ကုန်းတွင်းဆိပ်ကမ်းများက ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်ကို မြှင့်တင်ပေးရန် မျှော်မှန်းထား

ကျော်လင်းထွန်း

ပြည်တွင်းတွင် ကုန်းတွင်းဆိပ်ကမ်းများ ဖွင့်လှစ်လိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ နောက်ကျ ကျန်ရစ်နေသည့် ထောက်ပံ့ ပို့ဆောင်ရေးဆိုင်မှု စွမ်းရည်ကို အဆင့်မြှင်တင်ပေးနိုင်ရန် မြန်မာအစိုးရက မျှော်လင့်ထားသည်ဟု ပြည်ထောင်စုဝန်ကြီးတစ်ဦးက ပြောကြားသည်။

ယခုနှစ်အတွက် ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် ထောက်ပံ့ပို့ဆောင်ရေး စွမ်းဆောင်ရည် အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် လာအိုနှင့် ဘင်္ဂလားဒေ့ရှ်တို့၏ နောက်တွင်ရှိနေသလို နိုင်ငံ ၁၆၀ တွင် အဆင့် ၁၃၇ သို့ ရောက်ရှိနေသည်။

“ကျွန်တော်တို့ဟာ ဆယ်စုနှစ်သုံးခုစာလောက် နောက်ကျကျန်ရစ်နေတဲ့ ဒီ (ထောက်ပံ့ပို့ဆောင်ရေး) Industry ကြီးကို တိုးတက်လာဆောင် ဆောင်ရွက်နေကြရတာ ဖြစ်ပါတယ်” ဟု KM Terminal & Logistics Ltd (KM) ၏ ကုန်းတွင်းဆိပ်ကမ်း စီမံကိန်းဖွင့်ပွဲ အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားသည်။

ကုန်းတွင်းဆိပ်ကမ်းများသည် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အဖြေဖြစ်သော်လည်း ကုန်းတွင်းဆိပ်ကမ်းများကို ထပ်မံတည်ဆောက်သွားရန် လိုအပ်နေသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး ကုန်းတွင်းဆိပ်ကမ်းနှစ်ခုအနက် တစ်ခုဖြစ်သော ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်းအား နိုဝင်ဘာ ၁၁ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ ထိုကုန်းတွင်းဆိပ်ကမ်းကို ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်အတွင်း တည်ဆောက်ထားခြင်း ဖြစ်သည်။ အခြားကုန်တွင်းဆိပ်ကမ်းတစ်ခုဖြစ်သည့် မြစ်ငယ်ကုန်တွင်းဆိပ်ကမ်းမှာမူ မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိကာ ယခုနှစ် မေလကတည်းက လုပ်ငန်းများ စတင်လည်ပတ်နိုင်နေပြီ ဖြစ်သည်။

ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ပြောကြားချက်အရ မုံရွာတွင် ကုန်းတွင်းဆိပ်ကမ်းသစ်တစ်ခု ဖော်ဆောင်နိုင်ရန် ဖြစ်နိုင်ခြေ ဆန်းစစ်လေ့လာမှုအား အစိုးရက ကိုရီးယားကုမ္ပဏီတစ်ခုနှင်အတူ လုပ်ဆောင်လျက်ရှိကာ မော်လမြိုင်မြို့တွင်လည်း ကုန်းတွင်းဆိပ်ကမ်းတစ်ခု တည်ဆောက်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

ရွာသာကြီးကုန်းတွင်းဆိပ်ကမ်းအား နိုဝင်ဘာ ၁၁ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။ ဓာတ်ပုံ-ကျော်လင်းထွန်း

ရွာသာကြီးကုန်းတွင်းဆိပ်ကမ်းအား နိုဝင်ဘာ ၁၁ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။ ဓာတ်ပုံ-ကျော်လင်းထွန်း

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က လက်ရှိတည်ရှိပြီးသား မီးရထားလမ်းများအား ကုန်စည်ပို့ဆောင်ရေးအတွက် အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

