မူဝါဒပြောင်းလဲမှု၊ စိန်ခေါ်မှုတွေကြားက မြန်မာ့ကျောက်မျက်ပြပွဲ

၅၄ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတင်ဖွင့်လှစ်လိုက်တဲ့ သြဂုတ် ၂ ရက်နေ့မှာပဲ ထောင်ဂဏန်းချီတဲ့ တရုတ် နိုင်ငံသားဝယ်လက်တွေ နေပြည်တော်မှာရှိတဲ့ မဏိရတနာခန်းမဝင်းအတွင်းမှာ ခြေချင်းလိမ်နေကြပါပြီ။

ဉာဏ်လှိုင်လင်း ရေးသားသည်။

ပြီးခဲ့တဲ့သုံးနှစ်အတွင်း တိုင်းပြည်ဘဏ္ဍာရငွေထဲကို ပဉ္စမမြောက် အများဆုံးထည့်ဝင်နိုင်တဲ့ကဏ္ဍအဖြစ် ရပ်တည်နေတဲ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းအတွက် အားထားရာတစ်ခုဖြစ်တဲ့ မြန်မာ့ကျောက်မျက်ပြပွဲကို စတင်ကျင်းပနေပါပြီ။

နေပြည်တော်မှာရှိတဲ့ မဏိရတနာခန်းမမှာ ၅၄ ကြိမ်မြောက်အဖြစ်ကျင်းပတဲ့ ဒီပွဲကို သြဂုတ် ၂ ရက်ကနေ ၁၁ ရက်အထိ ၁၀ ရက်တိုင် ကျင်းပမှာပါ။ ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အာဏာရအပြီး သုံးကြိမ်မြောက်အဖြစ် ပြုလုပ်တဲ့ပွဲလည်း ဖြစ်ပါတယ်။

ထုတ်ပြန်ထားတဲ့စာရင်းတွေအရ ကျောက်မျက်ကဏ္ဍကရရှိတဲ့ ဘဏ္ဍာငွေတိုးတက်ရရှိတယ်လို့ ပြဆိုနေပေမယ့် လုပ်ငန်းရှင်အချို့ကတော့ ကျောက်မျက်ရတနာ ထုတ်လုပ်မှု၊ ရောင်းချမှု၊ အခွန်ကောက်ခံမှုစတဲ့ မူဝါဒပုံသဏ္ဍာန် အပြောင်းအလဲတွေကြောင့် အခုလို တရားဝင်ပြပွဲမှာ ရောင်းချနိုင်တဲ့ နှုန်းထားတွေ လျော့ကျနေတယ်လို့ ဆိုကြပါတယ်။

ထုတ်ပြန်ထားတဲ့ ဘဏ္ဍာဝင်ငွေစာရင်းတွေမှာ ကျောက်မျက်အရိုင်းနဲ့ အချောထည်များ ထုတ်လုပ်ရောင်းချမှုဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ကျပ် ၇၃ ဒသမ ၇၂၅ ဘီလျံရှိပြီး NLD အစိုးရလက်ထက် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာတော့ ကျပ် ၁၆၆ ဒသမ၀၆၄ ဘီလျံအထိရှိတယ်လို့ ပြဆိုနေပါတယ်။

လုပ်ငန်းရှင်တွေကတော့ အခွန်နှုန်းထားတွေသိပ်များနေလို့ ကျောက်မျက်ရတနာပြပွဲလို တရားဝင် အခင်းအကျင်းမျိုးက ရရှိတဲ့ဝင်ငွေဟာ ရေရှည်မှာကျသွားနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာ အခုလိုပြပွဲတွေမှာ ရောင်းချရတဲ့ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ အခွန်ဆောင်ရပေမယ့် ၂၀၁၇ ခုနှစ်ဟာ ကျောက်မျက်အတွက် အမြင့်ဆုံး အခွန်စည်းကြပ်တဲ့နှစ်ဖြစ်နေတဲ့အတွက် အခက်တွေ့နေတယ်လို့ လုပ်ငန်းရှင်တွေက ညည်းညူနေကြတာပါ။

NLD အစိုးရလက်ထက်ကစပြီး ကျောက်မျက်လုပ်ငန်းတွေကို အထူးကုန်စည်ခွန်ထဲထည့်လိုက်တာကြောင့် ပြပွဲမှာ ရောင်းရတဲ့ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းအခွန်ဆောင်ရတာ၊ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းနဲ့ ပွဲစီစဉ်တဲ့ မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီကို ၃ ရာခိုင်နှုန်းပေးချေရတာတွေကြောင့် အခက်တွေ့နေတယ်လို့ သူတို့က အကြောင်းပြကြပါတယ်။

“အခွန်က ၂၈ ရာခိုင်နှုန်းအထိ ဖြစ်နေတယ်။ တအားများတဲ့အခါကျတော့ ပြပွဲကမတင်ဘူး။ မှောင်ခိုကနေထွက်ကြတယ်။ ပြပွဲမှာလည်း အရောင်းအဝယ်လျော့တယ်။ နိုင်ငံတော်က အခွန်အခလည်းမရတော့ဘူး”လို့ မြန်မာ နိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ (၄) ဦးမြင့်ဟန်က Frontier ကို ပြောပါတယ်။

သြဂုတ် ၂ ရက်နေ့က စတင်ကျင်းပသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ရောင်းချရန် ပြသထားသည့် ကျောက်စိမ်းများအား တရုတ်ကုန်သည်များ စစ်ဆေးနေကြစဉ်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

သြဂုတ် ၂ ရက်နေ့က စတင်ကျင်းပသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ရောင်းချရန် ပြသထားသည့် ကျောက်စိမ်းများအား တရုတ်ကုန်သည်များ စစ်ဆေးနေကြစဉ်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသူကတော့ တိုင်းပြည်ရဲ့ သဘာဝပတ်ဝန်းကျင်ရော၊ ဝင်ငွေဖက်မှာပါ ရေရှည် အဆင်ပြေနိုင်မယ့် စနစ်တစ်ခုကို အပြောင်းအလဲ လုပ်နေတာသာ ဖြစ်တယ်လို့ Fronteir ကိုပြောပါတယ်။

ဒီတစ်ကြိမ်မှာတော့ ပြီးခဲ့တဲ့ပြပွဲတုန်းကလို ၂၈ ရာခိုင်နှုန်းအထိ မကောက်ခံတော့မယ့်အတွက် အဆင်ပြေသွားလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဦးမင်းသူက ဆက်ပြောပါတယ်။ သူက ဒီပြပွဲရဲ့ ကျောက်စိမ်းလုပ်ငန်းကော်မတီ အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။

ဒီတစ်ကြိမ်ပြပွဲမှာ ရောင်းချရတဲ့ပမာဏရဲ့ ၁၅ ရာခိုင်နှုန်းနဲ့ မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီကို ပေးရတဲ့ ၃ ရာခိုင်နှုန်း၊ စုစုပေါင်း ၁၈ ရာခိုင်နှုန်းသာ ကောက်ခံတော့မှာဖြစ်ပါတယ်။

ဒါပေမယ့် “အရင်တုန်းက ၁၀ ရာခိုင်နှုန်းပဲကောက်တုန်းကဆိုရင် ပြပွဲမှာ ကျပ်သန်း၂,၀၀၀ ကျော်အထိရောင်းရဖူးတယ်။ အခုအခွန်တိုးကောက်လိုက်တော့ ကျပ်သန်း ၅၀၀ ကျော်၊ အဲဒီကနေ ၃၀၀ ကျော်ပဲဖြစ်သွားတယ်”လို့ လုပ်ငန်းရှင် ဦးမြင့်ဟန်ကတော့ ငြီးတွားနေပါသေးတယ်။

လုပ်ငန်းရှင်တွေဖက်ကတော့ ပြပွဲတွေမှာ အပြောင်းအလဲတွေလုပ်ပေးနေပေမယ့် ပြပွဲမှာ တင်သွင်းရောင်းချတဲ့ ကျောက်မျက်အတွဲ အရေအတွက် ပမာဏတွေကျသွားတာကြည့်ရင် အခွန်နှုန်းထားမြင့်မားမှုဟာ တရားဝင် ရောင်းဝယ်နိုင်တဲ့ အခင်းအကျင်းကို ဘယ်လောက်ထိခိုက်နိုင်တယ်ဆိုတာတွေ့နိုင်တယ်လို့ ဆိုကြပါတယ်။

ဦးမင်းသူကတော့ အတွဲအရေအတွက်တွေလျော့လာတာ ရေရှည်ကို မျှော်မှန်းတဲ့မူဝါဒအပြောင်းအလဲကြောင့်လို့ Frontierကို ရှင်းပြပါတယ်။ “အရင်တုန်းက အတွဲ နှစ်သောင်းကျော်၊ တစ်သောင်းကျော် တင်ပြီး ရောင်းဖူးပါတယ်။ အခုနောက်ပိုင်းကျတော့ အကြမ်းဖျဉ်း ငါးထောင်နဲ့ တစ်သောင်းကြားပဲ ထိန်းသိမ်းပြီးရောင်းတဲ့သဘောပါ။ ဈေးကွက်ထိန်းတာလည်း ပါတယ်” လို့ သူကဆိုတယ်။

ရတနာအောင်ကျောက်မျက်အရောင်းဆိုင်က ဦးကျော်ဖြိုးအောင်ကတော့ စနစ်အပြောင်းအလဲကို တကယ် အကောင်အထည်ဖော်နိုင်ရင် ရေရှည်မှာ အကျိုးရှိမယ်လို့ သူမျှော်လင့်ထားတယ်လို့ပြောတယ်။ “စည်းကမ်းပိုင်းကတော့ အရင်ထက်တင်းကျပ်တော့ နည်းနည်းလေး ခက်ခဲတဲ့အပိုင်းရှိပေမယ့် ချုပ်ခြယ်တာ မဟုတ်ဘဲ စနစ်တကျဖြစ်အောင် လုပ်တောင်မျိုးတွေတော့ ရှိလာတယ်”လို့လည်း ဦးကျော်ဖြိုးအောင်က သုံးသပ်ပါတယ်။

ဒီပြပွဲမှာ နောက်ထပ်အပြောင်းအလဲကတော့ လေလံစနစ်ကိုမသုံးတော့ဘဲ တင်ဒါစနစ်ကိုပြောင်းလဲကျင့်သုံးတာပါ။

လုပ်ငန်းရှင်တွေကတော့ ရလဒ်ကို စောင့်ကြည့်ရဦးမယ်လို့ သုံးသပ်ကြပါတယ်။ ဝန်ကြီးဌာနဖက်ကတော့ ပြီးခဲ့တဲ့ ပြပွဲတွေတုန်းက ဝယ်ယူမယ်ဆိုပြီး လေလံဆွဲ၊ လေလံအောင်တော့မှ တစ်ကယ်မဝယ်တဲ့ နိုင်ငံခြားလုပ်ငန်းရှင်တွေ ရှိခဲ့တာကြောင့် တိုင်းပြည်ဝင်ငွေနစ်နာတဲ့အတွက် စနစ်ကို ပြင်ဆင်ထားတာလို့ ရှင်းပြပါတယ်။

“ကြိုတင်ငွေ ၅ ရာခိုင်နှုန်းကြိုကောက်ထားတယ်။ အဲဒါပေးမှ တင်ဒါဝယ်လို့ရမယ်။ အရောင်းအဝယ်ပျက်ရင် ကြိုတင်ငွေ ဆုံးမယ်။ ပွဲသုံးပွဲပိတ်ပင်မယ်”လို့ ဦးမင်းသူကဆိုပါတယ်။ ဒါ့အပြင် ဒီတစ်ကြိမ်ပြပွဲမှာ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ ယူရိုငွေနဲ့ သတ်မှတ်ထားတဲ့ပစ္စည်းတွေကို တန်ဖိုးသင့်ပြီး မြန်မာကျပ်ငွေနဲ့ ပေးချေနိုင်ဖို့ ပြောင်းလဲသတ်မှတ် ပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။

သြဂုတ် ၂ ရက်နေ့က စတင်ကျင်းပသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ရောင်းချရန် ပြသထားသည့် ကျောက်မျက်များအား ကုန်သည်များ စစ်ဆေးနေကြစဉ်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

သြဂုတ် ၂ ရက်နေ့က စတင်ကျင်းပသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ရောင်းချရန် ပြသထားသည့် ကျောက်မျက်များအား ကုန်သည်များ စစ်ဆေးနေကြစဉ်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

စနစ်တွေအပြောင်းအလဲလုပ်နေရတဲ့အကြောင်းကိုတော့ ဦးမင်းသူက အခုလိုဆက်ရှင်းပြပါသေးတယ်။ “အရိုင်းတုံးတွေ လျော့ရောင်းဖို့၊ အချောထည်ပိုထွက်ဖို့ အလေ့အကျင့်လုပ်တဲ့သဘောပါ”တဲ့။ ဒါပေမယ့် အချောထည်ထုတ်လုပ်မှု တိုးတက်ဖို့အရေးမှာတော့ အခက်အခဲတွေ အများကြီး ရင်ဆိုင်ရဖို့ရှိတယ်ဆိုတာကို လုပ်ငန်းရှင်တွေဖက်ကရော၊ ဝန်ကြီးဌာနဖက်ကပါ သဘောပေါက်ထားကြပါတယ်။

“ကျွန်မတို့ဆီမှာ ကုန်ကြမ်းထွက်တယ်။ အရည်အသွေးမြင့်တဲ့ ကျောက်မျက်တွေထွက်တယ်။ ဒါပေမယ့် ကုန်ချောထုတ်တဲ့နေရာမှာ နည်းပညာပိုင်းနဲ့ စက်ကရိယာပိုင်းက အားနည်းနေသေးတယ်” လို့ အခုပြပွဲမှာ ပါဝင်ရောင်းချနေတဲ့ မြောက်ကျွန်းရတနာဆိုင်က ဒေါ်အိသက်စိုးက ဆိုပါတယ်။

ဝန်ကြီးဌာနဖက်ကတော့ အချောထည်လုပ်ငန်းတိုးတက်ရေး ၁၀ နှစ်စီမံချက် ရေးဆွဲနေတယ်လို့အသိပေးပြီး ကျောက်မျက် လုပ်ငန်းရှင်များ အသင်းဖက်ကလည်း အချောထည်လုပ်ငန်းသင်တန်းကျောင်းကို အဆင့်မြှင့်တင်ဖို့ အစီအမံတွေ လုပ်နေတယ်လို့ ဆိုကြပါတယ်။ လက်တွေ့မှာလည်း အရိုင်းတုံးတွေကိုသာ အားထားရောင်းနေရတဲ့ မြန်မာ့ကျောက်မျက်ရတနာပြပွဲဟာ တရုတ်ဝယ်လက်တွေကိုပဲ ဆွဲဆောင်နေနိုင်ပါတယ်။

NLD အစိုးရလက်ထက်မှာ ဥရောပနဲ့ အမေရိကန်တို့က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တဲ့အတွက် သူတိုတွေများ လာလေမလားလို့ ပြီးခဲ့တဲ့ တစ်ကြိမ်ပြပွဲကတည်းက မျှော်လင့်ချက်ရှိနေပေမယ့် မှန်းထားတဲ့အတိုင်း ဖြစ်မလာခဲ့ပါဘူး။

“ပြီးခဲ့တဲ့ပွဲတုန်းကတော့ အမေရိကန်အချို့ လာလေ့လာသွားတာရှိတယ်။ ဒီတစ်ကြိမ်မှာလည်း ဥရောပနဲ့ အမေရိကန်ကို ကောင်စစ်ဝန်ရုံးတွေကတစ်ဆင့် ပြပွဲဖိတ်ပါတယ်။ ဒါပေမယ့် ဘယ်သူမှ မလာကြဘူး။ အခုလာတဲ့အထဲမှာ တရုတ်က အများဆုံးပါပဲ။ ထိုင်ဝမ်နဲ့ ထိုင်းကလည်းလာတယ်”လို့ ပြပွဲဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသန်းဇော်ဦးက Frontier ကို ပြောပါတယ်။

ဒီလိုအခြေအနေမှာ အပြောင်းအလဲတွေ ဆောင်ကြဉ်းပေးနိုင်မယ်လို့ အစိုးရအရာရှိတွေ ညွှန်းဆိုနေတဲ့ ကျောက်မျက်ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွေကလည်း ပြီးစီးမှု မရှိသေးပါဘူး။ ပြင်ဆင်ချက်ဥပဒေကြမ်းဟာ အမျိုးသားလွှတ်တော်ကို တင်သွင်းထားဆဲ အခြေအနေမှာသာ ရှိနေပါသေးသလို ပြည်ထောင်စုလွှတ်တော်ဖက်က ဘယ်တော့လောက် အတည်ပြုဖို့ မျှော်မှန်းထားလည်းဆိုတာကိုလည်း စုံစမ်းသိရှိရခြင်းမရှိသေးပါဘူး။

ဦးမင်းသူကတော့ ဥပဒေသစ်ဟာ သဘာဝပတ်ဝန်းကျင်နဲ့ အခြားကိစ္စတွေကို ထောက်ချင့်ပြီးမှ ကျောက်မျက် တူးဖော်ခွင့်ပေးတဲ့ စနစ်သစ်နဲ့ သယံဇာတကနေရနေတဲ့ ဝင်ငွေလျော့ကျသွားတာမျိုးမဖြစ်စေမယ့် အခင်းအကျင်းမျိုးဖန်တီး ပေးပါလိမ့်မယ်လို့ဆိုတယ်။

အစိုးရဖက်က မျှော်မှန်းထားတဲ့ အခြေအနေကို ဦးမင်းသူက အခုလို ဆက်ပြောပါတယ်။ “အဲဒီက စနစ်အတိုင်းသွားမယ်။ အချောထည်လုပ်ငန်းတွေ တဖြည်းဖြည်းမြှင့်တင်နိုင်မယ်ဆိုရင် သူ့ဟာနဲ့သူ လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်မယ့် အနေအထားမျိုး ရှိပါတယ်”တဲ့။

ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ်ပြပွဲမှာလည်း အင်္ဂလိပ်လိုလည်း ပြောဆိုဆက်သွယ်လို့မရ၊ မြန်မာလိုလည်း နားမလည်တဲ့ တရုတ်နိုင်ငံသား ထောင်ဂဏန်းကျော်ဟာ မြန်မာ့အဖိုးတန်ကျောက်မျက်ရတနာတွေကို တိုးဝှေ့လေ့လာပြီး ဝယ်ယူဖို့ ပြင်ဆင်နေကြဆဲပါပဲ။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.