တိုက်ပွဲများဖြစ်ပွားနေမှုနှင့် စစ်တပ်၏ ပိတ်ဆို့ထားမှုများကြောင့် ရခိုင်ပြည်နယ်တစ်ဝှမ်း အငတ်ဘေး ကျရောက်နေပြီး ကြံရာမရသည့်အဆုံးတွင် ဒေသခံများသည် ၎င်းတို့ခန္ဓာကိုယ်ထဲမှ သွေးကို ဖောက်ထုတ် ရောင်းချခြင်းမှ အစပြုကာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သည်အထိ အခြေအနေ ယိုယွင်းဆိုးဝါးလာလျက် ရှိသည်။
ဖရွန်တီးယား
ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေတွင် လင်မယား ၂ ဦးက သူတို့၏ ကလေး ၃ ဦးကို ဦးလျင်စွာ အဆိပ်ကျွေးသတ် သေဆုံးစေပြီးနောက် ၎င်းတို့ကိုယ်တိုင် ကြိုးဆွဲချ အဆုံးစီရင်ခဲ့သည့် ဖြစ်ရပ်တစ်ခု ပြီးခဲ့သည့် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည်။ ဤသို့ ပြုလုပ်ရသည့် အကြောင်းရင်းကို စာချန်မထားရစ်ခဲ့သော်လည်း အလွန်အမင်း ဆင်းရဲငတ်ပြတ်မှုဒဏ်ကို ၎င်းတို့ မခံနိုင်တော့သောကြောင့် ဖြစ်နိုင်ကြောင်း အိမ်နီးချင်းများက မှတ်ချက်ပြုသည်။
စစ်တွေမြို့၏ အနောက်ဘက်အစွန်ဆုံးကျသော မင်းဂံရပ်ကွက်နေ ရခိုင်လူမျိုးအများစုသည် အလုပ်ကြမ်းလုပ်ကိုင်ခြင်း၊ ငါးဖမ်းအသက်မွေးဝမ်းကြောင်းပြုခြင်း နှင့် သုံးဘီးဆိုင်ကယ်မောင်းခြင်း တို့ကို လုပ်ကိုင်သည်။ သတ်သေသွားသည့် မိသားစုထဲက လင်ယောကျ်ားဖြစ်သူ ကိုမောင်ဦးမှာ သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦး ဖြစ်ပြီး အလုပ်အကိုင်ရှားပါးမှုကြောင့် မိသားစု စားဝတ်နေရေးအတွက် ပိုက်ဆံရှာဖွေမရခြင်းနှင့်အတူ သူ့ခမျာ လအတန်ကြာ ရုန်းကန်သွားခဲ့ရကြောင်း အိမ်နီးချင်းများက ဆိုသည်။
“သူတို့ ထမင်းတစ်နပ်ကို ကောင်းကောင်းမစားရတာ အတော်ကြာပြီ။ တချို့နေ့တွေဆို သူတို့ ထမင်းရည်လေး သောက်ပြီး နေကြတယ်” ဟု အိမ်နီးချင်းဖြစ်သူ မင်းဂံသား ကိုဝင်းမောင်က ပြောသည်။
ကိုဝင်းမောင်က ယခု ကိုမောင်ဦးတို့ မိသားစုဖြစ်ရပ်မတိုင်မီ မေလကလည်း မင်းဂံသူ တစ်ဦးမှာ ဆင်းရဲငတ်မွတ်မှုဒဏ်ကို မခံနိုင်တော့၍ အလားတူ မိမိကိုယ်မိမိ သတ်သေ သွားခဲ့ဖူးသည်ဟု စကားဆက်သည်။
ကိုမောင်ဦးနှင့် ၎င်း၏ မိသားစုမှာ ဤအခြေအနေဆိုးကြီးကို မည်သို့မျှ ဆက်လက် တောင့်ခံနိုင်စွမ်း မရှိကြတော့ခြင်းကြောင့် ယခုကဲ့သို့ အဆုံးစီရင်လိုက်ခြင်းဖြစ်နိုင်ကြောင်းနှင့် ရပ်ရွာကလည်း ကူညီနိုင်စွမ်း မရှိတော့ကြောင်း အခြား အိမ်နီးချင်းတစ်ဦးဖြစ်သူ ကိုလင်းလင်းက ပြောသည်။
“ကိုယ့်နားက လူတွေ သောကဖိစီးနေကြတယ်၊ ဒုက္ခရောက်နေကြတယ်။ ဒါပေမဲ့ ကိုယ်လည်း ဘာမှ လုပ်မပေးနိုင်ဘူး၊ မကူညီနိုင်ဘူး။ ကိုယ့်ဘာသာကိုယ် ရှင်သန်ရေးအတွက်တောင် မရှူနိုင်မကယ်နိုင် ဖြစ်နေရတယ်” ဟု ကိုလင်းလင်းက ဖရွန်တီးယားကို ပြောသည်။
စစ်တွေမြို့ကို ထိန်းချုပ်ထားသော စစ်ကော်မရှင်က အဆိုပါ မိသားစုလိုက် သတ်သေသည့် သတင်းကို ဖုံးအုပ်ရန် ကြိုးပမ်းခဲ့သည်ဟု ရခိုင်အခြေစိုက် Development Media Group သတင်းဌာနက ဇူလိုင်လအတွင်း သတင်း တင်ဆက်ခဲ့သည်။
“[စစ်သားတွေက] သူတို့ရဲ့ အလောင်းကို ချက်ချင်းလာယူပြီး မီးသင်္ဂြိုဟ်လိုက်တယ်။ ပြီးတော့ သတင်းပြန့်နှံ့မသွားအောင် အုပ်ချုပ်ရေးအဖွဲ့က ဒီသတင်းကို ချက်ချင်း ဖုံးအုပ်ခဲ့ကြတယ်” ဟု ဒေသခံတစ်ဦးက DMG ကို ပြောပြသည်။
အဆိုပါ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများအကြောင်းနှင့် ပတ်သက်၍ မေးမြန်းရန် စစ်တွေမြို့ရှိ အုပ်ချုပ်ရေး အာဏာပိုင်များကို ဖရွန်တီးယားက ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။

မသေရုံတမယ် ရုန်းကန်ရခြင်း
ရခိုင်ပြည်နယ်သည် ရက္ခိုင့်တပ်တော် (အေအေ) နှင့် မြန်မာစစ်တပ်အကြား နှစ်နှင့်ချီ ကြာမြင့်လာသော စစ်ပွဲများကြောင့် စားနပ်ရိက္ခာ အကြပ်အတည်းကျရောက်နေချိန်တွင် အေအေအဖွဲ့ကို ပစ်မှတ်ထား၍ စစ်တပ်က ရခိုင်ဒေသ အဝင်အထွက် ခရီးလမ်းများကို ပိတ်ဆို့လိုက်သည့်အခါ စားသောက်ကုန် စျေးနှုန်းများ ကြီးမြှင့်ကာ လူအများစု တဖြည်းဖြည်း ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်လာကြသည်ဟု ဒေသခံများက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်သူ့ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့ကို ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က ဖယ်ရှားလိုက်ပြီးနောက် အာဏာရှင်စနစ်အား ဆန့်ကျင်ဆန္ဒပြပွဲများ နိုင်ငံတစ်ဝှမ်း ရုတ်ချည်း အရှိန်အဟုန်ပြင်းပြင်း ပေါက်ကွဲ ပေါ်ထွက်လာပြီး ၎င်းဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက် အင်အားသုံး ဖြိုခွဲနှိမ်နှင်းခဲ့သည်။
အဆိုပါ အင်အားသုံး အကြမ်းဖက်ဖြိုခွဲနှိမ်နှင်းမှုကြောင့် လက်နက်ကိုင်တော်လှန်သော အုပ်စုအများအပြား ပေါ်ထွန်းလာကာ စစ်အာဏာရှင်စနစ်ကို ဆယ်စုနှစ်များစွာကြာအောင် တော်လှန်တိုက်ခိုက်လျက် ရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ချိတ်ဆက်မိလာကြသည်။ နိုင်ငံရေး၊ စစ်ရေးများနှင့် နိုင်ငံတွင်း မတည်ငြိမ်မှုကြောင့်လည်းကောင်း၊ အာဏာရှင်တစ်စု၏ စီးပွားရေး စီမံခန့်ခွဲမှု မူဝါဒအလွှဲများကြောင့်လည်းကောင်း နိုင်ငံ့စီးပွားရေးမှာ အရှိန်အဟုန်ဖြင့် အဆိုးဘက်သို့ ကျဆင်းသွားခဲ့သည်။
ရေကြီး ရေလွမ်းမိုးမှုများ၊ မတ်လ ၂၈ က မြန်မာနိုင်ငံအလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒဿမ ၇ ရှိသော ငလျင် အစရှိသော သဘာဝဘေးဒဏ်များအပြင် ယခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ ကို ပေးအပ်နေသော အမေရိကန်၏အကူအညီများကို ဖြတ်တောက်ရန် သမ္မတ ဒေါ်နယ်ထရမ့် က ဆုံးဖြတ်လိုက်သည့်အခါ အခြေအနေများ ပိုမို ဆိုးဝါးလာခဲ့သည်။
“စစ်တပ်က အာဏာသိမ်းပြီး ၄ နှစ်ကြာလာတဲ့အချိန်မှာ သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ဘဝကို ကျွမ်းထိုး မှောက်ခုံ ဖြစ်စေသော မကြံဖူးတဲ့ လူသားချင်းစာနာမှု ဘေးဆိုးကြီးကို မြန်မာပြည်သူတွေ ရင်ဆိုင် ကျော်လွှားနေကြရပါတယ်” ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံးက ထုတ်ပြန်သည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၃ ပုံ ၁ ပုံကျော်ရှိသော လူဦးရေ သန်း ၂၀ ခန့်သည် လူသားချင်း စာနာမှု အကူအညီလိုအပ်နေကြောင်း ကုလသမဂ္ဂအဖွဲ့က ဆိုသည်။
၂၀၂၃ နိုဝင်ဘာတွင် စစ်တပ်နှင့် အေအေ အကြား ၂ နှစ်ကျော် ကြာမြင့်ခဲ့သော အပစ်အခတ်ရပ်စဲမှု ပြိုပျက်သွားပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည်။ အေအေက ကြီးမားသောအောင်ပွဲများ ရရှိခဲ့ပြီး ၁၇ မြို့နယ်ရှိသည့် ရခိုင်ပြည်နယ်တွင် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်များမှအပ ကျန်မြို့နယ်များကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
စစ်တွေဆိပ်ကမ်းကို စစ်ကော်မရှင်က ထိန်းချုပ်ထားသည့်အတွက် နိုင်ငံတကာ၏ အကူအညီဖြန့်ဝေ ပေးပို့မှုများ ရပ်တန့်သွားခဲ့ပြီး ကုန်သွယ်မှုလမ်းကြောင်းများကိုလည်း စစ်တပ်ဘက်က ပိတ်ဆို့ထားသဖြင့် ရခိုင်ဒေသတွင် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အကြီးအကျယ် ပြတ်လပ်လာခဲ့ရသည်။
