ဝန်ကြီးဟောင်း နှစ်ပါး၊ လျှို့ဝှက်အေဂျင်စီနှင့် ဒေါ်လာသန်းချီတန် မြုပ်ကွက်များ

ဒေါ်လာသန်းပေါင်းများစွာတန်သော မြေကွက်များကို သိမ်းယူထားပြီး လူသိနည်းလှသည့် အစိုးရ အေဂျင်စီတစ်ခုအကြောင်း ဖော်ထုတ်ရန် လွှတ်တော်အမတ်အချို့နှင့် တိရစ္ဆာန် ဆေးကု ဆရာဝန်အချို့က ကြိုးပမ်းနေကြသည်။

သောမတ်စ် ကင်း(န်) ရေးသားသည်။

ဂျိုက်ကာ (JICA) ခေါ် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီကိုတော့ လူတိုင်း ကြားဖူးကြမည်။ သို့သော် မိုက်ကာ (MICA) ခေါ် မြန်မာနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီကိုတော့ ကြားဖူးကြမည် မထင်ပေ။

ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင် မြန်မာနိုင်ငံက နိုင်ငံရပ်ခြားအကူအညီပေးရေး လုပ်ငန်းနှင့် မည်သို့မျှ သက်ဆိုင်ဖွယ် မရှိပါ။ ဂျိုက်ကာနှင့် မိုက်ကာတို့မှာ နာမည်ချင်း ဆင်သော်လည်း လုပ်ငန်းသဘာဝချင်း ခြားနားလှပေတော့သည်။

မိုက်ကာအကြောင်း သင်မကြားဖူး၊ မသိဖူးသည်မှာ မဆန်းပေ။ မိုက်ကာတွင် ဝက်ဘ်ဆိုက်လည်း မရှိပေ။ ဖေ့စ်ဘွတ်ခ်စာမျက်နှာပင် မရှိချေ။ နိုင်ငံပိုင် သတင်းမီဒီယာများတွင်လည်း တစ်ခါမျှ မဖော်ပြ မပါရှိဖူးသလောက်ပင် ဖြစ်သည်။ ၂၀၁၂ ခုနှစ်ကတော့ ဘလော့ဂ် blogspot တစ်ခု တင်ခဲ့ဖူးသည်။ ထိုနှစ်တွင် တင်ထားခဲ့သောပို့စ် post တွင် Myanmar International Cooperation Agency (MICA) ကို ၂၀၁၂ ခုနှစ်၊ သြဂုတ် ၇ ရက်တွင် တည်ထောင်ခဲ့သည်ဟုသာ ဖော်ပြထားသည်။

လက်ရှိအစိုးရအဖွဲ့အတွင်းမှာလည်း ဤအကြောင်းကို သိရှိသူ အနည်းငယ်သာ ရှိပုံရသည်။ ယင်းအေဂျင်စီအကြောင်း လွှတ်တော်တွင် ဖြေကြားရန် ဝန်ကြီးဌာနသစ်ဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် နှစ်ပတ်အချိန်ယူခဲ့ရသည်။ မိုက်ကာရုံးကို ကမာရွတ်မြို့နယ်၊ ဥယျာဉ်လမ်းတွင် ထားရှိပြီး ဝန်ကြီးဌာနမှ ဝန်ထမ်း ၇ ဦးကို လွှဲပြောင်းတာဝန်ပေးထားကြောင်း ဖြေကြားခဲ့သည်။

မိုက်ကာမှာ ဘာတွေရှိသနည်း။ မြေကွက်တွေရှိသည်။ မြေကွက်တွေ အများကြီး ရှိသည်။ မိုက်ကာကို ယခင်အစိုးရ လက်ထက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ယခု အစိုးရသစ်လက်ထက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပိုင် လယ်မြေများ၊ ငါးကန်များ၊ စက်ရုံများ ပါဝင်ပြီး နိုင်ငံပိုင်ခြံမြေနှင့် စက်ရုံဝင်း ၆၆ ခုထက်မနည်း ငှားရမ်းထားသည်။ ယင်းတို့၏ တန်ဖိုးကို အစိုးရက ထုတ်ဖော်မပြောသော်လည်း ဒေါ်လာသန်း ရာနှင့်ချီပြီး ရှိသည်။ ၂၀ ခန့်မှာ ရန်ကုန်တွင်ရှိပြီး ကြီးမားကျယ်ဝန်းသော ခြံမြေကြီးများ ဖြစ်ကြသည်။

၂၀၁၂ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့သော်လည်း ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ ရက်တွင်မှ ဝန်ကြီးအဖွဲ့ အစည်းအဝေး၌ တရားဝင် တည်ထောင်ခဲ့ကြသည်။ သို့ဆိုလျှင် မိုက်ကာသည် မည်သို့သော အေဂျင်စီလဲ။ မည်သည့်အရာများ လုပ်သလဲ။

မိုက်ကာကို ဒါရိုက်တာ ဘုတ်အဖွဲ့က လွတ်လပ်စွာ အုပ်ချုပ်လုပ်ကိုင်သော တစ်ဝက်တစ်ပျက် နိုင်ငံပိုင် အေဂျင်စီတစ်ခုအဖြစ် ကြေညာထားသည်။ ယခင် ဦးသိန်းစိန် အစိုးရလက်ထက်က သမ္မတရုံးဝန်ကြီး တစ်ဦးဖြစ်သော ဦးစိုးသိမ်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

မိုက်ကာ၏ ဒါရိုက်တာအဖွဲ့ဝင် အများစုသည် ဝန်ကြီးရုံးဝန်ထမ်းများ ဖြစ်သည်။ ဦးစိုးသိမ်းသည် ယခု အစိုးရသစ် လက်ထက်တွင် အမျိုးသားလွှတ်တော် ကယားပြည်နယ် ဘော်လခဲ အမတ်အဖြစ် ရွေးကောက်ခံထားရသည်။ ဝန်ကြီးရုံး အမြဲတမ်း အတွင်းဝန် ဦးခင်ဇော်က မိုက်ကာ ဘုတ်အဖွဲ့ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။

၁၉၂၅ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး ယခုအခါ အသုံးမပြုဘဲထားရှိသည့် တိရစ္ဆာန် မွေးမြူရေးနှင့် ဆေးကုသရေးရုံးချုပ် နှစ်ထပ်အဆောက်အအုံကို တွေ့ရစဉ်။ ဓာတ်ပုံ - တေဇလှိုင်

၁၉၂၅ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး ယခုအခါ အသုံးမပြုဘဲထားရှိသည့် တိရစ္ဆာန် မွေးမြူရေးနှင့် ဆေးကုသရေးရုံးချုပ် နှစ်ထပ်အဆောက်အအုံကို တွေ့ရစဉ်။ ဓာတ်ပုံ – တေဇလှိုင်

မိုက်ကာအေဂျင်စီ၏ ရည်ရွယ်ချက်မှာ အပြည့်အဝ အသုံးမချနိုင်ဘဲ ဖြစ်နေသော ဝန်ကြီးဌာနပိုင် မြေများကို ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် ပူးပေါင်းပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရန်ဟု ဖော်ပြထားသည်။ ထိုမြေအများစုမှာ ယခင် မြန်မာ့ငါးလုပ်ငန်း၊ မြန်မာ့ မွေးမြူရေး၊ စားသောက်ကုန်နှင့် နို့ထွက်ပစ္စည်းလုပ်ငန်းဌာနပိုင် မြေကွက်များ ဖြစ်သည်။ ထိုလုပ်ငန်းများအနက်မှ မြန်မာ့ မွေးမြူရေး၊ စားသောက်ကုန်နှင့် နို့ထွက်ပစ္စည်းလုပ်ငန်းဌာနမှာ အကြီးအကျယ် အရှုံးပေါ်နေခဲ့သဖြင့် ဦးသိန်းစိန် အစိုးရလက်ထက်တွင် အချို့ကို ရောင်း၊ အချို့ကို အငှား ချထားခဲ့ပြီး ဖြစ်သည်။

ဝန်ကြီးဌာန အဆိုအရ ပူးပေါင်းလုပ်ဆောင်ရန် စိတ်ပါဝင်စားသော ကုမ္ပဏီများထံမှ လုပ်ငန်း အဆိုပြုလွှာများကို ဖိတ်ခေါ်ခဲ့ပြီး ထိုလျှောက်လွှာများကို စိစစ်ရန် အစည်းအဝေး ၁၃ ကြိမ်ပင် ထိုင်ခဲ့ကြသည်ဟု ဆိုသည်။ မိုက်ကာစီမံကိန်းမှ ဝင်ငွေ နှစ်မျိုးရသည်။

တစ်ခုက လုပ်ငန်း အမြတ်အစွန်းဖြစ်ပြီး နောက်တစ်ခုမှာ မြေငှားရမ်းခ ဖြစ်သည်။ မြေငှားရမ်းခကို သက်ဆိုင်ရာလုပ်ငန်းက ရယူပြီး အမြတ်အစွန်းကို သီးခြားအစိုးရငွေစာရင်းဖွင့်၍ အပ်နှံရသည်ဟု ဆိုသည်။ လစဉ် ငွေစာရင်းကို မိုက်ကာ၏ စာရင်းစစ်အဖွဲ့က စစ်ဆေးပြီး ပြင်ပ စာရင်းစစ်များက နှစ်စဉ် ငွေစာရင်း စစ်ဆေးသည်ဟု ဝန်ကြီးဌာနက ဆိုသည်။

သို့သော် မိုက်ကာစီမံကိန်းတွင် မြေငှားရမ်းခ မည်မျှ၊ အမြတ်အစွန်း မည်မျှ ရရှိခဲ့သည် ဆိုသည်ကိုမူ အစိုးရက ထုတ်ပြန်ခြင်း မပြုပေ။ ပြင်ပ စာရင်းစစ်များက ပုံမှန် စစ်ဆေးခဲ့ခြင်း ရှိ၊ မရှိ ဆိုသည်ကိုလည်း ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

အငြင်းပွားဖွယ်ရာ မြေကိစ္စ

မိုက်ကာသည် ပုဂ္ဂလိကကဏ္ဍထံ မြေငှားအလုပ်ကို နှစ်ပေါင်းများစွာ လုပ်နေခဲ့သည်ကို လူအများ သတိမထားခဲ့ကြပေ။ သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်း ကုန်ဆုံးချိန်တွင် ရေလုပ်ငန်းဆိုင်ရာ ကုမ္ပဏီကိုးခုနှင့် အခြားစက်ရုံနှင့် ကုမ္ပဏီ ကိုးခုကို မြေငှားထားခဲ့သည်။ ယင်းတို့ထဲမှ မြေနေရာ ငါးခုအတွက် ကန်ထရိုက် စာချုပ်များ ချုပ်ဆိုထားခဲ့သည်။ ထိုလုပ်ဆောင်မှုများ၏ အသေးစိတ် အချက်အလက်များကို အများပြည်သူ သိရှိရန် ထုတ်ပြန်ခြင်း မပြုခဲ့ပေ။

မိုက်ကာ၏ ပထမဆုံး အဓိက စီမံကိန်းမှာ ရန်ကုန်အနောက်ပိုင်း ဘုရင့်နောင်ဈေးနှင့်ကပ်လျက် ကြို့ကုန်းဆိပ်ကမ်းတွင် တည်ဆောက်မည့် ငါးလုပ်ငန်းနှင့် လေလံစီမံကိန်း ဖြစ်သည်။ ကုန်ကား ရပ်နားစခန်းနှင့် လောင်စာဆီဆိုင်များ ပါရှိသော ထိုဆိပ်ကမ်းကို ဇန်နဝါရီလ ၃၁ ရက်တွင် သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းနှင့် ထိုစဉ်က မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီး ဦးအုန်းမြင့်တို့က ဖွင့်လှစ်ပေးခဲ့သည်။ ထိုစီမံကိန်းကို မိုက်ကာတစ်ဦးတည်းကပင် လုပ်သလော၊ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနှင့် လုပ်သလော ဆိုသည်ကိုလည်း ကွဲကွဲပြားပြား မသိရှိရပေ။

အာဏာလွှဲပြောင်းခါနီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် မိုက်ကာအဖွဲ့သည် အင်းစိန်မြို့နယ်အတွင်းရှိ ၆၄ ဒသမ ၅၄ ဧက ကျယ်ဝန်းသော မြေပေါ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ကိုင်ရန် Excellent Fortune Development Group ၏ အစိတ်အပိုင်း တစ်ခုဖြစ်သော First Golden Dragon Construction နှင့် သဘောတူ လက်မှတ်ထိုးခဲ့ကြသည်။

ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ ဒေါ်လာ ၆၂ သန်း (ကျပ်ငွေ ၇၅ ဘီလျံ) ကုန်ကျမည့် စီမံကိန်းကြီး ပြီးစီးသွားသောအခါ ဆိုင်ခန်း ၅၀၀ ကျော်၊ အအေးခန်း စက်ရုံ ၂ ခုနှင့် ခေတ်မီ အသားလက်ကားဈေးကြီး ပေါ်ထွက်လာမည်။ ထိုစီမံကိန်းအတွက် ၂၀၁၅ ခုနှစ်တွင် တင်ဒါ ခေါ်ယူခဲ့သည်ဟု ဆိုသည်။ ထိုတင်ဒါစာချုပ်နှင့်ပတ်သက်သော အသေးစိတ် အချက်အလက် များကိုမူ အများပြည်သူ သိရှိရန် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ထိုသို့ တင်ဒါလက်မှတ် ရေးထိုးသော သတင်းကြားရသောအခါ ကန့်ကွက်မှုများ ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။ ထိုမြေကို ရောင်းစားလိုက်ကြပြီဟု အွန်လိုင်းပေါ်တွင် သတင်းပြန့်သွားရာ ၂၀၁၆ ခုနှစ် မတ်လ ၂၂ ရက်တွင် သတင်းစာ ရှင်းလင်းပွဲခေါ်၍ စွပ်စွဲချက်များကို ရှင်းသည်။

မိုက်ကာအေဂျင်စီကို သမ္မတ ဦးသိန်းစိန် သဘောတူညီချက်ဖြင့် တည်ထောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဒါရိုက်တာ ဘုတ်အဖွဲ့ဖြင့် ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

“အရေးကြီးတဲ့ လုပ်ငန်းတွေကို လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ဆုံးဖြတ်ချက်နဲ့ လုပ်ကိုင်လို့ မရပါဘူး။ ဒါရိုက်တာ ဘုတ်အဖွဲ့၊ ဝန်ကြီးအဆင့် အမှုဆောင်ကော်မတီ၊ စီးပွားရေးကော်မတီ အစည်းအဝေးတွေခေါ်ပြီး ရရှိတဲ့ အဆိုပြုချက်တွေကို ပြည်ထောင်စုအစိုးရထံ တင်ပြခဲ့ပါတယ်။ ဒီလို အဆင့်ဆင့် သဘောတူ ခွင့်ပြုချက်တွေ ရယူပြီး ရရှိလာတဲ့ ဆုံးဖြတ်ချက်နဲ့အညီ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” ဟု မတ်လ ၂၂ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ရှင်းလင်းရန် ကြိုးစားခဲ့ကြသည်။

ကြို့ကုန်းဆိပ်ခံတံတားမှာ မိုက်ကာ၏ ပထမဆုံး အဓိကလုပ်ငန်းကြီးဖြစ်ပြီး ၂၀၁၆ ဇန်နဝါရီလအတွင်းက ဖွင့်ခဲ့သည်။ ဓာတ်ပုံ - တေဇလှိုင်

ကြို့ကုန်းဆိပ်ခံတံတားမှာ မိုက်ကာ၏ ပထမဆုံး အဓိကလုပ်ငန်းကြီးဖြစ်ပြီး ၂၀၁၆ ဇန်နဝါရီလအတွင်းက ဖွင့်ခဲ့သည်။ ဓာတ်ပုံ – တေဇလှိုင်

မိုက်ကာအစီအစဉ်ကို အဝေဖန်ဆုံးအဖွဲ့မှာ မြန်မာ့ တိရစ္ဆာန် ဆေးကုပညာအသင်းပင် ဖြစ်သည်။ စီမံကိန်း၏ အငြင်းပွားဖွယ် မြေ ၆၄ ဒသမ ၅၄ ဧကမှာ ၂၀ ရာစု အစောပိုင်းနှစ်များကတည်းက တိရစ္ဆာန် ဆေးကုသရေးနှင့် သက်ဆိုင်သော လုပ်ငန်းများကို လုပ်ဆောင်လာခဲ့သည့် စုစုပေါင်း ၁၃၄ ဒသမ ၇၃၈ ဧကရှိသော ခြံမြေကြီး၏ အစိတ်အပိုင်းကို ဖဲ့ယူထားကြခြင်း ဖြစ်သည်။

ထိုနေရာတွင် တိရစ္ဆာန် မွေးမြူရေးနှင့် ဆေးကုသရေးဆိုင်ရာ တက္ကသိုလ်အဖြစ် ၁၉၈၀ ပြည့်လွန် အစောပိုင်းနှစ်များတွင် ယခုနေပြည်တော်အနီးရှိ စိုက်ပျိုးရေး တက္ကသိုလ်သို့ ပြောင်းရွှေ့သွားခဲ့ချိန်အထိ ရှိနေခဲ့သည်။

၁၉၂၅ ခုနှစ်က ဖွင့်လှစ်ခဲ့သော တိရစ္ဆာန် မွေးမြူရေးနှင့် ဆေးကုသရေးဌာနချုပ် နှစ်ထပ်အဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများသည် ယခင်ကိုလိုနီခေတ် လက်ရာအတိုင်း ယခုထိ ရှိနေဆဲ ဖြစ်သည်။ ထိုနေရာမှာ လေဆိပ်နှင့်နီးခြင်း၊ စက်မှုဇုန်များနှင့် နီးကပ်စွာရှိခြင်းကြောင့် အလွန်သရေကျဖွယ် မြေကွက်ကြီး ဖြစ်သည်။

ဝန်ကြီးဌာနမှ ထုတ်ပေးသော မြေပုံအရ မြေ ၉၄ ဒသမ ၀၀၇ ဧကကို မိုက်ကာစီမံကိန်းအတွက် အသုံးပြုသည်။ ၈ ဒသမ ၄၁ ဧကကို ယဉ်ကျေးမှုဝန်ကြီးဌာနကို ယဉ်ကျေးမှုဗဟိုဌာန ဆောက်ရန်ပေးသည်။

ကျန် ၃၂ ဒသမ ၃၂၁ ဧကကိုသာ တိရစ္ဆာန် မွေးမြူရေးနှင့် ဆေးကုသရေး ဌာနအတွက် ဆက်လက်ထားရှိသည်။ မြန်မာ့ တိရစ္ဆာန် ဆေးကုပညာအသင်း ဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်းကမူ ယင်းမြေကို နိုင်ငံပိုင်မြေအဖြစ်သာ ထားရှိပြီး တိရစ္ဆာန် ဆေးကုပညာ ဖွံ့ဖြိုးရေးအတွက်သာလျှင် အသုံးပြုသင့်ကြောင်း ပြောသည်။

“ဒီမြေကို ကျွန်တော်တို့ချစ်တယ်။ ဒီမြေကို တခြားဘာကိစ္စအတွက်မှ မသုံးသင့်ပါဘူး” ဟု ၎င်းက ပြောသည်။

ဒေါက်တာ မြင့်သိန်းသည် တိရစ္ဆာန်မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတွင် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အငြိမ်းစားယူခဲ့သူဖြစ်သည်။ မိုက်ကာကို စတင်ဖွဲ့စည်းတည်ထောင်စဉ်က အမှုဆောင်မဟုတ်သော ဒါရိုက်တာ သုံးဦးတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့ပြီး အစောပိုင်းက ပြုလုပ်သော အစည်းအဝေးများတွင် တက်ခွင့်ရခဲ့သည်။ လယ်ယာမြေနှင့် ငါးလုပ်ငန်းများ အငှားချထားခြင်းကို သူက ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခဲ့ပြီး တိရစ္ဆာန် ဆေးကုပညာအသင်း MVA ကလည်း ထောက်ခံခဲ့သည်ဟု ဆိုသည်။

“ဒီလယ်မြေတွေ အငှားချတာကို MVA က မကန့်ကွက်ခဲ့ပါဘူး။ ကျွန်တော်တို့က ဒီမြေကွက် (အင်းစိန်မြို့နယ်) ကိုသာ MVA ရဲ့ သမိုင်းကြောင်းနဲ့ တိရစ္ဆာန်ဆေးကုပညာရပ် ဖွံ့ဖြိုးမှုအတွက် ကာကွယ်ကန့်ကွက်နေကြတာပါ” ဟု ၎င်းက ပြောသည်။

“နောက်ပိုင်းမှာတော့ အစည်းအဝေးတွေမှာ ကျွန်တော့်ကို သိပ်မဖိတ်တော့ပါဘူး။ ကျွန်တော်က MICA ရဲ့ အကြံပေးဆိုပေမဲ့ ဒီ First Golden Dragon Construction နဲ့ စာချုပ်ချုပ်တာကို ကျွန်တော် မသိလိုက်ပါဘူး” ဟု ၎င်းက ပြောသည်။

အစိုးရသစ် တက်လာပြီးနောက် ဒေါက်တာမြင့်သိန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူနှင့် တွေ့ဆုံပြီး ၎င်းတို့၏ တိမွေးကုအသင်းအတွက် စိုးရိမ်ပူပန်မှုများကို ရှင်းလင်း ပြောပြခဲ့ရာ ဝန်ကြီးကလည်း လက်ခံသည်ဟုဆိုသည်။

“ဒီမြေကွက်ကို MICA လက်ထဲလွှဲမပေးဖို့ တိမွေးကုဌာနအောက်မှာပဲ ထားပေးဖို့ ကျွန်တော်တို့က တောင်းပန်တော့ ဝန်ကြီးက နားလည်လက်ခံပေးပါတယ်။ ကျွန်တော်တို့ရဲ့ အဆိုပြုချက်ကို ဝန်ကြီးအဖွဲ့ အစည်းအဝေးမှာ တင်ပြပြီး ဝန်ကြီးအဖွဲ့ရဲ့ လမ်းညွှန်ချက်ကို ရယူပါမယ်။ ကျွန်တော်တို့ရဲ့ ဆန္ဒ ပြည့်ဝလိမ့်မယ်လို့ သူမျှော်လင့်တဲ့အကြောင်း ပြောပါတယ်” ဟု ဦးမြင့်သိန်းက Frontier ကို ပြောပြသည်။

မြန်မာ့ တိရစ္ဆာန် ဆေးကုပညာအသင်း ဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်းကို နေအိမ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - သောမတ်စ် ကင်း(န်)

မြန်မာ့ တိရစ္ဆာန် ဆေးကုပညာအသင်း ဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်းကို နေအိမ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ – သောမတ်စ် ကင်း(န်)

“တရားဝင် ထုတ်ပြန်ချက်တော့ မရသေးဘူး။ ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရအရာရှိတချို့ရဲ့ အလွှတ်သဘော ပြောကြားချက်အရ ကျွန်တော်တို့ရဲ့ တင်ပြချက် အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ အရင်အစိုးရသက်တမ်း နောက်ဆုံးလထဲမှာ တက်သုတ်ရိုက် ခွင့်ပြုခဲ့တာ ဖြစ်ပေမဲ့ မြေကွက်တွေ မိုက်ကာကို လွှဲပြောင်းပေးမယ့် အစီအစဉ်ကိုတော့ ရပ်ဆိုင်းထားလိုက်ပါပြီ” ဟု ၎င်းက ပြောသည်။

သို့ရာတွင် အင်းစိန်စီမံံကိန်းကို မူလအစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်နေကြောင်း ဝန်ကြီးဌာန၏ အမြဲတမ်း ဒုတိယ အတွင်းဝန် ဒေါက်တာ ထွန်းလွင်က Frontier ကို ပြောပြသည်။

“ဒီလက်ကားဈေးကြီးက ပြည်သူလူထုအတွက် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သားငါးနဲ့ အသီးအရွက်တွေ ရရှိအောင် လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆိုလိုက်သေးသည်။

သို့တိုင် အင်းစိန်မြို့နယ်အတွင်း လက်ရှိမိုက်ကာက ထိန်းသိမ်းထားသော လက်ကျန်ဧက ၃၀ နှင့်ပတ်သက်၍မူ ဘာလုပ်မည်ကို မသိရှိရသေးချေ။ ဦးထွန်းလွင်၏ အဆိုအရ ဝန်ကြီးဌာနက မိုက်ကာစီမံကိန်းကို ဆက်လုပ်ရန် ဆုံးဖြတ်ထားကြောင်း၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး အစိုးရဝင်ငွေ တိုးတက်ရရှိရေးအတွက် မိတ်ဖက်လုပ်ကိုင်မည့် ကုမ္ပဏီကို ရှာဖွေလျက်ရှိကြောင်း သိရသည်။

“မိုက်ကာအေဂျင်စီရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ကို ပြန်ဖွဲ့နေပါတယ်။ လောလောဆယ်မှာတော့ မိုက်ကာကို ဝန်ကြီးဌာနက တာဝန်ပေးထားတဲ့ အရာရှိချုပ်တစ်ဦးနဲ့ လုပ်ငန်းလည်ပတ်နေပါတယ်။ MICA ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ BOD ပြန်ဖွဲ့ပြီးရင် ပုဂ္ဂလိကကဏ္ဍနဲ့ ကျေးလက်ဖွံ့ဖြိုးရေး၊ အစိုးရဝင်ငွေ တိုးတက်ရရှိရေး၊ အစိုးရ စီးပွားရေးပေါ်လစီနဲ့အညီ မိုက်ကာကို ဆက်လက်လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

မိုက်ကာကို အမှန်တကယ် ဘယ်သူ ဦးဆောင်နေတာလဲ

မိုက်ကာစီမံကိန်းတွင် ယခင်ဝန်ကြီးဟောင်း ဦးအုန်းမြင့်၏ အခန်းကဏ္ဍနှင့် မိုက်ကာကို ယခင်က စီစဉ်ခဲ့သည့်အတိုင်း ဝန်ကြီးဌာနက လွတ်လွတ်လပ်လပ် စီမံကွပ်ကဲနေသည်မှ ဟုတ်ပါ၏လောဟု လူအများက သံသယ ရှိနေကြသည်။ အလွဲသုံးစားလုပ်မှုနှင့် တိုက်ရိုက်စွပ်စွဲမှု မရှိသေးသော်လည်း ယခင်ဝန်ကြီးဟောင်း ဦးအုန်းမြင့်ကိုမူ လူအများအပြားက မယုံသင်္ကာ ဖြစ်နေသည်မှာအမှန်ပင် ဖြစ်သည်။

မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းမှူးအဖြစ် လုပ်ကိုင်ခဲ့သော ဦးအုန်းမြင့်သည် အလွန်သံသယဖြစ်ဖွယ်ကောင်းသူ ဖြစ်ခဲ့သည်။ သူသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲများ တပုံတပင်နှင့် ဒေသတွင် တက်ကြွလှုပ်ရှားသူ ဒေါ်ဘောက်ချာကို အနိုင်ယူကာ ဖားကန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သူ ဖြစ်သည်။ သူ့ကို ရွေးကောက်ပွဲ မသမာမှုဖြင့် တရားစွဲကန့်ကွက်ရန် ဒေါ်ဘောက်ချာ စိတ်ကူးခဲ့သေးသော်လည်း သမ္မတ ဦးသိန်းစိန်က ဦးအုန်းမြင့်ကို ၎င်း၏အစိုးရအဖွဲ့တွင် ဝန်ကြီးခန့်လိုက်သဖြင့် လွှတ်တော်ကိုယ်စားလှယ်နေရာ စွန့်လွှတ်လိုက်ရာ ဒေါ်ဘောက်ချာက သူ့စွဲချက်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အွန်လိုင်းပေါ်တွင် ထွက်ပေါ်လာသော ဗီဒီယို တစ်ခုတွင် ဦးအုန်းမြင့်က အဓိက ဇာတ်ကောင်အဖြစ် ပါဝင်နေသည်။ ဗီဒီယိုတွင် ဦးအုန်းမြင့်က မကွေးတိုင်း ဒေသကြီးအတွင်းမှ ရွာသားများကို အော်ဟစ်ပြောနေသည်။

၎င်း၏စေတနာကို မစော်ကားကြရန်၊ စော်ကားလာပါက မည်သည့်အရာမှ လုပ်မပေးဘဲ ပစ်ထားလိုက်မည်ဖြစ်ကြောင်း၊ မည်သူ့ကိုမဆို ပါးရိုက်ရဲကြောင်း၊ ၎င်းမှာ သေနတ် ခါးကြားထိုးပြီး လူများကို အုပ်ချုပ်လာကြောင်း၊ မည်သူ့ကိုမှ အရေးမစိုက်ကြောင်း၊ သည်ကနေ့ လူအချို့က နိုင်ငံမှာ မည်သည့်အရာမှ မတိုးတက်ဟု ပြောနေကြကြောင်း၊ ၎င်းးတို့ပြောတာ မယုံကြဖို့အကြောင်း ၎င်းက ပြောဆိုခဲ့သည်။

၎င်း၏ ထိုသို့ပြောဆိုမှုကို လူအများက ကန့်ကွက်ရှုံ့ချကြသော်လည်း ဦးအုန်းမြင့်ကမူ ၎င်း၏ ပြောဆိုခဲ့မှုကို တောင်းပန်ခြင်းလည်းမပြု၊ ပြန်လည်ရုပ်သိမ်းခြင်းလည်း မပြုခဲ့ပေ။

မနှစ်က ပြုလုပ်သော ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အင်န်အယ်လ်ဒီအမတ်လောင်းကို ရှုံးနိမ့်ခဲ့သည်။ ထိုသို့ ရှုံးနိမ့်ခဲ့မှုကို မကျေနပ်သဖြင့် ရွေးကောက်ပွဲကော်မရှင်ထံ ရွေးကောက်ပွဲ မသမာမှုများဖြင့် အမှုတစ်ဒါဇင်ကျော်ဖွင့်၍ တိုင်ကြားစွဲဆိုခဲ့သည်။

၎င်းတိုင်ကြားခဲ့သော အမှုများတွင် မဲဆန္ဒရှင် အတုပြုလုပ်ခြင်း၊ ချောက်လှန့်ခြင်း၊ အကြမ်းဖက်၍ မဲထည့်စေခြင်း သို့မဟုတ် မဲမထည့်အောင် ပြုလုပ်ခြင်း၊ မဲရုံဝန်ထမ်းက မဲဆန္ဒရှင်အား ကိုယ်စားလှယ်လောင်း တစ်ဦးအတွက် မဲထည့်အောင် သြဇာသုံး လွှမ်းမိုးခြင်း၊ ကြိုတင်မဲ အတုပြုလုပ်ခြင်း၊ တရားမဝင်သော နည်းလမ်းဖြင့် မဲဆွယ်ခြင်း၊ လျှို့ဝှက်မဲပေးစနစ် ပြုလုပ်ရန် ပျက်ကွက်ခြင်း၊ မဲဆွယ်ဥပဒေများကို ချိုးဖောက်ခြင်းစသည်ဖြင့် စွဲဆိုချက်များစွာ ပါဝင်သည်။

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းအောင်စိုးသည် ဝန်ကြီးဌာနက ပြုလုပ်သော မတ်လ ၂၂ ရက် သတင်းစာရှင်းလင်းပွဲကို တိမွေးကုပညာရှင်တစ်ဦးအဖြစ် တက်ရောက်ခဲ့သူ ဖြစ်သည်။ အစိုးရ အရာရှိများက မိုက်ကာ၏လုပ်ရပ်များနှင့်စပ်လျဉ်းပြီး မေးမြန်းသော မေးခွန်းများကို ပြန်လည် ဖြေဆိုခဲ့သည်များမှာ ကျေနပ်စရာ မရှိကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။

အချို့ကို ရုပ်သိမ်းပြီးပြီဟု သတင်းအချို့က ဆိုသော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဝက်ဆိုက်တွင်မူ ဆိုင်းငံ့ထားသော အမှုများ ရှိနေသေးသည်။ ဒါရိုက်တာ ဘုတ်အဖွဲ့တွင် ဦးအုန်းမြင့် နာမည်မပါသော်လည်း ဤမိုက်ကာအစီအစဉ်ကို နောက်ကွယ်မှ စတင်ဖန်တီးသူမှာ ဦးအုန်းမြင့်သာလျှင် ဖြစ်သည်။ ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ ပုဂ္ဂိုလ်တစ်ဦးက ဦးအုန်းမြင့်သည် ၎င်း၏ ရာထူးသက်တမ်း စောစောပိုင်းကာလကပင်လျှင် ဤလုပ်ငန်းကို ပုဂ္ဂလိကအေဂျင်စီ တစ်ခုသို့ လွှဲပြောင်းပေးပြီး လွတ်လပ်စွာ လုပ်ကိုင်နိုင်ရန် စီစဉ်ခဲ့သည်ဟု ပြောသည်။

“ဌာနဖွဲ့စည်းပုံ ဇယားထဲမှာတော့ သူ့နာမည်ကို တွေ့ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူက နောက်ကွယ်က အားလုံးကို ကြိုးကိုင်နေတာ၊ ဦးစိုးသိမ်းကို ရုပ်ပြသက်သက် ထည့်ထားတာပါ” ဟု ထိုပုဂ္ဂိုလ်က ပြောပြသည်။

မိုက်ကာဆိုသည့်အမည်နှင့် လိုက်လျောညီထွေဖြစ်စေရန် မိုက်ကာကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖွဲ့စည်းထားသော အစိုးရအေဂျင်စီ တစ်ခုပုံဖမ်းထားသည်။ မတ်လအတွင်းက မြန်မာတိုင်းမ်နှင့် လူတွေ့မေးမြန်းရာတွင် မိုက်ကာ၏ အတွင်းရေးမှူး ဦးခင်ဇော်က မိုက်ကာကို ဖွဲ့စည်းရာ၌ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့ ကဲ့သို့သော အဖွဲ့အစည်းများမှ ကျွမ်းကျင်သူများ၊ အတိုင်ပင်ခံများ၏ အကြံပြုချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းခဲ့ပါသည်ဟု ဆိုသည်။

မတ်လ ၂၂ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်လည်း အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်တို့ကို ဖော်ညွှန်းပြောဆိုခဲ့ကြသေးသည်။ သို့ရာတွင် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်တို့မှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များကို မေးမြန်းကြည့်ရာတွင်မူ ၎င်းတို့နှင့် မည်သို့မျှ ပါဝင်ပတ်သက်မှု မရှိခဲ့ပါဟု ငြင်းဆိုခဲ့ကြသည်။

မိုက်ကာ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်တာများ အပါအဝင် မိုက်ကာကို ဖွဲ့စည်းရာတွင် အဓိက အကြံပေးခဲ့သူမှာ သမ္မတ ဦးသိန်းစိန်၏ စီးပွားရေး အကြံပေး တစ်ဦးဖြစ်သူ ဒေါက်တာအောင်ထွန်းသက် ပင်ဖြစ်သည်။

ဦးစိုးသိမ်းနှင့် ဦးအုန်းမြင့်တို့ နှစ်ဦးစလုံးက မိုက်ကာတွင် ၎င်းတို့ ပါဝင်ပတ်သက်မှု မရှိပါဟု ပြောင်ငြင်းခဲ့ကြသည်။ ဦးစိုးသိမ်းက ကန်ထရိုက်ကိစ္စ၊ တင်ဒါကိစ္စနှင့် နေ့စဉ်လုပ်ငန်းကိစ္စများနှင့် ပတ်သက်သော မေးခွန်းများကို မဖြေဆိုနိုင်ကြောင်း Frontier ကို ပြောသည်။

“ကျွန်တော်တို့က အနာဂတ်အတွက် နိုင်ငံပိုင်နဲ့ ပုဂ္ဂလိက ပူးတွဲလုပ်ကိုင်ရေး ပေါ်လစီထူထောင်ဖို့ အစည်းအဝေးတွေမှာသာ ပါဝင်ခဲ့တာပါ။ လက်တွေ့ အကောင်အထည်ဖော်ရာမှာတော့ အတွင်းဝန် ဒေါက်တာခင်ဇော်နဲ့ ဝန်ကြီးဌာန တခြားဝန်ထမ်းတွေမှာသာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့က အနာဂတ်အတွက် မိုက်ကာကို စလုပ်ပေးခဲ့ကြတာပါ” ဟု ဦးစိုးသိမ်းက ပြောသည်။

“ဝန်ကြီးဌာနအောက်မှာ လုပ်မယ်ဆိုရင် ဒီလို စီမံကိန်းကြီးတွေကို လုပ်ကိုင်ဖို့ ဝန်ကြီးဌာနမှာ ဘတ်ဂျက် အလုံအလောက် မရှိဘူး။ အလားအလာကောင်းတဲ့ နိုင်ငံပိုင်မြေတွေကလည်း ရှိနေတယ်။ အစိုးရနဲ့ ပုဂ္ဂလိက ပူးတွဲပြီး PPP အဖြစ် ဒီမြေတွေကို ဖွံ့ဖြိုးရေးလုပ်ချင်သူတွေနဲ့လုပ်ရင် အစိုးရရော ပြည်သူတွေအတွက်ပါ အကျိုးရှိနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ဦးစိုးသိမ်းကပင် အစိုးရ၌ မြေကွက်များ ရှိနေသော်လည်း စီမံခန့်ခွဲမှု လွဲချော်ညံ့ဖျင်းမှုများကြောင့် အရှုံးပေါ်ခဲ့ဖူးကြောင်း၊ အထူးသဖြင့် ရေလုပ်ငန်းတွင် နိုင်ငံအတွက် အရှုံးပေါ်ခဲ့ဖူးကြောင်း ပြောသည်။ ၂၀၁၅ ဇူလိုင်လတွင် စီးပွားရေးလုပ်ငန်းရှင် ဒါဇင်ပေါင်းများစွာကို အစိုးရကြွေးများ ပြန်မဆပ်မှုဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ကြေညာခဲ့သည်။

ကြွေးပြန်မဆပ်သော လုပ်ငန်းရှင်များထဲတွင် ယခင် ရေလုပ်ငန်း ဝန်ကြီးဟောင်း ဦးမောင်မောင်သိန်း၏ သားလည်း ပါဝင်ပြီး အစိုးရထံ ပေးရန်ရှိကြွေး ကျပ် ၁၁ ဒသမ ၅၈၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ သန်း)ကို ပြန်လည်ပေးဆပ်ခြင်း မပြုခဲ့ဟု သိရှိရသည်။

ဦးအုန်းမြင့်က Frontier ကို ၎င်းသည် ဝန်ကြီးတစ်ယောက်အဖြစ် မိုက်ကာတွင် တိုက်ရိုက်ပါဝင်ပတ်သက်မှု မရှိခဲ့ကြောင်း၊ ဦးစိုးသိမ်းကသာလျှင် အမှန်တကယ် ဦးစီးဦးဆောင် ပြုနေကြောင်း ပြောသည်။ မိုက်ကာကို ပုဂ္ဂလိက ကုမ္ပဏီများနှင့် ထိတွေ့ဆက်ဆံရန် ဖွဲ့စည်းထားသည့် ဝန်ကြီးဌာန၏ လက်အောက်ခံ အဖွဲ့အစည်းသာ ဖြစ်ကြောင်း ဆိုသည်။ ဝန်ကြီးဌာနသည် ပုဂ္ဂလိက ကုမ္ပဏီများနှင့် တိုက်ရိုက်ဆက်ဆံရန် အခက်အခဲ ရှိကြောင်းသာ ပြောကြားပြီး အဘယ်ကြောင့် အခက်အခဲ ရှိရသည်ကို အသေးစိတ် ရှင်းမပြခဲ့ပေ။ ဦးစိုးသိမ်းကိုမူ  နိုင်ငံတကာနှင့် ပြောဆိုဆက်ဆံရာမှာ ကျွမ်းကျင်သူဖြစ်၍ ခေါ်ထည့်ထားခြင်း ဖြစ်သည်ဟု ဦးအုန်းမြင့်က ပြောသည်။ မိုက်ကာလုပ်ငန်းဆောင်ရွက်ပုံမှာ ပွင့်လင်းမြင်သာမှု မရှိဟု ပြောဆိုချက်ကိုကား ဦးအုန်းမြင့်က ခါးခါးသီးသီး ငြင်းဆိုသည်။

“ကျွန်တော်တို့ လုပ်ဆောင်မှုတွေကို နှစ်ပတ်တစ်ခါ သတင်းထုတ်ပြန်နေတယ်။ ပူးပေါင်းလုပ်ဆောာင်တဲ့ ကုမ္ပဏီတွေကိုလည်း တင်ဒါခေါ်ပြီး ရွေးခဲ့တာပဲ” ဟု ၎င်းက ပြောသည်။ မည်သို့ပင်ဆိုစေ မိုက်ကာ၏ လုပ်ရပ်များနှင့်ပတ်သက်၍မူ စိုးရိမ်မှုများ ရှိနေဆဲပင်ဖြစ်ကာ ထိုသို့ စိုးရိမ်နေသူများတွင် အင်န်အယ်လ်ဒီ လွှတ်တော်အမတ်များလည်း ပါဝင်သည်။

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ကော်မတီဝင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းအောင်စိုးက မိုက်ကာနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များ ရှင်းလင်းပြောကြားပေးရေးအတွက် အစိုးရကို ဖိအားပေးရန် လွှတ်တော် ကိုယ်စားလှယ်များက စီစဉ်နေသည်ဟု ဆိုသည်။

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းအောင်စိုးသည် ဝန်ကြီးဌာနက ပြုလုပ်သော မတ်လ ၂၂ ရက် သတင်းစာရှင်းလင်းပွဲကို တိမွေးကုပညာရှင်တစ်ဦးအဖြစ် တက်ရောက်ခဲ့သူ ဖြစ်သည်။ အစိုးရ အရာရှိများက မိုက်ကာ၏လုပ်ရပ်များနှင့်စပ်လျဉ်းပြီး မေးမြန်းသော မေးခွန်းများကို ပြန်လည် ဖြေဆိုခဲ့သည်များမှာ ကျေနပ်စရာ မရှိကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။

“မိုက်ကာကို ဘယ်သူပိုင်တာလဲလို့ မေးတော့ ဝန်ကြီးဟောင်း ဦးအုန်းမြင့် နာမည် ပါမလာဘူး။ တခြား အရာရှိတွေရဲ့ နာမည်တွေ လျှောက်ပြောတယ်။ မိုက်ကာက အစိုးရအဖွဲ့အစည်းလားလို့ မေးတော့လည်း တိတိကျကျ အဖြေမပေးဘူး” ဟု ၎င်းက ပြောသည်။

ယခုအချိန်တွင်မူ ထိုကိစ္စကို မည်သို့ ထိထိရောက်ရောက် ကိုင်တွယ်ကြမည်လဲ ဆိုသည်ကို လွှတ်တော်အမတ်များ နည်းလမ်းရှာကြံဆနေကြသည်။

“မိုက်ကာက ဘာအတွက်လဲ၊ ဘာတွေလုပ်နေတာလဲ၊ ဒီအဖွဲ့ရဲ့ ပိုင်ဆိုင်မှုတွေက ဘာတွေလဲ၊ ဘာလုပ်ငန်းတွေ လုပ်နေတာလဲ ဒါတွေကို အဖြေရှာရမယ်” ဟု ဦးသန်းအောင်စိုးက Frontier ကို ပြောသည်။

“မိုက်ကာက မြေတွေ အများကြီး ယူထားတယ်။ ဒါက အရင်ဝန်ကြီးဟောင်း ဦးအုန်းမြင့်နဲ့ ပတ်သက်နေတယ်။ ဝန်ကြီးဌာနကတော့ အဖြေတိတိကျကျ မပေးဘူး။ ဒီတော့ ကျွန်တော်တို့ လွှတ်တော်ထဲမှာ မေးရမယ်” ဟု ၎င်းကပြောသည်။

ဖိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – သိမ့်မွန်စိုး(J)

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar