ကိုဗစ် ၁၉ ကာလ အစိုးရကကူညီထောက်ပံ့ရန် ငါးလုပ်ငန်းကဏ္ဍတောင်းဆို

ငါးဖမ်းလုပ်ငန်းကဏ္ဍက ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးကျဆင်းမှုကိုဖြေရှင်းရန် အစိုးရထံမှ ကူညီထောက်ပံ့မှုများ ပိုမိုရထိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ကျော်လင်းထွန်း ရေးသားသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် လုပ်ငန်းအစီအစဉ်များဖျက်သိမ်းရခြင်း၊ စက်ရုံများပိတ်သိမ်းရခြင်းနှင့် အလုပ်အကိုင်များ သန်းချီထိခိုက်ဆုံးရှုံးခြင်းမှုများ မဖြစ်ပွားမီက ယခုနှစ်ကို ရေထွက်ကုန်တင်ပို့မှုအတွက် စံချိန်တင်ရမည့် နှစ်တစ်နှစ်ဟု မြန်မာနိုင်ငံက သတ်မှတ်ထားသည်။ ယခုအချိန်တွင် ငါးလုပ်ငန်းကဏ္ဍ ခိုင်မာစွာဆက်လက်တည်မြဲရန်နှင့် အနာဂတ်၌ ကောင်းမွန်စွာလည်ပတ်နိုင်ရန်တို့အတွက် အစိုးရ၏ကူပံ့မှု လိုအပ်ကြောင်း လုပ်ငန်းရင်းမြစ်များက ပြောကြားသည်။

ကိုဗစ် ၁၉ ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံ၏ အရေးပါဆုံးပို့ကုန်မှတဆင့် ဝင်ငွေရရှိသည့်လုပ်ငန်းများအနက် တစ်ခုဖြစ်သော ငါးလုပ်ငန်းအပေါ် အကျိုးသက်ရောက်မှုဆိုင်ရာ ကွဲပြားသောအကဲဖြတ်မှုအမျိုးမျိုးကို အစိုးရနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များက ဖွင့်ဟကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနက ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်သည့်တိုင်အောင် ငါးလုပ်ငန်းမှာ ပုံမှန်အတိုင်း လည်ပတ်နေလိမ့်မည်ဟု ယုံကြည်ကြောင်း၊ ယင်းအချက်ကို အကဲဖြတ်သုံးသပ်နိုင်ရန် စာရင်းဇယားမှတ်တမ်းများရှိကြောင်းထုတ်ပြန်ခဲ့သည်။ မှတ်တမ်းများတွင် ပို့ကုန်အားကောင်းလျက်ရှိသည့်အပြင် ဆက်လက်မြင့်တက်နေပြီး ၂၀၁၈-၁၉ ခုနှစ်တွင် တစ်လလျှင် ပို့ကုန်ဝင်ငွေ ဒေါ်လာ ၆၀ ဒသမ ၁၆ သန်း ရှိခဲ့ရာမှ ပြီးခဲ့သည့် ဘဏ္ဍာနှစ်အစ အောက်တိုဘာလမှစ၍ တစ်လလျှင် ဝင်ငွေ ပျမ်းမျှ ကန်ဒေါ်လာ ၈၁ သန်းကျော်ရှိခဲ့သည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်က ပို့ကုန်ဝင်ငွေ ဒေါ်လာ သန်း ၇၀၀ နှင့် ပြီးခဲ့သည့်ဘဏ္ဍာနှစ်က ဒေါ်လာ ၇၂၂ သန်းတို့နှင့် နှိုင်းယှဉ်ပါက မေလအထိ ရှစ်လအတွင်း ပို့ကုန်ဝင်ငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၆၅၁ သန်း ရရှိထားပြီးဖြစ်သည်။

သို့သော် ၂၀၁၉ ခုနှစ်တွင် ချမှတ်ခဲ့သည့် ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်ဘီလီယံ ပြည့်မီရန်တင်ပြခဲ့သော မည်သည့်အဆိုပြုချက်ကိုမဆို စီးပွားရေးလုပ်ငန်းရှင်ကြီးများက ဝေဖန်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ထုတ်ပြန်ခဲ့သည့် ကိုဗစ် ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေးစီမံချက်ကြောင့် ကုန်ထုတ်လုပ်ရေးစက်ရုံများအပါအဝင် မြန်မာစက်ရုံများ ခေတ္တပိတ်ထားခဲ့ရပြီး ကုန်ပစ္စည်းမှာယူမှုများကိုလည်း ဝယ်ယူသူများက ပယ်ဖျက်ခဲ့သောကြောင့် ဖေဖော်ဝါရီလမှစ၍ ပို့ကုန်ဝင်ငွေ ကျဆင်းခဲ့ကြောင်း သူတို့က ပြောကြားသည်။