အကျိုးဆက်အနေဖြင့် ကုန်ဈေးနှုန်းများ ခေါင်ခိုက်လာခဲ့သည်။ ဥပမာအားဖြင့် အာဏာမသိမ်းမီက ကြက်သွန်ဖြူ ၁ ပိဿာ ကျပ် ၄,၀၀၀ ကျပ် ရှိခဲ့ရာမှ ယခုအခါ ၁ ပိဿာလျှင် ကျပ် ၄၀,၀၀၀ ကျော်လာပြီ ဟု ဒေသခံများက ဆိုသည်။ ထို့အတူ အာဏာမသိမ်းမီက ငရုပ်သီး ၁ ပိဿာမှာ ကျပ် ၃,၅၀၀ သာ ဈေးပေါက်ခဲ့ရာမှ ယခုအခါ ကျပ် ၃၅,၀၀၀ အထိ မြင့်တက်လာခဲ့သည်။
“တချို့ကုန်ပစ္စည်းတွေက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်က လာပြီး တချို့က မြန်မာပြည် အလယ်ပိုင်းက လာတယ်။ ဒါပေမဲ့ ဒီပစ္စည်းတွေကို သယ်ဆောင်ဖို့ အလွန် ခက်ခဲတယ်။ ဒီတော့ ကုန်ပစ္စည်းတွေ ပြတ်လပ်ပြီး ကုန်ဈေးနှုန်းတွေ တက်ကုန်တော့တာပေါ့။ ငွေသားတောင် ပြတ်လပ်နေတဲ့အထိပါပဲ” ဟု ကုန်သည်တစ်ဦးဖြစ်သူ မြောက်ဦးမြို့နေ ဦးအေးချမ်းက ဖရွန်တီးယားကို ပြောသည်။
“ဈေးတွေက ၁၀ ဆလောက် တက်သွားတယ်။ ဒေသခံတွေမှာ အလုပ်မရှိဘူး၊ စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်ကုန်ပြီ။ ဒီတော့ စားဝတ်နေရေးတွေ အများကြီး ဆိုးလာတာပေါ့” ဟု သူက ဆိုသည်။

အဆိုးသံသရာ
ရခိုင်ပြည်နယ်၏ ၅၇ ရာခိုင်နှုန်းသော မိသားစုများသည် အခြေခံ စားသောက်ကုန်များ ပြတ်လပ်နေပြီး လူဦးရေ ၁ဒဿမ၅ သန်းသည် နေ့စဉ် ဆာလောင်မွတ်သိပ်နေရသဖြင့် အငတ်ဘေးဒဏ်ကို ရင်ဆိုင်ရင်း မိမိတို့ သားသမီးများကို အစာကျွေးနိုင်ရန် ရှိစုမဲ့စု လက်ငုပ်လက်ရင်းပစ္စည်းများကို ထုခွဲ ရောင်းချနေကြရသည် ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ဩဂုတ်လတွင် ထုတ်ပြန်သည်။
ဒေသအတွင်း အဖိနှိပ်ခံ ရိုဟင်ဂျာလူမျိုး ၁၅၇,၀၀၀ ကျော်အပါအဝင် လူဦးရေ ၅ သိန်းခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ခန့်မှန်းသည်။ အေအေ၏ လူသားချင်းစာနာ မှုနှင့် ဖွံ့ဖြိုးမှု ညှိနှိုင်းရေးရုံးကမူ ရခိုင်ဒေသ၌ နေရပ်စွန့်ခွာရသူ ၆ သိန်းကျော်ရှိသည်ဟု ယခင်နှစ် ဒီဇင်ဘာလက ပြောသည်။
“လူတွေဟာ အဆိုးသံသရာထဲမှာ ပိတ်မိနေကြတယ်။ စစ်ကြောင့် အဆက်အသွယ်တွေ ပြတ်တောက်၊ အလုပ်အကိုင်တွေ ဖရိုဖရဲဖြစ်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဘေးကင်းလုံခြုံမှုကွန်ရက်လည်း မရှိကြဘူး” ဟု မြန်မာနိုင်ငံဆိုင်ရာ WFP ကိုယ်စားလှယ်နှင့် ဌာနေညွှန်ကြားရေးမှူး မစ္စတာ မိုက်ကယ်ဒန်းဖော့က ဩဂုတ် ၁၂ က ပြောသည်။
သူက ဆက်လက်ကာ “ဗိုက်ဆာလို့ ငိုကြွေးနေတဲ့ ကလေးတွေနဲ့ ထမင်းမစားရတဲ့ မိခင်တွေအကြောင်း ကြေကွဲစရာ ဇာတ်လမ်းတွေ ကျနော်တို့ ကြားနေရတယ်။ မိသားစုတွေက အတတ်နိုင်ဆုံးတော့ အစွမ်းကုန် ကြိုးစား နေကြတာပဲ။ ဒါပေမဲ့ ဒီအခက်အခဲကို သူတို့ချည်းသက်သက် မကျော်လွှားနိုင်ဘူး” ဟု ဆိုသည်။
ရခိုင်မြောက်ပိုင်းဒေသရှိ လူမှုကယ်ဆယ်ရေးအသင်းတစ်ခု၏ အဖွဲ့ဝင်ဖြစ်ပြီး ၎င်း၏အမည်ကို ထုတ်ဖော်ခြင်း မပြုရန် မေတ္တာရပ်ခံထားသည့် ကိုမင်းဇော် (အမည်လွှဲ) ဆိုသူက စားနပ်ရိက္ခာ အကြပ်အတည်းသည် ပြည်နယ်တစ်ခုလုံးတွင် ဖြစ်ပွားနေခြင်းဖြစ်ကာ စစ်ကော်မရှင်က ထိန်းချုပ်ထားသော နယ်မြေများအပြင် အေအေ၏ ထိန်းချုပ်ဒေသများတွင်ပါ ရင်ဆိုင်နေရသည်ဟု ဖရွန်တီးယား ကို ပြောသည်။
“အခုက မိုးတွင်းဆိုတော့ ပိုဆိုးတာပေါ့။ အလုပ်လဲ မရှိ၊ စားစရာလဲ မရှိနဲ့ အရာရာ ခက်ခဲနေတော့တာ။ နေရပ်စွန့်ခွာရသူတွေရော၊ ရွာသူရွာသားတွေပါ ရိက္ခာပြတ်လပ်နေကြတာပါ “ဟု သူက ဆိုသည်။
မိုးတွင်းကာလတွင် လယ်ကွင်းများ၌ မိုးရေဖုံးလွှမ်းနေခြင်းကြောင့် ငါးဖမ်းထွက်မရ၊ ဆောက်လုပ်ရေး လုပ်ငန်း လုပ်မရဖြင့် အလုပ်အကိုင် မကောင်းပေ။ လူတိုင်း ဒုက္ခရောက်နေရကြောင်းနှင့် ဒုက္ခရောက် သူများအထဲတွင် ဝင်ငွေရ ပေါက်ရလမ်း မရှိသော စစ်ဘေးဒုက္ခသည်များသည် အဆိုးဆုံးဖြစ်ကြောင်း ကိုမင်းဇော်က ဆိုသည်။
“သူတို့ အသားငါး မဝယ်နိုင်ဘူး။ အသီးအရွက်ပဲ စားကြရတယ်။ ဒေသတွင်း လုပ်ငန်းတွေကလည်း လည်ပတ် ဆောင်ရွက်နေတာ မရှိဘူး။ ဒီတော့ စစ်ကြောင့် နေရပ်စွန့်ခွာသူတွေအတွက် ဘာ အခွင့်အလမ်း မှ မရှိဘူးပေါ့” ဟု သူက ဆိုသည်။
၎င်းအလုပ်လုပ်နေသော အဖွဲ့ကဲ့သို့ အရပ်ဖက်အဖွဲ့အစည်းများမှာလည်း နိုင်ငံတကာက ထောက်ပံ့သော ရန်ပုံငွေများ ပြတ်လပ်နေပြီး အကူအညီလိုအပ်နေသူ ပြည်သူများကို ထောက်ပံ့ပေးရန် ရုန်းကန်နေရ ကြောင်း ကိုမင်းဇော်က ပြောသည်။
“ဘယ်ကမှ ဘာအကူအညီ လာမပေးဘူး။ စစ်တပ်က ပိတ်ဆို့ထားတယ်။ ဒီတော့ အားလုံး ဒုက္ခရောက် နေတာပေါ့” ဟု ၎င်းက ဆိုသည်။
အဆုံးစွန်အထိ ဒုက္ခရောက်နေသော စစ်ဘေးဒုက္ခသည်များမှာ ၎င်းတို့ အသက်ရှင်သန်ရေး ရနိုင်သမျှ နည်းလမ်းပေါင်းစုံကို ရေနစ်သူအတွက် ကောက်ရိုးတစ်မျှင်ပမာ အားကိုးနေကြရသည်။
