ကျောက်မျက်ငွေကြေးယူသည်ဆိုက သေဒဏ်ချလိုက်ပါဟု ဦးစိုးသိန်း စိန်ခေါ်

နေပြည်တော်၊ ဇွန် ၃

ကျောက်မျက်လုပ်ငန်းရှင်များ၏ ရတနာရောင်းချရငွေ ရန်ပုံငွေထဲမှ ငွေအလွဲသုံးထားသည်ဆိုသည့် စွပ်စွဲချက်များကို သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းက ငြင်းဆိုလိုက်ပြီး သက်သေပြနိုင်ပါက သေဒဏ်ခံဝံ့သည်ဟု Frontier ကိုပြောသည်။

ကျောက်မျက်ရတနာရောင်းရငွေစုစုပေါင်း၏ တစ်ရာခိုင်နှုန်းကိုနှုတ်ယူထားသော စုဆောင်းငွေများထဲမှ အမေရိကန်ဒေါ်လာ ငါးသန်းကို ဦးစိုးသိန်းရယူထားသည်ဟု ကျောက်မျက်လုပ်ငန်းရှင်အချို့ စွပ်စွဲချက်နှင့် စပ်လျဉ်း၍ ယနေ့ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးတွင် မေးမြန်းရာ ၎င်းက ထိုသို့ တုန့်ပြန်ခြင်းဖြစ်သည်။

‘အကုန်လုံးလာစစ်နိုင်တယ်။ ဘယ်ကလာယူရမှာလဲ။ ဦးမြင့်အောင်ရှင်းပြီးပြီပဲ။ ပိုက်ဆံယူတယ်ဆို ငါ့ကို သေဒဏ်ပေးလိုက်’’ဟု ဦးစိုးသိန်းက ပြန်ဖြေသည်။ ယခင် သတ္တုတွင်း ဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင်ကလည်း ကျောက်မျက်ရန်ပုံငွေ ယူရို ၉၃ သန်းကိစ္စတွင် စွပ်စွဲထားသကဲ့သို့ သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဦးစိုးသိန်းတို့ ပါဝင်ခြင်းမရှိသလို ၎င်းတို့ကိုယ်တိုင်လည်း အလွဲသုံးထားခြင်းမရှိဟု နေပြည်တော်၊ ရွှေကြာပင်ရပ်ကွက်ရှိ ကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ်ရုံးတွင် ဇွန် ၃ ရက်နေ့နံနက်ပိုင်းက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

“စွပ်စွဲချက်ကို ပစ်စာသဘောပဲကျွန်တော်ယူဆပါတယ်။ အဂတိလိုက်စားမှုနဲ့ပတ်သက်လို့ ဘာမှမရှိဘူး။လုပ်ထုံးလုပ်နည်းအရ တစ်ဦးတစ်ယောက်တည်းဆုံးဖြတ်ချက် မဟုတ်ပဲနဲ့ ဗဟိုကော်မတီနဲ့ ဆုံးဖြတ်တာသာဖြစ်ပါတယ်”ဟု ဒေါက်တာမြင့်အောင်က ရှင်းလင်းထားသည်။

ကျောက်မျက်လုပ်ငန်းရှင်တို့ဖက်ကမူ ရာခိုင်နှုန်းဖြင့်နှုတ်ယူသည့် ရန်ပုံငွေထူထောင်ခဲ့ချိန် လွန်ခဲ့သော ၁၀ နှစ်မှစ၍ ယနေ့အထိ ငွေကြေးသုံးစွဲမှုများကို ထင်သာမြင်သာစွာ ထုတ်ဖော်အသိပေးခြင်းမရှိဟု ပြောကြသည်။ ဒေါက်တာမြင့်အောင်၏ ရှင်းလင်းပွဲတွင်တက်ရောက်ခဲ့သူ ကျောက်မျက်လုပ်ငန်းရှင် ဦးစိုးအောင်က “ဗဟိုကော်မတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဗဟိုကော်မတီဝင်တွေကို တိတိကျကျရှင်းရှင်းလင်းလင်း အသိပေးပြီး မလုပ်ခဲ့ကြလို့ဖြစ်တဲ့ကိစ္စပါ။ ဗဟိုကော်မတီအဖွဲ့ဝင် ၃၀ လောက်ရှိတာကို ၁၀ ယောက်လောက်ရဲ့ သဘောနဲ့ ၁၀ နှစ်လောက် လုပ်ခဲ့ကြလို့ ဒီပြဿနာက စတာပဲ”ဟုပြောသည်။ ၎င်းသည် ရတနာပြပွဲဗဟိုကော်မတီနှင့် ကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ်၏ တာဝန်ရှိသူတစ်ဦးလည်းဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်၍ အစိုးရအရာရှိကြီးများက ခုံဖွဲ့စစ်ဆေးနေပြီဖြစ်သော်လည်း ထိုခုံအဖွဲ့၏ စစ်ဆေးမှုကို စိတ်ချလက်ချ မယုံကြည်နိုင်ဟုဆိုကာ ကျောက်မျက်လုပ်ငန်းရှင် ၈၇ ဦးက လက်မှတ်ရေးထိုး၍ သူရဦးရွှေမန်းခေါင်းဆောင်သည့် ဥပဒေနှင့် အထူးကိစ္စရပ်များ လေ့လာစမ်းစစ်ရေး ကော်မရှင်သို့ ထပ်မံတိုင်ကြားထားသည်။ အချို့သောလုပ်ငန်းရှင်တို့က အကြေအလည်ရှင်းလင်းပြခြင်းမရှိပါက တရားစွဲမည်ဟုပင် Frontier ကို ပြောကြားထားကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဖက်ကလည်း အဆိုပါ စွပ်စွဲချက်များသည် ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်ကို အသရေဖျက်ခြင်း၊ ပါတီ၏ နိုင်ငံရေးပုံရိပ်ကို ကျဆင်းအောင်လုပ်ခြင်းဟုဆိုကာ သတင်းရေးသားဖော်ပြခဲ့သည့် သံတော်ဆင့်နှင့် မက်ဆင်ဂျာ ဂျာနယ်၊ တိုင်ကြားခဲ့သည့် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ်၏ အလုပ်အမှုဆောင် ဦးကျော်ကျော်ဦးနှင့် နောက်ကွယ်မှ အစီအစဉ်ရှိရှိ ကြိုးကိုင်ဆောင်ရွက်ခဲ့သူများကို ဥပဒေနှင့်အညီ အရေးယူမည်ဟု ကြေညာထားသည်။

လက်ရှိတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဦးစိုးသိမ်းသည် ယခင်သမ္မတ ဦးသိန်းစိန်နှင့် နီးကပ်သောဆက်ဆံရေးရှိသူဖြစ်သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (ရေ) အဖြစ် တာဝန်ယူခဲ့ဖူးသည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဖြစ်သည့် ၎င်းသည် စစ်အစိုးရလက်ထက်တွင် စက်မှုဝန်ကြီးဖြစ်ခဲ့ဖူးကာ ဦးသိန်းစိန်အစိုးရလက်ထက်တွင် သမ္မတရုံးဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူဖူးသူဖြစ်သည်။

သတင်း- ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar