မြို့ပတ်ရထားများ ပိုမိုမြန်ဆန် ခေတ်မီလာအောင် အဆင့်မြှင့်တင်သွားမည်

ထွန်းခိုင်

ရန်ကုန်မြို့မှာ လက်ရှိပြေးဆွဲနေတဲ့ မြို့ပတ်ရထားတွေနေရာမှာ ပိုမိုမြန်ဆန်ပြီး ခေတ်မီတဲ့ရထားတွေနဲ့ အစားထိုး ပြေးဆွဲဖို့ စီစဉ်နေတယ်လို့ မြန်မာ့မီးရထားက ပြောကြားလိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ အစားထိုးပြေးဆွဲဖို့ စီစဉ်ထားတဲ့ ရထားတွဲသစ်တွေဟာ လက်ရှိရထားတွေထက် မြန်နှုန်း ပိုမြင့်မှာဖြစ်တဲ့အတွက် အချိန်အားဖြင့် လက်ရှိထက် သုံးပုံတစ်ပုံလောက် ပိုမြန်ဆန်လာမှာ ဖြစ်တယ်လို့ မြန်မာ့မီးရထားက အရာရှိတွေက ရန်ကုန်မှာ ယနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရန်ကုန်မှာ လက်ရှိပြေးဆွဲနေတဲ့ မြို့ပတ်ရထားတွေဟာ မြို့တစ်ပတ်ကို ၂ နာရီနဲ့ မိနစ် ၅၀ ကြာမြင့်ပြီး အသစ်ပြေးဆွဲမယ့် မြို့ပတ်ရထားကတော့ မြို့တစ်ပတ်ကို ၁ နာရီ မိနစ် ၅၀ လောက်ပဲ ကြာတော့မှာဖြစ်ပါတယ်။

လေအေးပေးစက်တွေ တပ်ဆင်ထားပြီး ဒီဇယ်နဲ့ လျှပ်စစ် နှစ်မျိုးအသုံးပြု မောင်းနှင်လို့ရတဲ့ ရထားတွဲသစ်တွေ ရန်ကုန်မှာ ပြေးဆွဲနိုင်ဖို့အတွက် ရထားလမ်းပိုင်းတွေ ပြုပြင်တဲ့လုပ်ငန်းတွေကို စတင်လုပ်ဆောင်နေတယ်လို့ မြန်မာ့မီးရထား (အောက်မြန်မာပြည်) အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောပါတယ်။

ကျပ်ငွေ ဘီလျံ ၄၀ လောက် တန်ကြေးရှိတဲ့ ဒီစီမံကိန်း အောင်မြင်ခဲ့ရင် မြို့ပတ်ရထားစီးတဲ့သူအရေအတွက်ဟာ လက်ရှိထက် သုံးဆလောက်ဖြစ်တဲ့ တစ်နေ့ကို ၂၆၀,၀၀၀ ဦးလောက်အထိ တိုးလာနိုင်တယ်လို့ မြန်မာ့မီးရထားက ခန့်မှန်းထားပါတယ်။

၁၉၅၈ ခုနှစ်၊ ဒီဇင်ဘာလကစတင်ခဲ့တဲ့ ရန်ကုန်မြို့ပတ်ရထား ဝန်ဆောင်မှုဟာ ၁၉၆၃ ခုနှစ်မှာ အကြီးစားပြုပြင် တိုးချဲ့မှုတွေ လုပ်ခဲ့ပြီးနောက်ပိုင်း နှစ်ပေါင်း ၆၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် မြို့ပတ်ရထားစနစ်ကို အကြီးစား ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဘူတာ ၃၈ ဘူတာရှိပြီး ယိုယွင်းနေတဲ့ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြင့်တင်မှုမှာ ၂၀၂၀ ပြည့်နှစ်မှာ ပြီးစီးမှာဖြစ်ပါတယ်။ ထိုစီမံကိန်းမှာ ရထားနှင့် ကားလမ်းကူးနေရာများ၌ အလိုအလျောက် အချက်ပြမီးနဲ့ ကားတားဂိတ်တံခါးများကို တပ်ဆင်ရန်လည်း စီစဉ်ထားပါတယ်။

ရန်ကုန် မြို့ပတ်ရထားကို ခေတ်မီအောင် လုပ်ဆောင်ပေးရန် ဂျပန်နိုင်ငံက ၂၀၁၅ ခုနှစ်အစောပိုင်းတွင် ကတိပြုခဲ့ပြီး ကနဦးချေးငွေ ဒေါ်လာသန်း ၂၅၀ ကို ထုတ်ချေးပေးခဲ့ပါတယ်။ ဂျပန်အစိုးရ၏ နိုင်ငံခြားကူညီရေး အဖွဲ့အစည်းဖြစ်တဲ့ ဂျိုက်ကာ Japan International Cooperation Agency (JICA) က ရထားတွဲ အသစ်များနဲ့ အချက်ပြစနစ်များကို ထောက်ပံ့ပေးမှာ ဖြစ်သော်လည်း နိုင်ငံပိုင် မြန်မာ့မီးရထားက ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနဲ့ ဘူတာ ၃၈ ခု အဆင့်မြင့်တင်ခြင်းတို့ကို တာဝန်ယူရမှာဖြစ်ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar