မဖြေရှင်းနိုင်သေးတဲ့ မိုက်ကာ၏ ဒေါ်လာသန်းချီတန်မြုပ်ကွက်များ

ပြီးခဲ့တဲ့ အစိုးရလက်ထက်က ဖွဲ့စည်းခဲ့ပြီး အစိုးရပိုင် မြေဧကများစွာကို ငှားရမ်းစီမံခန့်ခွဲခွင့် ရထားတဲ့ မြန်မာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (မိုက်ကာ/MICA)ကို ဖျက်သိမ်းဖို့ ညွှန်ကြားခဲ့တာတစ်နှစ်ပြည့် လုချိန် ရောက်တဲ့အထိ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ လုပ်ကွက်တွေအကြောင်း ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

မိုက်ကာကို ဖျက်သိမ်းဖို့ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်ကတည်းက သမ္မတရုံးက ညွှန်ကြားထားပြီးဖြစ်သလို အဲဒီ အေဂျင်စီရဲ့ ငွေကြေးစီမံခန့်ခွဲမှုနဲ့ လုပ်ငန်းတွေ ပွင့်လင်းမြင်သာစွာ ရှင်းလင်းဖော်ထုတ်ပေးဖို့ အဆိုကို အမျိုးသား လွှတ်တော်က ဖေဖော်ဝါရီ ၇ ရက်နေ့မှာ အတည်ပြုပြီး အစိုးရကို တိုက်တွန်းထားတာလည်း ဖြစ်ပါတယ်။

“ဝန်ကြီးဌာနက ရှင်းပြရမှာတွေ ရှိသေးတယ်။ မိုက်ကာအနေနဲ့ စာချုပ်ထားတာတွေလား၊ ဌာနအနေနဲ့ ချုပ်ထားတာတွေလား၊ ဘယ်လောက်ထိသိမ်းထားသလဲ စသဖြင့်ပေါ့။ အဲဒါတွေသိဖို့လိုတာတွေ ရှိသေးတယ်။ ကျွန်တော်တို့က မှားယွင်း သုံးသပ်လို့ မရတော့ ဒါတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနဖက်ကသိရမှ ကျန်ရှိတဲ့ စာရင်းကို အတိအကျပြောနိုင်မှာပါ”လို့ အမျိုးသားလွှတ်တော်အမတ် ဦးသိမ်းဆွေက Frontier ကိုပြောပါတယ်။

သူဟာ ဧရာဝတီတိုင်း၊ မဲဆန္ဒနယ်အမှတ် (၁၀)က အမတ်ဖြစ်သလို နိုဝင်ဘာ ၂၂ ရက်နေ့မှာ ဒီကိစ္စနဲ့ပတ်သက်တဲ့ ကြားဖြတ်အစီရင်ခံစာတစ်စောင် တင်သွင်းပြီး လွှတ်တော်ရဲ့ အတည်ပြုချက်ရထားတဲ့ အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီရဲ့ ဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်တယ်။

အမျိုးသားလွှတ်တော်ကော်မတီဟာ ကြားဖြတ်အစီရင်ခံစာ တင်သွင်းနိုင်ဖို့ မူလအဆိုရှင်နဲ့ အဆိုမှာပါဝင် ဆွေးနွေးခဲ့သူတစ်ဦးကိုခေါ်ယူပြီး စက်တင်ဘာလအတွင်းက ရန်ကုန်နဲ့ ဧရာဝတီတိုင်းတို့မှာ ကွင်းဆင်းလေ့လာမှုနှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။

အစီရင်ခံစာမှာလည်း မိုက်ကာဖျက်သိမ်းရေးကိစ္စတွေမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အတွင်း လက်ရှိအစိုးရက ခန့်ထားတဲ့ ဝန်ကြီး၊ ဒုဝန်ကြီးတွေနဲ့ ပြီးခဲ့တဲ့အစိုးရလက်ထက်ကတည်းက တာဝန်ယူနေကြတဲ့ အရာထမ်းတွေရဲ့ ပြောဆိုချက်တွေ ကွဲလွဲနေတဲ့အတွက် အနာဂတ်မှာဆောင်ရွက်ရမယ့် အစီအစဉ်တွေကို ရေးဆွဲထားသင့်တယ်လို့ ထောက်ပြထားပါတယ်။

ဒါ့အပြင် မိုက်ကာကို ဦးဆောင်ဖွဲ့စည်းခဲ့သူအချို့ဟာ ဖေဖော်ဝါရီလအတွင်းက ဖွဲ့စည်းထားတဲ့ မိုက်ကာကို စာရင်းရှင်းလင်းဖျက်သိမ်းရေးကော်မတီထဲမှာ ပါနေတဲ့အတွက် ကော်မတီကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းသင့်တယ်လို့လည်း အကြံပြုထားပါတယ်။

နှစ် ၃၀၊ ၅၀ စသည်ဖြင့်အငှားချထားတဲ့ မြေယာနဲ့ လုပ်ငန်းတွေ၊ အကျိုးတူလုပ်ကိုင်နေတယ်ဆိုတဲ့ လုပ်ကွက်အချို့မှာ နိုင်ငံတော်က မြေငှားရမ်းခနီးပါးသာ ရရှိနေတာတွေ၊ အခွန်အခပေးသွင်းထားခြင်းမရှိတာတွေ၊ လုပ်ငန်း လုပ်ကိုင်နေခြင်း မရှိတာတွေ၊ စာချုပ်ချုပ်ဆိုထားမှု ရှင်းရှင်းလင်းလင်း မရှိတာတွေ စိစစ်တွေ့ရှိရတယ်လို့လည်း အစီရင်ခံစာမှာ ပါဝင်ပါတယ်။

ဒါကြောင့် မြေငှားရမ်းခအပြင်ရှိပြီး စက်ပစ္စည်း အဆောက်အဦးတွေကိုပါထည့်တွက်ပြီး အကျိုးတူပူးပေါင်းမှု ပုံစံမျိုးဖြစ်ဖို့၊ တိကျတဲ့စာချုပ်မျိုးဖြစ်ဖို့ ပြန်လည်စီမံသင့်ပြီး စာချုပ်တွေချုပ်ဆိုရာမှာ ဥပဒေပညာရှင်တွေ၊ ရှေ့နေချုပ်ရုံးတို့ရဲ့ သဘောထားမှတ်ချက်တွေကိုလည်း ရယူသင့်တယ်လို့အကြံပြုထားတယ်။

ဒါ့အပြင် လုပ်ငန်းတွေကို တိကျတဲ့ မူဝါဒချမှတ်ဆောင်ရွက်ခွင့်ပြုပြီး လုပ်ငန်းရှင်တွေကလည်း အတိအကျ လိုက်နာဖို့၊ ခေတ်ကာလနဲ့ လျှော်ညီတဲ့ စာချုပ်တွေဖြစ်ဖို့၊ ဒေသပေါက်ဈေးနဲ့ လျော်ညီတဲ့ မြေငှားရမ်းခတွေ ဖြစ်ဖို့၊ ပွင့်လင်းမြင်သာမှုရှိဖို့ ဆောင်ရွက်သင့်တယ်လို့လည်း အဲဒီကြားဖြတ်အစီရင်ခံစာထဲမှာ ပါဝင်တယ်။

ဒီအစီရင်ခံစာဟာ ရန်ကုန်က လုပ်ငန်း ၁၂ ခု၊ ဧရာဝတီက လုပ်ငန်း ၁ ခုတို့ကို သွားရောက်လေ့လာသုံးသပ်ထားတာဖြစ်ပြီး လေ့လာကြည့်တဲ့အခါ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်ရယူမထားဘဲ ပြီးခဲ့တဲ့အစိုးရ သက်တမ်း ကုန်ခါနီး ၂၀၁၅ ခုနှစ်၊ နှစ်လယ်ကစလို့ ၂၀၁၆ ခုနှစ်၊ နှစ်ဆန်းပိုင်းအတွင်း ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘော တူညီချက်နဲ့သာ လုပ်ကိုင်နေတာ အများစုဖြစ်နေတာ တွေ့ရပါတယ်။

ထူးခြားတာက ဒီကြားဖြတ်အစီရင်ခံစာတင်သွင်းတဲ့ရက်မှာ ဝန်ကြီးဌာနဖက်က တစ်ယောက်မှ လွှတ်တော်ကို လာရောက်နားထောင်ခြင်း၊ ပြန်လည်ဖြေကြားခြင်းမရှိခဲ့တာပါ။

“ဒါက ကြားဖြတ်ဆိုတော့ အစီရင်ခံစာတစ်ခုလုံးပြီးမှ လာနားထောင်မယ် ထင်ပါတယ်။ ဒါပေမယ့် အခုစိစစ် တွေ့ရှိချက်တွေအပေါ်မှာ အလေးထားဆောင်ရွက်မှုတော့ လုပ်ပေးရမှာပေ့ါ”လို့ မိုက်ကာကိစ္စကို အမျိုးသား လွှတ်တော်မှာ ဆွေးနွေးဖို့ ကနဦးကြိုးပမ်းခဲ့တဲ့ အဆိုရှင် နော်ခရစ္စထွန်း(ခ) ဒေါက်တာအာကာမိုးက Frontier ကို မှတ်ချက်ပြုပါတယ်။

အပြီးသတ်အစီရင်ခံစာကို ဘယ်တော့လောက်တင်သွင်းနိုင်မယ်ဆိုတာကိုတော့ မူလအဆိုရှင် ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၇)အမတ် နော်ခရစ္စထွန်းကိုယ်တိုင် မခန့်မှန်းနိုင်ပါဘူး။

ဘယ်လိုရှေ့ဆက်ဆောင်ရွက်မယ်ဆိုတာကို ကတိကဝတ်ကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေကို မေးမြန်းရာမှာတော့ “အစည်းအဝေးတွေ မပြတ်ခေါ်တယ်။ မနက်ဖြန်(နိုဝင်ဘာ၂၃)မှာလည်း ဝန်ကြီးဌာနနဲ့ အစည်းအဝေးရှိပါတယ်” လို့ ဖြေကြားပေမယ့် ဘယ်အချိန်မှာပြီးစီးအောင်ဆောင်ရွက်နိုင်မလဲဆိုတာကိုတော့ သူလည်း မသိပါဘူး။

ဝန်ကြီးဌာနအပြင် ပြီးခဲ့အစိုးရလက်ထက်က မိုက်ကာမှာပါဝင်ပတ်သက်ခဲ့တဲ့ ဝန်ကြီးတွေ၊ သက်ဆိုင်ရာကုမ္ပဏီတွေကို လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးမေးမြန်းနိုင်ဖို့ Frontierရဲ့ ကြိုးပမ်းချက်ဟာလည်း မအောင်မြင်သေးပါဘူး။

၂၀၁၂ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပေမယ့် ၂၀၁၄ ခုနှစ် သြဂုတ် ၂၈ ရက်ရောက်မှ တရားဝင်ဖွဲ့စည်းတည် ထောင်ခဲ့တဲ့ မိုက်ကာဟာ Frontierကရရှိထားတဲ့ စာရင်းတွေအရ ဝန်ကြီးဌာနပိုင် လယ်မြေ၊ ငါးကန်၊ စက်ရုံ၊ ခြံမြေ စုစုပေါင်း မြေဧက နှစ်ထောင်နီးပါးကို ပုဂ္ဂလိကကုမ္ပဏီတွေထံ အငှားချထားတာတွေ့ရပါတယ်။

ဒီမြေတွေမှာ လုပ်ပိုင်ခွင့်ရကုမ္ပဏီကိုးခုရှိပြီး စက်သုံးဆီအရောင်းဆိုင်၊ တန်ဖိုးနည်းအိမ်ယာစီမံကိန်းနဲ့ ဈေးဆိုင်ခန်းတွေ၊ မွေးမြူရေး၊ ရေထွက်ပစ္စည်းလုပ်ငန်း၊ အသင့်ဖျော် ကွန်ကရိစက်ရုံ၊ ဆောက်လုပ်ရေးသုံးပစ္စည်းစက်ရုံ စတဲ့လုပ်ငန်းတွေ လုပ်ကိုင်ဖို့ စာချုပ်ချုပ်ထားတာပါ။

မိုက်ကာနဲ့ပတ်သက်ပြီး အဓိကထူထောင်သူတွေလို့ နာမည်ထွက်နေသူနှစ်ဦးကတော့ ပြီးခဲ့တဲ့ အစိုးရလက်ထက်က သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနမှာ ဝန်ကြီးအဖြစ်တာဝန်ယူခဲ့တဲ့ ဦးအုန်းမြင့်တို့ ဖြစ်ပါတယ်။

သူတို့ကို မိုက်ကာအကြောင်း စတင်ဖော်ထုတ်ရေးသားခဲ့တဲ့ Frontierဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဦးစိုးသိန်းတစ်ဦးတည်းရဲ့ ဖြေရှင်းချက်ကိုသာကြားခဲ့ရပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ နောက်ဆုံးအကြိမ်မေးမြန်းခွင့်ရခဲ့စဉ်က “သူတို့ ပြောတာတွေက မမှန်ပေမယ့်လည်း အချို့လူတွေက အကုန်လုံးကို အဆိုးမြင်၊ အကုန်လုံးကို အပြစ်တင်နေကြတာပါပဲ” လို့ ဦးစိုးသိမ်းက တုံ့ပြန်ခဲ့ပါတယ်။

ဒါ့အပြင် “ဒီမြေတွေအကုန်လုံးကို တသီးပုဂ္ဂလိက ကုမ္ပဏီတွေ၊ ဦးအုန်းမြင့် (မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဟောင်း) နဲ့ ပတ်သက်တဲ့သူတွေက ပိုင်ဆိုင်ထားကြတယ်လို့ တချို့လူတွေက ထင်နေကြတာ။ ဒါက မှားပါတယ်။ မြေတွေက အစိုးရပိုင်အနေနဲ့ပဲ ဆက်ရှိနေတာပါ” လို့ သူကဆက်ပြောခဲ့ပါတယ်။

မိုက်ကာရဲ့ရည်ရွယ်ချက်ဟာ ကောင်းမွန်တယ်လို့ ဦးစိုးသိန်းက Frontierကို ကာကွယ်ပြောဆိုဖူးပေမယ့် နိုဝင်ဘာ ၂၂ ရက်နေ့မှာ အမျိုးသားတော်က အတည်ပြုလိုက်တဲ့ ကြားဖြတ်အစီရင်ခံစာမှာတော့ သားငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ဖို့ စားနပ် ရိက္ခာဖူလုံဖို့ မျှော်မှန်းတည်ထောင်ထားတယ်ဆိုတဲ့ မိုက်ကာရဲ့ မြေပြင်ဆောင်ရွက်ချက်တွေဟာ ရည်မှန်းချက်နဲ့ကွဲလွဲနေတယ်လို့ ထောက်ပြထားပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar