ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကော်မရှင်နဲ့ အေအေကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံတွေကို ၂၀၂၃ နိုဝင်ဘာ ၁၉ က တွေ့ရစဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

“သမီးကလေးကို နို့ချိုတိုက်နိုင်ရေးသာ အရေးကြီးတော့သည်”

စစ်ကော်မရှင်ရဲ့ ရခိုင်ပြည်နယ်တွင်း ကုန်စည်စီးဆင်းမှု တားဆီးပိတ်ဆို့မှုတွေကြောင့် ကျရောက်နေတဲ့ စီးပွားရေးပျက်ကပ်ဘေးနဲ့အတူ နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှုလျော့နည်းလာတာကြောင့် စစ်ရှောင်အများစု မိသားစုစားဝတ်နေရေးအတွက် လမ်းပေါ်ထွက် တောင်းရမ်းစားသောက်ရတဲ့ အခြေအနေ ရောက်ရှိနေပါတယ်။

ဖရွန်တီးယား

ဖိနပ်မပါ ခြေဗလာနဲ့ မသန်းဟာ ၁ နှစ်ခွဲအရွယ် သမီးငယ်ကို ရင်မှာပိုက်လို့ မြေပုံမြို့နယ်ထဲက လမ်းမတွေပေါ်မှာ နေ့စဥ် တစ်အိမ်ဝင်တစ်အိမ်ထွက် တောင်းရမ်းစားသောက်နေရပါတယ်။ အသက် ၃၇ နှစ်အရွယ် မသန်း (အမည်လွှဲ) က ရခိုင်ပြည်နယ်မြောက်ပိုင်း မြေပုံမြို့အစွန်က စစ်ဘေးရှောင်စခန်းတစ်ခုမှာ နေထိုင်နေသူပါ။

ပဋိပက္ခတွေနဲ့ စီးပွားရေးပြိုလဲမှု ဝဲဂယက်တွေရဲ့အလယ်မှာ အလုပ်လုပ်ဖို့ဆိုတာကလည်း မဖြစ်နိုင်၊ ဆွေမျိုးသားချင်းတွေနဲ့ အလှူရှင်တွေရဲ့ အထောက်အပံ့တွေကလည်း မရတာကြောင့် မသန်းတို့ သားအမိ အသက်ရှင်ရပ်တည်ဖို့ တောင်းရမ်းစားသောက်ရတဲ့ဘဝကို တွန်းပို့ခံခဲ့ရပါတယ်။

“(အလှူခံသွားရင်) တချို့ဆို လက်တွေ ခါပြကြတယ်၊ ဟေး ဒူး ဒူး(သွား သွား)ဆိုပြီးတော့၊ သမီးစိတ်နဲ့ ဒီသမီးလေး တယောက် ငါအလှူခံပြီးတော့ စားနိုင်မှ ဒီသမီးလေး နို့စို့ရမယ်ဆိုတဲ့စိတ်နဲ့ အလှူခံနေတာ။ လုပ်လည်း မလုပ်ချင်ဘူး။ တစ်ခါမှလည်း မတောင်းစားဖူးဘူး ဘ၀မှာ.. ပြောရင် ငိုချင်လာတယ်” ဟု ဒေါ်သန်းက အသံများ တိမ်ဝင်သွားတဲ့အထိ ရှိုက်ငိုကာ ဖရွန်တီးယားကို ပြောပြပါတယ်။

မြေပုံမြို့သူ မသန်းက သူ့ဘဝရဲ့ အချိန်တော်တော်များများကို ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်ထဲက ဂျိတ္တောဆိုတဲ့ပင်လယ်ကမ်းခြေရွာကလေးမှာပဲ နေထိုင်ခဲ့ရတာပါ။ အဲဒီနေရာမှာပဲ သူ့ယောကျ်ားနဲ့ လွန်ခဲ့တဲ့ ၇ နှစ်က လက်ထပ်ခဲ့ပါတယ်။ သူ့ယောကျ်ားက ပင်လယ်ထဲ ထွက်ပြီး ငါးဖမ်းတယ်။ သူက ငါးရွေး၊ ငါးလှန်း လုပ်တယ်။ သူတို့ သူဌေးဖြစ်ဖို့ အလှမ်းဝေးနေသေးပေမဲ့ တင့်တောင့်တင့်တယ် နေနိုင်ခဲ့တဲ့ဘဝပါ။

အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တပ်တွေကြား တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာမှာတော့ သူတို့ရဲ့ ငြိမ်းချမ်းတဲ့ ဘဝလေးဟာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပါတော့တယ်။ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ အေအေက သံတွဲမြို့ကို သိမ်းပိုက်ဖို့ ထိုးစစ်စတင်ခဲ့ချိန်မှာ မသန်း သမီးလေးကို ကိုယ်ဝန်လွယ်ထားရပါတယ်။ ဒီလိုနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ကိုယ်ဝန်ဆောင်မိခင် မသန်းနဲ့ သူတို့ မိသားစု ပထမဆုံး စစ်ပြေးခဲ့ရတာပါ။ 

ဂျိတ္တောမှာ တိုက်ပွဲတွေ စဖြစ်ပြီး လေယာဥ်တွေနဲ့ ဗုံးကြဲတာတွေ လုပ်လာတဲ့အခါမှာ သံတွဲမြို့ပေါ်ကို ပြေးပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ခိုလှုံခဲ့ရပါတယ်။

“ဘာမှကို မရခဲ့ဘူး။ အသက်လုပြေးကြရတာ။ တိုက်ပွဲကအနားကို ရောက်လာပြီလေ.. ကိုယ့်ရွာမှာလည်း မနေရတော့ဘူး” ဟု ဒေါ်သန်းက ပထမဆုံးအကြိမ် စတင်တိမ်းရှောင်ခဲ့ရသည့်အတွေ့အကြုံကို ပြန်ပြောင်းပြောပြပါတယ်။

ဘုန်းကြီးကျောင်းမှာ ခိုလှုံနေချိန်မှာလည်း အေအေနဲ့ စစ်ကော်မရှင်တပ်တွေရဲ့  နှစ်ဘက်တိုက်ပွဲသံတွေ၊ လက်နက်ကြီးပေါက်ကွဲသံတွေနဲ့ စစ်တပ်ရဲ့ လေယာဥ်နဲ့ ဗုံးကြဲတဲ့အသံတွေကို အမြဲတမ်း ကြားနေခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လမှာတော့ တိုက်ပွဲတွေကြားထဲမှာပဲ မသန်းတစ်ယောက် သမီးလေးကို မွေးဖွားခဲ့ပါတယ်။

“တိုက်ပွဲကြားမှာ သူ့(သမီး)ကို တိုက်ပွဲဖြစ်တဲ့အချိန် ဝမ်းနာတယ်။ တိုက်ပွဲအကြီးကျယ်ဖြစ်တုန်းပါ။ မွေးလို့ ပြီးရုံပဲ ပြီးတယ်။ ဗိုက်ထဲကနေ ပြွတ်ခနဲထွက်ရုံပဲ ရှိသေးတယ်.. ပြေးရပြီ” ဟု ဒေါ်သန်းက ဆိုပါတယ်။ တိုက်ပွဲတွင်း ခက်ခက်ခဲခဲမွေးဖွားခဲ့ရသော သမီးဦးကို ဒေါ်သန်း အချစ်ပိုရပါတယ်။ စစ်ပွဲကြားမွေးဖွားခဲ့တာကြောင့် နာမည်ကိုလည်း စစ်မေထွန်းလို့ အမည်မှည့်ပေးခဲ့ပါတယ်။ 

ထိုအချိန်ကာလအတွင်း သံတွဲမြို့ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်တွေကို မြို့အနီးတဝိုက်က ကျေးလက်တောရွာတွေမှာ အေအေက နေရာချထားပေးခဲ့ပါတယ်။ အစပိုင်းမှာတော့ အေအေက စစ်ရှောင်တွေကို အစားအသောက်တွေလည်း ထောက်ပံ့ပေးခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရိက္ခာတွေ ပြတ်လပ်လာတာကြောင့် စစ်ဘေးရှောင်တွေက သူတို့ကိုယ်တိုင် ရှာဖွေစားသောက်ကြရပါတော့တယ်။

မသန်းရဲ့ ယောကျ်ားလည်း နေ့တိုင်းထွက်ပြီး အလုပ်ရှာလုပ်ပါတယ်။ အလုပ်မရရင် မိသားစု စားဖို့ သောက်ဖို့အတွက် တောင်းရမ်းပြီး ပြန်လာတတ်တယ်လို့ မသန်းက ဆိုပါတယ်။ ဒါပေမဲ့ ယောက်ျားဖြစ်သူမှာ နှလုံးရောဂါအခံရှိနေပြီး တဖြည်းဖြည်း ရောဂါအခြေအနေက ဆိုးလာပါတယ်။ အာဟာရ ချို့တဲ့လာတာအပြင် ဆေးကုသဖို့ အခွင့်အရေးမရှိတာတွေကြောင့် ရောဂါကို ၈ လလောက် ခံစားခဲ့ရပြီး ဆုံးပါးသွားခဲ့ပါတ​ယ်။

“သေသွားတော့ လူတွေ ဝိုင်းပြီး စောင့်ရှောက်ကြတယ်။ ကျမတို့ သားမိနှစ်ယောက်ကို ဟိုလူက နည်းနည်း၊ ဒီလူက နည်းနည်းကျွေးနဲ့ ကျွေးကြတယ်” လို့ မသန်းက ပြောပါတယ်။

ဒီလိုအကူအညီရခဲ့ပေမဲ့လည်း အားလုံးကတော့ အန္တရာယ်တွေကြား ရင်တထိတ်ထိတ်နဲ့ နေရတဲ့လူတွေကြီးဖြစ်နေတယ်လို့ မသန်းက ဆိုပါတယ်။ 

“ညည့်ဆိုရင်လည်း မအိပ်ရဘူး။ လယ်ကွင်းတွေမှာ သွားအိပ်ရတယ်။ ဗုံးတွေလည်း ချတယ်လေ အကြီးအကျယ်၊ ဘယ်လောက်ဒုက္ခကျမလဲ စဉ်းစားကြည့်ပါ” လို့ ပြောပါတယ်။

ဒီနှစ်အစောပိုင်းမှာတော့ အေအေက မသန်းတို့ သားအမိကို သူ့ဇာတိ မြေပုံမြို့နယ်ထဲက စစ်ဘေးရှောင် စခန်းတစ်ခုကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ သံတွဲမှာပဲ နှစ်တွေအကြာကြီးနေခဲ့ရတော့ မြေပုံမှာ အသိမိတ်ဆွေ သိပ်မရှိတော့ပါဘူး။ ယောက္ခမနဲ့ အစ်မတစ်ယောက်ရှိပေမဲ့ သူတို့ကိုယ်တိုင်လည်း စားဝတ်နေရေးအတွက် ရုန်းကန်နေရတော့ မသန်းကို မကူညီနိုင်ခဲ့ပါဘူး။

မသန်းအတွက် အခြေအနေတွေ အားလုံးကို ပိုဆိုးသွားစေတာကတော့ သူရောက်လာပြီးကတည်းက မြေပုံမြို့က စစ်ဘေးရှောင်စခန်းတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မရတော့တာပါပဲ။

“ကယ်ဆယ်ရေးက သံတွဲမှာတုန်းက ၂ ကြိမ်ရခဲ့တယ်။ အဲဒါလည်း သူ့အဖေ ဆေးကုလို့ ကုန်သွားတယ်။ ဒီရောက်ကတည်းက ကယ်ဆယ်ရေး တစ်ခါမှ မရဖူးသေးဘူး” လို့ ပြောပါတယ်။

ရွေးချယ်စရာမရှိလို့ မဖြစ်မနေ တောင်းစားရတဲ့အခါမှာ မသန်းတစ်ယောက် တစ်ရက်ကို ကျပ် ၅,၀၀၀ ကနေ ကျပ် ၃၀,၀၀၀ လောက်အထိ ရပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေ မလောက်ငဘူး လို့ ဆိုပါတယ်။

“အခုလည်း သမီးလေး ဖျားနေတာ။ လက်ထဲမှာ ပိုက်ဆံ ၁၀,၀၀၀ ပဲ ကျန်တော့တယ်။ အဲဒါလေးနဲ့ သမီးဖို့ ဆေး သွားဝယ်ထားတယ်။ ဆေးဆိုင်ကလူက အလှူခံစားနေတာသိတော့ အလကား ပေးလိုက်တယ်။ အခု အဲဒီ ၁၀,၀၀၀ ကို ဆန်ဝယ်ပြီး ညစာချက်ရမယ်” လို့ ဒေါ်သန်းက သမီးငယ်ကို ရင်ခွင်ပေါ်တင် နို့တိုက်နေရင်း ပြောပါတယ်။

မြေပုံမြို့ စစ်ဘေးရှောင်စခန်းတစ်ခုတွင် သမီးငယ်ကို နို့ချိုတိုက်နေတဲ့ မသန်းကို အောက်တိုဘာလအတွင်းက ရိုက်ကူးထားစဉ်။ (ဓာတ်ပုံ-ခိုင်လင်း | ဖရွန်တီးယား)

ချွတ်ခြုံကျသွားတဲ့ ရခိုင့်စီးပွားရေး 

မသန်းကြုံတွေ့နေရတာတွေက ရခိုင်ပြည်နယ်မှာတော့ သိပ်ထူးဆန်းလှတာ မဟုတ်ပါဘူး။  စစ်ကော်မရှင်က အေအေကို အင်အားနည်း ချည့်နဲ့စေဖို့ ရည်ရွယ်ပြီး ကုန်သွယ်ရေးပိတ်ဆို့မှုတွေ လုပ်ခဲ့တာကြောင့် ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးကို ချွတ်ခြုံကျသွားစေခဲ့ပါတယ်။ အလုပ်အကိုင်ရှားပါးမှုတွေနဲ့အတူ အဆမတန် မြှင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ အစာရေစာ ရှားပါးမှု၊ ငတ်မွတ်ခေါင်းပါးမှုဒဏ်တွေကို ခံစားနေရပါတယ်။

စစ်ကော်မရှင်က အေအေကို ချည့်နဲ့အောင် ကုန်သွယ်ရေးပိတ်ဆို့မှုတွေ လုပ်ခဲ့တယ်ဆိုပေမဲ့ ၂၀၂၃ နိုဝင်ဘာလ အေအေရဲ့ ထိုးစစ်ဆင်တိုက်ခဲ့မှုတွေက ရခိုင်ပြည်နယ်တွင်း နယ်မြေတွေကို ထိန်းချုပ်ရာမှာ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ရခိုင်မှာ မြို့နယ်ပေါင်း ၁၇ မြို့ရှိတဲ့အနက် ၁၄ မြို့နယ်ကို အေအေက ထိန်းချုပ်ထားနိုင်ခဲ့ပါပြီ။ 

ခုချိန်မှာတော့ စစ်ကော်မရှင်က ပြည်နယ်မြို့တော် စစ်တွေ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေရှိတဲ့ ကျောက်ဖြူနဲ့ ကျွန်းမြို့နယ်တစ်ခုဖြစ်တဲ့ မာန်အောင်မြို့နယ် ၃ ခုကိုသာ အကန့်အသတ်နဲ့ ထိန်းချုပ်ထားနိုင်ပါတော့တယ်။

အေအေရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရတော့ ရခိုင်ပြည်နယ် လူဦးရေရဲ့ ၅ပုံ၁ပုံဖြစ်တဲ့ လူဦးရေ ၆ သိန်း လောက်က စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ပွဲအစောပိုင်းကာလတွေမှာ စစ်ဘေးရှောင်တွေက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်ကနေ လစဥ်ထောက်ပံ့ငွေ ရခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ စစ်ကော်မရှင်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုပါ ပိတ်ဆို့ဖြတ်တောက်လိုက်လို့ စစ်ဘေးရှောင်တွေ ဘာကူညီထောက်ပံ့မှုမှ မရတော့ပါဘူး။ ဒေသတွင်း အရပ်ဘက်လူမှုကူညီရေးအဖွဲ့တွေ အနေနဲ့လည်း အရင်က သူတို့ ကူညီထောက်ပံ့ပေးနိုင်တဲ့ ပမာဏလောက် ထောက်ပံ့နိုင်ခြင်း မရှိတော့ပါဘူး။

“အရင်တုန်းကတော့ အကူအညီပေးနိုင်တယ်။ လူတွေလည်း အခုလောက် မကြပ်တည်းကြဘူးဆိုတော့ လှူနိုင်ကြ သေးတယ်” လို့ အမည်မဖော်လိုတဲ့ စစ်ဘေးရှောင်ကူညီထောက်ပံ့ရေး အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

“အခုက ဆက်သွယ်ရေးတွေ ပိတ်ဆို့ထားတာကြောင့်ရော ကုန်စျေးနှုန်းကြီးတာကြောင့်ရော အကုန်လုံးက ဒုက္ခသည်မဟုတ်ပေမဲ့ အနည်းနဲ့အများ ဒုက္ခရောက်နေကြတော့ တစ်ယောက်ကို တစ်ယောက်ပြန်မကြည့်နိုင်ကြဘူး” လို့ သူက ဆက်ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ထဲက ကျေးရွာတစ်ရွာက အသက် ၂၅ နှစ်အရွယ် စစ်ဘေးရှောင်တစ်ဦးဖြစ်တဲ့ ကိုတင်ဦးဟာ ထောက်ပံ့ကူညီမှုတွေ မရတော့တာကြောင့် မသန်းလိုပဲ တောင်းရမ်းစားသောက် နေရပါတယ်။ သူက ဇနီးဖြစ်သူနဲ့ အသက် ၃ နှစ်အရွယ် သမီးကို  လုပ်ကိုင်ကျွေးမွေး စောင့်ရှောက်နေတဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ပါ။

စစ်မပြေးရခင် တစ်နှစ်လောက်ကတော့ ပုဏ္ဏားကျွန်းမြို့မှာ ပန်းရံအလုပ်နဲ့ အသက်မွေးခဲ့သူပါ။ အခုတော့ စစ်ရှောင်စခန်း အနီးအနားက တောတွေထဲမှာ သစ်ခုတ်ဝါးခုတ်လုပ် ကိုင်စားသောက်နေရပါတယ်။ ဒါပေမဲ့ မိသားစုစားဝတ်နေရေး ဖူလုံအောင် မရှာနိုင်တဲ့ရက်တွေ များနေလို့ ရွာနီးချုပ်စပ်မှာ တောင်းရမ်း စားသောက်ရပါတယ်။

“ထင်းခုတ်ရောင်းတယ်၊ အဆင်မပြေရင် ရွာတွေပတ်ပြီး တောင်းစားခဲ့ရတယ်။ တော်တော်ဒုက္ခရောက်တယ်။ ကိုယ့်ရပ် ကိုယ့်ရွာမှာဆိုရင် အဆက်အသွယ်လည်းရှိတယ်။ အလုပ်အကိုင်လည်း ရှာလို့လွယ်တယ်လေ” လို့ စစ်ဘေးရှောင် တစ်ဦးဖြစ်သူ ကိုတင်ဦးက ဖရွန်တီးယားကို ပြောပါတယ်။ 

“တစ်ရက်တစ်လေ အိပ်လို့တောင်မရဘူး။ ဟိုတွေးလိုက် ဒီတွေးလိုက်နဲ့”​ လို့ သူက ဆိုပါတယ်။

အသက် ၂၂ နှစ်အရွယ် မချေကလည်း မသန်းနဲ့ ကိုတင်ဦးတို့လို ဒုက္ခတွေ ပင်လယ်ဝေပြီး တောင်းရမ်းစားသောက်နေရသူတွေထဲက တစ်ယောက်ပါပဲ။

တိုက်ပွဲတွေ မဖြစ်ခင်တုန်းကတော့ သူက ပေါက်တောမြို့နယ်မှာ နေပါတယ်။ ခင်ပွန်းဖြစ်သူကတော့ ဘေးတွဲဆိုင်ကယ်မောင်းပြီး မချေကတော့ အထည်ဆိုင်တစ်ခုမှာ အလုပ်လုပ်ပါတယ်။

၂၀၂၃ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၄ နှစ်စပိုင်းတွေမှာ ဖြစ်ပွားခဲ့တဲ့ အေအေနဲ့ စစ်တပ်ကြားက မြို့သိမ်းတိုက်ပွဲတွေအတွင်းမှာ သူတို့ရဲ့ဘေးတွဲဆိုင်ကယ်နဲ့ စုမိဆောင်းမိထားသမျှလေးတွေ ဆုံးရှုံးခဲ့ရပါတယ်။

တိုက်ပွဲတွေကြောင့် သူတို့လင်မယား အသက်လု ထွက်ပြေးလာခဲ့ရပြီး ပေါက်တောမြို့နယ်ထဲက ရွာတစ်ရွာမှာ စစ်ဘေးရှောင်နေတာ ၂ နှစ်နီးပါး ရှိပါပြီ။

အခုတော့ သူတို့ဟာ တစ်လကို ရက်အနည်းငယ်ပဲ အလုပ်ရှိပါတယ်။ တစ်နှစ်အရွယ် သားလေးလည်း ရှိနေပေမဲ့ ဘယ်အဖွဲ့အစည်းရဲ့ကူညီထောက်ပံ့မှုကိုမျှ မရပါဘူး။ ဒါ့ကြောင့် တောင်းရမ်းစားသောက်ဖို့က လွဲပြီး တခြားရွေးချယ်စရာ မရှိခဲ့ပါဘူး။

“အသိအိမ်တွေမှာ အဝတ်လျှော်တယ်။ မီးပူ တိုက်တယ်။ အလုပ်မလုပ်ရရင် အလှူခံစားတယ်” လို့ မချေက ဖရွန်တီးယားကို ပြောပါတယ်။

“တောင်းစားရတာ မရှက်ဘူးလားဆိုရင် တအားရှက်တယ်။ မိုးလင်းရင် သားက မုန့်တောင်းပြီလေ..မုန့်မကျွေးနိုင်ဘူး။ မကျွေးရင် ငိုတယ်၊ အဲဒီလိုကျရင် မကြည့်ရက်ဘူး။ ကိုယ်ပဲ အငတ်ခံလိုက်ချင်တယ်၊ တောင်းစားရတော့တယ်၊ အရင်က အလှူခံတာဆိုရင် ဘုန်းကြီးနဲ့ သီလရှင်ပဲ တွေ့ဖူးတာ။ အခု ရှေ့မျက်နှာကို နောက်ထားပြီး အလှူခံနေရတာ” လို့ သူက ဆိုပါတယ်။

မချေရဲ့ ခင်ပွန်းသည်ကတော့ ငါးဖမ်းလှေမှာ နေ့စားလုပ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဆီစျေးတွေ အရမ်းတက်လာလို့ ငါးဖမ်းလုပ်ငန်းကလည်း အမြတ်အစွန်းနည်းလာတဲ့အခါ သူ့ကို အလုပ်မပေးနိုင်တော့ပါဘူး။

“ကျနော့ရဲ့ ဘေးတွဲဆိုင်ကယ်ရှိနေရင်တော့ စားဝတ်နေရေး ရပ်တည်လို့ ရတယ်။ ကျနော် အလုပ်တစ်ခု လိုချင်တယ်။ ဘယ်လို အလုပ်ရရ ကျနော်လုပ်မယ်” လို့ မချေရဲ့ ခင်ပွန်းက ပြောပါတယ်။

မင်းပြားမြို့နယ်အတွင်း တောင်းရမ်းအလှူခံနေတဲ့ စစ်ဘေးရှောင်မိသားစုတစ်စုကို နိုဝင်ဘာ ၁၇ က တွေ့ရစဉ်။ (ဓာတ်ပုံ-ခိုင်လင်း | ဖရွန်တီးယား)

စားဝတ်နေရေး ကြပ်တည်းမှု ပိုဆိုးရွားလာ

WFP ရဲ့ သြဂုတ်လ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ရခိုင်ပြည်နယ်မှာ စားနပ်ရိက္ခာ မလုံလောက်မှုက ပိုဆိုးလာပြီးတော့ လူဦးရေရဲ့တစ်ဝက်ကျော်က ဒီပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ရခိုင်ပြည်နယ် အလယ်ပိုင်းမှာ အခြေခံစားသောက်ကုန်တွေကို ဝယ်ယူ စားသောက်နိုင်စွမ်း မရှိတဲ့အိမ်ထောင်စု ၃ပုံ၁ပုံ ရှိရာကနေ အစီရင်ခံစာထုတ်ပြန်တဲ့ ဒီနှစ် သြဂုတ်လမှာတော့ အိမ်ထောင်စု စုစုပေါင်းရဲ့ တစ်ဝက်ကျော်ထိ ရှိလာတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာဆိုရင်တော့ ဒီထက်ပိုဆိုးနိုင်တယ်လို့ WFP က ခန့်မှန်းထားပါတယ်။

မြန်မာပြည်က လူဦးရေ တစ်သန်းကျော်အတွက် WFP ရဲ့  ကူညီထောက်ပံ့မှုတွေကို ရန်ပုံငွေ မလုံလောက်မှုကြောင့် ဧပြီလက စပြီးတော့ ရပ်ဆိုင်းလိုက်ရပါတယ်။

ဒါဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေတွေကို ပိုမိုတိုးမြှင့်ပေးဖို့အတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေကို သတိပေးတပ်လှန့်လိုက်တာ ဖြစ်သလို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဖြန့်ဝေနိုင်ဖို့အတွက် ကန့်သတ်ချက်တွေကို ပယ်ဖျက်ပေးဖို့ မြေပြင်မှာရှိတဲ့ ဒေသအာဏာပိုင်တွေကို တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။

“ရခိုင်မှာရှိတဲ့ စစ်ရှောင်စခန်းတွေရဲ့ အခြေအနေက ဆယ်စုနှစ် ၂ ခုလောက်အတွင်း ကျနော် တွေ့ဖူးသမျှတွေထဲမှာ အဆိုးဆုံးပါပဲ” လို့ WFP မြန်မာပြည် ဌာနေကိုယ်စားလှယ် မိုက်ကယ်ဒန်ဖော့ဒ် က ဖရွန်တီးယားကို ပြောပါတယ်။

“သူတို့နေရတာ အရမ်းကို ကြပ်သိပ်နေတယ်။ အခြေခံ အဆောက်အအုံတွေ ဘာမှမရှိဘူး။ အသက်ရှင် ရပ်တည်ဖို့အတွက် ဝင်ငွေရဖို့ အခွင့်အလမ်းကလည်း မရှိသလောက်ကို နည်းနေတယ်။ မိသားစုတွေ အားလုံး WFP နဲ့ မိတ်ဖတ်အဖွဲ့တွေ ရဲ့အထောက်အပံ့တွေပေါ်ပဲ လုံးဝနီးပါး မှီခိုနေရတယ်” လို့ သူက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်တွေနဲ့ အသက်ရှင်ရပ်တည်ဖို့ အခုလို တောင်းရမ်း စားသောက်နေရတဲ့သူတွေအတွက် အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ ထောက်ပံ့ကူညီရေး အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဟန်ချက်ညီညီနဲ့ အဖြေရှာဖို့ လိုနေပြီလို့ လူမှုကူညီရေးလုပ်သားတစ်ဦးက ထောက်ပြပါတယ်။

မူလကတည်းက မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးပြည်နယ်တွေထဲက တစ်ခု ဖြစ်တဲ့ ရခိုင်ပြည်နယ်ကို ဆေးဝါးနဲ့ စားသောက်ကုန်စည်တွေအပါအဝင် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုလုံးကို စစ်တပ်က ပိတ်ဆို့ထားလို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ ဆိုးရွားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။  ဒီပြဿနာတွေကို ချက်ချင်း အဖြေရှာဖို့အခြေအနေကလည်း ခက်ခဲနေဆဲ ဖြစ်တယ်လို့သူက ဆက်ပြောပါတယ်။

အေအေ အနေနဲ့လည်း ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့လိုတယ်လို့ သူက ဆိုပါတယ်။

“အဓိက အလုပ်မရှိလို့ ဖြစ်နေတာ။ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးဖို့ လိုတယ်။ သို့ပေမယ့် လက်ရှိမှာ တော်လှန်ရေးကာလ ဖြစ်နေတော့ မလွယ်ကူဘူး” လို့ နိုင်ငံတကာ အန်ဂျီအိုတစ်ခုမှာ အလုပ်လုပ်နေတဲ့ ရခိုင်အမျိုးသမီးတစ်ဦးက ဖရွန်တီးယားကို ပြောပါတယ်။ 

မသန်း ကိုယ်တိုင်လည်း လတ်တလောမှာတော့ တောင်းရမ်းစားသောက်ပြီး နေ့စဥ်ဘဝကို ဖြတ်သန်းနေရပေမဲ့ တစ်သက်လုံး   ဒီအလုပ်ကိုလုပ်နေရမှာ မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။

“တောင်းစားတဲ့အလုပ်ကို တသက်လုံး မလုပ်ဘူး၊ ကလေးကို စိတ်ချရလောက်တဲ့အချိန်ကျရင် အလုပ်ထွက်လုပ်မယ်” လို့ မသန်းက ပြောပါတယ်။ ကလေးပညာရေးအတွက် ကိုယ့်ခွန်အားနဲ့ လုပ်ရတဲ့ ဘယ်အလုပ်မဆို လုပ်ဖို့ အသင့်ရှိကြောင်း မသန်းက ဆိုပါတယ်။ 

“ထမင်းဆိုင်တွေ၊ မုန့်ဆိုင်တွေမှာ လုပ်မယ်။ ဈေးမှာ ငါးဟင်းရောင်းမယ်၊ လုပ်လို့ရတာ အကုန်လုပ်မယ်။ သမီးကို ပညာတတ်အောင် သင်ပေးမယ်” လို့ သူက ပြောပါတယ်။

ခိုင်လင်း ရေးသားသည်။

ယခု ဆောင်းပါးသည် အောက်တိုဘာလ ၂၄ ရက်နေ့က ထုတ်လွှင့်ခဲ့သည့် ဖရွန်တီးယား၏ ငတ်မွတ်မှုတစ္ဆေ ခြောက်လှန့်ခံနေရသော ရခိုင်ဒေသ ဆောင်းပါး အပိုင်း (၂) ဖြစ်သည်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.