လုပ်ငန်းကျဆင်းမှု ခံစားချက်များ

ဘဏ္ဍာနှစ်သစ်၏အစဖြစ်သော အောက်တိုဘာလမှစပြီး နယ်စပ်ကုန်သွယ်မှု၊ သို့မဟုတ် ပင်လယ်၊ သို့မဟုတ် လေကြောင်းဖြင့်ပို့ဆောင်ခြင်းများအပါအဝင် ပုံမှန်ကုန်သွယ်မှုမှတဆင့် ငါးလုပ်ငန်းထွက်ကုန်ပစ္စည်းများ တင်ပို့မှု ကျဆင်းခြင်းမရှိခဲ့ကြောင်း နေပြည်တော်ရှိ ငါးလုပ်ငန်းဦးစီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပြောသည်။

ငါးအကောင်ရေ ထိန်းသိမ်းရန် ကမ်းလွန်ငါးဖမ်းခြင်းကို နှစ်စဉ် ဇွန်လမှ သြဂုတ်လအတွင်း ပိတ်ပင်ထားပြီး ဖြစ်သော်လည်း တင်ပို့ရမည့်ငါးထုတ်ကုန်များကို အအေးခန်းများဖြင့်ထားသည့်အပြင် ကမ်းနီးငါးဖမ်းခြင်းများလည်း ရှိနေကြောင်း သူကပြောသည်။

“ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ရဲ့ပို့ကုန်ဝင်ငွေကို အနည်းဆုံးတော့ ပြည့်မီလိမ့်မယ်လို့ တကယ်ကို ယုံကြည်ထားပါတယ်” ဟု ဦးမြင့်ဇင်ထူးက ထည့်သွင်းပြောကြားသည်။

ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဂျပန်နှင့် ဟောင်ကောင်တို့ကို အဓိကတင်ပို့သော ပုဂ္ဂလိကကဏ္ဍ၊ အထူးသဖြင့် ပင်လယ်ငါးဖမ်းလုပ်ငန်း၊ သို့မဟုတ် ပင်လယ်စာလုပ်ငန်းများ၌ ပို့ကုန်ဝင်ငွေ တိုးတက်မှုရှိမည်ဟု အထူးတလည် မျှော်လင့်ထားခြင်း မရှိကြောင်းသိရသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန့်ပွားမှုကို ကာကွယ်တားဆီးရန် မတ်လတွင် ချမှတ်ခဲ့သော ဆောင်ရွက်ချက်များကြောင့် သယ်ယူပို့ဆောင်ရေး ပြတ်တောက်ခြင်းနှင့် အခြားသက်ရောက်မှုများကို အဆိုပါကဏ္ဍက ဆိုးရွားစွာ ထိခိုက်ခံစားခဲ့ရသည်။

လောင်စာဆီ ဈေးနှုန်းကျဆင်းမှုကြောင့် ယာဉ်စက်မောင်းနှင်မှု ကုန်ကျစရိတ်နည်းပါးခြင်းကြောင့် လှေပိုင်ရှင်များ အကျိုးအမြတ် ရရှိခဲ့သော်လည်း ဖမ်းမိခဲ့သည့်ငါးများကို ကမ်းကပ်ချိန်တွင် ရောင်းချသောအခါ၌ ဝယ်လိုအားနည်းသဖြင့် ၎င်းတို့မျှော်လင့်ထားသည့် ဈေးနှုန်းအတိုင်း ရောင်းချရန် အခက်အခဲ ဖြစ်စေကြောင်း ငါးလုပ်ငန်းအရင်းအမြစ်များထံမှ သိရသည်။

သူတို့အတွက် အကြောင်းရင်း နှစ်ချက်ရှိသည်။ ပင်လယ်စာထုတ်လုပ်သည့် ကုမ္ပဏီများသည် နိုင်ငံတကာဝယ်ယူသူများထံက ကုန်ပစ္စည်းအမှာရရှိမှု ကျဆင်းသွားသောကြောင့် ထိခိုက်နစ်နာကြရပြီး စားသောက်ဆိုင်နှင့် ဟိုတယ်များပိတ်ထားရခြင်းအပြင် စားသုံးသူတို့၏ အထွေထွေအသုံးစရိတ် ကျဆင်းမှုကြောင့် ပြည်တွင်းဈေးကွက်ကိုလည်း ထိခိုက်ခဲ့သည်။

ကူးစက်ရောဂါဖြစ်ပွားမှု၏ အကျိုးသက်ရောက်မှုကို ဖေဖော်ဝါရီလနှောင်းပိုင်းမှ စတင်ခံစားခဲ့ရသော်လည်း အဆိုးရွားဆုံးလမှာ ဧပြီလဖြစ်ကြောင်း ငါးလုပ်ငန်းရင်းမြစ်များက ဆိုသည်။

အစိုးရကိန်းဂဏန်းများအရ အပြုသဘောဆောင်သည့် အနေအထားရှိသော်လည်း ပို့ကုန်ဝင်ငွေသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ကိုဗစ်ရောဂါ၏ ပုံမှန်ကုန်သွယ်မှုကို အကျိုးသက်ရောက်မှုကြောင့် ပို့ကုန်ဝင်ငွေ သိသိသာသာ ကျဆင်းနိုင်သည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက ပြောသည်။

“ဘဏ္ဍာရေးနှစ်စကတည်းက ပို့ကုန်ဝင်ငွေ ဒေါ်လာ တစ်ဘီလျံရဖို့ ကြိုးစားနေပေမဲ့ ကိုဗစ်ကြောင့် ဈေးကွက်အားလုံးမှာ ဝယ်လိုအားကျသွားခဲ့တာက ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ကို ပျက်စေခဲ့တယ်” ဟု ဦးနှင်းဦးက Frontier ကို ပြောကြားသည်။

“ဌာနဆိုင်ရာ အချက်အလက်တွေနဲ့ ပကတိအခြေအနေအမှန်တို့အကြား ကွဲပြားခြားနားမှု အမြဲတမ်းရှိခဲ့ပါတယ်။ ပုဂ္ဂလိကဏ္ဍမှာ ပို့ကုန်တင်ပို့မှုရဲ့ အမှန်တကယ်ဝင်ငွေကိုသိဖို့ တကယ်ကို ခက်ခဲလှပါတယ်” ဟု သူကပြောသည်။

ဧပြီလတွင် ပုံမှန်ကုန်သွယ်မှုပမာဏ၏ ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး လေယာဉ်တင်ပို့မှု တစ်လလုံးလုံး ပိတ်ပင်ထားသောကြောင့် လေယာဉ်တင်ပို့မှုပမာဏသည် သုညသို့ကျဆင်းသွားခဲ့ကြောင်း  မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်က ခန့်မှန်းသည်။

“အဆိုးဆုံးအခြေအနေ ကျော်လွှားနိုင်ခဲ့ပြီလို့ ပြောနိုင်ပေမဲ့ အခြေအနေက ပုံမှန်နဲ့တော့ ဝေးနေပါသေးတယ်။ ဈေးနှုန်းနဲ့ ပမာဏက မတည်ငြိမ်သေးဘူး” ဟု သူကပြောသည်။

သိသိသာသာ သက်ရောက်မှုများရှိသော်လည်း ငါးလုပ်ငန်းကဏ္ဍမှာ အစိုးရထံမှ မည်သည့်အထောက်အပံ့မှ မရရှိသေးချေ။ တစ်ရာခိုင်နှုန်းအတိုးဖြင့် တစ်နှစ် အရေးပေါ်ချေးငွေများကို ထုတ်ပေးသည့် ၁၀၀ ဘီလျံ ကျပ် (ဒေါ်လာ သန်း ၇၀ ) တန်ဖိုးရှိ ကိုဗစ် ၁၉ ရန်ပုံငွေက အဝတ်အထည်နှင့် ခရီးသွားလုပ်ငန်းများရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းအများစုကို အဓိကထားခဲ့သည်။

အင်းစိန်မြို့နယ်ရှိ ဂိုးဒင်းဘေး ပင်လယ်စာထုတ်လုပ်ရေးစက်ရုံ။ ဓာတ်ပုံ – ပံ့ပိုး

အလုပ်အကိုင် ဆုံးရှုံးခြင်းများ

မတ်လတွင် ပိတ်ဆို့မှုများ စတင်ခဲ့ချိန်က ဥရောပရှိ ပို့ကုန်မိတ်ဖက်လုပ်ငန်းများ ထိခိုက်ခဲ့ပြီးနောက် ရန်ကုန် အင်းစိန်မြို့နယ်ရှိ Golden Bay Ltd ပင်လယ်စာထုတ်စက်ရုံတွင် အမှာစာရရှိမှုများ စတင်နည်းပါးလာခဲ့သည်။ Golden Bay သည် ဧပြီလတွင် လုပ်ငန်းရပ်ဆိုင်းလိုက်သော်လည်း ဝန်ထမ်းများကို လစာငွေအပြည့် ပေးနေကြောင်း သူကပြောသည်။

ထိုအတောအတွင်း ပြည်တွင်းဈေးကွက်ရှိ ရင်းနှီးမြှုပ်နှံမှုများမှာလည်း စားသောက်ဆိုင်များနှင့် ဟိုတယ်များ ပိတ်သိမ်းပြီးနောက် ပြိုလဲခဲ့ကြောင်း Golden Bay Ltd အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးညွှန့်ကပြောသည်။

“COVID-19 က ကျွန်တော်တို့ရဲ့ Supply Chain တစ်ခုလုံးကို ထိခိုက်ခဲ့ပါတယ်။ ပင်လယ်ငါးဖမ်းလုပ်ငန်းက ငါးနဲ့ ပုစွန်တွေဝယ်ယူတဲ့ တင်ပို့သူတွေကလည်း ပို့ကုန်အမှာမရှိရင် ပြဿနာရှိပြီး၊ ရေချိုငါးနဲ့ ပုစွန်တွေကိုပဲ မြန်မာနိုင်ငံသားအများစုက ပိုနှစ်သက်ကြလို့ ဒီပင်လယ်ထုတ်ကုန်တွေကို ပြည်တွင်းမှာ မရောင်းချနိုင်ပါဘူး။ ပင်လယ်ငါးတွေကလည်း ဈေးပိုကြီးပါတယ်” ဟု သူကပြောသည်။

သန်းနှင့်ချီသော အလုပ်သမားများက ငါးလုပ်ငန်းကဏ္ဍကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် မှီခိုနေကြရသဖြင့် အစိုးရက ငါးလုပ်ငန်းကဏ္ဍကို ပိုမိုထောက်ပံ့သင့်သည်ဟု မြန်မာ့ရေထွက်ကုန်ထုတ်လုပ်သူများ(ပို့ကုန်) လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးလည်းဖြစ်သည့် ဦးမျိုးညွှန့်ကပြောသည်။

“ကျွန်တော်တို့လို စီးပွားရေးလုပ်ငန်းရှင်တွေက ဈေးကွက်ကိုစောင့်ပြီး နာလန်ပြန်ထူအောင်လုပ်လို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေအတွက် စိုးရိမ်မိတာကြောင့် စက်ရုံအလုပ်ရုံတွေ ပြန်လည်ပတ်နိုင်အောင် အမှာစာပြန်ရအောင် ကြိုးစားနေရပါတယ်” ဟု သူကပြောသည်။

ပင်လယ်ပြင်နှင့် ကုန်းတွင်းငါးလုပ်ငန်းအပါအဝင် ငါးမွေးမြူရေးကဏ္ဍက လူဦးရေ ၃ ဒသမ ၃ သန်းကျော်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိသည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ ယင်းအနက် သုံးပုံနှစ်ပုံခန့်သည် ငါးဖမ်းကဏ္ဍတွင် လုပ်ကိုင်နေကြပြီး လူဦးရေ သုံးသိန်းကျော်မှာ ထုတ်လုပ်ရေး စက်ရုံများတွင် အလုပ်လုပ်ကိုင်ကြကာ ကျန်အများစုမှာ အလွတ်သဘော အလုပ်သမားများ ဖြစ်ကြသည်။

အသက်ရှင်နေထိုင်မှုအတွက် ငါးလုပ်ငန်းကဏ္ဍကို မှီခိုအားထားနေရသော လူဦးရေ ၇၅ ရာခိုင်နှုန်းခန့်ရှိသည့် တနင်္သာရီတိုင်းဒေသကြီးတွင် ပြင်းထန်စွာ ဆိုးကျိုးသက်ရောက်နိုင်ဖွယ်ရှိသည်ဟု မြိတ်အခြေစိုက် ရေကြောင်းရင်းမြစ်များ ရေရှည်တည်တံ့ခိုင်မြဲရေး စီမံခန့်ခွဲမှု အရပ်ဘက်အဖွဲ့အစည်း Our Future Initiative တည်ထောင်သူ ဦးတင်ကိုကိုဦးကပြောသည်။

စီးပွားဖြစ်ငါးဖမ်းခြင်းကို တားမြစ်ထားသော်လည်း ငါးဖမ်းခြင်းနှင့် အလွတ်သဘော အသေးစား ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူများကို ကူညီထောက်ပံ့ပေးရန် အစိုးရ၌ အစီအစဉ် မရှိသေးကြောင်း ဦးတင်ကိုကိုဦးကပြောသည်။ မြိတ်တွင် ပင်လယ်ငါးဖမ်းလုပ်သားစုစုပေါင်း၏ သုံးပုံတစ်ပုံအောက်သာ မှတ်ပုံတင်ထားကြောင်း၊ “အားလုံး ပါဝင်နိုင်စေရန် မည်သို့ကူညီထောက်ပံ့မည်ဆိုသည်” ကို အစိုးရက ကောင်းစွာစီစဉ်ထားသင့်ကြောင်း သူကပြောသည်။

“ဒါပေမဲ့ ပြဿနာက တရားဝင်ကဏ္ဍအတွက်တောင်မှ ထောက်ပံ့မှုပေးဖို့ ကြိုးပမ်းအားထုတ်တာမျိုးကို မတွေ့ရသေးလို့ပါ” ဟု သူက ဆက်ပြောသည်။

မွန်ပြည်နယ်တွင် ငါးလုပ်ငန်းကဏ္ဍစီးပွားရေးမှာ ၈၀ ရာခိုင်နှုန်းအထိ ထိုးကျခဲ့ကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်စိုးက Frontier နှင့် အစောပိုင်းအင်တာဗျူးတစ်ခုတွင် ပြောသည်။ ကိုဗစ် ၁၉ ရောဂါကြောင့် တရုတ်ပြည်က နယ်စပ်ကန့်သတ်ပိတ်ဆို့ ခဲ့ပြီးနောက် ဖမ်းမိငါးများကို တရုတ်သို့ တင်ပို့လျက်ရှိသော မွန်ပြည်နယ်မှစီးပွားရေးလုပ်ငန်းများက တရုတ်ပြည်သို့ မတင်ပို့နိုင်တော့သည့်အဖြစ်နှင့် ရင်ဆိုင်ခဲ့ရသည်။

သူ့ကုမ္ပဏီနှင့် အလားတူအခက်အခဲများကို အခြားတင်ပို့သူများလည်း ကြုံတွေ့နေရသည်ဟု Golden Bay မှ ကိုမျိုးညွှန့်က ပြောသည်။ ဇွန်လနှင့် ဇူလိုင်လတွင် အမှာစာများ ပြန်ဝင်လာသည့်အခါ ကမ်းလွန်ငါးဖမ်းလုပ်ငန်း ပိတ်ပင်ထားခြင်းကြောင့် အဆင်မပြေဖြစ်မည်ကို ထုတ်လုပ်ရေးနှင့် တင်ပို့ရေးကုမ္ပဏီများက စိုးရိမ်နေကြသည်။

မြန်မာ့ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဝန်ကြီးဌာနသို့ ကမ်းလွန်ငါးဖမ်းခြင်း ပိတ်ပင်ထားမှုကို တစ်လ လျှော့ချပေးရန် တောင်းဆိုထားကြောင်း ဦးမျိုးညွန့်ကပြောသည်။ နော်ဝေ သုတေသနသင်္ဘော RV Dr Fridtjof Nansen ကလည်း ဖေဖော်ဝါရီ လ ၁၅ ရက်မှ မေလ ၁၅ ရက်အထိ ပြင်ဆင်တားမြစ်သင့်ကြောင်းအကြံပြုခဲ့သည်ဟု သူက ထည့်သွင်းပြောကြားသည်။

“ကျွန်တော်တို့ရဲ့အခြေအနေက နာလန်ထလူမမာလို ပြန်တော့ကျန်းမာလာပါရဲ့ စားစရာမရှိတဲ့ လူတစ်ယောက်လို ဖြစ်နေပါတယ်” ဟု ဦးမျိုးညွန့်ကပြောသည်။

တနင်္သာရီတိုင်းဒေသကြီးမှ လူဦးရေ သုံးပုံ တစ်ပုံမှာ ငါးလုပ်ငန်းကဏ္ဍကို မှီတင်းအသက်မွေးနေရကြောင်း ဒေသခံတို့ကဆိုသည်။ ဓာတ်ပုံ – ကျော်လင်းထွန်း

ငါးဖမ်းခွင့် ပိတ်ပင်ထားခြင်း

တားမြစ်ချက်ကို လုံးဝရုပ်သိမ်းသင့်သည်ဟု အချို့ကပြောဆိုကြသည်။ ထိုသူများအနက် ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် Frontier နှင့် တွေ့ဆုံဖြစ်ခဲ့သည့်  Our Future Initiative တည်ထောင်သူ ဦးတင်ကိုကိုဦး တစ်ယောက်လည်း အပါအဝင်ဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာနက ရေထွက်ကုန်များကို သုတေသန ပိုမိုပြုလုပ်ပြီး ငါးဖမ်းခွင့်အားလုံးခြုံငုံ၍ သုံးလပိတ်ပင်မှုထက် ငါးသားပေါက်ရာသီ၌ ငါးဖမ်းခြင်းကို ပိုမိုထိရောက်စွာတားဆီးရန်လိုကြောင်းပြောသည်။

“ဘယ်ငါးမျိုးစိတ်က ဘယ်အချိန် ဘယ်အကွက်မှာ သားပေါက်သလဲဆိုတာ တိတိကျကျသိရအောင် ရှာဖွေဖော်ထုတ်ပေးဖို့လိုပါတယ်။ ဒီအခြေခံအချက်အလက်တွေကို ကျွန်တော်တို့သိရရင် တခြားနိုင်ငံတွေမှာ လုပ်သလို သီးသန့်သတ်မှတ်ကွက်ကိုပဲ ငါးမဖမ်းဖို့ပိတ်ပင်သွားနိုင်မှာဖြစ်ပါတယ်” ဟု သူကပြောသည်။

သို့သော် ငါးလုပ်ငန်းဦးစီးဌာနမှ အရာရှိများ၊ အထူးသဖြင့် တနင်္သာရီတိုင်းဒေသကြီးမှ အရာရှိများက တားမြစ်ပိတ်ပင်မှုကာလကို တစ်လ လျှော့ချရန်အဆိုပြုချက်ကို ဆန့်ကျင်ခဲ့ကြသည်။

ငါးဖမ်းခွင့်ပိတ်ပင်မှုကို ကျွမ်းကျင်သူများ၏ အဆိုပြုချက်နှင့်စတင်ခဲ့ပြီး  စီးပွားရေးသမားများကလည်း ထောက်ခံခဲ့ကြသည်ဟု မြန်မာနိုင်ငံတောင်ပိုင်းစွန်း ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနအကြီးအကဲ ဦးသန့်ဇင်က ပြောသည်။

“COVID-19 ကြောင့် ငါးမဖမ်းရ ပိတ်ပင်မှုကို လျှော့ချဖို့ဆိုတာ လုံလောက်တဲ့ အကြောင်းပြချက် တစ်ခုအနေနဲ့မမြင်မိပါဘူး” ဟု သူက ထည့်သွင်းပြောကြားသည်။

တောင်ပိုင်းရှိ ထီးခီးနှင့် မော်တောင် နှစ်ဘက် နယ်စပ်ဖြတ်ကျော်မှု အသွားအလာကို COVID-19 ကြောင့် ပိတ်ထားခဲ့ပြီး ပို့ကုန်အတွက် တစ်ခုတည်းသောလမ်းမှာ ကော့သောင်းမှ အချိန်အနည်းငယ်အကြာ လှေဖြင့် သွားရောက်နိုင်သော ထိုင်းဆိပ်ကမ်း ရနောင်းပင်ဖြစ်သည်။

၂၀၁၈-၁၉ ခုနှစ်တွင် ရနောင်းမှတဆင့် ပင်လယ်စာ တင်ပို့မှုမှ ဒေါ်လာ ၁၇၂ သန်းရရှိခဲ့သည်ဟု ကော့သောင်းရှိ ငါးလုပ်ငန်းဦးစီးဌာနမှပြောကြားသည်။ ယခုဘဏ္ဍာနှစ် အောက်တိုဘာလမှ မေလအထိ ပို့ကုန်စုစုပေါင်းဒေါ်လာ ၂၁၉ သန်းရှိကြောင်းဌာနမှထုတ်ပြန်ကြေညာခဲ့သည်။

ငါးဖမ်းခွင့် ပိတ်ပင်မှု လျှော့ချရေးအဆိုပြုချက်ကိုနားလည်ကြောင်းနှင့် သူ့ဌာနက ဝန်ကြီးအဖွဲ့သို့တင်ပြရန် ကူညီခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးမြင့်ဇင်ထူးက ပြောသည်။

လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ငါးလုပ်ငန်းကဏ္ဍကို လုံလောက်စွာ ကူညီဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ သို့သော်လည်း သူတို့သည် စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်သောကြောင့် အတိုးနှုန်းနိမ့်သော ချေးငွေများကိုသာ လိုချင်ကြသည်ကို လက်ခံကြောင်း သူကပြောသည်။

ငါးလုပ်ငန်းဦးစီးဌာနကလည်း ငါးဖမ်းလှေပိုင်ရှင်များအတွက် ကျပ် ၁၀ သန်း၊ ဆိပ်ခံဘောတံတားပိုင်ရှင်များအတွက် ကျပ် သန်း ၁၀၀ မှ သန်း၂၀၀ ကြားနှင့် ပင်လယ်စာ စက်ရုံပိုင်ရှင်များအတွက် ကျပ် သန်း ၃၀၀ ချေးငွေများ ပါဝင်သော အထောက်အပံ့ အစီအစဉ်ကို အဆိုပြုထားပြီး အစိုးရအဖွဲ့၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ပြောကြားသည်။

ရန်ကုန်မြို့ ရွှေပိတောက်ငါးဈေးမှ အလုပ်သမားများ။ ဓာတ်ပုံ – ကျော်လင်းထွန်း

ပုစွန်လုပ်ငန်းဘက်မှအမြင်

လှေပိုင်ရှင်များနှင့် ပင်လယ်စာ ထုတ်လုပ်ရေးလုပ်ငန်းရှင်များက ကမ်းလွန်တားမြစ်ချက်အပေါ် မကျေနပ်ကြသည့်နည်းတူ ငါးမွေးမြူရေးကဏ္ဍ၌ ပါဝင်သော ပုစွန်မွေးမြူရေးလုပ်ငန်းမှာလည်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါ စတင်တွေ့ရှိခဲ့သည့် မတ်လမှစတင်ပြီး ပြည်တွင်းနှင့် ပို့ကုန်နှစ်မျိုးစလုံးတွင် ပုစွန်ဈေးကွက် ကျဆင်းခဲ့သည်။

အဓိကအားဖြင့် အရှေ့အလယ်ပိုင်းသို့ တင်ပို့သည့် ကုန်းတွင်း ငါးလုပ်ငန်းထုတ်ကုန်များ၏ ၈၀ ရာခိုင်နှုန်းကျော်သည် ငါးမွေးမြူရေးကဏ္ဍမှဖြစ်သည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးနှင်းဦးက ပြောသည်။ မြန်မာနိုင်ငံ အနှံ့အပြားရှိ ကန်များနှင့် အင်းအိုင်များတွင် မွေးမြူရေးလုပ်ငန်းများကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့၌ လုပ်ကိုင်ကြပြီး ဇန်နဝါရီလတွင် ထုတ်ရောင်းကြသည်။

ယခုအချိန်တွင် ပြန်လည်စတင်ရန် အချိန်တန်ပြီဖြစ်သော်လည်း ရေချိုငါးစာ အများစုသည်  ပိတ်ဆို့ရပ်ဆိုင်းထားသော အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှတဆင့် ပြည်ပမှ တင်သွင်းရသည်ဟု ဦးကျော်ထွန်းမြင့်ကပြောသည်။

ပြည်တွင်းဈေးကွက်ရှိ အခြားစားသောက်ကုန်များနှင့် နှိုင်းယှဉ်ပါက ပုစွန်မွေးမြူရေးကုန်ကျစရိတ် မြင့်မားခြင်းကလည်း ဝယ်လိုအားကို လျော့နည်းစေပြီး အငယ်စားမျိုးစိတ်များကို မွေးမြူရန် မွေးမြူရေးသမားအချို့အား တွန်းအားပေးနေသည်ဟု အမှုဆောင်အဖွဲ့ဝင်နှင့် မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဟောင်း ဦးကျော်ထွန်းမြင့်က ပြောသည်။

သက်သာသော အစာဝယ်ယူမှု အပါအဝင် မွေးမြူရေးကုန်ကျစရိတ်ကို လျှော့ချရန် လိုအပ်ကြောင်း၊ မွေးမြူထားသော ပုစွန်များသည် ဈေးနှုန်းချိုသာအောင်စီစဉ်ပြီး ၎င်းတို့၏အခြေခံအဆောက်အအု့ကိုလည်း အမြင့်ဆုံးအနေအထား၌ ထိန်းသိမ်းထားရှိရန်လိုအပ်ကြောင်း သူကပြောသည်။

“ကျွန်တော်တို့ အခု စိန်ခေါ်မှုတွေအများကြီးကို ရင်ဆိုင်နေကြရပါတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ဈေးကွက်က ဖြည်းဖြည်းချင်း ပြန်ပွင့်လာခဲ့ပါပြီ” ဟု ဦးကျော်ထွန်းမြင့်က ထည့်သွင်းပြောကြားသည်။

ပုစွန်မွေးမြူရေးလုပ်ငန်းရှင်များအသင်းမှ လက်ရှိအခြေအနေကိုငါးလုပ်ငန်း ဦးစီးဌာနသို့တင်ပြပြီးဖြစ်ကြောင်း သူက ပြောသည်။ အစိုးရက အရည်အသွေးမြင့် ပုစွန်မျိုးကောင်းများဝယ်ပြီး တောင်သူများအား အထူးနှုန်းဖြင့် ပြန်လည် ရောင်းချရန်၊ ချေးငွေများလည်း ပေးသင့်ပြီး ပြည်တွင်းရှိအစိုးရပိုင်စက်ရုံများကို အသုံးပြုပြီး မွေးမြူရေးအစားအစာထုတ်သင့်ကြောင်း သူကပြောသည်။

“ကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေ တစ်ခုမှဖြစ်မလာသေးပါဘူး” ဟု သူကဆက်ပြောသည်။

ငါးလုပ်ငန်းက ပို့ကုန်ဝင်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်းများမှတဆင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပေးနေသောကြောင့် အစိုးရ၏ ထောက်ပံ့ကူညီမှုများကို ပိုမိုရထိုက်သည်ဟု ငါးလုပ်ငန်းနယ်ပယ်မှ စီးပွားရေးသမားများက ပြောကြားသည်။ နောက်ထပ် ထောက်ပံ့ကူညီမှုများဖြင့် ပြည်တွင်းလုပ်ငန်းများက အပြည်ပြည်ဆိုင်ရာဈေးကွက်များတွင် ပိုမိုထိရောက်စွာ ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု သူတို့ကဆိုကြသည်။

ပင်လယ်စာ တင်ပို့မှုမှတဆင့် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့က အမေရိကန်ဒေါ်လာ ၁၀ ဘီလျံနှင့် ၇ ဘီလျံအသီးသီး ရရှိကြောင်း ဦးနှင်းဦးကပြောကြားသည်။

“မြန်မာနိုင်ငံက ဒေါ်လာ ၁ ဘီလျံတောင် မရောက်သေးဘူး” ဟု သူက ပြောသည်။

ဦးနှင်းဦးက အစိုးရသည် ငါးလုပ်ငန်းကဏ္ဍကို နှစ်ပေါင်းများစွာကြာအောင် လျစ်လျူရှူထားခဲ့ခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားချိန်တွင် ပိုမိုဆိုးရွားစွာ အကျိုးသက်ရောက်ခဲ့ကြောင်းဆိုသည်။

“အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးမှုရပ်တန့်သွားချိန်မှာ ငါးလုပ်ငန်းကဏ္ဍကို ဘယ်လို ကူညီရမယ်ဆိုတာနဲ့ပတ်သက်ပြီး အလေးအနက် စဉ်းစားမှုမရှိတာ စိတ်မကောင်းစရာပါပဲ” ဟု ဦးနှင်းဦးက ပြောသည်။

ခန့်လင်းဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ပင်လယ်စာထုတ်စက်ရုံများမှာ ကမ္ဘာတဝှမ်းဖြစ်ပွားသည့် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ဧပြီလမှစ၍ ပို့ကုန်ကျဆင်းရပ်ဆိုင်းခဲ့ရသည်။ ဓာတ်ပုံ – သူရဇော်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar