ရပ်ဝန်းနှင့် လမ်းမပေါ်တွင် ပြိုကျတော့မည့် တရုတ်မဟာတံတိုင်းကြီး

ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကုန်ကျမည့် ရန်ကုန်ဘူတာကြီး ပြန်လည်တည်ဆောက်မည့် စီမံကိန်းတွင်ပါဝင်သည့် တရုတ်ကုမ္ပဏီတစ်ခုသည် ပြိုကျပျက်စီးတော့မည့်အခြေဆိုက်နေသည်။ ကုမ္ပဏီ၏ ကြွေးရှင်များက သူတို့ပေးထားသည့် အကြွေးကို ပြန်လည်ရလိုကြောင်း ဥပဒေကြောင်းအရ ဆောင်ရွက်နေကြသောကြောင့်ဖြစ်သည်။

သောမတ်စ်ကင်းန် ရေးသားသည်။

ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံအနီးတွင် ဆောက်လုပ်နေသော ၂၆ ထပ်ရှိ နာမည်ကြီး ရုံးအဆောက်အအုံသစ်ဖြစ်သည့် M Tower ၏ နောက်ဆုံးသံဘောင် တပ်ဆင်သည့် အခမ်းအနားကို တက်ရောက်ရန် သတင်းထောက်များကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်နေ့တွင် မုတ္တမဟိုးဒင်းလ် (Mottama Holding) က ဖိတ်ကြားခဲ့သည်။ M Tower ၏ အစိတ်အပိုင်းများကို ကုမ္ပဏီ၏ ရန်ကုန်ရှိ စက်ရုံ၌ ကြိုတင်အသင့်ထုတ်လုပ်ထားသော (Prefabricated steel Structure) များဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။

ရန်ကုန်မြို့၊ ပြည်လမ်းမကြီး၏အထက် မီတာ ၁၀၀ (ပေ ၃၀၀) ခန့်အမြင့်တွင် M Tower ၏ နောက်ဆုံးယက်မကြီးကို ရွှေရောင်မူလီတို့ဖြင့် စုတ်ကာတပ်ဆင်လိုက်ပြီးနောက် ကုမ္ပဏီဥက္ကဋ္ဌ ဦးရန်ဟိုက မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍတွင် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်လိုက်ပြီဟု ပြောကြားသည်။ အထပ်မြင့်စီမံကိန်းများ ဆောက်လုပ်ရာတွင် ကြိုတင်အားဖြည့် ကွန်ကရိနေရာ၌ သံမဏိ (steel) ကို အစားထိုးအသုံးပြုနေပြီဖြစ်ကြောင်းနှင့် M Tower သည် ရန်ကုန်မြို့တွင် ထူးခြားထင်ရှားသော မှတ်တိုင်တစ်ခုဖြစ်လာတော့မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ထိုမြင်ကွင်း၏ နောက်ကွယ်တွင်မူ ထိုမျှ အားတက်ဝမ်းသာစရာသတင်း မဟုတ်ခဲ့ပေ။ မုတ္တမ၏ မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်သော တရုတ်ကုမ္ပဏီ Sino Great Wall  (တရုတ်မဟာတံတိုင်း) သည် တရုတ်နိုင်ငံ ကုမ္ပဏီများ ကြီးကြပ်အုပ်ချုပ်ရေးအဖွဲ့မှ နို့တစ်စာ (ဆင့်စာ)ကို ပြီးခဲ့သည့် သီတင်း ၂ ပတ်ခန့်ကပင် လက်ခံရရှိထားခဲ့သည်။

Sino Great Wall ကုမ္ပဏီသည် သတင်းအချက်အလက်ပေါက်ကြားမှု ဥပဒေချိုးဖောက်မှုသံသယဖြင့် စုံစမ်းစစ်ဆေးခံရမည်ဖြစ်ကြောင်း အကြောင်းကြားစာဖြစ်သည်။

Sino Great Wall ကုမ္ပဏီသည် M Tower Project တွင် အင်ဂျင်နီယာလုပ်ငန်း၊ ဝယ်ယူရေးလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း (EPC) တို့ကို ဆောင်ရွက်ပေးရန် အမေရိကန်ဒေါ်လာ သန်း ၈၀ တန် ကန်ထရိုက်ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရရှိခဲ့သည်။ ထိုသို့ ကန်ထရိုက်အောင်မြင်ပြီး မကြာမီပင် Sino Great Wall ၏ ရှယ်ယာများမှာ ၁၄ ဒသမ ၄ ယွမ်အထိ ထောင်တက်သွားခဲ့ရာ ကုမ္ပဏီ၏ ဈေးကွက်ရင်းနှီးမြှုပ်နှံမှုမှာ ၂၃ ဘီလီယံ ယွမ် (ဒေါ်လာ ၃ ဒသမ ၄ ဘီလျံ) ဖြစ်သွားခဲ့သည်။ ထိုအချိန်တွင် Sino Great Wall သည် နိုင်ငံခြား EPC ကန်ထရိုက်များ ဒေါ်လာ ဘီလျံများစွာ ရရှိလျက်ရှိရာ ရပ်ဝန်းနှင့် လမ်းမတစ်လျှောက် ထိပ်ဆုံးမှ ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သည်ဟု ကြော်ငြာမောင်းခတ်နေချိန် ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် သမ္မတရှီကျင်းပင် စတင်ချပြလိုက်သော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးအစီအစဉ် ရပ်ဝန်းနှင့် လမ်းမတစ်ခု ပဏာမခြေလှမ်း (BRI) ကို ရည်ညွှန်းခြင်းဖြစ်သည်။

ယနေ့အချိန်တွင် Sino Great Wall ၏ ရှယ်ယာဈေးမှာ ၂ ဒသမ ၂၉ ယွမ် သာရှိတော့သည်။ ကုမ္ပဏီ၏ အကြွေးနှင့် အသားတင် ပိုင်ဆိုင်ပစ္စည်းအချိုး (debt-to-net asset ratio) မှာ ၁၂၀ ရာနှုန်းကျော်ရှိနေသည်။ ပေးဆပ်ရန် ရက်လွန်နေပြီဖြစ်သော အကြွေးယွမ်ငွေ ၂ ဒသမ ၇ ဘီလျံ ရလိုမှုဖြင့် ကြွေးရှင် တစ်ဒါဇင်ခန့်က Sino Great Wall ကုမ္ပဏီ ကို တရားစွဲဆိုထားကြသည်။ ကုမ္ပဏီသည် ယခုအခါ BRI အတွက် ကြော်ငြာဆိုင်းဘုတ်တစ်ခု မဟုတ်တော့ဘဲ ချေးငွေများဖြင့် အလွန်အကျွံ လုပ်ငန်းတိုးချဲ့ခြင်း၏ အန္တရာယ်ကို သတိပေးနေသည့် သတိပေးဆိုင်းဘုတ်တစ်ခု ဖြစ်နေပြီဖြစ်သည်။

၂၀၁၈ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ကုမ္ပဏီ၏ ငွေရေးကြေးရေးပြဿနာ လူသိရှင်ကြားဖြစ်လာခဲ့ပြီးနောက် Sino Great Wall သည် နိုင်ငံတကာ၌ လုပ်ငန်းတိုးချဲ့လုပ်ကိုင်မှုကို များစွာလျော့ချခဲ့ရသည်။ ထိုသို့လျော့ချရမှုသည် ၂၀၂၀ ပြည့်နှစ်တွင် အပြီးလုပ်ဆောင်ရမည်ဖြစ်သော M Tower တည်ဆောက်ရေးကို ထိခိုက်ခြင်း ရှိမရှိ၊ မသိရှိရသေးချေ။

M Tower ၏ သံမဏိဘောင်ကြီးများပေါ်တွင် ထိုးထွက်နေသော တာဝါကရိန်းဝန်ချီစက်ကြီး မလှုပ်မယှက် ငြိမ်သက်နေသည်ကို ယခုလအစောပိုင်းက မြင်တွေ့ခဲ့ရသည်။ လုပ်ငန်းခွင်တွင် အလုပ်သမားအနည်းငယ်ကိုသာ တွေ့မြင်ရသည်။ အခြေအနေအား မေးမြန်းစုံစမ်းရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း မုတ္တမက တစ်ခွန်းမျှ မပြန်ကြားခဲ့ချေ။

M Tower နှင့် မီတာ ၁၀၀ ခန့်အကွာတွင် Sino Great Wall ၏ ရန်ကုန်ရုံး တည်ရှိသည်။ Frontier က ရောက်ရှိသွားသောအခါ ရုံးတံခါးသော့ခတ်ထားသည်ကိုသာ တွေ့ရသည်။ အနီးအနားက အိမ်များကို မေးကြည့်ရာ ရုံးတစ်ရုံးထက် လူနေအဆောင်နှင့်သာ ပိုတူနေကြောင်း၊ M Tower တွင် အလုပ်လုပ်သော အလုပ်သမားများ ယခုလည်း နေထိုင်လျက်ရှိကြောင်း ပြောကြပါသည်။ အီးမေးလ်နှင့် မေးမြန်းမှုများကိုလည်း ကုမ္ပဏီက ဖြေကြားခြင်းမရှိပါ။ မည်သို့ဆိုစေ၊ တရုတ်ကုမ္ပဏီ၏ ပြဿနာသည် မြန်မာနိုင်ငံ၏ အခြားစီမံကိန်းများကိုလည်း ထိခိုက်လျက် ရှိနေပုံပေါ်နေသည်။ ထိုအထဲတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ “Min Residence” အမည်ဖြင့် တိုက်ခန်း ၆၀၀ ကျော်ပါ အဆင့်မြင့်ကွန်ဒိုမီနီယံ စီမံကိန်းလည်း ပါသည်။

Sino Great Wall ကုမ္ပဏီ၏ ကော်ပိုရိတ်ဖိုင်တွင် ဖော်ပြထားချက်အရ ကုမ္ပဏီသည် အထပ်မြင့်အဆာက်အဦ ၃ ခု ဆောက်ပေးရန် Mottama နှင့် Singapore စာရင်းပေါက် Oxley Holding ကုမ္ပဏီတို့ထံမှ ဒေါ်လာသန်း ၁၂၀ တန် EPC ကန်ထရိုက်ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် M Tower ကန်ထရိုက်နှင့် တစ်ချိန်တည်း ရရှိခဲ့ခြင်းဖြစ်သည်။ Mottama နှင့် Oxley တို့က ၂၀၁၇ ခုနှစ်၊ စက်တင်ဘာတွင် လုပ်ငန်းများစတင်မည်ဟု သေချာစွာ ပြောနေကြသော်လည်း တိုးတက်မှုများကို မယ်မယ်ရရ မတွေ့မြင်ရသေးချေ။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာက ကျင်းပခဲ့သည့် M Tower နောက်ဆုံးသံဘောင် တပ်ဆင်ခြင်းအခမ်းအနား။ ဓာတ်ပုံ- Supply

၂၀၁၈ ခုနှစ်၊ အောက်တိုဘာက ကျင်းပခဲ့သည့် M Tower နောက်ဆုံးသံဘောင် တပ်ဆင်ခြင်းအခမ်းအနား။ ဓာတ်ပုံ- Supply

Sino Great Wall သည် ကမ္ဘာဒီးယားနိုင်ငံတွင် အိမ်ယာများဆောက်လုပ်ရန်အတွက် စုစုပေါင်း ဒေါ်လာ သန်း ၅၀၀ နီးပါးတန်ဖိုးရှိ ကန်ထရိုက် ၃ ခုကို Oxley ကုမ္ပဏီထံမှ ရရှိထားခဲ့သေးသည်။ သို့သော် ဤကုမ္ပဏီ ၃ ခုသည် ပိုမိုကြီးမားသော စီမံကိန်းများကို မြန်မာနိုင်ငံတွင် ရရှိထားသည်။

မီးရထားဘူတာကြီး စီမံကိန်း

ဒေါ်လာ ၂ ဒသမ ၅ ဘီလျံတန်ဖိုးရှိ ရန်ကုန်ဘူတာကြီးပြန်လည်တည်ဆောက်ရေး စီမံကိန်းကြီးကို လုပ်ကိုင်ရန် အသင့်တော်ဆုံး တင်ဒါတင်သွင်းသူအဖြစ် Central Transport Development Consortium (CTDC) ကို မြန်မာအစိုးရက ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရွေးချယ်ခဲ့သည်။ ထိုလုပ်ငန်းစုကို Oxley၊ Sino Great Wall နှင့် Mottama ၏ လက်ခွဲကုမ္ပဏီဖြစ်သော Min Dhama Co. Ltd တို့ဖြင့် ဖွဲ့စည်းထားပါသည်။

ရန်ကုန်မြို့လည်ရှိ ၆၃ ဒသမ ၅ ဧက (၂၅ ဒသမ ၇ ဟက်တာ) ကျယ်ဝန်းသော မြေကွက်ပေါ် စောစောပိုင်းက တင်ဒါများ၌ သင့်တော်သော အဆိုပြုတင်သွင်းသူမရှိသဖြင့် ပယ်ဖျက်ထားခဲ့ပြီးနောက် မြန်မာ့မီးရထားက ၂၀၁၅ ခုနှစ်၊ သြဂုတ်လတွင် စိတ်ဝင်စားသောကုမ္ပဏီများကို ရှာဖွေခဲ့သည်။

စင်ကာပူ စာရင်းပေါက် Yoma Strategic Holdings နှင့် မြန်မာနိုင်ငံစာရင်းပေါက် First Myanmar Investment တို့ပါဝင်သော လုပ်ငန်းစုကို CTDC က အနိုင်ယူပြီး မီးရထားဘူတာကြီးတင်ဒါကို ရရှိခဲ့ခြင်းဖြစ်သည်။ Yoma နှင့် FMI ကုမ္ပဏီနှစ်ခုလုံးမှာ မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းေ၀ (ခေါ်) Mr. Serge Pun နှင့် ဆက်စပ်နေကြသည်။

CTDC ကို ရွေးချယ်လိုက်ကြောင်း ကြေညာပြီး မကြာခင်မှာပင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့မီးရထားမှ အရာရှိများက CTDC နှင့် ကန်ထရိုက်စာချုပ် ချုပ်ဆိုမှုကို ၂၀၁၈ ခုနှစ် အလည်လောက်တွင် အပြီးလုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ကြသည်။

ရန်ကုန်ဘူတာကြီးပြန်လည်တည်ဆောက်ရေးကို BRT ၏ အောက်မှ ဦးစားပေးစီမံကိန်းတစ်ခုအဖြစ် တင်ပြရန် မြန်မာအစိုးရက ကြံရွယ်ထားခြင်းကြောင့် ၎င်းတို့က ဤမျှအတင့်ရဲကာ စွန့်စားလုပ်ကိုင်ကြခြင်းဖြစ်ကြောင်း Frontier က ကြည့်ရှုခဲ့ရသော အထောက်အထားများအရ သိရှိခဲ့ရသည်။ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်း တရုတ်-မြန်မာ စီးပွားရေးစြင်္က ံ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်မထိုးမီ မြန်မာအစိုးရကတင်ပြသော BRI ပုဂ္ဂလိကကဏ္ဍ ဦးစားပေးစီမံကိန်းများ စာရင်းတွင် ရန်ကုန်ဘူတာကြီးပြန်လည်တည်ဆောက်ရေးလည်း ပါဝင်ခဲ့သည်။

ထို့ကြောင့် CTDC သည် တရုတ်ပေါ်လစီဘဏ်များမှ သက်သာခွင့်များဖြင့် ငွေကြေးအထောက်အပံ့ကို ရရှိအောင် ဆွဲဆောင်နိုင်ခဲ့ပေသည်။ သို့သော် ဤစီမံကိန်းကို စာရင်း၌ ထည့်သွင်းခွင့် ပြု၊ မပြု သေချာမသိရှိရချေ။ BRI အောက်မှ ဖွံ့ဖြိုးရေးစီမံကိန်း ၃၀ ကို တရုတ်က အဆိုပြုခဲ့ရာ မြန်မာအစိုးရက ထိုအထဲမှ ၉ ခုကိုသာ သဘောတူ လက်ခံခဲ့သည်ဟု ဆိုသည်။ သို့သော် ထို ၉ ခုကိုလည်း အစိုးရက လူသိရှင်ကြားထုတ်ဖော်ကြေညာခြင်း မပြုခဲ့ချေ။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ပြုလုပ်ခဲ့သည့် M Tower သံဘောင်တပ်ဆင်ပွဲတွင် Mottama ၏ ဒါရိုက်တာ ဦးတင်မောင်ထွန်းက ကင်းလွတ်ခွင့် သဘောတူညီချက် မူကြမ်းတစ်ခုကို မြန်မာ့မီးရထားနှင့် လက်မှတ်ရေးထိုးနိုင်ရန် CTDC က ပြင်ဆင်နေကြောင်း Frontier ကို ပြောကြားခဲ့သည်။

သဘောတူညီချက်မူကြမ်း (draft concession agreement) လက်မှတ်ထိုးပြီးပါက ရှေ့နေချုပ်ရုံးအပါအဝင် ပြည်ထောင်စုအစိုးရထံ တင်ပြရဦးမည်ဖြစ်သည်။ ဤစီမံကိန်းကို မြန်မာ့ရင်းနှီးမြှုပ်နံှမှုကော်မရှင်၏ သဘောတူခွင့်ပြုချက်လည်း လိုသေးသည်။ “ဒါက အမျိုးသားအဆင့် စီမံကိန်းကြီးဖြစ်တော့ ပါဝင်ပတ်သက်သူတွေ များတယ်။ အာဏာပိုင်အဖွဲ့အစည်း ခြောက်ခုက ၁၀ ခုအထိ ပါဝင်နေတယ်။ အဆင့်တွေ သိပ်များတယ်ဗျာ” ဟု ဦးတင်မောင်ထွန်းက ပြောသည်။ ခြောက်လသာ ကြာသွားခဲ့သည်။ မည်သည့်သဘောတူညီချက်မျှ မရခဲ့ကြပေ။ Sino Great Wall ၏ ငွေရေးကြေးရေးပြဿနာကြောင့်လည်း ပို၍ကြန့်ကြာသွားခဲ့ပုံရသည်။ “တရုတ်ကုမ္ပဏီဟာ တင်ဒါစည်းကမ်းတွေအတိုင်း လိုက်နာဖို့ အတော်အခက်တွေနေတယ်” ဟု မြန်မာ့မီးရထားအရာရှိတစ်ဦးက ဧပြီ ၂၅ ရက်နေ့တွင် Frontier ကို ပြောကြားခဲ့သည်။

ကုမ္ပဏီစု၏ အခြားအဖွဲ့ဝင် ကုမ္ပဏီများဖြစ်သည့် Oxley နှင့် Mottama လက်ခွဲ Min Dhama Co Ltd တို့သည် Sino Great Wall ၏ နေရာကို အစားထိုးရန် ကုမ္ပဏီသစ်တစ်ခုကို လိုက်ရှာနေကြသည်ဟု မြန်မာ့မီးရထား၊ အောက်မြန်မာပြည်ဆိုင်ရာ အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။

“ဒါအတော်ကို ညှိနှိုင်းယူကြရမယ့် ကိစ္စပဲ။ ဒါပေမယ့် မြန်မာ့မီးရထားက အချိန်တွေထပ်ပေးဖို့ ဆန္ဒရှိပါတယ်။ လုပ်ငန်းစု ဖွဲ့စည်းပုံ ပြောင်းသွားပေမယ့် ကုမ္ပဏီတွေက ပေးထားခဲ့ရတဲ့ လက်မှတ်ထိုးခ ဒေါ်လာ ၄ သန်း ကတော့ တရားဝင်နေဆဲပါပဲ” ဟု ၎င်းကပြောသည်။

“တင်ဒါစကတည်းက ကျွန်တော်တို့ ရက်ပေါင်း ၁,၃၀၀ ကြာသွားပါပြီ” ဟု ဦးထွန်းအောင်သင်းက ဆိုသည်။ “ကျွန်တော်တို့ရဲ့ ဘူတာကြီးကို ဖွံ့ဖြိုးစေချင်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ မနှေးမမြန် မခပ်မှန်မှန် ဆက်လုပ်သွားဖို့ရှိပါတယ်” ဟုလည်း ၎င်းကဆက်လက်ပြောသည်။ သို့သော်လည်း Mindhama နှင့် Oxley တို့က ဆက်လက်မဆောင်ရွက်နိုင်သည်မှာ ရှင်းလင်းစွာသိလာလျှင် မြန်မာ့မီးရထားအနေဖြင့် တင်ဒါအသစ်တစ်ခုခေါ်ရန် စဉ်းစားမည်ဟုလည်း ဦးထွန်းအောင်သင်းက ထပ်မံပြောကြားခဲ့သည်။

ဂျပန်ကုမ္ပဏီစုဖြစ်သည့် မစ်ဆူဘီရှီ (Mitsubishi) က အဆိုပါလုပ်ငန်းစုသို့ ဝင်ရောက်နေပြီဟု သတင်းထွက်ပေါ်နေကြောင်း အိမ်ခြံမြေလုပ်ငန်းစောင့်ကြည့်သည့်အဖွဲ့ဖြစ်သည့် Myanmar Real Estate and Construction Monitor က မတ်လတွင် အစီရင်ခံခဲ့သည်။ ထိုသတင်းနှင့် ပတ်သက်ပြီး Frontier သို့ သုံးသပ်ချက်ပေးရန် ထပ်ကာထပ်ကာ မေတ္တာရပ်ခံသော်လည်း မစ်ဆူဘီရှီက ငြင်းဆိုခဲ့သည်။

Mitsubishi Corporation နှင့် Mitsubishi Estate တို့သည် မြန်မာ့မီးရထားက ပိုင်ဆိုင်ပြီး ဘူတာကြီးအနီးမြေပေါ်တွင် တည်ဆောက်နေသည့် ကြီးမားသော ဘက်စုံသုံး စီမံကိန်းကြီးတစ်ခုဖြစ်သည့် Yoma Central တွင်လည်း ပါဝင်နေသည်။ ဒေါ်လာ သန်း ၅၀၀ တန် အဆိုပါစီမံကိန်းကို ဦးသိမ်းဝေ၏ Yoma Strategic Holdings ကဦးဆောင်နေသည်။

ထိုစဉ် Oxley မှာလည်း ကိုယ်ပိုင်စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလကတည်းက ၎င်း၏ ရှယ်ယာဈေးနှုန်းမှာ ထက်ဝက်လျော့ကျသွားခဲ့ရာ တစ်စိတ်တစ်ပိုင်းအားဖြင့် ၎င်းတို့၏ မြင့်မားသည့် အကြွေးပမာဏများကြောင့် ဖြစ်သည်။ ထို့အပြင် အကြွေးကြောင့် ဖြစ်နိုင်ဘွယ် ပုံပျက်ပန်းပျက်အခြေအနေကို လေ့လာသူများက စောင့်ကြည့်လျက်ရှိသည့် စင်ကာပူအိတ်ချိန်းမှ ကုမ္ပဏီတချို့တွင် ပါဝင်နေသည်ဟု စင်ကာပူရှိ Business Times သတင်းစာက ဖော်ပြခဲ့သည်။

Oxley အနေဖြင့် လာမည့်နှစ်အနည်းငယ်အတွင်း အကျေဆပ်ရမည့် စင်ကာပူဒေါ်လာ သန်း ၅၀၀ ရှိပြီး သန်း ၃၀၀ မှာ ယခုနှစ် နိုဝင်ဘာလတွင် ပေးဆပ်ရမည်ဟု Bloomberg ၏ စာရင်းဇယားများကို ကိုးကား၍ Business Times က ဖော်ပြခဲ့သည်။ မကြာသေးခင်လများအတွင်း စင်ကာပူတွင် ပိုင်ဆိုင်မှုအများအပြားကို ရောင်းချ၍ အကြွေးပမာဏကို လျှော့ချရန် ၎င်းကုမ္ပဏီက ကြိုးပမ်းနေသည်။

ပြီးခဲ့သည့်မတ်လက ဟိုတယ်နှစ်လုံးရောင်းချရေး ပျက်ပြားသွားခဲ့သော်လည်း စင်ကာပူမြို့လယ်မှ အထပ် ၃၂ ထပ်ရှိ ရုံးခန်းတာဝါတစ်ခုကို စင်ကာပူဒေါ်လာ ၁ ဒသမ ၀၂၅ ဘီလျံ (အမေရိကန်ဒေါ်လာသန်း ၇၅၀) ဖြင့် ရောင်းချလိုက်ပြီး Golden Compass (BVI) Limited သို့ ပေးရမည့် အကြွေးကို တာဝန်ယူခဲ့ကြောင်း Oxley က ဧပြီ ၂၉ ရက်နေ့တွင် ကြေညာခဲ့သည်။ Oxley သည် ယင်းအဆောက်အအုံကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလက စက်ကာပူဒေါ်လာ သန်း ၆၆၀ ဖြင့် ဝယ်ယူခဲ့သည်။

ရန်ကုန်ဘူတာကြီးဖွံ့ဖြိုးရေးစီမံကိန်း နမူနာပုံစံ။

ရန်ကုန်ဘူတာကြီးဖွံ့ဖြိုးရေးစီမံကိန်း နမူနာပုံစံ။

Oxley အား သုံးသပ်ချက်ပေးရန် တေင်းဆိုချက် အများအပြားကို မတုံ့ပြန်ခဲ့ပေ။ ရန်ကုန်ဘူတာကြီးစီမံကိန်း၊ သို့မဟုတ် Min Residence နှင့် ပတ်သက်၍ ရှယ်ယာရှင်များထံ မကြာသေးခင်အချိန်ကအထိ မည်သည့် သတင်းအချက်အလက်မျှ ထုတ်ဖော်ပြောကြားခြင်း မပြုသေးပေ။

အကြွေးဖြင့်မောင်နှင်သည့် ချဲ့ထွင်မှု

ပြီးခဲ့သည့်လက တရုတ်နိုင်ငံမြို့တော်၊ ဘေကျင်းတွင် ခါးပတ်ရပ်ဝန်းနှင့် လမ်းမတစ်ခု ဖိုရမ်ကို တရုတ်သမ္မတရှီက လက်ခံကျင်းပခဲပြီး စီမံကိန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကြွေးထောင်ချောက်တစ်ခုဖြစ်သည်ဆိုသည့် စိုးရိမ်မှုများကို ကိုင်တွယ်ရှင်းလင်းရန် အခွင့်အရေးရရှိခဲ့သည်။

ထိုကဲ့သို့စိုးရိမ်မှုများမှာ များသောအားဖြင့် တရုတ်ကုမ္ပဏီများက တာဝန်ယူသော မလိုအပ်ဘဲ ကုန်ကျစရိတ်ကြီးမားသည့် အခြေခံအဆောက်အအုံစီမံကိန်းများကို ငွေကြေးထောက်ပံ့ရန် အကြွေးပမာဏများစွာ ယူထားသည့် ပါဝင်နိုင်ငံများနှင့် အဓိက သက်ဆိုင်သည်။

သို့သော်လည်း ခါးပတ်ရပ်ဝန်းဇာတ်လမ်း၏ တစိတ်တပိုင်းမျှသာဖြစ်သည်။ များပြားလှသည့် ထိုစီမံကိန်းများကို အမှန်တကယ်အားဖြင့် ပြည်တွင်းမှ ချေးငွေများရယူနေသည့် တရုတ်ကုမ္ပဏီများက ငွေကြေးထောက်ပံ့နေခြင်းဖြစ်သည်။ တရုတ်ဘဏ်များက BRI စီမံကိန်းများနောက် လိုက်နေသည့် ပုဂ္ဂလိကကုမ္ပဏီများကို ငွေထုတ်ချေးရန် စိတ်မပါဘဲ နိုင်ငံပိုင်လုပ်ငန်းများ၊ သို့မဟုတ် နိုင်ငံပိုင်လုပ်ငန်းများမှတဆင့်သာ ငွေချေးလိုကြသည်ဟု Orient Capital Research မှ တရုတ်လေ့လာသူ အင်ဒရူးကိုလီယာက ပြောသည်။ စီမံကိန်းအန္တရာယ်များကို ရှင်းရှင်းလင်းလင်းသိလာရသည့်အခါ အဆိုပါ (ငွေချေးရန်) မနှစ်သက်မှုက အသံပိုကျယ်လာခဲ့သည်ဟု ၎င်းကထပ်မံပြောကြားသည်။

ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကြွေးထောင်ချောက်က သတင်းစာခေါင်းကြီးပိုင်းများတွင် နေရာယူလာသော်လည်း အနည်းဆုံးအားဖြင့် တရုတ်နိုင်ငံပြင်ပတွင် ဆွေးနွေးမှုနည်းလျက်ရှိရာ ယင်းမှာ BRI တွင် ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းနေကြသော တရုတ်ကုမ္ပဏီများအတွက် ဖြစ်နိုင်ဘွယ်အကြွေးထောင်ချောက်ဖြစ်သည်။

Sino Great Wall သည် နိုင်ငံရပ်ခြားတွင် ၎င်း၏ လျင်မြန်သည့် ချဲ့ထွင်မှုများအတွက် ငွေကြေးထောက်ပံ့ရန် တရုတ်ဘဏ်များထံမှ ငွေအလုံးအရင်းချေးယူခြင်းဖြင့် ဖြစ်လာနိုင်သည့် အန္တရာယ်အချို့ကို ပုံဖော်လျက်ရှိသည်။ တရုတ်အာဏာပိုင်များက ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တွင် အကြေးပမာဏ လျှော့ချရေးပေါ်လစီတစ်ခုကို မိတ်ဆက်ပြီး အကြွေးရနိုင်မှုကို တင်းကျပ်လိုက်သည့်အခါ Sino Great Wall မှာ အကျပ်ရိုက်သွားတော့သည်။

Sino Great Wall သည့် တရုတ်ပြည်တွင်းဆောက်လုပ်ရေးနှင့် အတွင်းပိုင်းမွမ်းမံအလှဆင်ရာတွင် နာမည်ရရှိထားသည်။ သို့သော်လည်း တရုတ်စီးပွားရေး စတင်နှေးကွေးလာသည့်နှင့် ပြည်ပတွင် ကန်ထရိုက်ရရှိရေးကိုသာ ပိုမို အာရုံစိုက်စပြုလာသည်။ Sino Great Wall သည် အများပိုင် အထည်ထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုကို လွှဲပြောင်းရယူရာမှ ရှန်ဇင်းတွင် စာရင်းဝင်ချိန် ၂၀၁၅ နောက်ပိုင်းမှစ၍ နိုင်ငံရပ်ခြား စီးပွားရေးလုပ်ငန်းက အရှိန်ရစပြုလာခဲ့သည်။

မကြာခင်က ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ ကူဝိတ်၊ အယ်လ်ဂျီးရီးယားနှင့် မြန်မာနိုင်ငံတို့တွင် ကန်ထရိုက်များစွာ ရရှိခဲ့သည်။ ၂၀၁၈ ခုနှစ်က ကုမ္ပဏီ၏ စာရင်းများအရ စုစုပေါင်းယွမ်ငွေဘီလျံ ၄၀ တန်ဘိုးရှိ နိုင်ငံတကာမှ အော်ဒါများ ရရှိထားသည်။

BRI ခင်းကျင်းမှုနှင့် ၎င်း၏ပြည်ပတွင် လုပ်ငန်းကြီးထွားမှုကလည်း အတူလိုက်ပါခဲ့သည်။ ၎င်း၏ ၂၀၁၇ ခုနှစ်၊ နှစ်ပတ်လည်အစီၤရင်ခံစာတွင် ပြည်ပအင်ဂျင်နီယာလုပ်ငန်းနှင့် ဆောက်လုပ်ရေးကန်ထရိုက်များတွင် တရုတ်ကုမ္ပဏီများသို့ စီးသွားသည့် ဝင်ငွေဒေါ်လာ ၁၆၈ ဒသမ ၅၉ ဘီလျံအနက် ထက်ဝက်ကျော်မှာ BRI နှင့်အကျိုးတူဆောင်ရွက်သည့် နိုင်ငံပေါင်း ၆၁ နိုင်ငံမှ ရခြင်းဖြစ်ကြောင်း Sino Great Wall က အသိပေးခဲ့သည်။

ထိုကန်ထရိုက်များမှ ရရှိသည့် ဝင်ငွေစုစုပေါင်းသည် ၂၀၁၇ ခုနှစ်က ၅ ဒသမ ၈ ရာခိုင်နှုန်းရှိစဉ် BRI နိုင်ငံများတွင်မူ ၁၂ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့သည်။ ထို့ကြောင့် အမျိုးသားမဟာဗျူဟာဖြစ်သည့် One Belt One Road သည် ကုမ္ပဏီ၏ ပြည်ပလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ကြောင်း Sino Great Wall က ထုတ်ဖော်ပြောကြားခဲ့သည်။

ပထမနှစ်အနည်းငယ်အတွင်း လုပ်ငန်းကောင်းဟန်ရှိသော်လည်း ၎င်း၏ ဝင်ငွေနှင့် အသားတင်အမြတ်ငွေတို့ ပထမဆုံးအကြိမ် ကျဆင်းခဲ့သည့် ပြီးခဲ့သည့်နှစ်တွင် အဆင်မပြေသည့်လက္ခဏာ စတင်ပြသလာခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် ကုမ္ပဏီ၏ ရှယ်ယာဈေးမှာ ချက်ချင်းလိုပင် ထက်ဝက်ကျဆင်းခဲ့ပြီး မကြာမီမှာပင် အချိန်လွန်အကြွေး ယွမ် ၆၅၃ သန်းရှိနေကြောင်း ၎င်း၏နှစ်လယ်အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရသည်။

စက်တင်ဘာလတွင် ထိုစာရင်းက ယွမ် ၁ ဒသမ ၆ ဘီလျံသို့ မြင့်တက်သွားခဲ့ပြီး တည်ထောင်သူ မစ္စတာချန်လူပိုင်ဆိုင်သည့် စုစုပေါင်း ၃၄ ရာခိုင်နှုန်းရှိ ရှယ်ယာများမှာ ငွေစာရင်းအချို့နှင့်အတူ ထိန်းချုပ်ခံလိုက်ရသည်။ မကြာခင် ဘဏ်များက မပေးသည့်အကြွေးများအတွက် တရားစွဲရန်ပြင်ကြတော့သည်။

Sino Great Wall ၏အဓိကပြဿနာမှာ ၎င်းအား EPC ကန်ထရိုက်များပေးသော ကုမ္ပဏီများထံမှ ငွေများ ရယူနိုင်ခြင်းမရှိသည့်အတွက် လိုအပ်ချက်ကိုဖြည့်ဆည်းရန် ရေတိုချေးငွေများရရှိရန် ကြိုးပမ်းရခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ယွမ် ၅ ဘီလျံကျော်ရရန်ရှိသည်ဟု Sino Great Wall က ၎င်း၏ ၂၀၁၈ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ငွေပေးရန်ရှိသူ အကြွေးတင်သူငါးဦးမှာ စုစုပေါင်း၏ ၄၆ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ၎င်းတို့တွင် China Harbor Engineering Company၊ Power China Construction၊ Oxley Gem (Cambodia)၊ Henan No.1 Thermal Power Construction နှင့် Cambodia Petrochemical တို့ပါဝင်သည်။

သို့သော်လည်း Sino Great Wall သည် အစိုးရပေါ်လစီအပြောင်းအလဲများ၏ သားကောင်အဖြစ်သာမက ဆိုးဝါးသည့် မြီးစားများ၏ သားကောင်လည်းဖြစ်သည်။ တရုတ်အာမခံစာချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မရှင်၏ စုံစမ်းစစ်ဆေးမှုက Sino Great Wall တွင် ချိုးဖောက်မှုအတိုင်းအတာတစ်ခုကို ဖော်ထုတ်ခဲ့ပြီး ယင်းတို့တွင် အမှန်တကယ် လုပ်ငန်းရှိဟန်မတူသည့် ကုမ္ပဏီများနှင့် အဓိကစီမံကိန်းများ၊ ရောင်းဝယ်မှုများနှင့် ပတ်သက်၍ ရင်းနှီးမြုပ်နှံသူများအား သင့်လျော်သည့် နောက်ဆုံးအခြေအနေများကို အသိပေးရန် ပျက်ကွက်ခြင်းလည်း ပါဝင်သည်။

၎င်းသည် တရားမဝင်သတင်းအချက်အလက်ကို ဖော်ထုတ်သည်ဆိုသည့် မသင်္ကာမှုအတွက် စစ်ဆေးခံနေရဆဲဖြစ်ကြောင်း ၂၀၁၈ နှစ်ပတ်လည်အစီရင်ခံစာတွင် Sino Great Wall ကပြောကြားခဲ့သည်။ ကြီးမားသည့် တရားမဝင်အမှုတစ်ခုကို ကျူးလွန်ကြောင်း တွေ့ရှိပါက ကုမ္ပဏီအဖြစ်မှ ရပ်ဆိုင်းခံရခြင်း၊ သို့မဟုတ် စာရင်းမှပယ်ဖျက်ခံရခြင်းတို့ ကြုံနိုင်သည်ဟု ကုမ္ပဏီက ပြောသည်။

Sino Great Wall သည်အလွန်ဆိုးဝါးသည့် ရွေးချယ်မှုများ ပြုလုပ်ထားဟန်ရှိပြီး ငွေကြေးရရှိမှု မသေချာသော နိုင်ငံများရှိ စီမံကိန်းများကို လုပ်ကိုင်နေသည်ဟု Orient Capital Research မှ ကိုလီယာက ပြောသည်။ “နိုင်ငံတော်ဘဏ်တွေနဲ့ အစိုးရကန်ထရိုက်တာတွေဆီကနေ အာမခံချက်တွေ မရမမခြင်းတော့ ပြည်ပက မခိုင်မာတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်မိတဲ့ ကုမ္ပဏီတစ်ခုဟာ ဆိုးဝါးတဲ့ အခြေအနေထဲရောက်သွားပြီး အကြွေးတင်မှာပါ” ဟု ၎င်းကပြောကြားခဲ့သည်။

“ဘဏ်တွေက သူတို့ကို ငွေချေးမှာဖြစ်လို့ BRI ဟာသူတို့အတွက် အခွင့်အလမ်းတစ်ခုဖြစ်လိမ့်မယ်လို့ သူတို့ ယုံကြည်ခဲ့တာ ဖြစ်နိုင်ပါတယ်။ အဲဒီလိုသာဆိုရင်တော့ သူတို့အတွက်လွဲပြီပေါ့” ဟု ၎င်းကဆိုသည်။ “တရုတ်ဘဏ်တွေဟာ BRI လို့ဆိုတဲ့ ချေးငွေတွေနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ များလာပါတယ်။ ပြီးတော့ သူတို့က ချေးငွေအများကြီးချေးတာကို တင်းကျပ်လိုက်ပါပြီ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ခေါင်းစီးဓာတ်ပုံ- ဒေါ်လာ ၂ ဘီလျံခွဲတန်ဖိုးရှိ ရန်ကုန်ဘူတာကြီးစီမံကိန်းကြီးကို လုပ်ကိုင်ရန် အသင့်တော်ဆုံး တင်ဒါတင်သွင်းသူအဖြစ် Central Transport Development Consortium (CTDC) ကို မြန်မာအစိုးရက ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရွေးချယ်ခဲ့သည်။ ဓာတ်ပုံ-သူရဇော်

ဦးကိုကိုနဲ့ အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar