စစ်တပ်နဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ ပို့ဆောင်ရေးလမ်းကြောင်းတွေ ပြတ်တောက်မှုကြောင့် စိတ်ကြွဆေးတွေလည်း စျေးကွက်ထဲ ပျောက်ကွယ်သွားခဲ့ပေမဲ့ သိပ်မကြာခင်မှာပဲ ဒေသခံတွေကြား မူးယစ်ဆေးတွေ ပြန်ရောက်လာခဲ့ပါတယ်။ ဒီမူးယစ်ဆေးဝါး ပျံ့နှံ့မှုအန္တရာယ်ကို အေအေက ဘယ်လို ကိုင်တွယ်သွားမလဲ။
ဖရွန်တီးယား
ဆိုင်ကယ်တက္ကစီမောင်းတဲ့ ကိုအောင်သန်းတစ်ယောက် ညနေ အလုပ်ပြီးတာနဲ့ စိတ်ကြွမူးယစ်ဆေး ဖြန့်ဖြူးရောင်းချတဲ့သူတွေဆီကိုသာ ခြေဦးတည်နေမိပါတယ်။ အဲဒီလူတွေဆီ ရောက်တာနဲ့ သူ တစ်နေ့တာ ရှာဖွေထားတဲ့ ဝင်ငွေရဲ့ တစ်ဝက်လောက် ကုန်သွားမယ်ဆိုတာလည်း သူသိနေပါတယ်။
“ဆေးသုံးဖို့က အနည်းဆုံး ၁၀,၀၀၀ လောက် နေ့တိုင်း ကုန်တယ်။ တစ်ရက်မှာ ကယ်ရီဆွဲလို့ ၂၀,၀၀၀ ရရင် ၁၀,၀၀၀ ပဲ ကျန်တော့တယ်။ အဲဒါနဲ့က မလောက်ဘူး” လို့ အသက် ၃၀ အရွယ် ကိုအောင်သန်းက ပြောပါတယ်။
‘ရာဘ’ လို့ခေါ်တဲ့ စိတ်ကြွမူးယစ်ဆေးပြားတွေကို မသုံးစွဲခင်ကတော့ သူရဲ့နေ့စဉ်လုပ်အားခနဲ့ပဲ ဇနီးနဲ့ သားသမီးနှစ်ယောက်ကို ဝဝလင်လင် လုပ်ကျွေးနိုင်ခဲ့ပါတယ်။ ရာဘဆေးပြားတွေကို သုံးစွဲမိတဲ့နောက်ပိုင်းမှာတော့ မိသားစုစားဝတ်နေရေးအတွက် အတော်ကို ရုန်းကန်နေရပါတယ်။
မက်သာဖက်တမင်း (Methamphetamine) နဲ့ ကဖိန်း (Caffeine) ကို အဓိကထားပြီး ဖော်စပ်ထားတဲ့ စိတ်ကြွဆေးတွေက မြန်မာနိုင်ငံထဲမှာ ထုတ်ပြီး ပြည်တွင်းမှာသာမက အရှေ့တောင်အာရှနဲ့ အခြားနိုင်ငံတကာဈေးကွက်ကိုပါ ဖြန့်ဖြူးနေပါတယ်။ ဈေးနှုန်းချိုသာပြီး အလွယ်တကူလည်း ရနိုင်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ပေါက်တောမြို့နယ်မှာနေတဲ့ ကိုအောင်သန်းက ဆိပ်ကမ်းကုန်တင်ကုန်ချအလုပ်နဲ့ ပစ္စည်းပို့ယာဉ်မောင်းတဲ့အလုပ် လုပ်တဲ့သူပါ။ အမြဲတမ်း လူပန်းစိတ်ပန်း ဖြစ်နေလို့ ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းမှာ မူးယစ်ဆေးကို စတင်သုံးစွဲခဲ့မိတယ်လို့ ဆိုပါတယ်။
“ဆေးသုံးလိုက်ရင် အပင်ပန်းခံနိုင်မယ်၊ အလုပ်ပိုလုပ်နိုင်မယ်” ဆိုတဲ့ အပေါင်းအသင်းတွေရဲ့စကားကို နားယောင်ပြီး သုံးစွဲမိရာက မကြာခင်မှာပဲ ဆေးမသုံးရရင် မနေနိုင်တော့တဲ့အခြေအနေကို ရောက်သွားခဲ့ရတယ်လို့ သူက ဆိုပါတယ်။ ယာဉ်မောင်းတွေနဲ့ အခြေခံအလုပ်သမားတွေက မအိပ်ဘဲ အချိန်ကြာကြာနေနိုင်အောင် ရာဘကို သုံးကြပါတယ်။