လက်ရှိလည်ပတ်နေသည့် ရန်ကုန်နှင့် မန္တလေးတို့ရှိ ကုန်းတွင်းဆိပ်ကမ်းနှစ်ခုစလုံးကို ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုဖြစ်သော KM Terminal & Logistics Limited (KM) နှင့် Resource Group (RG) တို့က ရင်းနှီးမြှုပ်နှံ တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။

စီမံကိန်းများအတွက် KM က အမေရိကန်ဒေါ်လာ ၅၅ သန်း ရင်းနှီးမြှုပ်နှံခဲ့ပြီး RG ကမူ ၄၉ သန်း ရင်းနှီးမြှုပ်နှံထားကာ တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း (Build-Operate-Transfer) စနစ်ဖြင့် လုပ်ကိုင်ကြမည်ဖြစ်သည်။

KM Terminal & Logistics ကို စင်ကာပူအခြေစိုက် Kerry Logistics Network က ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ပြည်တွင်းမှ Mother Logistics က ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ Resources Group မှာ နိုင်ငံသား ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် ပြည်တွင်းကုမ္ပဏီဖြစ်ကာ ပြည်တွင်းလုပ်ငန်းကြီးဖြစ်သည့် အေးရှားဝေါနှင့် ဆက်နွယ်နေသည့် National Infrastructure Holdings နှင့် ဒါရိုက်တာအဖွဲ့ဝင်များ တူညီကြသည်။

ရွာသာကြီးနှင့် မြစ်ငယ်တွင် ကုန်းတွင်းဆိပ်ကမ်းများ တည်ဆောက်ရန်အတွက် KM Terminal & Logistics နှင့်  Resources Group အား မြန်မာ့မီးရထားက ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရွေးချယ်ခဲ့သည်။ ဆိပ်ကမ်းနေရာနှစ်ခုလုံးတွင် ၎င်းတို့နှစ်ဦးလုံးက မြေနေရာထက်ဝက်နီးပါးစီ ရရှိခဲ့ကြသည်။

ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်းက ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများနှင့် သီလဝါဆိပ်ကမ်းတို့အား ချိတ်ဆက်နိုင်ရန်နှင့် ယာဉ်ကြောပိတ်ဆို့မှု လျှော့ချနိုင်စေပြီး ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ် လျှော့ချနိုင်ရန် ရည်ရွယ်ထားသည်။

ဆိပ်ကမ်းတွင် အကောက်ခွန် စစ်ဆေးမှုများလည်း ထားရှိထားပြီး ၂၄ နာရီ ခုနစ်ရက်ပတ်လုံး လုပ်ငန်းလည်ပတ်မည် ဖြစ်သည်။ ကွန်တိန်နာထိန်းသိမ်းခြင်းနှင့် သန့်ရှင်းရေးဝန်ဆောင်မှု၊ ကွန်ပျူတာစနစ်ဖြင့် ချိတ်ဆက် စုံစမ်း စစ်ဆေးခြင်း၊ ဆိပ်ကမ်းအလေးချိန်စက်၊ ကုန်ပစ္စည်းအာမခံနှင့် ပြန်လည်တင်ပို့မည့် ကုန်ပစ္စည်းများအတွက် သွင်းကုန်-ပြည်ပပို့ကုန် အခွန်ကင်းလွတ်ခွင့် စသည့်ဝန်ဆောင်မှုများ ပါရှိသွားမည်ဖြစ်ကြောင်း KM ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ုရန်ကုန်နှင့် မန္တလေးကုန်းတွင်းဆိပ်ကမ်းများအကြား ကုန်ရထားတွဲများ ပြေးဆွဲသွားမည်ဖြစ်သည်။ ဓာတ်ပုံ-ကျော်လင်းထွန်း

ုရန်ကုန်နှင့် မန္တလေးကုန်းတွင်းဆိပ်ကမ်းများအကြား ကုန်ရထားတွဲများ ပြေးဆွဲသွားမည်ဖြစ်သည်။ ဓာတ်ပုံ-ကျော်လင်းထွန်း

Kerry Logistics Network Ltd ၏ မဟာမဲခေါင်ဒေသဆိုင်ရာ အုပ်ချုပ်မှုဒါရိုက်တာ မစ္စတာ ကလပ်ဒ်ချိုင်း ဘန်ဂျာသွန်သီရိကူလ်က ယင်းကုန်းတွင်း ဆိပ်ကမ်းများသည် မြန်မာနိုင်ငံအတွင်း ပြည့်စုံကျယ်ပြန့်သည့် ထောက်ပံ့ ပို့ဆောင်ရေးကွန်ရက်တစ်ခု တည်ဆောက်ရန်ဟူသော Kerry Logistics ၏ စီမံကိန်းအတွက် ပဓာနကျသည့်  အစိတ်အပိုင်းများဖြစ်ကြောင်း ပြောကြားသည်။

“မဝေးတော့တဲ့ အနာဂတ်မှာ ကျွန်တော်တို့အနေနဲ့  ပြည့်ဝတဲ့ ဝန်ဆောင်မှုအရင်းအမြစ်ကို မြန်မာပြည်တွင်းမှာသာ ပေးနိုင်ရုံမကဘဲ မြန်မာနိုင်ငံကို တခြားကျန်ရှိတဲ့ အာဆီယံနိုင်ငံတွေရော၊ ကမ္ဘာနဲ့ပါ ချိတ်ဆက်ပေးသွားနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ထောက်ပံ့ပို့ဆောင်ရေးဆိုတာဟာ ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အသက်သွေးကြောပဲ ဖြစ်ပါတယ်။ စီးပွားရေး ကြီးထွား တောင့်တင်းလာစေဖို့ဆိုရင် ဒီသွေးတွေဟာ တိုင်းပြည်တနှံ့တလျားကို လွတ်လပ်စွာ ပြန့်နှံ့ စီးဆင်းနိုင်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

လက်ရှိတွင် ရန်ကုန်နှင့် မန္တလေးရှိ ကုန်းတွင်းဆိပ်ကမ်းများအကြား ကုန်ရထားတွဲကို တစ်ပတ်လျှင် အသွားအပြန် တစ်ကြိမ် ပြေးဆွဲသွားမည်ဖြစ်သည်။ အစိုးရက အနည်းဆုံး တစ်ပတ်လျှင် ကုန်တွဲ ၁၅ တွဲ ပြေးဆွဲရမည် သတ်မှတ်ပေးထားပြီး လာမည့်နှစ်မှစ၍ တစ်ပတ်လျှင် ကုန်တွဲရထားကို နှစ်ကြိမ်ပြေးဆွဲရန် စီစဉ်ထားကာ ဝန်ဆောင်မှု ဝယ်လိုအားမူ မူတည်လျက် အနာဂတ်တွင် ကုန်တွဲရထားအား နေ့စဉ်ပြေးဆွဲနိုင်ရန် KM အနေဖြင့် ရည်မှန်းထားကြောင်း  အထွေထွေမန်နေဂျာ ဦးညီထွဋ်က ပြောသည်။

နောက်ထပ် တည်ဆောက်မည့် ကုန်းတွင်းဆိပ်ကမ်း စီမံကိန်းသစ်များတွင် KM နှင့် RG တို့က ထပ်မံ ရင်းနှီးမြှုပ်နှံသွားရန် အစီအစဉ်မရှိသေးသော်လည်း အဆိုပါကုန်းတွင်းဆိပ်ကမ်းသစ်များ ပေါ်ပေါက်လာမည်ဆိုပါက ယင်းတို့နှင့်ချိတ်ဆက်ကာ ထောက်ပံ့ ပို့ဆောင်ရေး ကွန်ရက်ကို ဖြန့်ကျက်နိုင်မည့်အပြင် အိမ်နီးချင်းနိုင်ငံများနှင့်ပါ ချိတ်ဆက်ပြီး နိုင်ငံဖြတ်ကျော် ကုန်သွယ်မှုများအတွက် ကြားခံအဖြစ် ဝန်ဆောင်မှု ပေးနိုင်ရန် မျှော်မှန်းထားကြသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.