်ရင်း သူနေထိုင်ရာ ရပ်ကွက်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်နေရာရာတွင် အလုပ်ရရန်သာ မျှော်လင့်နေရကြောင်း ဆိုသည်။​

ဆိုင်ကယ်သမားများ မန္တလေးရှိ ဆီဆိုင်တစ်ဆိုင်တွင် မတ်လ ၂၉ ရက်က ဆီဖြည့်နေကြစဉ်။ (ဓာတ်ပုံ – အေအက်ဖ်ပီ)

မှောင်ခိုလုပ်ငန်းနှင့် အကျင့်ပျက်ခြစားမှု

မြန်မာနိုင်ငံတွင် တရားဝင်တင်သွင်းလာသော ကားသစ်များကို ဝယ်ယူသူအများစုက အရောင်းပြခန်းမှ တိုက်ရိုက် ဝယ်ယူလေ့ရှိသည်။ ကားဝယ်သူသည် “ကညန” ဟု ခေါ်သော ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ ယာဉ်လိုင်စင် လျှောက်ထားရပြီး ဌာနက အမည်ပေါက်လိုင်စင် ထုတ်မပေးမီ သွင်းကုန်ပါမစ်အပါအဝင် စာရွက်စာတမ်းများ မှန်/မမှန် စစ်ဆေးသည်။ သို့သော် ထိုလုပ်ငန်းစဉ်ကို ရောင်းချသူများက ဆောင်ရွက်ပေးသော ဝန်ဆောင်မှုလည်းရှိသည်။

နယ်စပ်မှ ခိုးသွင်းလာသောမော်တော်ဆိုင်ကယ်များကို ယခင်က အထူးစီမံချက်အနေဖြင့် လိုင်စင် ပြန်လည် လျှောက်ထားခွင့်ရှိခဲ့သည်။ သို့သော် စစ်ကောင်စီလက်အောက်တွင် အဆိုပါ တရားဝင်လိုင်စင် ပြုလုပ်ပေးသည့် လုပ်ငန်းစဉ်မှာ  ၂၀၂၂ ခုနှစ်ကစကာ ရပ်ဆိုင်းသွားခဲ့သည်။

တရားဝင်ထုတ်ပြန်သော သတင်းအချက်အလက်များ မရှိသော်လည်း မော်တော်ဆိုင်ကယ်ရောင်းဝယ်သူ လေးဦးက မြန်မာနိုင်ငံတွင် လိုင်စင်မဲ့ဆိုင်ကယ်အရေအတွက်သည် လိုင်စင် ဆိုင်ကယ်အရေအတွက်ထက် အလွန်အမင်း ပိုမိုများပြားနိုင်သည်ဟု ဆိုသည်။ 

အဓိကအကြောင်းရင်းများမှာ တရားဝင်တင်သွင်းသော လိုင်စင်ယာဉ်များ၏ စျေးနှုန်း အလွန် ကြီးမြင့်မှု အပြင် လိုင်စင်မဲ့ တရားမဝင်ယာဉ်များ တင်သွင်းရန် အားပေးနေသော အကျင့်ပျက်ခြစားမှုတို့ ဖြစ်ကြသည်။

ထို့ကြောင့် လိုင်စင်ကားနှင့် လိုင်စင်မဲ့ကားအကြား ဈေးနှုန်းကွာဟမှု အစဉ် ကြီးထွားလာနေခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံရှိ လိုင်စင်ကား၊ သို့မဟုတ် လိုင်စင်ဆိုင်ကယ်တစ်စီး၏ ပေါက်ဈေးသည် အိမ်နီးချင်း ထိုင်းနိုင်ငံရှိ တရားဝင်ပေါက်ဈေးထက် လေးဆခန့် ပိုမိုမြင့်မားလျက် ရှိသည်။

ငွေကြေးတတ်နိုင်သူ မည်သူမဆို လိုင်စင်ရှိသော ယာဉ်သာ ပိုင်ဆိုင်လိုကြသော်လည်း လူအများစုမှာ ဈေးနှုန်း မြင့်မားခြင်း၊ စီးပွားရေး ကျပ်တည်းခြင်းတို့ကြောင့် လိုင်စင်မဲ့ ယာဉ်တစ်စီး ဝယ်ယူရန်ပင်လျှင် ငွေကြေးအခက်အခဲ ရှိကြသည်ဟု မန္တလေးမြို့မှ ယာဉ်အရောင်းအဝယ်သမား ကိုနိုင်က ပြောသည်။

“လိုင်စင်ကားတွေ အရမ်းဈေးမြင့်ရတဲ့အကြောင်းအရင်းတွေထဲ အခွန်ကိစ္စတွေလည်းပါတယ်”” ဟု သူက ဆိုသည်။

မြန်မာ့ စီးပွားရေး ယိုယွင်းကျဆင်းလာသည့် ၂၀၂၂ ခုနှစ်တွင် စစ်အစိုးရက ပြည်ပမှ တင်သွင်းသော (2000CC နှင့်အောက်)ကားများ အပေါ် ကောက်ခံသည့်အခွန်နှုန်းထားကို ၃၀ % သို့ တိုးမြှင့်လိုက်သည်။ ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ထိုကားအခွန်နှုန်းထားကို ၂၀ % သို့ လျှော့ချထားရာမှ ထိုသို့ပြန်လည်မြှင့်တင်လိုက်ခြင်း ဖြစ်သည်။ မော်တော်ဆိုင်ကယ်အတွက် အခွန်နှုန်းထားကိုမူ ၅ % အဖြစ်ဆက်လက်သတ်မှတ်ထားရှိသည်။ ထိုအကောက်ခွန်ကို ပစ္စည်း တင်သွင်းသူက ပေးဆောင်ရခြင်းဖြစ်သော်လည်း ၎င်းက ကားဈေးကို ပြန်၍ မြှင့်တင်လိုက်သည့်အခါ နောက်ဆုံးဝယ်သူကသာ အခွန်ကို ကျခံရသည့် အနေအထားမျိုး ဖြစ်သည်။

နေပြည်တော်ရှိ အမည်မဖော်လိုသော အခြား ကားအရောင်းအဝယ်သမားတစ်ဦးကမူ ကားဈေး၊ ဆိုင်ကယ်ဈေးများ မြင့်တက်ရခြင်းမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက တစ်ဒေါ်လာလျှင် ၁၄၀၀ ကျပ်ရှိခဲ့ရာမှ ယခု ၄၅၀၀ ကျပ်ဝန်းကျင်အထိ ငွေတန်ဖိုးကျဆင်းသွားမှု၊ တစ်နည်းအားဖြင့် ငွေကြေးဈေးကွက် မတည်ငြိမ်မှုကြောင့်လည်း ဖြစ်သည်ဟု ဖရွန်တီးယားကို ပြောပြသည်။

ဈေးမြောက်နေသည့် အဓိကအကြောင်းရင်းတစ်ခုမှာ “သွင်းကုန်ကန့်သတ်ချက်” ကြောင့်လည်း ဖြစ်သည်ဟု သူက ဆက်လက် ထောက်ပြပြောဆိုသည်။ အာဏာသိမ်းပြီးကတည်းက စစ်အစိုးရ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် မော်တော်ယာဉ်တင်သွင်းမှု ကန့်သတ်သည့် မူဝါဒများကို တိုးမြှင့် ချမှတ် ကျင့်သုံးလာခဲ့သည်။ 

၂၀၂၂ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်သော မော်တော်ဆိုင်ကယ်ဆိုင်ရာ စည်းမျဥ်းတစ်ခုအရ အရောင်းပြခန်းများသည် ရောက်ရှိခုနှစ်မှ ၂ နှစ်အတွင်း ထုတ်လုပ်သည့် မော်တော်ဆိုင်ကယ်များကိုသာ တင်သွင်းရမည် ဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ၌ မော်တော်ယာဉ်တင်သွင်းခြင်းအတွက် ထုတ်ပြန်သော အခြား မူဝါဒတစ်ခု၌လည်း ယခုနှစ်၊ သို့မဟုတ် ယမန်နှစ်က ထုတ်လုပ်သော လူစီးမော်တော်ယာဉ်များကိုသာ တင်သွင်းခွင့်ပြုမည်ဟု ကန့်သတ်ထားပြန်သည်။

သို့ရာတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလက ဖရွန်တီးယား က ရေးသားခဲ့သည့် စတိုရီအရ  စစ်ကောင်စီ၏ သွင်းကုန်ထိန်းချုပ်နိုင်ရေး ကို့ရို့ကားရားနိုင်သည့် ကြိုးပမ်းမှုများသည် ကိုယ့်အတတ်နှင့်ကိုယ်ဆူးသလိုဖြစ်ကာ မှောင်ခို တင်သွင်းမှုကို အားပေးအားမြှောက်ပြုသော ဆိုးကျိုးများ ဖြစ်ပေါ်လာစေခဲ့သည်။

မြန်မာနိုင်ငံ၌ ရောင်းချသော လိုင်စင်မဲ့ယာဉ်အများစု၏ ဝင်ပေါက်မှာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဖြစ်သည်။ အထူးသဖြင့် စစ်အစိုးရနှင့် မဟာမိတ်ပြုလုပ်ထားသော ကရင်နယ်ခြားစောင့်တပ်က ထိန်းချုပ်ထားသည့် ဒေသများမှ ဝင်ရောက်နေခြင်း ဖြစ်သည်။

တရားမဝင်လိုင်စင်မဲ့ ယာဉ်အသုံးပြုသူများကို ဆက်လက် နှိမ်နှင်းနေသော်ငြားလည်း လိုင်စင်မဲ့ယာဉ် ဝင်ရောက်သည့် နယ်စပ်မှသည် မြန်မာနိုင်ငံ အတွင်းပိုင်း ဒေသများအထိ စစ်ဆေးရေးဂိတ်အသီးသီး၌ စစ်ကောင်စီ အာဏာပိုင်အရာရှိနှင့် ဝန်ထမ်းများက လာဘ်ငွေယူ၍ လွှတ်ပေးနေကြသည့်အခါ တရားမဝင် သွင်းကုန် စီးဆင်းမှုမှာ ရပ်တန့်သွားခြင်း မရှိကြောင်း အရောင်းကိုယ်စားလှယ်များက ဆိုသည်။

လိုင်စင်မဲ့ယာဉ်များကို တင်ပို့ရာ လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်များ၌ “ဂိတ်ကြေး” ပေး၍  တင်သွင်းလာခြင်းဖြစ်ကြောင်း ဟု မြဝတီမြို့မှ လိုင်စင်မဲ့ကား ရောင်းချသူ ကိုလင်းလင်းက ပြောပြသည်။

သို့ရာတွင် လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်ရောင်းဝယ်မှု ကွန်ယက်အတွက် နောက်ဆုံး အပြစ်ပေး အရေးယူခံရသည့်စာရင်းတွင် တရားမဝင် တင်သွင်းသူလည်း မပါ၊ တရားမဝင် ရောင်းချသူလည်း အရေးယူ မခံရ။  ထို့အတူ အဆင့်ဆင့် လာဘ်စားခဲ့ကြသော အကျင့်ပျက်အရာရှိများလည်း အရေးယူခံရခြင်းမှ ကင်းလွတ်နေကြသေးသည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်က ရန်ကုန်မြို့ရှိ ဆူဇူကီးကားအရောင်းပြခန်း၌ ပြသထားသော မော်တော်ယာဉ်များ (ဓာတ်ပုံ – အေအက်ဖ်ပီ)

နေ့စဥ် လူနေထိုင်မှုဘဝကို နှောင့်ယှက်နေသည့်နှယ်

များပြားလှသော လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များသည် မြန်မာနိုင်ငံ တစ်နံတစ်လျားရှိ ဝင်ငွေလုပ်ခနည်း အလုပ်သမားများနှင့် လူလတ်တန်းစားအတွက် အဓိကမှီခိုအားထားရာ ပို့ဆောင်ရေးနည်းလမ်း ဖြစ်သည်။ရန်ကုန်မြို့မှာမူ မော်တော်ဆိုင်ကယ်စီးနင်းမှုကို ၂၀၀၃ ခုနှစ်ကတည်းက ပိတ်ပင်ထားခံရသည်။ ယင်းကြောင့် ရန်ကုန်မြို့တွင်း ဆိုင်ကယ်အသုံးပြုမှုမှာ အခြားမြို့နှင့် ယှဥ်လျှင် နည်းပါးသည်။​

စစ်ကောင်စီ၏ လိုင်စင်မဲ့ယာဉ်နှိမ်နှင်းမှုသည် ကားပိုင်ရှင်များထက် မော်တော်ဆိုင်ကယ်စီးနင်းသူများ အပေါ်  ပိုမို ထိခိုက်ခဲ့သည်။ ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၂၄ ရက်အတွင်း တစ်နိုင်ငံလုံးတွင် လိုင်စင်မဲ့ကား ၁၂၃၆ စီးနှင့် လိုင်စင်မဲ့ဆိုင်ကယ် ၄၄၁၄ စီးကို သိမ်းဆည်းခဲ့ကြောင်း စစ်ကောင်စီက ဇွန်လနှောင်းပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

တရားမဝင်ယာဉ်ကို အသုံးပြုသူသည် မော်တော်ယာဉ်ဥပဒေအရ တစ်လအထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၅ သောင်းထက် မပိုသော ဒဏ်ငွေဖြစ်စေ၊ ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်စလုံးဖြစ်စေ ကျခံရနိုင်သည်။ထို့အပြင် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ(၈)အရ  ပိုမိုပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ခံရနိုင်ပြီး ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ (သို့မဟုတ်) ဒဏ်နှစ်ရပ်စလုံးဖြစ်‌စေ ပြစ်ဒဏ်ချမှတ်ခံရနိုင်သည်ဟု ကားပွဲစားများနှင့် ယာဉ်ထိန်းရဲတစ်ဦးတို့က ဖရွန်တီးယားကို ပြောပြသည်။

လိုင်စင်မဲ့များကို သိမ်းယူသည့်အခါ အာဏာပိုင်တို့သည် လမ်းပေါ်သွားလာနေသော ကားများ၊ မော်တော်ဆိုင်ကယ်များကိုသာ ရပ်တန့်စေ၍ ဖမ်းဆီးခဲ့ခြင်း မဟုတ်ပေ။ သတင်းပေးများထံမှ သတင်းရသည့်အခါ လူနေအိမ်၊ ဆိုင်ကယ်ပြင်ဆိုင်များ၌ပါ ယာဉ်ထိန်းရဲတို့က ရှာဖွေဖမ်းဆီးခြင်းပါ ပြုလုပ်လာကြသည်ဟု ဆိုသည်။​

အမည်မဖော်ပြလိုသော နေပြည်တော်မှ မော်တော်ဆိုင်ကယ်ပွဲစားတစ်ဦးက “လူနေအိမ်တွေမှာ ဆိုင်ကယ်တွေ၊ ကားတွေ လိုက်ရှာပြီး ဖမ်းဆီးတာကတော့ မဟုတ်သေးဘူးဗျာ” ဟု ဖရွန်တီးယား ကို ပြောသည်။ ကျေးလက်ဒေသက လူအများစုမှာ လယ်ယာလုပ်ငန်းခွင်သို့ (သို့မဟုတ်) ရွာတစ်ရွာမှ တစ်ရွာသို့ ကူးလူးသွားလာရန် မော်တော်ဆိုင်ကယ် လိုအပ်သည်ဟု သူက ရှင်းပြသည်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ လုံခြုံရေးအတွက် အမည်မဖော်ပြလိုသူ အသက် ၅၀ အရွယ် လယ်သမားတစ်ဦးက ၂၀၁၈ ခုနှစ်တွင် လိုင်စင်မဲ့ဆိုင်ကယ်တစ်စီးကို သူ ဝယ်ယူခဲ့ကြောင်း၊ ဆိုင်ကယ်ကို လယ်ယာလုပ်ငန်းခွင်သို့ သွားလာရန်အပါအဝင် ဟိုနားဒီနားသွားရန်နှင့် ကလေးများကျောင်းပို့ရန် အသုံးပြုကြောင်း ပြောပြသည်။

“ကလေးတွေရဲ့ကျောင်းက ရွာနဲ့နီးပေမယ့် လမ်းလျှောက်သွားရဖို့လောက်ထိလည်း မနီးဘူး။ ဆိုင်ကယ်နဲ့သွားရင်တော့ နီးတယ်” ဟု သူက ဆိုသည်။

လိုင်စင်မဲ့ယာဉ်များ နှိမ်နှင်းရခြင်းမှာ နိုင်ငံ့ဝင်ငွေ တိုးတက်စေရန်နှင့် အများပြည်သူ လုံခြုံမှုရှိစေရန် ဖြစ်သည်ဟု ဝင်ငွေလိုအပ်နေသည့် စစ်ကောင်စီက ခုခံ ပြောဆိုနေသော်လည်း ယခုသတင်းအတွက် ဖရွန်တီးယားမှ ဆက်သွယ်မေးမြန်းခဲ့သော သတင်းရင်းမြစ်များကမူ ယခုနှိမ်နှင်းမှု၏ အကျိုးဆက်မှာ သာမန်ပြည်သူများ၏ နေ့စဉ် လူနေမှုဘဝကို အဓိက နှောင့်ယှက်မှုသာ ဖြစ်စေသည်ဟု ဆိုသည်။

လိုင်စင်မဲ့ဆိုင်ကယ်များ စီးနင်းသည့် အချို့မှာမူ အလုပ်သို့ စျေးသို့ ကျောင်းသို့ အသွား အထိတ်တလန့်ဖြင့် ရှောင်တခင်စစ်ဆေးသော လမ်းကြောင်းများကို ရှောင်ရှား၍ ကွေ့ဝိုက်သွားကြရသည်ဟု ဆိုသည်။ သို့မဟုတ် အိမ်ပြန်ချိန်ကို ယာဉ်ထိန်းရဲများ အလုပ်ချိန်ပြီးဆုံးသည့်  ညနေအမှောင်ကျချိန်သို့ ရွေ့ကာ ရှောင်ကွင်းသွားလာသည် ဟု ဆိုသည်။​ အချို့အလုပ်သမားများဆိုလျှင် အလုပ်သွား အလုပ်ပြန်အတွက် စုပေါင်းကားငှား၍ သွားလာကြရကြောင်း နေပြည်တော်နှင့် မန္တလေးဒေသခံများက ဖရွန်တီးယားကို ပြောပြသည်။

နေပြည်တော် အခြေစိုက် အခြားကားအရောင်းကိုယ်စားလှယ်တစ်ဦးကမူ စစ်ကောင်စီ မူဝါဒအမှားနှင့် အဆင့်ဆင့် အကျင့်ပျက်ခြစားမှုများ စသော အကြောင်းရင်းခံများကို မဖြေရှင်းဘဲ တရားမဝင် ယာဉ်တင်သွင်းမှုအတွက် နောက်ဆုံးလက်ဝယ်ထား သုံးစွဲသူကို ဖမ်းဆီးခြင်းမှာ အများပြည်သူကိုသာ အတိဒုက္ခ ကျရောက်စေလျက်ရှိသည်ဟု ထောက်ပြပြောဆိုသည်။

အာဏာပိုင်များအနေဖြင့် အခြေခံလူတန်းစားများကို ထည့်သွင်းစဥ်းစားခြင်းအပြင် စာနာစိတ်ရှေ့တန်းတင်ကာ ပြဿနာကို ချဉ်းကပ်သင့်ကြောင်း နေပြည်တော်မှ အသက် ၄၃ နှစ် အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။ သို့သော် ပြည်သူ့ အကျိုး ရှေးရှုသည့် မူဝါဒများဆိုသည်မှာ ယခုကာလအတွင်း တွေ့မြင်ရခဲလှသည့် အရာဖြစ်ကြောင်း အလုပ်သင် ဆိုင်ကယ် စက်ပြင် ကိုဇော်နိုင်တစ်ယောက်ကဖြင့် ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ သိရှိသွားခဲ့ရပြီ ဖြစ်သည်။

“သူတို့ ကျွန်တော့်ကို တားတုန်းက ကျွန်တော့်ဆိုင်ကယ်ကို လိုင်စင်ရအောင်လုပ်ပေးရင် ကောင်းမှာလို့ တွေးမိသေးတယ်။သူတို့က ဖမ်းဆီးပြီး တရားဝင်ဖြစ်အောင် လိုင်စင်ထုတ်ပေးရင်လည်း တော်သေးတယ်။အခုက သပ်သပ်ကို ဒုက္ခပေးဖို့ ဖမ်းနေသလိုပဲ” ဟု ကိုဇော်နိုင်က ဆိုသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.