အချို့ဆိုလျှင် ခန္ဓာကိုယ်ထဲမှ သွေးကို ထုတ်၍ ရောင်းချလာရသည်။ ပုဏ္ဏာကျွန်းမြို့တွင် သွေးလှူရှင်များ ကို သွေး ၄၅၀ မီလီမီတာအတွက် ကျပ် ၁ သိန်းမှ ၂ သိန်းအကြား ပေးရသော ပေါက်ဈေးရှိသည်ဟု ယမန်နှစ် စက်တင်ဘာလအတွင်း DMG က သတင်းတင်ပြခဲ့သည်။
ရိုဟင်ဂျာတို့၏ ဆင်းရဲဒုက္ခ
စစ်ကော်မရှင်၏ ပိတ်ဆို့ထားမှုအောက်တွင် ရိုဟင်ဂျာလူမျိုးများမှာလည်း အတိဒုက္ခရောက်နေရပြီး ၎င်းတို့၏ အခြေအနေမှာ ပို၍ပင် ဆိုးဝါးလျက် ရှိသည်။
ရိုဟင်ဂျာလူနည်းစုနှင့် ရခိုင်လူများစုအကြား အုပ်စုချင်းရန်ပွဲများမှာ ၂၀၁၂ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သည်။ ၂၀၁၇ တွင် လူထောင်ပေါင်းများစွာ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရပြီးနောက် ရိုဟင်ဂျာ အများစု ပါဝင်သော လူ ၁ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ယခု ၁၃ နှစ်ကြာမြင့်လာသည် အထိ ၎င်းတို့မှာ ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရဆဲ ဖြစ်သည်။
၂၀၁၇ အတွင်း ရခိုင်မြောက်ပိုင်း၌ မြန်မာစစ်တပ်၏ ရက်စက်သောဖိနှိပ်မှုများကြောင့် ရိုဟင်ဂျာ အမြောက်အမြား နေရပ်စွန့်ခွာခဲ့ရကာ ၎င်းတို့အနက် လူဦးရေ ၇၅၀,၀၀၀ သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာ ယာယီစခန်း၌ ကျန်ရစ်ခဲ့သူများအတွက် မျှော်လင့်ချက်မှာ မရှိသလောက် ကင်းမဲ့နေသည်။
“ကျနော်တို့ ငတ်ပြတ်နေပါတယ်” ဟု စစ်တွေမြို့မှ စစ်ဘေးရှောင်ပြည်သူ ကိုအောင်ဦး(အမည်လွှဲ)က ပြောသည်။
“ငါးဖမ်းထွက်လို့ မရဘူး။ ဘယ်ကိုမှလည်း သွားခွင့် မရှိဘူး။ ထမင်းချည်းသက်သက်ပဲ ရက်အတန်ကြာ စားကြရတယ်။ တခါတလေ ညစာ မစားရဘူး။ ဘယ်ကမှ ဘာအကူအညီ မလာပါဘူး” ဟု ဆိုသည်။
မကြာသေးမီက မိသားစုလိုက် သတ်သေသွားသော ရိုဟင်ဂျာများမှာ စစ်တွေမြို့နယ်၊ သက်ကယ်ပြင် ကျေးရွာမှ အစာရေဆာ ငတ်ပြတ်နေသူများဖြစ်ကြောင်း ကိုအောင်ဦးက ဖရွန်တီးယားကို ပြောပြသည်။
“သူတို့ မိသားစုက စုစုပေါင်း ၅ ယောက်လောက် ရှိမယ်။ ဒီဒုက္ခကို မခံနိုင်တော့လို့ သူတို့ သတ်သေသွား ကြတာပါပဲ” ဟု သူက မှတ်ချက်ပြုသည်။ ကိုအောင်ဦး၏ ပြောဆိုချက်ကို ဖရွန်တီးယားက အတည်ပြုနိုင်ခြင်း မရှိခဲ့ပါ။
“လမ်းတွေလည်း မပွင့်ဘူး၊ အကူအညီတွေလည်း ရောက်မလာဘူးဆို ရေရှည်မှာ အရမ်း ခက်ခဲလိမ့်မယ်။ အခုတောင် အတော် ဒုက္ခရောက်နေကြပြီ။ ကိုယ့်ကိုယ်ကိုယ် သတ်မသေလည်း ကျနော်တို့ ငတ်ပြီး သေရမှာပါပဲ” ဟု ကိုအောင်ဦးက ပြောသည်။
ပိုဆိုးသော အမျိုးသမီးများ၏အခြေအနေ
ယခုအကြပ်အတည်းကြောင့် အကြီးအကျယ် ထိခိုက်နစ်နာနေရသည့် အခြားအုပ်စုတစ်စုမှာ အမျိုးသမီး များ ဖြစ်သည်။
မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် နေထိုင်သော မသိန်းသိန်း (အမည်လွဲ) ဆိုသူက သူ့တွင် သား ၂ ဦးရှိကြောင်းနှင့် ယောကျ်ားဖြစ်သူမှာ ၂၀၂၁ ကတည်းက အလုပ်ထွက်လုပ်ရန် ထိုင်းနိုင်ငံ သို့ ထွက်ခွာသွားခဲ့ပြီး ယနေ့တိုင် အဆက်အသွယ်မရတော့ကြောင်း ပြောသည်။
လွန်ခဲ့သော ၂ နှစ်က အေအေနှင့် စစ်တပ်ကြား တိုက်ပွဲများကြောင့် မသိန်းသိန်းနှင့် သား ၂ ဦးသည် ၎င်းတို့ နေအိမ်မှ စွန့်ခွာထွက်ပြေးလာရပြီး ယခုအခါ စစ်ဘေးရှောင်စခန်း၌ သောင်တင်နေခဲ့ရသည်။
မသိန်းသိန်းတို၏ စခန်းတွင် မိသားစု ၁၀၀ ကျော်ရှိပြီး အားလုံးနီးပါးမှာ မိမိတို့ အသက်ရှင်သန်ရေး ရုန်းကန်နေကြရသည်ဟု ဆိုသည်။
“ယောကျ်ားအများစုကတော့ ဘာအလုပ်ရရ လုပ်မယ်ပေါ့။ ဒါပေမဲ့ သူတို့ ဘာအလုပ်မှ မရကြဘူး။ မိန်းမတွေကျ ပိုဆိုးတာပေါ့။ ကျမတို့မှာ အလုပ်မရှိတော့ ကလေးတွေကို ထမင်းပဲ ကျွေးနိုင်တယ်။ အသားတွေ ငါးတွေ မကျွေးနိုင်ဘူး” ဟု မသိန်းသိန်းက ပြောသည်။
ကြံရာမရသည့်အဆုံး အမျိုးသမီးနှင့် ကလေးငယ်များသည် စခန်းအပြင်ဖက် အနီးအနား ကျေးရွာများသို့ သွားရောက်၍ တောင်းစားကြရသည်။
“တောင်းစားရတာ ကျမတို့ ရှက်တာပေါ့။ ဒါပေမဲ့ တခြား ဘာနည်းလမ်းမှ မရှိတော့ပဲ။ ကျမ ယောကျ်ားနဲ့သာ အဆက်အသွယ် ပြန်ရရင် အခြေအနေတွေ ကောင်းလာမှာ သေချာပါတယ်” ဟု မသိန်းသိန်းက ဆိုသည်။
ရခိုင်ဒေသ ဒုက္ခများမှ လွတ်မြောက်သွားခဲ့ပြီး ယခု ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော သားနှင့် သမီးအတွက် စစ်တွေမြို့က ကိုဝင်းမောင်က ဝမ်းသာနေသည်။
“တခါတလေ ကျနော်တို့မှာ စားစရာ ထမင်းပဲ ရှိတယ်။ ထမင်းရည်ပဲ သောက်ရတဲ့ ရက်တွေ ရှိခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
“ဒီအရပ်က ဘဝတွေဟာ မွန်းကြပ်လှပါတယ်။ အလုပ်က မရှိ၊ ဝင်ငွေက မမှန်။ ဈေးတွေ ဒီလောက် ကြီးနေတော့ အသက်ရှင်သန်ဖို့ မလွယ်ကူလှဘူး။ ထမင်းငတ်လို့ လူတွေ သေတယ်ဆိုတာ အရင်က ကျနော်တို့ မကြားဖူးဘူး။ အခုတော့ ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်နေရပါပြီ” ဟု ကိုဝင်းမောင်က ပြောသည်။