ရှည်လျားလှတဲ့ ကမ်းရိုးတန်းရှိတာရယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာရယ်ကြောင့် မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းမှုမှာ ရခိုင်ပြည်နယ်က အဓိက အချက်အချာနေရာဖြစ်လာခဲ့ပြီး ရာဘဆေးပြား တစ်ပြားက လက်ဖက်ရည်တစ်ခွက်ထက် ဈေးပိုသက်သာပြီး ဆေးလိပ်နဲ့ကွမ်းယာထက်တောင် ပိုပြီး လွယ်လွယ်ဝယ်လို့ ရနိုင်ပါတယ်။
ကိုအောင်သန်းတို့ရဲ့ ပေါက်တောမြို့ကို အာရက္ခတပ်တော် (အေအေ)က ၂၀၂၄ ခုနှစ်မှာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် မြို့က ပျက်စီးယိုယွင်းခဲ့ရသလို လူဦးရေကလည်း နည်းပါးသွားတာကြောင့် ဆိုင်ကယ်တက္ကစီ စီးတဲ့ ခရီးသည်လည်း ရှားလာပါတယ်။
ဝင်ငွေမှန်အောင် မနည်းရုန်းကန်နေရချိန်မှာ စိတ်သက်သာရာ ရလိုမှုနဲ့ စျေးပေါတဲ့ မူးယစ်ဆေးကို သုံးစွဲမိကြပြီး ဖြတ်ပစ်ဖို့ ခက်နေကြရတယ်လို့ ဖရွန်တီးယားက တွေ့ဆုံမေးမြန်းခဲ့သူတွေက ဆိုပါတယ်။
“ဒီကောင်တွေ (ရာဘဆေးပြား) က ဒီလိုပဲဗျ။ တစ်ခါ ငြိဖူးရင် ဖြတ်ပစ်ဖို့ ဆိုတာ တော်တော်ခက်တယ်” လို့ ကိုအောင်သန်းက သူ့အတွေ့အကြုံကို ပြောပြပါတယ်။

စစ်ပွဲကြောင့် ခဏတာ ဆေးပြတ်
မြန်မာနိုင်ငံမှာ ရာဘက ၁၉၉၀ ပြည့်နှစ်တွေကတည်းက ခေတ်စားခဲ့တာပါ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ ဒေသအချို့မှာ သုံးစွဲမှု သိသိသာသာ ပြန်လည်မြင့်တက်လာပါတယ်။စစ်တပ်က အာဏာသိမ်းပြီး စီမံခန့်ခွဲမှုအမှားတွေကြောင့် ငွေလဲနှုန်းတွေ ထိုးဆင်းပြီး ငွေကြေးဖောင်းပွမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလိုနဲ့ အခြေခံစားကုန်စျေးနှုန်းတွေ သုံးဆမက စျေးတက်လာခဲ့ပေမဲ့ စိတ်ကြွဆေးပြား တစ်ပြားရဲ့ဈေးကတော့ ကျပ် ၂,၀၀၀ ဝန်းကျင်ကနေ ကျပ် ၅၀၀ လောက်အထိကို ထိုးဆင်းကျခဲ့တာပါ။
၂၀၂၃ ခုနှစ် နှောင်းပိုင်းမှာ အေအေက ရခိုင်ပြည်နယ်တစ်ဝန်းမှာ နယ်မြေသိမ်းပိုက်ရေး ထိုးစစ်တွေ စတင်ခဲ့ပြီး အခုအချိန်အထိ ပြည်နယ်မှာရှိတဲ့ မြို့နယ် ၁၇ ခုထဲက ၁၄ ခုကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ နယ်မြေ ပြန်လည်ရရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ စစ်တပ်က မြို့ရော၊ ကျေးရွာပါမကျန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ နေ့စဉ်နှင့်အမျှ ရှိနေပြီး ရာပေါင်းများစွာသော ပြည်သူတွေ သေဆုံး၊ ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပြည်တွင်းစစ်မှာ စစ်တပ်ရဲ့ တွင်တွင်ကျယ်ကျယ် ကျင့်သုံးနေကျလမ်းစဉ်ဖြစ်တဲ့ မဟာဗျူဟာမြောက် လမ်းပိတ်ဆို့မှုတွေကြောင့် ဒေသခံတွေဟာ အစားအသောက်နဲ့ ဆေးဝါးလို အရေးပါတဲ့ အခြေခံကုန်စည်တွေ ပြတ်လပ်ခဲ့ရပါတယ်။ အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ အလုပ်အကိုင်ရှားပါးမှု စတဲ့ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီလိုအခြေအနေမှာ အခြေခံကုန်စည်တွေသာမက ရာဘလိုဆေးပြားတွေပါ ပြတ်တောက်သွားခဲ့တာပါ။ ရာဘအပါအဝင် မူးယစ်ဆေးဝါး ပြတ်တောက်သွားမှုကြောင့် ဆေးစွဲနေသူတွေရဲ့ မိဘနဲ့ဆွေမျိုးတွေ အတိုင်းအတာတစ်ခုအထိ စိတ်သက်သာရာ ရခဲ့ကြပါတယ်။
ဆေးဝယ်မရတဲ့အတွက် ကိုအောင်သန်းလည်း အများနည်းတူ ဘယ်သူ့အကူအညီမျှမပါဘဲ ဆေးကို အစိမ်းဖြတ်ခဲ့ရပါတယ်။ တစ်နေ့ ဆေးပြား ၁၅ ပြားလောက် သုံးနေရာကနေ လုံးဝရပ်ချခဲ့တယ်လို့ ဆိုပါတယ်။
“တိုက်ပွဲတွေစတာနဲ့ ရာဘက ဘယ်ကမှ ဝယ်လို့မရတော့ဘူး” လို့ ကိုအောင်သန်းက ပြောပါတယ်။ ဆိုင်ကယ်တက္ကစီစီးမယ့် ခရီးသည်တွေ နည်းလာတာနဲ့အမျှ ဆေးသုံးဖို့အတွက်ရော စားဝတ်နေရေးအတွက်ပါ ဝင်ငွေရဖို့ အသည်းအသန် ကြိုးစားခဲ့ရပါတယ်။
ဆေးဝယ်လို့မရသလို ဝင်ငွေကလည်း ဝယ်ဖို့ ခက်ခဲသွားတဲ့ အခြေအနေပါ။
“စစချင်းမှာတော့ ကျနော် လုံးဝ အဆင်မပြေဘူး။ ဘာမှလည်း မလုပ်ချင်ဘူး။ စိတ်တိုပြီး ဒေါသပဲထွက်နေခဲ့တာ” လို့ ကိုအောင်သန်း ပြောပါတယ်။ ဒီလိုနဲ့ သူ နှစ်နှစ်နီးပါး ဆေးဖြတ်ထားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ မူးယစ်ဆေးရောင်းတဲ့သူတွေက လမ်းသစ်တွေရှာပြီး အရောင်းအဝယ်တွေ လုပ်လာကြတော့ ဆေးပြားတွေ ဈေးကွက်ထဲ ပြန်ရောက်လာပါတယ်။ ဒီလိုနဲ့ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက စလို့ ဆေးပြန်သုံးစွဲမိတယ်လို့ သူက ပြောပါတယ်။
ကိုသိန်းဝင်း (အမည်လွှဲ)က စစ်တွေတက္ကသိုလ်မှာ ကျောင်းတက်နေတုန်း သူငယ်ချင်းတွေနဲ့ အပျော်သုံးရာကနေ ဆေးစွဲသွားတာပါ။ ပဋိပက္ခတွေနဲ့ လမ်းပိတ်ဆို့မှုတွေကြောင့် ဆေးပြားတွေ ရှားလာပြီး ပုံမှန်သုံးစွဲသူတွေအတွက် ဈေးတွေ ခေါင်ခိုက်သွားတဲ့အခါ သူလည်း မဖြစ်မနေ တစ်နှစ်လောက် ဆေးဖြတ်ခဲ့ရပါတယ်။
“အခု ဈေးနှုန်းတွေ ပြန်ကျလာတော့ ကျနော် ပြန်သုံးမိသွားတယ်။ …ဖြတ်ဖို့ ကြိုးစားနေပေမဲ့ မရဘူး ဖြစ်နေတယ်” လို့ သူက ဆိုပါတယ်။
တက္ကသိုလ်လည်း ပြန်မတက်နိုင်သလို အလုပ်အကိုင်လည်း ရှာမရတာမို့ မင်းပြားက မိသားစုရှိရာ လယ်ယာလုပ်ငန်းမှာပဲ ကူညီလုပ်ကိုင်ပေးရင်း သူငယ်ချင်းတွေကို ဆေးပြားရောင်းတဲ့ အလုပ်လည်း လုပ်နေပါတယ်။ မိဘတွေက ကိုသိန်းဝင်း မူးယစ်ဆေးသုံးစွဲနေတာကို သိပေမဲ့ ဆေးဖြတ်ဖို့ တိုက်တွန်းလို့ မရခဲ့ကြပါဘူး။
ဆူပူကြိမ်းမောင်းလို့ တစ်မျိုး၊ အကျိုးအကြောင်းပြလို့ တစ်သွယ် ဆုံးမပေမဲ့ “ဘယ်နည်းလမ်းနဲ့မှ မအောင်မြင်ခဲ့ဘူး”လို့ သူ့မိခင်က ဖရွန်တီးယားကို ပြောပါတယ်။
“အခု သူဆေးပြန်သုံးနေတာကို မြင်ရတော့ ကျမ ရင်ကျိုးရပါတယ်။ ဒီလိုမျိုး ဆိုးဝါးတဲ့မူးယစ်ဆေးဝါးတွေ အမြစ်ပြတ် ပျောက်ကွယ်သွားစေချင်တယ်။ …ဒီဆေးတွေ ရှိနေသရွေ့တော့ လူငယ်တွေက ဆက်ပြီးသုံးနေကြဦးမှာပဲ။ သူများ သားသမီးတွေကိုလည်း ကျမသားလို မူးယစ်ဆေးရဲ့ သားကောင်တွေ မဖြစ်စေချင်ဘူး” လို့ ကိုသိန်းဝင်းရဲ့ မိခင်က ဆိုပါတယ်။
အလုပ်အကိုင်ရှားပါးမှု ပြဿနာနှင့် မူးယစ်နွံ့
ရခိုင်ပြည်နယ်မှာ စစ်ကော်မရှင်ထိန်းတဲ့ မြို့ပဲဖြစ်ဖြစ်၊ အေအေထိန်းတဲ့ မြို့ပဲဖြစ်ဖြစ် မြို့နယ်တိုင်းလိုလိုမှာ မူးယစ်ဆေးက နေရာအနှံ့ရောင်းနေတာပါလို့ ဒေသခံတွေက ဖရွန်တီးယားကို ပြောပါတယ်။
“နေရာတိုင်းမှာ ရောင်းနေကြတာပဲ။ အရေအတွက် အနည်းအများပဲကွာတယ်။..တချို့မြို့တွေမှာ ဝယ်ရခက်ပေမဲ့ တချို့မြို့တွေမှာကျတော့လည်း အလွယ်လေးပဲ” လို့ လုံခြုံရေးအတွက် အမည်မဖော်လိုတဲ့ ကျောက်တော်မြို့က လူငယ်တစ်ယောက်က ပြောပါတယ်။
စစ်ကော်မရှင်ထိန်းချုပ်စဥ်က မြို့ထဲ၊ ရွာထဲမှာ နေရာ သတ်သတ်မှတ်မှတ်ထားပြီး ရောင်းချသူတွေဆီက ဗြောင်ကျကျဝယ်ယူနိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အေအေရဲတပ်ဖွဲ့က စောင့်ကြည့်စစ်ဆေးမှုတွေကြောင့် လမ်းဘေးတစ်နေရာမှာ ကြိုချိန်းပြီး ပစ္စည်းလာပို့တဲ့နည်းနဲ့ပဲ ဝယ်ယူရောင်းချနေကြကြောင်း မူးယစ်ဆေးဝါး ဝယ်ယူသုံးစွဲသူများက ဆိုပါတယ်။
ယခင် စစ်ကော်မရှင်လက်အောက် ပြည်နယ်ရဲ့ နေရာတော်တော်များများကို စစ်ကော်မရှင်ရဲတွေက လစဉ်လာဘ်ငွေ (လိုင်းကြေး) ယူပြီး မူးယစ်ဆေးရောင်းတာတွေကို မျက်ကွယ်ပြုပေးထားခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အရင်ကတော့ ဘာမှပူစရာမလိုဘူးလေ၊ ရဲကို ပိုက်ဆံပေးထားတယ်။ ကိုယ့်အိမ်မှာ ဒီအတိုင်း ချရောင်းတာ။ ရောင်းတဲ့အိမ်မှာပဲ သုံး” လို့ လုံခြုံရေးအတွက် အမည်မဖော်လိုတဲ့ ပေါက်တောမြို့နယ်က ရာဘအရောင်းသမားတစ်ယောက်က ပြန်ပြောင်း ပြောပြပါတယ်။
ဆက်လက်ပြီး သူက “အခုက အဲလိုမရောင်းတော့ဘူး။ ဝယ်ရင် ရောင်းလိုက်တယ်။ သုံးဖို့နေရာကိုတော့ ကိုယ်ဟာကိုယ် ရှာကြ၊ နေရာမလုပ်ပေးတော့ဘူး” ဟု ဆိုပါတယ်။
ကျေးလက်ဒေသတွေအထိ မူးယစ်ဆေးဝါးတွေ ပျံ့နှံ့လာတဲ့အချိန်၊ တစ်ဖက်မှာလည်း ပဋိပက္ခတွေ၊ တိုက်ပွဲတွေကြောင့် အခြေခံပညာကျောင်းနဲ့ တက္ကသိုလ်တွေကနေ ထွက်လာခဲ့ရတဲ့ လူငယ်တွေဟာ ရွေးချယ်စရာ လမ်းစပျောက်ဆုံးနေကြပါတယ်။
အလုပ်လက်မဲ့နှုန်း မြင့်လာတာရယ်၊ စစ်ဘေးရှောင်နေရတာရယ်ကြောင့် ဝင်ငွေရရှိရေးအတွက် မူးယစ်ဆေးဝါး အရောင်းအဝယ်ဘက်ကို လူငယ်တချို့ ခြေစုံပစ်ဝင်လာကြပါတယ်။
အသက် ၂၅နှစ်အရွယ် ကိုကျော်(အမည်လွဲ)က အာဏာမသိမ်းခင်က ဖုန်းကုမ္ပဏီတစ်ခုက အရောင်းဝန်ထမ်းပါ။ စစ်ကော်မရှင်ရဲ့ လမ်းပိတ်ဆို့မှုတွေကြောင့် ကုမ္ပဏီပစ္စည်းတွေ ရခိုင်ပြည်နယ်ထဲ မပို့နိုင်တော့ဘဲ အလုပ်လက်မဲ့ ဖြစ်သွားရပါတယ်။ ဒီလိုနဲ့ မူးယစ်ဆေးရောင်းသူတစ်ယောက်နဲ့ ချိတ်ဆက်မိရာကနေ ရာဘရောင်းသူ ဖြစ်ခဲ့တာ ငါးလလောက် ရှိနေပါပြီ။
“အလုပ်လည်း မရှိ၊ ဝင်ငွေလည်း မရှိဘူး၊ ကိုယ်ရောင်းတယ်ဆိုရင် ဝယ်သုံးစရာ မလိုတော့ဘူး။ မိသားစုအသုံးစရိတ်လည်း နည်းနည်းပါးပါး ရတယ်။ အဲဒါကြောင့် ဝယ်သုံးနေကျ တစ်ယောက်နဲ့ ချိတ်ပြီး စရောင်းဖြစ်တာ” လို့ ကိုကျော်က ပြောပါတယ်။
လူမှုဆက်ဆံရေးနယ်ပယ် ကျယ်ဝန်းပြီး အရောင်းမြှင့်တင်နိုင်စွမ်းရှိတဲ့ လူငယ်တွေကို မူးယစ်ဆေးအရောင်းသမားတွေက အဓိက ပစ်မှတ်ထားလေ့ရှိပါတယ်။
အခြားအလုပ်အကိုင် အခွင့်အလမ်းတွေ မရှိတော့တဲ့အခါ အမြတ်ကို ရာခိုင်နှုန်းနဲ့ ပြန်ခွဲပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကလည်း လူငယ်တွေအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်လာပါတယ်။ လက်ကားဒိုင်ဆီက ဆေးပြား ၂၀၀ ဝယ်ပြီး ရောင်းပေးနိုင်ရင် ကျပ် ၁၀၀,၀၀၀ လောက် အမြတ်ရပါတယ်။ အဲဒါလည်း ၁၀ ရက်လောက်အတွင်းမှာကို ကုန်အောင်ရောင်းနိုင်တယ်လို့ ကိုကျော်က ပြောပါတယ်။
“သုံးဖို့ ပိုက်ဆံ မရှိလို့ ရောင်းဖြစ်တာ” လို့ ကိုကျော်က ဆိုပါတယ်။
လူငယ်တွေ မူးယစ်ဆေးဝါး ရောင်းတာက စတင်မြည်းစမ်းကြည့်ဖို့ လမ်းစပါပဲလို့ ဆရာဝန်တစ်ယောက်က ဖရွန်တီးယားကို ပြောပါတယ်။
“စိတ်တွေ လေရာကနေ မူးယစ်ဆေးစမ်းသုံးကြတယ်။ အဲဒီကနေ စသုံးရင်း စွဲသွားကြတာများတယ်။ မူးယစ်ဆေးဆိုတာမျိုးက ‘မစွဲဘူး..ငါစိတ်ထိန်းနိုင်တယ်’ ဆိုလို့ မရဘူး။ စမိသွားရင် ပြန်ရုန်းထွက်ဖို့ ခက်တယ်” လို့ အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ပြောပါတယ်။
ဒေသခံတွေ အထူးသဖြင့် ဆရာ၊ ဆရာမတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေကတော့ လူငယ်တွေ မူးယစ်ဆေးနွံ မနစ်အောင် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးဖို့ အေအေကို တိုက်တွန်းနေကြပါတယ်။
“လူငယ်တွေ မူးယစ်ဆေးဘက် မရောက်အောင် အလုပ်အကိုင်တွေ ဖန်တီးပေးဖို့၊ ကျောင်းတွေ စီစဉ်ပေးဖို့ လိုတယ်။ လူငယ်တွေဆိုတာ တိုင်းပြည်အနာဂတ်ပဲ။ ဒါက အရေးကြီးတယ်။ မဖြစ်မနေ ဦးစားပေးရမယ့်အထဲမှာ ပါပါတယ်” လို့ ရခိုင်ဒေသခံ လူမှုကူညီရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။
“သူ့မှာ တခြားဝင်ငွေရလမ်းသာ ရှိရင် ဒါမျိုးလုပ်မှာ မဟုတ်ဘူး” လို့ ဖုန်းကုမ္ပဏီကနေ အလုပ်ထုတ်ခံလိုက်ရတဲ့ ကိုကျော်က ဆိုပါတယ်။
“ဆေးရောင်းတဲ့အလုပ်က လုပ်ချင်လို့လုပ်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ လောလောဆယ်တော့ ဒါရောင်းပြီး (ဝမ်းရေးကို) ဖြေရှင်းနေရမှာပဲ” လို့ သူက ဆိုပါတယ်။

နောက်ကွယ်က ကြီးမားလှတဲ့ မူးယစ်ကုန်သွယ်မှု
ရာဘနဲ့ တခြားတရားမဝင် မူးယစ်ဆေးဝါးတွေ အလုံးအရင်းနဲ့ တင်ပို့နေတဲ့ မူးယစ်ရာဇာတွေဟာ အဲဒီဆေးတွေကို ဆိပ်ကမ်းတွေနဲ့ နယ်စပ်ဒေသတွေမှာ သိုလှောင်ထားကြတယ်လို့ လက်လီလက်ကား ရောင်းဝယ်သူတွေက ဖရွန်တီးယားကို ပြောပါတယ်။
“ကိုယ့်ပြည်တွင်းမှာက နည်းနည်းပဲ ရောင်းကြတာ။ ဟိုဘက် (နိုင်ငံခြား) ပို့တာ အခုထက် အဆပေါင်း ထောင်ချီ၊ သောင်းချီ ပိုများတယ်” လို့ တရားမဝင်အလုပ်လုပ်ကိုင်နေတာကြောင့် လုံခြုံရေးအတွက် အမည်မဖော်လိုတဲ့ မြေပုံမြို့နယ်က အရောင်းသမားတစ်ယောက်က ဆိုပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်ထဲမှာ မက်သာဖက်တမင်း ထုတ်လုပ်တာနဲ့ မှောင်ခိုကူးတာတွေဟာ သိသိသာသာကို များလာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ပြီးခဲ့တဲ့နှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မူးယစ်ရာဇာတွေဟာ ရှမ်းမြောက်ကနေ ရခိုင်ထဲကို ရာဘတွေ သယ်လာပြီးတော့မှ အဲဒီကတဆင့် မလေးရှား ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်လို ဒေသတွင်းနိုင်ငံတွေကို ရေလမ်း၊ ကုန်းလမ်းတွေကနေ ပြန်ပို့နေကြတာလို့ အဲဒီအရောင်းသမားက ဖရွန်တီးယားကို ရှင်းပြပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရခိုင်ပြည်နယ်ကနေ မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ်ကို ပို့မယ့် ကျပ်ဘီလီယံချီ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီမူးယစ်ဆေးဝါးတွေနဲ့ပတ်သက်ပြီး စစ်ကော်မရှင်က အေအေနဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အပြစ်တင်ခဲ့ပါတယ်။
အေအေဘက်က ဒါတွေဟာ နိုင်ငံရေးအရ ဝါဒဖြန့်မှုတွေသာဖြစ်တယ်ဆိုပြီး ပယ်ချခဲ့ပါတယ်။ အေအေပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကတော့ စစ်ကော်မရှင်က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် နဲ့ ပူးပေါင်းပြီး စစ်ရေယာဉ်တွေကို သုံးပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စိန့်မာတင်ကျွန်းဆီကို မူးယစ်ဆေးဝါးတွေ ပို့နေတယ်လို့ ပြန်လည်စွပ်စွဲခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ဆိုးရွားနေတဲ့ မူးယစ်ဆေးဝါးပြဿနာတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ဖရွန်တီးယားက ဦးခိုင်သုခကို ဆက်သွယ်ခဲ့ပေမဲ့ တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
ရခိုင်မှာ မူးယစ်ဆေးတွေ အလွန်ပျံ့နေပြီး တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် စွပ်စွဲနေကြပေမဲ့ အေအေရော စစ်ကော်မရှင်မှာပါ ဒီပြဿနာကို ဖြေရှင်းဖို့ တိကျတဲ့ မူဝါဒတစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
၂၀၂၂ ခုနှစ် ဩဂုတ်လမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးခိုင်သုခက “လတ်တလော ရခိုင်မှာ မူးယစ်ဆေးကို အမြစ်ပြတ်အောင်လုပ်ဖို့ ဆိုတာ မဖြစ်နိုင်သေးဘူး။ ဒါဟာ နယ်မြေမတည်ငြိမ်တာနဲ့ ဆင်းရဲတာကြောင့် ဖြစ်ရတာ” လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ပပျောက်အောင် ကုလသမဂ္ဂ၊ အိမ်နီးချင်းနိုင်ငံတို့နဲ့ ပူးပေါင်းပြီး အစီအစဉ်ဆွဲမယ်လို့လည်း သူက ဆက်လက်ပြီး ပြောခဲ့ပါသေးတယ်။
အဲဒီနောက်ပိုင်း အေအေက မူးယစ်ဆေးသုံးစွဲသူတချို့ကို ဖမ်းဆီးခဲ့တာတွေတော့ ရှိပေမဲ့ ရေရှည် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် စနစ်တကျလုပ်ဆောင်တာမျိုး မရှိဘူးလို့ ဒေသခံတွေက မြင်နေကြတယ်။
ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၃၀ ရက်ကဆိုရင် ပုဏ္ဏားကျွန်းမှာ မူးယစ်ဆေးရောင်းသူ ၁၁ ယောက်ကို ဖမ်းမိပါတယ်။ ထူးခြားတာက အဲဒီထဲက ၇ ယောက်က အေအေရဲတပ်ဖွဲ့ဝင်တွေ ဖြစ်နေတာပါ။ အဲဒီလမှာပဲ မင်းပြားမှာ ဆေးရောင်းတယ်ဆိုပြီး လင်မယားနှစ်ယောက်ကို ဖမ်းခဲ့ပါသေးတယ်။
အေအေရဲ့အုပ်ချုပ်ရေးပိုင်းကလည်း မူးယစ်ဆေးအမှုတွေကို ဦးစားပေးကိုင်တွယ်ဖို့ ရဲတွေကို ညွှန်ကြားသလို ဖမ်းမိရင် ရာထူးတိုးပေးမယ်ဆိုပြီးလည်း ညွှန်ကြားထားပါတယ်။ ဒါပေမဲ့ ကျောင်းတွေ ပိတ်ထားလို့ ပညာသင်ခွင့် ဆုံးရှုံးသွားတဲ့ ကျောင်းသားတွေတချို့က ရဲဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နေတာမို့ အတွေ့အကြုံ နည်းတဲ့ အခက်အခဲ ရင်ဆိုင်နေရပါတယ်။
“မူးယစ်ဆေးနဲ့ ပတ်သက်ရင်တော့ အပေါ်ကလည်း ညွှန်ကြားထားပြီးသားပါ။ ပြတ်ပြတ်သားသား အရေးယူဖို့၊ မူးယစ်ဆေး အမှုမိရင် ရာထူးတိုးပေးတာတောင် ရှိတယ်။ ဒါပေမဲ့ ရဲတွေက လူသစ်တွေဆိုတော့ ဖမ်းမိဖို့ ခက်တာပေ့ါ။ သတင်းရရင်၊ သိရင်တော့ ချက်ချင်းအရေးယူတယ်” လို့ အေအေရဲတပ်ဖွဲ့ ဝင်တစ်ဦးက ပြောပါတယ်။
နောက်အခက်အခဲတစ်ခုက နယ်စပ်တွေ၊ ဆိပ်ကမ်းတွေနဲ့ ရခိုင်ရိုးမပေါ်က မူယစ်ဆေးဝါးကုန်ကူးရာလမ်းကြောင်းတွေမှာ အေအေက လူအင်အားအပြည့်အဝနဲ့ လုံခြုံရေးချထားဖို့ကလည်း အကန့်အသတ်တွေ ရှိနေပြန်ပါတယ်။
“တော်လှန်ရေးကာလဖြစ်တယ်။ တိုက်ပွဲတွေလည်း ရှိနေသေးတော့ ဒါတွေကို အားမစိုက်နိုင်သေးတာလို့ ပြောရင်ရတယ်” လို့ အေအေတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတစ်ယောက်က ဆိုပါတယ်။
”နယ်စပ်ထွက်ပေါက်တွေကလည်း အဲဒီလိုထွက်နေတာပဲ။ ဘင်္ဂလားနယ်စပ်ဆိုရင် အရှည်ကြီးပဲလေ..ဆိုတော့ ခက်တာပေ့ါ” လို့ သူက ဆိုပါတယ်။
ခိုင်လင်း ရေးသားသည်။