မတ်၁၆ရက်က မလွှကုန်းဘူတာဝင်းအတွင်းမှ ထွက်ခွာရန်ဖိအားပေးခံရသည့် မီးရထားဝန်ထမ်းများသည် ‘ဓမ္မဂံဝန်’ကျောင်းတိုက်တွင် ခိုလှုံနေကြသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

CDM ဝန်ထမ်းများအပေါ် အာရုံစိုက်ဖိအားပေးလာသည့် စစ်ကောင်စီ

စစ်အုပ်ချုပ်ရေးယန္တရားလည်ပတ်မှုကို ရပ်တန့်ရန်အဓိကဒေါက်တိုင်ဖြစ်သည့် ငြိမ်းချမ်းစွာအာဏာဖီဆန်ခြင်း (CDM)လုပ်ဆောင်မှုများ အရှိန်ကောင်းပြီး အချိန်ကြာလာသည့်နှင့်အတူ CDM ဝန်ထမ်းများအပေါ် စစ်ကောင်စီ၏  စိတ်ရှည်သည်းခံစောင့်ဆိုင်းမှုကလည်းကုန်ဆုံးလာသည်။

ဖရွန်းတီးယားမြန်မာ

‘ဓမ္မဂံဝန်’ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ နှစ်ထပ်အုတ်ကျောင်းဆောင်အပေါ်ထပ်သည် ယခင်နှင့်မတူဘဲ လူအများနှင့်စည်ကားနေသည်။ လူအချို့သည် အုပ်စုလိုက် တစ်နေရာစီနေရာယူထားပြီး သူတို့၏ဘေးပတ်လည်တွင် အိပ်ယာခင်း၊ ခေါင်းအုံးများနှင့် စောင်များ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် ဆန်နှင့် အခြားစားသောက်ကုန်များပါဝင်သည့် ကြွတ်ကြွတ်အိတ်ထုတ်လေးများနှင့် အဝတ်အိတ်များက အစုအပုံလိုက်ရှိနေသည်။

ကလေးများသည် ဟိုမှသည်ပြေးလွှားဆော့ကစားနေသည်။ လူကြီးအချို့ကမူ အခန်းနံရံကိုမှီရင်း တစ်ခုခုကိုစဉ်းစား တွေးတောနေဟန်ရှိသည်။ ထိုသူများအားလုံးသည် ငြိမ်းချမ်းစွာအာဏာဖီဆန်ခြင်းလှုပ်ရှားမှု (CDM) တွင် လုပ်ဆောင်သောကြောင့် ဝန်ထမ်းအိမ်ယာများက ထွက်ခွာလာခဲ့ရသည့် မီးရထားဝန်ထမ်းများပင်ဖြစ်သည်။

ဖရွန်းတီးယားမြန်မာသတင်းဌာနသည် မတ်၁၆ရက်တွင် ရန်ကုန်မြို့ရှိ၊ ဓမ္မဂံဝန်ကျောင်းတိုက်သို့ သွားရောက်ပြီး အဆိုပါဘုန်းကြီးကျောင်းတွင် ခိုလှုံနေသူများနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံမေးမြန်းခဲ့သူများအနက် အသက် ၅၆နှစ်အရွယ်ရှိပြီဖြစ်သည့် ဝန်ထမ်းအမျိုးသမီးကြီးတစ်ဦးလည်း ပါဝင်ခဲ့သည်။

ပင်စင်ယူခါနီးဖြစ်သော်လည်း စစ်အာဏာရှင်ကိုလက်မခံသည့် သူ့သဘောထားကို ရှင်းရှင်းလင်းလင်းပြသည့်အနေဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မလွှကုန်းမီးရထားဘူတာဝင်းအတွင်းက လိုင်းခန်းနေအိမ်မှ မတ်၁၀တွင် ထွက်ခွာလာခဲ့သည်။ အခြားနေစရာနေရာ ရှိသည်တော့မဟုတ်။ မခံချင်စိတ်တစ်ခုတည်းဖြင့် ဆင်းလာခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတော့ သူတို့အတွက်ခိုလှုံရာနေရာ တစ်ခုကိုတွေ့ခဲ့သည်။

“ဒီထက်ပိုပြီးတော့လည်း ဆုံးရှုံးစရာမရှိတော့ဘူးလေ။ နိုင်ငံတောင် အာဏာသိမ်းခံထားရတဲ့အခြေအနေမှာ ကျမတို့က ရာထူးလေး၊ လစာလေးတွေကို ထူးပြီး မက်မနေတော့ဘူး”ဟု အဆိုပါအမျိုးသမီးကြီးက ပြောသည်။

သူတို့မိသားစုအတွက် လက်ရှိနေထိုင်သည့် ဘုန်းကြီးကျောင်းသည် အလုံခြုံဆုံးနှင့် စားသောက်ရေးအတွက် စိတ်ပူစရာမလိုသည့် နေရာဖြစ်လာသည်။

လက်ရှိတွင် ဓမ္မဂံဝန်ကျောင်းတိုက်အတွင်း လူဦးရေ၁၅၀ကျော်ပါဝင်သည့် မီးရထားဝန်ထမ်း အိမ်ထောင်စု၇၀ခန့် နေထိုင်လျက်ရှိပြီး ၎င်းတို့ကို ကျောင်းတိုက်က တာဝန်ယူကျွေးမွေးထားကြောင်း ကျောင်းထိုင်ဆရာတော် ဦးဥတ္တမသာရက မိန့်သည်။ ယင်းသို့ကျွေးမွေးထားနိုင်သည်မှာ တစ်ဆင့်စကားတစ်ဆင့်ကြား၍ လာရောက်လှူဒါန်းကြသည့် စေတနာရှင်များ၏ လှူဒါန်းမှုကြောင့်လည်းဖြစ်ကြောင်း ဆရာတော်က မိန့်သည်။

“သူတို့ စရွှေ့ကြကတည်းက အဆင်ပြေတဲ့အထိနေလို့ရတယ်လို့ ခွင့်ပြုပေးထားတယ်။ အပေါ်ထပ် တစ်ထပ်လုံးသူတို့အတွက် သုံးဖို့ ပေးထားတယ်။ လူများတော့ နည်းနည်းတော့ ကျပ်တာပေါ့။ စားရေးသောက်ရေးကတော့ ပူစရာမလိုပါဘူး။ အလှူရှင်တွေလည်း သူတို့အတွက် တော်တော် လာလှူကြတယ်”ဟု ဆရာတော်က ဖရွန်းတီးယားမြန်မာကို မိန့်သည်။

ဘုန်းကြီးကျောင်းတွင် နေထိုင်သည့်ဝန်ထမ်းမိသားစုများတွင် ကျောင်းတိုက်တွင် ခတ္တနေထိုင်ကာ နယ်ပြန်မည့် သူများရှိသလို ပြန်စရာနယ်မရှိသူများနှင့် သွားစရာအခြားတစ်နေရာ မရှိသူများလည်း ရှိသည်။ သို့သော် သူတို့အားလုံးသည် CDMကိုအဆုံးထိလုပ်ရန် သံန္နဋ္ဌာန်ချထားသည်။


‘ဓမ္မဂံဝန်’ကျောင်းတိုက်တွင် ခိုလှုံနေကြသည့် မလွှကုန်းဘူတာဝင်းအတွင်းက မီးရထားဝန်ထမ်းများကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ဖိအားအောက်က CDM ဝန်ထမ်းများ

မတ်၊ ပထမအပတ်မှစတင်ကာ  အာဏာသိမ်းစစ်ကောင်စီ၏ CDM ဝန်ထမ်းများအပေါ် ဖိအားပေးမှုများသည့် ပြင်းထန်လာခဲ့သည်။ အထူးသဖြင့် CDMလှုပ်ရှားမှုတွင် ရာနှုန်းပြည့်နီးပါး ပူးပေါင်းပါဝင်ခဲ့ကြသည့် ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်နှင့် မီးရထားဝန်ထမ်းများအပေါ်တွင် စစ်ကောင်စီသည် အထူးအာရုံစိုက်၍ ဖိအားပေးလာသည်။

CDMဝန်ထမ်းများနေထိုင်ရာ နေအိမ်များသို့ ညအချိန်မတော် သော့ဖျက်ကာ ဝင်ရောက်ဖမ်းဆီးခြင်း၊ CDMတွင် ပါဝင်မှုရှိ၊ မရှိ စစ်ဆေးခြင်း၊ ဝန်ထမ်းမရှိပါက ဝန်ထမ်း၏ မိသားစုဝင်တစ်ဦးဦးကို ဖမ်းဆီးခြင်း စသည့်လုပ်ဆောင်ချက်များကို စစ်ကောင်စီက ပြုလုပ်လာသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မီးရထားဝန်ထမ်းအားလုံးနီးပါးသည် CDMလှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ဖေဖော်ဝါရီ ၁၀ရက်မှစ၍ ပုံမှန်ပြေးဆွဲနေကျ ရထားလိုင်းများအားလုံး ရပ်နားထားခဲ့ရသည်။ မင်္ဂလာတောင်ညွ့န်မြို့နယ် မလွှကုန်းမီးရထားဘူတာဝင်းရှိ ဝန်ထမ်းများသည် ဖေဖော်ဝါရီ၈ရက်တွင် CDMလုပ်ဆောင်သည်ဟု ကြေညာခဲ့သည်။ ထို့ပြင် နိုင်ငံတော်က ပေးသည့်လစာများကို CDMပြုလုပ်နေသည့် ကာလအတွင်း ထုတ်ယူမည်မဟုတ်ကြောင်း ဖေဖော်ဝါရီ ၂၅ရက်တွင် အဆိုပါမီးရထားဝန်းထမ်းများက မီဒီယာများကတစ်ဆင့် ထပ်မံကြေညာခဲ့သည်။

မီးရထားဝန်ထမ်းများ၏ CDMလှုပ်ရှားမှု အားကောင်းလာသည်နှင့်အမျှ စစ်ကောင်စီကလည်း ဖိအားပေးမှုပုံစံကို တစ်ဆင့်တက်၍ ပြောင်းလဲခဲ့သည်။ မတ်၁၀ရက်၊ နံနက်၆နာရီခန့်တွင် ရဲနှင့်စစ်သားအင်အား ၂၀၀ခန့်သည်  မလွှကုန်းမီးရထား ဝန်ထမ်းအိမ်ယာဝင်း၏ ထွက်ပေါက်များကို အင်အားသုံးပိတ်ဆို့လိုက်သည်။ ထို့နောက် CDMပြုလုပ်သည့် မီးရထားစက်ခေါင်းမောင်းဝန်ထမ်းသုံးဦးကို ဖမ်းဆီးခဲ့ပြီး ကျန်မီးရထားဝန်ထမ်းများအား CDMတွင်ပါ၊ မပါ ခြိမ်းခြောက်၍ စစ်ဆေးမေးမြန်းခဲ့သည်။

အဆိုပါနေ့တွင်ပင် CDMလှုပ်ရှားမှုတွင်ပါဝင်ပါက ဝန်ထမ်းအိမ်ရာတွင် ဆက်လက်နေထိုင်ခွင့် ပြုတော့မည်မဟုတ်ဟု အိမ်ရာဝင်းအတွင်း လိုက်လံကြေညာခဲ့သည်။ ထို့ပြင် နေ့လယ်၃နာရီမတိုင်မီ အပြီးထွက်ခွာရန်လည်း CDMဝန်ထမ်းများကို သတိပေးခဲ့ပြီး ကျန်ရှိနေသည့် CDMဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုကို အာမ,မခံနိုင်ကြောင်း ရဲများက လိုက်လံပြောဆိုခဲ့သည်။

“CDMလုပ်တာ ရပ်ပြီး လုပ်ငန်းခွင်ပြန်ဝင်မယ်ဆိုရင် ကိုယ်တိုင်ရော မိသားစုပါ အေးအေးဆေးဆေး ဆက်နေလို့ရမယ်။ မဟုတ်ရင်တော့ ထွက်သွားရမယ်လို့ ပြောတယ်။ စက်ခေါင်းမောင်းသူတွေကိုတော့ ဖမ်းထားတယ်ဆိုတာထက် သူတို့ ရိက္ခာတွေ၊ လူတွေပို့တဲ့အခါ မီးရထားသုံးပြီးပို့တာမို့ မောင်းခိုင်းမလို့ ခေါ်ထားတာ ဖြစ်မယ်။ သူတို့ဘက်မှာ မီးရထားမောင်းတတ်တဲ့သူတွေမှ မရှိဘဲ”ဟု မီးရထားဝန်ထမ်းတစ်ဦးက ပြောသည်။

ဖိအားပေးခံရပြီးနောက် ရာနှင့်ချီသော CDM မီးရထားဝန်ထမ်းများသည် ၎င်းတို့နှစ်ရှည်လများ နေထိုင်ခဲ့သည့် နေအိမ်ကို စွန့်ခွာ၍ ဘေးကင်းရာသို့ အသီးသီးထွက်ခွာခဲ့ကြသည်။

“ဝန်ထမ်းတွေလည်း အဆင်ပြေတဲ့ဆီကို သွားနေကြတယ်။ ပြောင်းစရာမရှိတဲ့သူတွေကတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ခွင့်တောင်းပြီး နေတယ်။ ‘CDMလုပ်တာရပ်မယ်’ဆိုပြီး ဆက်နေတဲ့သူမရှိပါဘူး။ ‘CDMလုပ်မယ် ။ သတ်ချင်လည်းသတ် ထွက်မသွားနိုင်ဘူး’ ဆိုတဲ့ သူနဲ့၊ ‘ရတယ် ထွက်သွားပေးမယ်’ဆိုတဲ့ သူနဲ့ နှစ်မျိုးပဲရှိတယ်”ဟု အဆိုပါမီးရထားဝန်ထမ်းက ပြောသည်။

ဖမ်းဆီးထားသော မီးရထားစက်ခေါင်းမောင်းသူ သုံးဦးကိုမူ မိသားစုနှင့် တိုက်ရိုက်အဆက်အသွယ်လုပ်ခွင့် မပေးဘဲ ရဲများမှတစ်ဆင့် အစားအသောက်နှင့် အဝတ်အစားများ ပို့ပေးရကြောင်း မီးရထားစက်ခေါင်းမောင်းတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“၁၂ရက်နေ့ နေ့လယ်လောက်က အဝတ်အစားတချို့ လာယူသွားတယ်။ ခုထိတော့အဆက်အသွယ်သေချာ မရသေးဘူး။ သူတို့ လူတွေ၊ ရိက္ခာတွေကိုပို့ဖို့ မီးရထားမောင်းခိုင်းဖို့ ခေါ်ထားတယ်လို့ ကြားတယ်”ဟု အဆိုပါ မိသားစုဝင်က ပြောသည်။

မတ်၁၀ရက်က CDMမီးရထားဝန်ထမ်းများကို ဖိအားပေးရန် တာမွေမြို့နယ်၊ မလွှကုန်းဘူတာအနီးရောက်ရှိလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

မတ်၁၀ရက်ဖြစ်စဉ်နောက်ပိုင်း မီးရထားဝန်ထမ်းအိမ်ရာဝင်းအတွင်း ဆက်လက်နေထိုင်သူ ဝန်ထမ်းအနည်းငယ်သာ ကျန်ရှိတော့ပြီး လူမနေတော့သည့်အိမ်ခန်းများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စခန်းချထားကြကြောင်း အိမ်ရာဝင်းအတွင်း ကျန်ရစ်ခဲ့သည့်မီးရထားဝန်ထမ်းတစ်ဦးက ဆိုသည်။

“သူများအိမ်ထဲက ပစ္စည်းတွေ ယူသုံးပြီး ချက်ပြုတ်စားသောက်နေကြတာ မသိရင် သူတို့ကိုယ်ပိုင်အိမ် ကျနေတာပဲ။ လက်နက်နဲ့ အနိုင်ကျင့်တာပေါ့”ဟု ၎င်းကပြောသည်။

မလွှကုန်းမီးရထားဝန်ထမ်းများနည်းတူ အင်းစိန်မီးရထားဘူတာဝင်းအတွင်းရှိ CDMဝန်ထမ်းများသည်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကျပ်ကိုင်၊ ခြိမ်းခြောက်မှုများကို မတ်လအတွင်း ရင်ဆိုင်လာရသည်။

“ကျနော်တို့ ဝန်ထမ်းအိမ်ရာထဲကို မတ်၁၂ရက်က ညဘက်ကြီး ရုတ်တရက် ဝင်လာပြီး အိမ်အချို့ကို တံခါးရိုက်ဖွင့်စစ်တယ်။ CDMလုပ်ထားလို့ဆိုပြီး ဝန်ထမ်းနှစ်ယောက်ကို ဖမ်းသွားတယ်။ အခုထိ ပြန်မလွတ်သေးဘူး”ဟု အင်းစိန်မီးရထားဘူတာဝင်းအတွင်း နေထိုင်သူ ကိုမြင့်အောင်က ပြောသည်။

ထိုသို့ ဖမ်းဆီးမှုကြောင့် အခြားCDMဝန်ထမ်းများ မလုံမခြုံခံစားခဲ့ရသော်လည်း ၎င်းတို့သည် ယနေ့တိုင် CDMတွင် ပါဝင်နေဆဲဖြစ်ကြောင်း ၎င်းကိုဆိုသည်။

မတ်လအတွင်း စစ်ကောင်စီသည် မီးရထားဝန်ထမ်းများသာမက CDMလှုပ်ရှားမှုတွင် ပါဝင်သည့် ကျန်အစိုးရဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများကိုလည်း ပစ်မှတ်ထား၍ ဖမ်းဆီးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်လာသည်။

မတ်၁၂ရက်ညက စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပမြို့နယ်၊ ဆေးတက္ကသိုလ်(၂)ဝန်ထမ်းအိမ်ရာအတွင်းရှိ ကျန်းမာရေးဝန်ထမ်း၊ အမျိုးသမီးတစ်ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီး CDMတွင်ပါဝင်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး၏ နေအိမ်ကိုလည်း သော့များဖျက်ဆီးကာ ဝင်ရောက်ရှာဖွေခဲ့သည်။

မတ်၁၃ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြစ်ကြီးနားမြို့ရှိ CDMလုပ်သည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း ဝန်ထမ်းအိမ်ရာမှ ပြောင်းရွှေ့ကြရန် ဖိအားပေးခဲ့သည်။ ယင်းသို့ဖိအားပေးခံရသည့်တိုင် ဝန်ထမ်းများသည် ပြန်လည်တာဝန်ထမ်းဆောင်ခြင်းမရှိဘဲ CDMတွင် ဆက်လက်ပါဝင်မည်ဟုဆိုကာ ဝန်ထမ်းအိမ်ရာမှ ထွက်ခွာခဲ့ကြသည်။ မတ်၁၄ရက်ကလည်း တောင်ကြီးမြို့ရှိ ကလေးဆေးရုံဝင်းအတွင်းက ဝန်ထမ်းများကို အလားတူပင် CDMတွင်ပါဝင်ပါက အိမ်ရာမှရွှေ့ပြောင်းပေးရမည်ဟု ဖိအားပေးကာ ပြောင်းရွှေ့စေခဲ့သည်။

အိမ်ရာများမှ ဝန်ထမ်းများကို ဖိအားပေး၍ ရွှေ့ပြောင်းစေရုံသာမက စစ်ကောင်စီသည် နိုင်ငံပိုင် ရုပ်မြင်သံကြားများကတစ်ဆင့် CDMပြုလုပ်သည့် ဝန်ထမ်းများကို အရေးယူမည်ဖြစ်ပြီး လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်လာပါက ဥပဒေအရ အကာအကွယ်ပေးမည်ဖြစ်ကြောင်း စတင်ကြေညာလာသည်။ ယင်းကြေညာချက်များကို နိုင်ငံပိုင်ရုပ်မြင်သံကြားသတင်းများတွင် နေ့စဉ်ထုတ်လွှင့်ရသည်အထိ အုပ်ချုပ်ရေးယန္တရားအပေါ် ဝန်ထမ်းများ၏ CDMလှုပ်ရှားမှု အကျိုးသက်ရောက်ပုံက ကြီးမားခဲ့သည်။

အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် မလွှကုန်းဘူတာဝင်းအတွင်းမှ မတ်၁၆ရက်က ထွက်ခွာနေသည့် မီးရထားဝန်ထမ်းအချို့ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ဖိအားပေး၊​ အကျပ်ကိုင်မှုများဖြင့် ဝန်ထမ်းများကို လုပ်ငန်းခွင်ပြန်ဝင်ရန် စစ်ကောင်စီ၏ ကြိုးပမ်းမှုသည် အောင်မြင်ပုံမရပေ။ မတ်၁၆ရက်က မန္တလေးအထွေထွေပြည်သူ့ဆေးရုံကြီးကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဟု ရဲတပ်ဖွဲ့က ဆေးရုံရှေ့တွင် ဗွီနိုင်းပိုစတာကပ်၍ ကြေညာခဲ့သည်။

သို့သော် ထိုသို့လုပ်ဆောင်ခြင်းသည် စစ်ကောင်စီက CDMလုပ်ထားသော ကျန်းမာရေးဝန်ထမ်းများအပေါ် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ခြင်းသာဖြစ်နိုင်ကြောင်း မန္တလေးအထွေထွေပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေပြီး လက်ရှိCDMလုပ်ထားသည့် ဆရာဝန်တစ်ဦးက ဆိုသည်။

“ဆေးရုံပြန်ဖွင့်တယ်လို့သာ ဆိုင်းဘုတ်ကပ်တာ။ ကုပေးမယ့် ဆရာဝန်လည်းမရှိဘူး။ လာတဲ့လူနာလည်းမရှိဘူး။ ဒါသက်သက်ဆေးရုံက ဆရာဝန်တွေ ပြန်အလုပ်တက်နေပါပြီဆိုတဲ့ပုံစံလုပ်တာ။ တကယ့်တကယ်ကျ ဘာဝန်ထမ်းမှ သူတို့လက်အောက်မှ မလုပ်ချင်လို့ ဘယ်သူမှ အလုပ်မလာကြဘူး”ဟု ၎င်းကပြောသည်။

CDMလှုပ်ရှားမှုတွင် ပါဝင်သည့် အစိုးရဝန်ထမ်းများအပေါ် စစ်ကောင်စီ၏ လုပ်ငန်းခွင်ပြန်ဝင်ရန် ဖိအားပေး အကျပ်ကိုင်မှုများသည် မတ်လ တတိယပတ်နှင့် နောက်ဆုံးပတ်များတွင် တစ်နိုင်ငံလုံးသို့ ပျံ့နှံ့လာသည်။

မတ်၂၃ရက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မုပွန်မီးရထားဝင်းအတွင်းက မီးရထားဝန်ထမ်းများသည်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖိအားပေးမှုကြောင့် ဝန်ထမ်းအိမ်ရာမှ စွန့်ခွာခဲ့ကြရသည်။

“ညနေပိုင်းလောက်မှာ လာပြောတာ။ မနက်ဖြန်မနက်၉နာရီ အပြီးပြောင်းပေးပါတဲ့။ CDMလုပ်တာရပ်ရင် ပြောင်းစရာမလိုဘူးလို့ ပြောတယ်။ ကျနော်တို့ အားလုံးကတော့ မနက်ကိုးနာရီမထိုးခင်မှာ အကုန်ရွှေ့ခဲ့ကြပါတယ်”ဟု မုပွန်မီးရထားဝင်းတွင်နေထိုင်သည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

ဝန်ထမ်းအချို့က နီးစပ်ရာ ဆွေမျိုးသားချင်းများ၏ နေအိမ်များ​၊ ဘုန်းကြီးကျောင်းများနှင့် မြို့ခံများ ကူညီပေးသည့် နေရာများတွင် ပြောင်းရွှေ့နေထိုင်ကြပြီး CDMကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောာင်း ၎င်းကဆိုသည်။

“ကျနော်တို့ လုပ်နိုင်တဲ့အပိုင်းကနေ အဆုံးထိ ကျနော်တို့ လုပ်ပေးလိုက်ပြီးပြီမို့လို့ ကျန်တဲ့ သူတွေလည်း ဒီမိုကရေစီအရေးတိုက်ပွဲကို အဆုံးထိအနိုင်တိုက်ပေးကြဖို့ ကျနော်မေတ္တာရပ်ခံချင်ပါတယ်”ဟု အဆိုပါဝန်ထမ်းက ဆက်ပြောသည်။

အစိုးရဝန်ထမ်းများ ရုံးမတက်ဘဲ CDMလှုပ်ရှားမှုတွင်ပါဝင်ရန် တိုက်တွန်းထားသည့် ပိုစတာများကိုင်ဆောင်၍ ဆန္ဒပြသည့် မန္တလေးမြို့ခံအချို့ကို မတ်လအတွင်း မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ပြင်းထန်လာတဲ့ အရေးယူမှုများ

CDMလှုပ်ရှားမှုသည် အစိုးရယန္တရားလည်ပတ်မှုသာမက ပုဂ္ဂလိကကဏ္ဍတွင်ပါဝင်သည့် ဘဏ်လုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများကိုပါ ထိခိုက်လာစေသည့်အချိန်တွင် စစ်ကောင်စီသည် အဆိုပါလှုပ်ရှားမှုများကို ငွေကြေးအရ ပံ့ပိုးကူညီသည့် အဖွဲ့အစည်းများ၊ ယင်းတို့မှ​ ခေါင်းဆောင်များနှင့် CDMလှုပ်ရှားမှုကို ထောက်ပံ့ရန် လှုံ့ဆော်သူများကို ပစ်မှတ်ထားဖမ်းဆီး၍ အရေးယူလာသည်။

ဖေဖော်ဝါရီလနောက်ဆုံးသီတင်းပတ်တွင် ဝန်ကြီးဌာနအသီးသီးသို့ CDMလုပ်ဆောင်သည့် ဝန်ထမ်းများအား အဆင့်အလိုက် အရေးယူရန် စစ်ကောင်စီက ညွှန်ကြားခဲ့သည်။ အဆိုပါ ညွှန်ကြားချက်တွင် ခွင့်မဲ့ပျက်ကွက်မှုဖြင့် ထုချေလွှာတင်သွင်းစေခြင်း၊ လစာမဲ့ခွင့်၊ ရာထူးအဆင့်ချခြင်း၊ တစ်နှစ်ရာထူးတိုးဆိုင်းငံ့ခြင်းနှင့် ယာယီအလုပ်မှ ရပ်စဲခြင်းတို့ ပါဝင်သည်။

ထို့နောက် မတ်လဆန်းကစတင်၍ အစိုးရဝန်ထမ်းများကို အလုပ်မှယာယီရပ်စဲခြင်းနှင့် လူမှုကွန်ရက် စာမျက်နှာကတစ်ဆင့် CDMတွင်ပါဝင်ရန်စည်းရုံးလှုံ့ဆော်သည်ဟု ယူဆသူများကို အရေးယူခြင်းများ စစ်ကောင်စီက စတင်ပြုလုပ်လာသည်။

နေပြည်တော်တွင် CDMလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသည့်  နိုင်ငံခြားရေး၀န်ကြီးဌာနမှ ဝန်ထမ်းကိုးဦးအပါအဝင် အစိုးရဝန်ထမ်း ၁၁ဦးအနက် ခုနှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ၅၀၅(က)​နှင့် ကျန်လေးဦးကို ပုဒ်မ၅၀၅(ခ)တို့ဖြင့် ဒက္ခိဏသီရိမြို့နယ်ရဲတပ်ဖွဲ့၊ ဒုရဲမှူးအေးစိုးက တရားလိုပြုကာ တရားစွဲထားသည်။

“အမှုဖွင့်ထားတဲ့ စွပ်စွဲချက်အရ  လူမှုကွန်ရက်စာမျက်နှာမှာ သူတို့အကောင့်တွေ၊ မက်ဆင်ဂျာကနေ တစ်ဆင့်  နိုင်ငံ့ဝန်ထမ်းတွေနဲ့ တခြား၀န်ထမ်းတွေကို CDMလှုပ်ရှားမှုတွေမှာပါဝင်ဖို့ လှုံ့ဆော်ရေးသားတာတို့၊ အစိုးရဝန်ထမ်းတွေကို ကြောက်ရွံ့ထိတ်လန့်မှုတွေဖြစ်ပေါ်စေဖို့နဲ့ အုပ်ချုပ်ရေးယန္တရားတွေကို ရပ်တန့်သွားစေရန် ရည်ရွယ်ပြီးတော့မှ သတင်းအမှားတွေပြောဆိုတယ်ဆိုပြီးတော့ ဒါက(အမှု)ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်”ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းလွင်ကပြောသည်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ၅၀၅(ခ)အရ ပြစ်မှုမြောက်ပါက  ထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်ခံရနိုင်ပြီး ပုဒ်မ၅၀၅(က)အရ ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည်။

အလားတူ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည့် သမဝါယမဦးစီးဌာနမှ ဝန်ထမ်း ရှစ်ဦးကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုကာ ရာဇသတ်ကြီးပုဒ်မ၁၈၈ဖြင့် တရားစွဲထားသည်။ ပုဒ်မ ၁၈၈သည် အလုပ်မဲ့ထောင်ဒဏ်တစ်လဖြစ်စေ၊ ဒဏ်ငွေ ကျပ်၂၀,၀၀၀အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

စစ်ကောင်စီ၏ အမျိုးမျိုးသော ဖိအားပေးမှုများ၊ ဖမ်းဆီးအရေးယူမှုများ အချိန်ကြာမြင့်လာပြီး အရှိန်မြင့်တက်လာသည်နှင့်အမျှ CDMလှုပ်ရှားမှုကို ရပ်ဆိုင်းကာ လုပ်ငန်းခွင်ပြန်ဝင်ကြသူအချို့ရှိသကဲ့သို့ ဒီမိုကရေစီပြန်ရသည်အထိ CDMဆက်လက်လုပ်ဆောင်ရန် အခိုင်အမာ စိတ်ပိုင်းဖြတ်ထားသည့် ဝန်ထမ်းအများအပြားလည်း ရှိနေသေးသည်။

“အခုပြောနေတာက နိုင်ငံ့ဝန်ထမ်းတွေ ပါတီနိုင်ငံရေးကင်းရှင်းရမယ်ဆိုတဲ့ အချက်တွေနဲ့ အရေးယူဖို့ ကြိုးပမ်းတဲ့ အသံတွေကြားရတယ်။ ကျမက ပါတီနိုင်ငံရေး လုပ်နေတာမဟုတ်ဘူး။ တိုင်းပြည်အတွက် အမျိုးသားနိုင်ငံရေး လုပ်နေတာပါ။ ဒါပေမဲ့ သူတို့က တံဆိပ်ကပ်မှာပါ။ နိုင်ငံရေးအရ လှုံ့ဆော်စည်းရုံးတဲ့အတွက် နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို ဖောက်ဖျက်အောင်လုပ်တယ်ဆိုပြီး အရေးယူမှာပါ”ဟု ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်က လုပ်သက်၁၀နှစ်ရှိပြီဖြစ်သည့် လက်ထောက်ကထိကတစ်ဦးက ပြောသည်။

“ကျမတို့ စိုးရိမ်ပါတယ်။ ကြောက်ပါတယ်။ ကျမတို့ရှင်သန်ခဲ့ရတဲ့ ခေတ်အခြေအနေတွေကို ကျမတပည့်တွေ ရင်ဆိုင်ရမှာကို ကြောက်တာပါ။ အဲဒါကို အစိုးရိမ်ဆုံးပါ။ ထောင်ကျမှာကို မကြောက်ပါဘူး။ ကျမအနေနဲ့ ထောင်ကျဖို့အထိ၊ အလုပ်ထွက်ဖို့အထိကို တွေးထားပြီးသားပါ။ ကျမတို့ မျိုးဆက်တွေအတွက် အာဏာရှင်စနစ်ကိုတိုက်နိုင်ဖို့ CDMကိုတော့ အဆုံးထိ ဆောင်ရွက်သွားဖို့ စဉ်းစားထားပြီးသားပါ”ဟု CDM လုပ်ဆောင်နေသည့် ၎င်းက ခိုင်ခိုင်မာမာဆိုသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar